အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) ကောင်းကင်ဘုံအထိ ကြွားလုံးထုတ်ချင်ရင် စနစ်ရဲ့ ပါးစပ်ကိုပဲ အားကိုးရတော့မယ်
"ငါ..." လွီပင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "ချန်ဖုန်းက ငါ့ရဲ့ အထက်တန်းကျောင်းက အတန်းဖော်လေ... သူက မြေအောက်ဂိုဏ်းခေါင်းဆောင် ဟေးဟူ နဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ငါ သိခဲ့ရတာ... ပြီးတော့ သူက..."
"ပြီးတော့ ဘာဖြစ်လဲ..." ကျန်းချုံက သူ့ကို ထိုးကြိတ်ချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ထားရင်း ဒေါသတကြီး မေးလိုက်ပေသည်။
‘ချီးပဲ... ဒီလောက် အရေးကြီးတဲ့ သတင်းကိုတောင် ငါ့ကို မပြောဘူး... အဲဒါက နာမည်ကြီး မြေအောက်ဂိုဏ်းခေါင်းဆောင် ကျားနက် လေ... ဒီနောက်ခံ အမှတ်အသားတစ်ခုတည်းနဲ့တင် သူ့အနေနဲ့ဘယ်လိုလုပ် စော်ကားရဲမှာလဲ…’
လွီပင်းက သူ့ကို တစ်ချက်ကြည့်ကာ သတိထား၍ ပြောဆိုလိုက်၏။ "ပြီးခဲ့တဲ့ အတန်းဖော်တွေ တွေ့ဆုံပွဲတုန်းက သူက ယွမ် သန်း ၉၀ ကျော်တန်တဲ့ လမ်ဘော်ဂီနီ ဗီနီနို ကို မောင်းလာခဲ့တာ... သူ ဝတ်ထားတဲ့ နာရီကလည်း ယွမ် ၃၉ သန်းတန်တယ်... အဲဒီအချိန်ကျမှ သူ အရမ်းချမ်းသာမှန်း ငါ သိလိုက်ရတာ... အရေးအကြီးဆုံးက..."
"စကားကို လှည့်ပတ်မနေနဲ့ မြန်မြန်ပြောစမ်း..." ကျန်းချုံမှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ချေသည်။
လွီပင်းက ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် မေးလိုက်၏။ "သခင်လေးကျန်း... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြည်နယ်မြို့တော်က သခင်လေးယွီ ပေ့ဟူကို လာခဲ့တဲ့နေ့ကို မှတ်မိလား..."
ကျန်းချုံ၏ နှလုံးသားထဲတွင် အေးစက်သွားပေသည်။
အကြောင်းမှာ သခင်လေးယွီ ပေ့ဟူသို့ ရောက်လာချိန်တွင် သူနှင့် ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားတစ်စုက လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ကြသောကြောင့်ပင်။
ထိုစဉ်က သခင်လေးယွီသည် ဤနေရာတွင် လုပ်စရာ အရေးကြီးကိစ္စရှိသည်ဟု ပြောဆိုခဲ့၏။ ထို့နောက်တွင်တော့ မကြာပါဘူး ပြဿနာအချို့ ဖြစ်ပေါ်သွားခဲ့သည်။
လွီပင်းက ဆက်လက်ပြောဆိုလိုက်သည်။ "ငါ့ဦးလေးက စစ်ဝေ့ နည်းပညာကုမ္ပဏီ ရဲ့ အထွေထွေမန်နေဂျာလေ... သခင်လေးယွီ က ပေ့ဟူကို လာတာ ချန်ဖုန်းကို ပြဿနာရှာဖို့သက်သက်လို့ ငါ ကြားခဲ့တယ်... ပြီးတော့ ဘာဆက်ဖြစ်လဲဆိုတာ မင်း သိသင့်ပါတယ်... သခင်လေးယွီ က ချန်ဖုန်းကို ပြဿနာရှာခဲ့လား မရှာခဲ့လားဆိုတာတော့ ငါ သေချာမသိပေမဲ့ သူ ပြည်နယ်မြို့တော်ကို ပြန်ရောက်သွားပြီးတာနဲ့ သူ့ကုမ္ပဏီက ပိတ်သိမ်းခံလိုက်ရတယ်... ဘဏ်အကောင့်တွေ ပိတ်ခံလိုက်ရပြီး အရှုပ်တော်ပုံ အမျိုးမျိုး ပေါက်ကြားလာခဲ့တယ်... နောက်ဆုံးမှာ သူကိုယ်တိုင်တောင် အဖမ်းခံလိုက်ရတယ်... ဒီကိစ္စက သေချာပေါက် ချန်ဖုန်းနဲ့ ပတ်သက်နေတယ်..."
“ဟိုက်…”
ကျန်းချုံ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်မိ၏။
ပြည်နယ်မြို့တော်က သခင်လေးယွီ ဆိုတာ ဘယ်လိုလူမျိုးလဲ... တစ်ဖက်လူတောင်မှ ချန်ဖုန်းရှေ့မှာ လဲကျသွားရတာဆိုတော့ သူ့ရဲ့ သေးနုပ်တဲ့ စွမ်းရည်လေးတွေနဲ့ ဘာတွေများ သွားလုပ်နိုင်မှာလဲ... တစ်ဖက်လူမှာ သေချာပေါက် အဆက်အသွယ်တွေ ရှိနေတာပဲ...
ကျန်းချုံ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ပျံကျလာခဲ့ပေသည်။
‘ကံကောင်းလို့ ခုနက အဖေ ဝင်ရှင်းပေးလိုက်လို့ပေါ့... ဒါမှမဟုတ်ရင် ငါလည်း သခင်လေးယွီ လို ဘဝမျိုး ရောက်သွားနိုင်တာပဲ...
တွေးကြည့်လိုက်တာနဲ့တင် နည်းနည်းတော့ ကြောက်ဖို့ကောင်းသား…’
"ချီးပဲ လွီပင်း... ခုနက ဘာလို့ ဘာမှမပြောခဲ့တာလဲ... မင်းကြောင့် ငါ သေတော့မလို့ ဖြစ်သွားပြီ သိလား..."
"ငါ... ငါ ပြောမလို့ လုပ်နေတာပဲ... မင်းမှ နားမထောင်တာ..." လွီပင်းမှာလည်း အလွန် မတရားခံရသလို ခံစားနေရပေ၏။
ဒါက ဘယ်လိုလုပ် သူ့အမှားဖြစ်ရမှာလဲ…
လေလံပွဲက ဆက်လက်ကျင်းပနေခဲ့သည်။
ချန်ဖုန်းနှင့် အတွင်းရေးမှူးဝမ်တို့သည် ရှေ့ဆုံးတန်း၏ အလယ်ဗဟိုတွင် ထိုင်နေကြပြီး ရှန်ကျွင်းနှင့် အခြားသူများက ၎င်းတို့ဘေးတွင် ထိုင်နေကြ၏။
ဤလူစုထဲတွင် သူသည် ကျန်တဝေနှင့် မစ္စတာချင်းတို့ကို သိကျွမ်းဆဲဖြစ်ရာ အတိုချုပ် နှုတ်ဆက်လိုက်ပေသည်။ ယခင်က သူ၏ မြေကွက်အမှတ် (၁) ကို ကျန်တဝေထံ ရောင်းချခဲ့ပြီး သူ၏ ဘဏ်အကောင့်ထဲသို့ ယွမ် ၁ ဘီလီယံ ရရှိစေခဲ့သည်။ သူနှင့် ကျန်တဝေ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပေ၏။
ထိုအချိန်၌ အတွင်းရေးမှူးဝမ်က ပြုံးလျက် မေးလိုက်သည်။ "ဥက္ကဋ္ဌချန်နဲ့ မစ္စရွှီတို့က သိကြတာလား..."
၎င်းမှာ ရွှီချင်းချန်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။
ဤအချိန်၌ ရွှီချင်းချန်သည် ဒုတိယတန်းတွင် ထိုင်နေ၏။ သူမ၏ အဆင့်အတန်းအရ ဤစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အတူထိုင်ရန် အမှန်တကယ် မသင့်လျော်ချေ။
"ခဏတဖြုတ်တော့ တွေ့ဖူးပါတယ်... အရင်က ဇာတိရွာကို ပြန်တုန်းက တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတာပါ..." ချန်ဖုန်းက အတိုချုပ် ရှင်းပြလိုက်သည်။
အတွင်းရေးမှူးဝမ်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ "ဥက္ကဋ္ဌချန်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် မြင့်မားတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေပြီ... ပြီးတော့ အဆင့်အတန်းမြင့်တဲ့ လူတွေ အများကြီးကိုလည်း သိထားသေးတယ်... ပေ့ဟူ တစ်မြို့လုံးမှာ ဘယ်သူကမှ ယှဉ်နိုင်မှာ မဟုတ်ဘူး... ယနေ့ခေတ်မှာ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က တစ်နေ့တခြား ကြီးမားလာနေတယ်... တကယ်လို့ ဥက္ကဋ္ဌချန် အကူအညီလိုရင် အချိန်မရွေး ပြောပါ... ကျွန်တော် လာတုန်းက မြို့တော်ဝန်ယန် က ကြိုပြောလိုက်ပြီးပြီ…”
“အခုကစပြီး ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ကို ပေ့ဟူရဲ့ ထိပ်တန်းကုမ္ပဏီအဖြစ် ထောက်ခံအားပေးသွားမယ်တဲ့... ဘယ်လို အခက်အခဲတွေပဲ ကြုံရကြုံရ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးသွားပါ့မယ်... သေချာတာပေါ့... စည်းမျဉ်းစည်းကမ်းတွေဘောင်အတွင်းက အကူအညီမျိုးပေါ့..."
ယခုအခါ သူသည် ချန်ဖုန်းနှင့် သိကျွမ်းလိုရုံသာမက ကုမ္ပဏီကိုလည်း ပေ့ဟူတွင် ဆက်လက်ထားရှိလိုပေ၏။
၎င်းမှာ တစ်နှစ်လျှင် အခွန်ဝင်ငွေ ယွမ် ဆယ်ဘီလီယံနီးပါး ဖြစ်ပေသည်။ ထို့အပြင် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ကြီးထွားလာသည်နှင့်အမျှ ပေ့ဟူအတွက် အလုပ်အကိုင် အများအပြားကို ဖန်တီးပေးနိုင်ပြီး မြို့တော်အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေမည် ဖြစ်သည်။
ချန်ဖုန်းမှာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးမျှသာ ဖြစ်သော်လည်း ဤအချိန်၌ အတွင်းရေးမှူးဝမ်နှင့် အခြားသူများ၏ အမြင်တွင် သူသည် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူနှင့် တူနေပြီး ဤဗုဒ္ဓရုပ်ပွားတော်ကြီးကို မဖြစ်မနေ ထိန်းသိမ်းထားရမည် ဖြစ်ပေ၏။
အတွင်းရေးမှူးဝမ်က ဆက်ပြောလိုက်သည်။ "ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ စက်ရုံ တိုးချဲ့တော့မယ်လို့လည်း ကျွန်တော် ကြားတယ်... မြို့ထဲမှာ မြေလွတ်တစ်ကွက် ရှိနေတယ်... ဥက္ကဋ္ဌချန် စိတ်မရှိဘူးဆိုရင် အဲဒါကို သုံးလို့ရပါတယ်... ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာ အထူးလျှော့ဈေး မူဝါဒတချို့လည်း ရှိပါတယ်... နောက်မှ အသေးစိတ် ဆွေးနွေးကြတာပေါ့..."
"အတွင်းရေးမှူးဝမ်... ဒီလောက် တရားဝင်ဖြစ်နေစရာ မလိုပါဘူး... နောက်မှ ဥက္ကဋ္ဌရှန် ကို ခင်ဗျားနဲ့ အသေးစိတ် ဆွေးနွေးဖို့ ကျွန်တော် စီစဉ်လိုက်ပါ့မယ်..." ချန်ဖုန်းက ကိစ္စရပ်များကို ညွှန်ကြားလိုက်၏။
တစ်ဖက်လူက သူ့ကို မိတ်ဆွေဖွဲ့ချင်နေခဲ့သည်။ သေချာပေါက် သူသည် ဤကိစ္စကို လက်လွှတ်ခံမည် မဟုတ်ချေ။ အထူးသဖြင့် ကုမ္ပဏီက တိုးချဲ့ရန် လိုအပ်နေသေးချိန်တွင် ဖြစ်သည်။
ထိုအချိန်၌ လေလံပွဲမှူး အဘိုးကြီးကျိုးသည် ယုံဟယ်စံအိမ်အတွက် လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်ကာ သော့များနှင့် စာရွက်စာတမ်း အသီးသီးကို တိုက်ရိုက် ယူဆောင်လာခဲ့လေ၏။
ကျန်းချန်ကုန်းက ချန်ဖုန်းထံသို့ အလျင်အမြန် ကမ်းပေးလိုက်သည်။ "ဥက္ကဋ္ဌချန်... ကျေးဇူးပြုပြီး လက်ခံပေးပါ..."
"ကောင်းပြီလေ..."
မူလက ချန်ဖုန်းသည် ၎င်းကို မယူချင်ခဲ့ချေ။
သို့သော် ကျန်းချန်ကုန်းသည် သူ လက်မခံမချင်း လက်လျှော့မည့်ပုံ မပေါ်သည်ကို မြင်ရသဖြင့် ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရလေသည်။
ယွမ် သန်း ၃၅၀ ဆိုသည်မှာ သူ့အတွက် များပြားလှသည် မဟုတ်ပေ။ သို့သော် ကျန်းချန်ကုန်းအတွက်မူ ကြီးမားလှသော အရှုံးကြီးတစ်ခု ဖြစ်မည်မှာ သေချာလှ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းက သူ၏သားဖြစ်သူအား ပညာပေးရာရောက်ပေသည်။
ထိုကဲ့သို့သော အကျင့်စရိုက်မျိုးဖြင့် အနှေးနှင့်အမြန် ဆိုသလို သူ အရိုက်ခံရမည်မှာ သေချာပေ၏။
လေလံပွဲက ဆက်လက်ကျင်းပနေခဲ့သည်။
ချန်ဖုန်းသည် စံအိမ်ကိုသာ စိတ်ဝင်စားခဲ့သဖြင့် နောက်ထပ် လေလံပစ္စည်းများကို ဂရုမစိုက်တော့ချေ။
ထိုအချိန်၌ စနစ်မှ ဗီဒီယိုတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပေသည်။
[ အေဒီ ၁၅၀၀ ခုနှစ်တွင် ထန်ပေါ်ဟူ၏ မိသားစုသည် ဆုတ်ယုတ်ကျဆင်းသွားခဲ့ပြီး ဘဝရပ်တည်ရေးအတွက် ပန်းချီကားများ ရောင်းချကာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသည်…]
ဗီဒီယိုထဲတွင် မင်မင်းဆက်ခေတ် ပန်းချီဆရာ ထန်ပေါ်ဟူ၏ ဘဝတွင် ကြီးမားသော အပြောင်းအလဲများနှင့် ကြုံတွေ့ခဲ့ရပုံ၊ သူ၏ မိဘများနှင့် ဇနီးသည်တို့ ကွယ်လွန်သွားခဲ့ပြီးနောက် ဘဝတွင် ဆုတ်ယုတ်မှုများ ရင်ဆိုင်ခဲ့ရပုံတို့ကို ဖော်ပြထားပေ၏။
ငွေရှာရန်အတွက် ပန်းချီကားများ ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသည်။
ဗီဒီယို၏ ဤအပိုင်းကို ကြည့်ရှုပြီးချိန်တွင် ချန်ဖုန်း အနည်းငယ် မှင်တက်သွားခဲ့သည်။
ထန်ပေါ်ဟူရဲ့ မူရင်းပန်းချီကားတွေက ခေတ်သစ်မှာ ဒီလောက်တောင် တန်ဖိုးကြီးမယ်လို့ သူ မထင်ထားခဲ့ဘူး...
ခုနက "ထင်းရှူးတောင်စောင်းစံအိမ်" ပန်းချီကားတောင် ယွမ် သန်း ၁၅၀ နဲ့ ရောင်းရတယ်... တစ်ချပ်တည်းနဲ့တင် မျိုးဆက်ပေါင်းများစွာ စားလို့ရနေပြီ... ဒါပေမဲ့ အတိတ်တုန်းကတော့ သူတို့တွေက ဝမ်းစာအတွက်ပဲ အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့တာပဲ…
ဒါက "လုတောင် ရေတံခွန် ရှုခင်း" လား...
ဗီဒီယိုပေါ်ရှိ စာတန်းများကို ကြည့်ရင်း ထန်ပေါ်ဟူသည် "လုတောင် ရေတံခွန် ရှုခင်း" အမည်ရှိ ပန်းချီကားကို ရေးဆွဲနေခြင်းဖြစ်ကြောင်း ချန်ဖုန်း သဘောပေါက်သွားလေ၏။
ဗီဒီယို၏ ညာဘက်အောက်ထောင့်တွင် ဝယ်ယူရန် ရွေးချယ်စရာပင် ရှိနေသေးသည်။
ဝယ်လို့ရသေးတာလား။
ချန်ဖုန်း အလွန် ဝမ်းသာသွားခဲ့ပေသည်။
"စနစ်... ငါ အချပ်တစ်ရာ ဝယ်ချင်တယ်..."
[ ဒင်... ပိုင်ရှင်၏ လိုအပ်ချက်များကို သိရှိသွားပါပြီ... ဆက်သွယ်ရေး စတင်နေပါပြီ…]
တကယ်ကြီး ဆက်သွယ်လို့ ရတာလား...
ချန်ဖုန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေ၏။
‘ငါ့ကို နောက်နေတာလား…’
စနစ်က ဗီဒီယိုထဲမှ လူနှင့် ဆက်သွယ်နိုင်မည်ဟု သူ လုံးဝ မယုံကြည်ခဲ့ချေ။
‘စနစ်ရာ တကယ်လို့ မင်းက အဲ့လောက်အစွမ်းထက်နေရင် ထန်ပေါ်ဟူကို ဗီဒီယိုထဲကနေ ဆွဲထုတ်လာပြီး ငါ့အတွက် နေ့တိုင်း ပန်းချီဆွဲခိုင်းလိုက်ပါလားဟ…’’
ကြည့်ရတာ သူ့အနေနဲ့ ကောင်းကင်ဘုံအထိ ကြွားလုံးထုတ်ချင်ရင်တောင် စနစ်ရဲ့ ပါးစပ်ကိုပဲ အားကိုးရတော့မယ် ထင်တယ်။
[ ဒင်... ပိုင်ရှင်အတွက် ထန်ပေါ်ဟူရဲ့ မူရင်းပန်းချီကား ဆယ်ချပ်ကို အောင်မြင်စွာ လဲလှယ်လိုက်ပါပြီ... စနစ်ပွိုင့် ၂၅၀၀၀ နှုတ်ယူလိုက်ပါတယ်…]
[ ပိုင်ရှင်... လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့်များ ၄၀၁၈ ပွိုင့်…]
ဟင်...
ချန်ဖုန်း လုံးလုံးလျားလျား ဆွံ့အ မှင်တက်သွားခဲ့ပေ၏။
သူက သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာ ဖြစ်သော်လည်း စနစ်က သူ့အတွက် ပန်းချီကားများကို အမှန်တကယ် လဲလှယ်ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
အချပ်တစ်ရာ မရခဲ့သော်လည်း ဆယ်ချပ်ဆိုသည်ကပင် တကယ်ကို အထင်ကြီးလောက်စရာ ဖြစ်နေပြီ မဟုတ်လော။
သူ၏ ဖုန်းထဲတွင် ယခုလေးတင် သူ စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်သည်။
"လုတောင် ရေတံခွန် ရှုခင်း" ပန်းချီကားသည် ယခုလေးတင် လေလံတင်ရောင်းချခဲ့သော ပန်းချီကားထက်ပင် တန်ဖိုးပိုများပေ၏။ စုစုပေါင်း စနစ်ပွိုင့် ၂၅၀၀၀ ကုန်ကျခဲ့သော်လည်း တကယ်ကို တန်လွန်းလှပေသည်။
ဤတစ်ကြိမ်တွင်မူ ပန်းချီကားများသည် သူ၏ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိမလာခဲ့ချေ။
ပတ်ဝန်းကျင်ရှိ လူများ မြင်သွားမည်ကို စိုးရိမ်၍ဖြစ်မည်၊ စနစ်က ၎င်းတို့ကို ကျောပိုးအိတ်ထဲတွင် သေချာစွာ ထည့်ပေးထားလေ၏။
ချန်ဖုန်းသည် မပြီးဆုံးသေးသော လေလံပွဲကို တစ်ချက် ကြည့်လိုက်သည်။ ထန်ပေါ်ဟူ၏ မူရင်းပန်းချီကား ဆယ်ချပ်ဆိုလျှင် ဈေးကောင်းကောင်း ရနိုင်ပေလိမ့်မည်။
‘ဟီးဟီး…’