အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅) ယွမ် ဘီလီယံဆယ်ဂဏန်း တန်ဖိုး
သန့်စင်ခန်းသွားမည့် အချိန်ကို အခွင့်ကောင်းယူကာ ချန်ဖုန်းသည် ကျောပိုးအိတ်ထဲမှ ပန်းချီကားများကို ထုတ်ယူပြီး အိတ်တစ်လုံးထဲသို့ ထည့်လိုက်သည်။
ထို့နောက် လေလံပွဲသို့ ပြန်လာခဲ့၏။
ဤအချိန်၌ လေလံပစ္စည်းများမှာ ပြီးဆုံးလုနီးပါး ဖြစ်နေချေပြီ။
သူက လေလံပွဲမှူး အဘိုးကြီးကျိုးထံ လက်ဝှေ့ယမ်းပြကာ ပြုံးလျက် ပြောဆိုလိုက်သည်။ "အဘိုးကြီးကျိုး... ကျွန်တော့်ဆီမှာ ပန်းချီကားတချို့ ရှိတယ်... ဒီမှာ ဘယ်လောက်တန်လဲဆိုတာ ကူညီကြည့်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ရှိလား..."
အတွင်းရေးမှူးဝမ်က သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
သူ၏ နှလုံးသားထဲတွင် သံသယများ ပြည့်နှက်သွားလေ၏။ သန့်စင်ခန်းသို့ တစ်ခေါက်သွားပြီးတာနဲ့ လက်ထဲမှာ ပန်းချီကားတချို့ ဘယ်လိုလုပ် ရုတ်တရက် ရောက်လာရတာလဲ။
လေလံပွဲမှူး အဘိုးကြီးကျိုး ပြန်မဖြေနိုင်မီမှာပင် အတွင်းရေးမှူးဝမ်က ပြုံးလျက် ဝင်ပြောလိုက်သည်။ "ဥက္ကဋ္ဌချန် စိတ်မရှိဘူးဆိုရင် ကျွန်တော် ကူညီကြည့်ပေးပါရစေ... ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ဗဟုသုတ နည်းနည်းပါးပါး ရှိပါတယ်..."
လေလံပွဲမှူး အဘိုးကြီးကျိုးကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ "အတွင်းရေးမှူးဝမ် က တကယ့် ကျွမ်းကျင်ပညာရှင်ပါ... တကယ်လို့ ဥက္ကဋ္ဌချန် စိတ်ပူနေသေးရင်လည်း ကျွန်တော်တို့ဘက်မှာ ပညာရှင်တစ်ယောက် ရှိပါသေးတယ်... အတူတူ ပူးပေါင်းပြီး အကဲဖြတ်ပေးလို့ ရပါတယ်..."
"ကောင်းပြီလေ..."
ချန်ဖုန်းကလည်း ဟန်ဆောင်မနေခဲ့ချေ။
လေလံပွဲမှာ ပြီးဆုံးတော့မည်ဖြစ်ပြီး ထပ်မံကမ်းလှမ်းစရာ သိပ်မရှိတော့ပေ။
သူသည် အိတ်ထဲမှ ပန်းချီကားတစ်ချပ်ကို ထုတ်ယူကာ သူ့ရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်၏။ လူအုပ်ကြီး အလျင်အမြန် စုရုံးလာကြသည်။ ချန်ဖုန်းထံတွင် မည်သို့သော ပန်းချီကားမျိုး ရှိနေသည်ကို ၎င်းတို့အားလုံး သိမြင်ချင်နေကြပေ၏။
မလှမ်းမကမ်းရှိ ကျန်းချုံပင်လျှင် အလွန် စူးစမ်းချင်စိတ် ဖြစ်နေခဲ့သည်။ သူသည် ယခင်က ထန်ပေါ်ဟူ၏ "ထင်းရှူးတောင်စောင်းစံအိမ်" ပန်းချီကားကို လေလံအောင်ခဲ့သည် မဟုတ်လော။
တစ်ဖက်လူ၏ ပန်းချီကားများက သူ၏ ပန်းချီကားထက် ပို၍ အဖိုးတန်နေနိုင်မည်လား။
သို့သော် ချန်ဖုန်း၏ လက်ထဲရှိ အမည်းရောင် ပလတ်စတစ်အိတ်ကို ကြည့်ရင်း သူ ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။
သိပ်ပြီး တန်ဖိုးရှိမှာ မဟုတ်ပါဘူး။ မဟုတ်ရင် ဒီလို သာမန်အိတ်မျိုးထဲမှာ ထည့်ထားမှာ မဟုတ်ဘူးလေ။
"ဒီစက္ကူက..."
အတွင်းရေးမှူးဝမ်သည် သူ၏ လက်အိတ်များကို ပရော်ဖက်ရှင်နယ်ကျကျ ဝတ်ဆင်လိုက်ပြီး ပန်းချီကားကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။
ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းမျိုးကို လက်အိတ်မပါဘဲ ကိုင်တွယ်ပါက လက်မှ ချွေးနှင့် ဆီများက ပန်းချီကားများကို ပျက်စီးစေနိုင်ပေသည်။
သူသည် ပန်းချီကားများကို လေ့လာလာခဲ့သည်မှာ ရှစ်နှစ် ကိုးနှစ်ခန့် ရှိပြီဖြစ်ပြီး သူ၏အိမ်တွင် နာမည်ကြီး ပန်းချီဆရာများ၏ လက်ရာမြောက် ပန်းချီကားများစွာကို စုဆောင်းထားရှိလေ၏။
ဤပန်းချီကားမှာ ရှင်းလင်းစွာပင် သာမန်မဟုတ်ကြောင်း သူ သိရှိလိုက်သည်။
"ဒီစက္ကူရဲ့ ပုံစံနဲ့ လက်မှုပညာက မင်မင်းဆက်ခေတ်က ဆိုတာ ရှင်းနေတယ်..."
အတွင်းရေးမှူးဝမ်၏ မျက်နှာအမူအရာမှာ လေးနက်သွားပေ၏။
ဤဥက္ကဋ္ဌချန်၏ လက်ထဲတွင် အဖိုးတန် ပစ္စည်းအချို့ အမှန်တကယ် ရှိနေပုံရသည်။ သို့သော် ပန်းချီကားကို အပြည့်အဝ ဖြန့်ကျက်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်၌ ထိတ်လန့်မှု အရိပ်အယောင်များ ချက်ချင်း ပေါ်လာခဲ့လေ၏။
"ဒါက..."
"ဘာဖြစ်လို့လဲ အတွင်းရေးမှူးဝမ်..." ချန်ဖုန်း ခဏတာ မှင်တက်သွားခဲ့သည်။
ဒါက ပန်းချီကားတစ်ချပ်ပဲလေ... ဒီလောက်တောင် အံ့သြသွားရလား…
"ဒါက `မိုးထဲကဝါးပင်´ ပန်းချီကားပဲ..."
အတွင်းရေးမှူးဝမ်သည် ပန်းချီကားပေါ်ရှိ အသေးစိတ်အချက်တိုင်းကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်၏။
မှန်ဘီလူးတစ်ခုကိုပင် သူ ထုတ်ယူလိုက်သေးသည်။ သေးငယ်သော အသေးစိတ် အချက်အလက်အချို့ကို ချဲ့ကြည့်ရန် ဖြစ်ပေသည်။
ထို့နောက် သူက အသက်ပြင်းပြင်းရှူကာ အာမေဍိတ်သံဖြင့် ပြောဆိုလိုက်သည်။
"လုံးဝ သေချာတယ်... ဒါက ထန်ပေါ်ဟူရဲ့ မူရင်း `မိုးထဲကဝါးပင်´ ပန်းချီကား အစစ်ပဲ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျိုတိုမှာ အတုတစ်ချပ် ထွက်လာခဲ့ဖူးတယ်... ဒါပေမဲ့ ဒါကတော့ သေချာပေါက် အစစ်ပဲ... ဈေးကွက် ခန့်မှန်းတန်ဖိုးက အနည်းဆုံး ယွမ် သန်း ၁၈၀ လောက် ရှိတယ်..."
"ချီးပဲ... စောစောကမှ ထန်ပေါ်ဟူရဲ့ မူရင်းပန်းချီကားတစ်ချပ်ကို လေလံတင်ခဲ့တာလေ... အခု နောက်တစ်ချပ် ထပ်ပေါ်လာပြန်ပြီလား... ထန်ပေါ်ဟူရဲ့ မူရင်းပန်းချီကားတွေ ရှားပါးလွန်းလို့ ကျန်ရစ်တာ အရမ်းနည်းတယ်လို့ ငါမှတ်မိတယ်..."
"ဟုတ်တယ်... အချိန်တွေ ဒီလောက် ကြာသွားပြီဆိုတော့ တချို့ပန်းချီကားတွေဆို တော်တော်လေး ပျက်စီးနေပြီလေ..."
"ဟင်... ဒါဆို ဒီပန်းချီကားက ဘာလို့ အသစ်စက်စက်လို ဖြစ်နေရတာလဲ..."
လူတိုင်းမှာလည်း ဇဝေဇဝါ ဖြစ်သွားကြပေ၏။
လေလံပွဲမှူး အဘိုးကြီးကျိုးက စင်နောက်ဘက်မှ ကျွမ်းကျင်ပညာရှင်တစ်ဦးကို အလျင်အမြန် ခေါ်လိုက်သည်။ "အဘိုးကြီးယန်... ခင်ဗျားလည်း ကူညီကြည့်ပေးပါဦး... မစ္စတာချန်ရဲ့ ဒီပန်းချီကားက တကယ်ပဲ မူရင်းအစစ် ဟုတ်ရဲ့လား..."
"စိတ်မပူပါနဲ့... ထန်ပေါ်ဟူရဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီးတော့ ငါ တော်တော်လေး ရင်းနှီးပါတယ်..." အဘိုးကြီးယန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။
သူသည် အတွင်းရေးမှူးဝမ်ထံသို့ အလျင်အမြန် လျှောက်သွားကာ ၎င်းတို့ရှေ့ရှိ ပန်းချီကားကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။
ငါးမိနစ်…
ဆယ်မိနစ်…
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်…
အဘိုးကြီးယန်ကလည်း အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ပေ၏။ "ဒါက တကယ်ကို ထန်ပေါ်ဟူရဲ့ မူရင်းအစစ်ပဲ... ပြီးတော့ အရမ်းကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်တယ်... စောစောက လေလံအောင်သွားတဲ့ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားထက်တောင် ပိုပြီး တန်ဖိုးကြီးသေးတယ်..."
သူလည်း အလွန် သိချင်စိတ် ဖြစ်နေခဲ့သည်။
ထန်ပေါ်ဟူသည် မင်မင်းဆက်ခေတ်က မွေးဖွားခဲ့သူဖြစ်ရာ အနည်းဆုံး နှစ်ငါးရာခန့် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ စက္ကူကို မည်မျှပင် ကောင်းစွာ ထိန်းသိမ်းထားစေကာမူ အနည်းဆုံးတော့ အနည်းငယ် ဝါကြင့်ကြင့် ဖြစ်နေသင့်ပေသည်။
သို့သော် သူ၏ရှေ့ရှိ ပန်းချီကားမှာ အသစ်စက်စက်ကဲ့သို့ ဖြစ်နေချေ၏။ အရေးအကြီးဆုံးမှာ ၎င်းသည် မူရင်းအစစ် ဖြစ်နေခြင်းပင်။ ဒီပန်းချီကားကို ဘယ်လိုများ ထိန်းသိမ်းထားခဲ့တာလဲ။
"ဟင်..."
စောစောက ပန်းချီကားကို စစ်ဆေးနေစဉ် သူ၏ လက်အိတ်ပေါ်တွင် မှင်နက်ရာလေးတစ်ခု ကျန်ရစ်နေခဲ့သည်ကို အဘိုးကြီးယန် ရုတ်တရက် သတိပြုမိသွားလေ၏။
အရောင်က ဘာလို့ ကျွတ်နေရတာလဲ… သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
အတွင်းရေးမှူးဝမ်မှာလည်း ထိုနည်းတူ ဇဝေဇဝါ ဖြစ်နေခဲ့၏။
အတုလား… မဖြစ်နိုင်ပါဘူး။ ယခုလေးတင် သူတို့နှစ်ဦးစလုံးက ထပ်တလဲလဲ အကဲဖြတ်ခဲ့ပြီးဖြစ်ရာ ၎င်းသည် သေချာပေါက် မူရင်းအစစ်ပင် ဖြစ်ပေသည်။
"ဥက္ကဋ္ဌချန်... ဒါက..."
"အဟမ်း... သိမ်းဆည်းထားတဲ့ ပတ်ဝန်းကျင်က အရမ်း စိုစွတ်နေလို့ ဖြစ်မယ်... အသေးစိတ် အချက်အလက်တွေကို စိတ်ပူနေစရာ မလိုပါဘူးဗျာ... ဟားဟား..." ချန်ဖုန်းမှာလည်း ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။
စနစ်က ထန်ပေါ်ဟူ ဆွဲပြီးခါစ ပန်းချီကားကို တိုက်ရိုက် လဲလှယ်ပေးလိုက်တာများလား... လခွမ်းပဲ... ပြဿနာတက်တော့မလို့...
သူ အလျင်အမြန် စကားလမ်းကြောင်းလွှဲကာ ပလတ်စတစ်အိတ်ထဲမှ နောက်ထပ် ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ဒီပန်းချီကားကရော ဘယ်လောက်တန်လဲဆိုတာ ကူညီစစ်ဆေးပေးပါဦး..."
"ကျန်သေးတာလား..." အဘိုးကြီးယန် အနည်းငယ် မှင်တက်သွားခဲ့၏။
ချန်ဖုန်း၏ အမည်းရောင် ပလတ်စတစ်အိတ်ထဲတွင် နောက်ထပ် ဘယ်လောက်တောင် ကျန်နေသေးသနည်းဟု သူ အလွန် သိချင်နေခဲ့ပေသည်။
"ဒါက... ဒါက ထန်ပေါ်ဟူရဲ့ `လမင်းရေပူစမ်း´ ပန်းချီကားပဲ... တန်ဖိုးက ယွမ် သန်း ၃၇၀..."
ဤအချိန်၌ အဘိုးကြီးယန်သာ အံ့အားသင့်သွားခြင်း မဟုတ်ချေ။
ပတ်ဝန်းကျင်ရှိ လူတိုင်း လုံးလုံးလျားလျား ဆွံ့အ မှင်တက်သွားကြလေ၏။
၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
တစ်ဖက်လူက သာမန်ကာလျှံကာ ပန်းချီကားနှစ်ချပ် ထုတ်ပြလိုက်ရာ တစ်ချပ်က ယွမ် သန်း ၁၈၀ တန်ပြီး အခြားတစ်ချပ်က ယွမ် သန်း ၃၇၀ တန်နေပေသည်။ ပြီးတော့ အားလုံးက ထန်ပေါ်ဟူရဲ့ မူရင်းပန်းချီကား အစစ်တွေချည်းပဲ။
လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ထန်ပေါ်ဟူ၏ မူရင်းပန်းချီကားများမှာ အချပ်နှစ်ဆယ်ထက်ပင် အလွန်နည်းပါးစွာ ရှားပါကျန်ရစ်ခဲ့ခြင်း ဖြစ်ပေ၏။
ဤသည်မှာ အဆုံးသတ်ပြီဟု ၎င်းတို့ ထင်မှတ်ခဲ့ကြသည်။ သို့သော် အမှန်တကယ်တွင် မဟုတ်သေးပုံရသည်။
ချန်ဖုန်းက နောက်ထပ် ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်ပြန်၏။
"ချီးပဲ... ထန်ပေါ်ဟူရဲ့ `ကဲ့ချန်ဂန်း´ ပန်းချီကားလည်း ဒီမှာ ရှိနေတာလား... ဒါက တရုတ်နိုင်ငံမှာ တစ်ချပ်တည်းရှိတဲ့ ပန်းချီကားလေ... ယွမ် သန်း ၄၄၀ တန်တယ်..."
ချန်ဖုန်းက နောက်ထပ် ပန်းချီကားတစ်ချပ်ကို ထပ်ထုတ်လိုက်ပြန်သည်။
" `နွေဦးလေပြေနှင့် ဝိုင်ခွက်များ´... အို ဘုရားရေ... ဒါက ယွမ် သန်း ၄၉၀ တန်တဲ့ `နွေဦးလေပြေနှင့် ဝိုင်ခွက်များ´ ပန်းချီကားပဲ... တကယ်ကို ရူးသွပ်စရာပဲ..."
"ဒါက `ရှေးဟောင်းသစ်ပင် ဝါးနှင့် ကျောက်တုံး´ ပန်းချီကားလေ... ယွမ်သန်း ခုနစ်ဆယ် တန်တယ်..."
"ဒါက `ပုလွေမှုတ်နေသော အမျိုးသမီး´ ပန်းချီကားပဲ... အခု လက်ရှိတန်ဖိုးက ယွမ် သန်း ၆၃၀ အထိ တက်သွားပြီ..."
ချန်ဖုန်းသည် ပန်းချီကား ရှစ်ချပ်ကို တစ်ဆက်တည်း ထုတ်ပြလိုက်လေ၏။
ထိုအထဲတွင် စျေးအနိမ့်ဆုံး ပန်းချီကားမှာ `ရှေးဟောင်းသစ်ပင် ဝါးနှင့် ကျောက်တုံး´ပန်းချီကား ဖြစ်ပြီး ယွမ်သန်း ၇၀ တန်ဖိုးရှိပေသည်။
အမြင့်ဆုံးမှာ ယွမ် သန်း ၆၃၀ တန်ဖိုးရှိ `ပုလွေမှုတ်နေသော အမျိုးသမီး´ ပန်းချီကားပင် ဖြစ်၏။
ဟိုက်...
လူတိုင်း ထိတ်လန့်တကြား အသက်ရှိုက်လိုက်မိကြသည်။
၎င်းတို့၏ နှလုံးသားများ လုံးလုံးလျားလျား တုန်လှုပ်သွားကြလေ၏။
ပန်းချီကား ရှစ်ချပ်ပေါင်းလိုက်လျှင် ယွမ် ၂.၄ ဘီလီယံနီးပါး ရှိနေပေသည်။ အရေးအကြီးဆုံးမှာ ထန်ပေါ်ဟူ၏ ပန်းချီကား တစ်ဝက်နီးပါးခန့်မှာ ချန်ဖုန်း၏ လက်ထဲတွင် ရှိနေခြင်းပင်။
တစ်ဖက်လူက ဤပန်းချီကားများကို မည်သို့ စုဆောင်းနိုင်ခဲ့သနည်းဆိုသည်ကို ၎င်းတို့ လုံးဝ မတွေးတတ်အောင် ဖြစ်သွားကြပေ၏။ ပြီးတော့ ဒီလောက်တောင် ကောင်းကောင်း ထိန်းသိမ်းထားနိုင်တာလား။
အတွင်းရေးမှူးဝမ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။ "ဥက္ကဋ္ဌချန်... ခင်ဗျားက တကယ်ကို ကျွန်တော်တို့ရဲ့ မျက်စိကို ဖွင့်ပေးလိုက်တာပဲ..."
"ဟင်... မပြီးသေးဘူးလေ... ကျွန်တော့်ဆီမှာ နောက်ထပ် နှစ်ချပ် ကျန်သေးတယ်..."
ချန်ဖုန်း ခဏတာ တုံ့ဆိုင်းသွား၏။
သူသည် နောက်ဆုံး ပန်းချီကားနှစ်ချပ်ကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
“ဒါက ထန်ပေါ်ဟူရဲ့…
`အေးချမ်းသော နေ့ရက်သုံးရက်´ နဲ့ `လုတောင် ရေတံခွန် ရှုခင်း´ တွေပဲ..."
အဘိုးကြီးယန်သည် ပန်းချီကားနှစ်ချပ်ကို ချက်ချင်း မှတ်မိသွားပေ၏။ သူ့မှာ အသက်ရှူသံများပင် ခက်ခဲလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လက်များပင် ထိန်းမရအောင် တုန်ရီနေခဲ့၏။ ထိုထက်ပို၍
သူ၏ နှလုံးသားထဲရှိ တုန်လှုပ်မှုသည် အချိန်အကြာကြီး စွဲကျန်ရစ်နေခဲ့ပေလောက်သည်။
တစ်နေ့တည်းအတွင်းမှာပင် သူသည် ထန်ပေါ်ဟူ၏ မူရင်းပန်းချီကား ဆယ်ချပ်ကို အမှန်တကယ် မြင်တွေ့လိုက်ရလေပြီ။
မဟုတ်သေးဘူး မှားနေတယ် စောစောက လေလံအောင်သွားသော ပန်းချီကားပါ ထည့်တွက်မည်ဆိုလျှင် မူရင်းပန်းချီကား ဆယ့်တစ်ချပ် ရှိရမည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ မူရင်းပန်းချီကားများ၏ ထက်ဝက်ကျော်သည် ဤနေရာတွင် ရောက်ရှိနေပြီ ဖြစ်ပေ၏။
တစ်စုံတစ်ယောက်က မမေးဘဲ မနေနိုင်ခဲ့ချေ။ "ဒီနှစ်ချပ်ရဲ့ တန်ဖိုးကရော ဘယ်လောက်လဲ..."