အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) နယ်စပ်ပြဿနာ
အဘိုးကြီးယန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားရင်း ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
" အေးချမ်းသော နေ့ရက်သုံးရက်
ပန်းချီကားရဲ့ ခန့်မှန်းတန်ဖိုးက ယွမ် ၃.၄ ဘီလီယံ ဝန်းကျင်လောက် ရှိတယ်... တခြားတစ်ချပ်ကတော့... သူရဲ့ ပန်းချီကားတွေထဲမှာ အဖိုးတန်ဆုံးဖြစ်ပြီး ယွမ် ၄ ဘီလီယံတန်ဖိုး ရှိတယ်..."
လခွီးး...
လူတိုင်း ချက်ချင်း ဆွံ့အ မှင်တက်သွားကြလေ၏။
ထိုနေရာရှိ လူအချို့သည် ပန်းချီကားများအကြောင်းကို နားမလည်ကြချေ။ ထန်ပေါ်ဟူ၏ ပန်းချီကားများသည် အလွန် တန်ဖိုးကြီးကြောင်းကိုသာ ၎င်းတို့ သိရှိထားသော်လည်း တစ်ချပ်တည်းနှင့်ပင် ယွမ် ၄ ဘီလီယံအထိ ရောင်းရမည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ကြပေ။
အားလုံးပေါင်းလိုက်လျှင် ယွမ် ဘီလီယံဆယ်ဂဏန်းနီးပါး ရှိနေလေပြီ။
ဤအချိန်၌ သူတို့က ချန်ဖုန်းအား ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်နေပေ၏။
စောစောက ချန်ဖုန်းသည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ နောက်ကွယ်မှ သူဌေးဖြစ်ကြောင်း သူတို့ သိရှိခဲ့ရချိန်တွင် အတော်လေး အံ့အားသင့်ခဲ့ကြသော်လည်း ယခုလောက်တော့ မတုန်လှုပ်ခဲ့ကြချေ။
မည်သို့ပင်ဆိုစေကာမူ ချန်ဖုန်းသည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ ရှယ်ယာ ၈၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဖြစ်စေ၊ နှစ်ကုန်လျှင် သူ၏ ပိုင်ဆိုင်မှုက ယွမ် ဘီလီယံ ရာချီအထိ ရောက်ရှိလာမည်ဖြစ်စေ ဤအရာများသည် မျက်စိဖြင့် မမြင်နိုင်သော အရာများသာ ဖြစ်ပေသည်။
အခုတော့ရော...
ယွမ် ဘီလီယံဆယ်ဂဏန်းနီးပါး တန်ဖိုးရှိသော ပန်းချီကားဆယ်ချပ်က လူတိုင်း၏ရှေ့တွင် ဗြောင်ကျကျ ချထားခြင်း ခံရလေပြီ။ ရောင်းလိုက်ရုံနဲ့ ယွမ် ဘီလီယံဆယ်ဂဏန်း ငွေသား ရနိုင်မှာလေ ပြီးတော့ အဲဒါက ချက်ချင်း သုံးလို့ရတဲ့ ငွေဖြစ်နေတာပဲ။
လူအုပ်ထဲတွင် အမျိုးသမီးအချို့မှာလည်း စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားချင်နေကြပေ၏။
"ဟူး... ဥက္ကဋ္ဌချန်ကို အတွင်းရေးမှူးဝမ်တို့ အုပ်စုက ဝိုင်းရံထားတော့ ငါတို့ အနားကပ်လို့မရဘူး... ဒါမှမဟုတ်ရင် သူ့နဲ့ ဆက်သွယ်ဖို့ သူ့ရဲ့ အချက်အလက်ကို သေချာပေါက် တောင်းရမှာပဲ... ဘာပဲဖြစ်ဖြစ် ငါလည်း ရုပ်လေးတော့ ချောပါတယ်... သူ့ကို မဆွဲဆောင်နိုင်ဘူးဆိုတာ ငါတော့ မယုံဘူး..."
"တော်စမ်းပါ... နင့်မျက်နှာပေါ်က ပေါင်ဒါတွေ ဘယ်လောက်တောင် ထူနေလဲဆိုတာ ကြည့်ပါဦး... နင် ဘယ်လောက်ပဲ လှလှ ရွှီချင်းချန်ကို ယှဉ်နိုင်လို့လား..."
"ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် ရွှီချင်းချန်က နာမည်ကြီး မင်းသမီးတစ်ယောက်လေ... ဒီခေတ်က သူဌေးတွေ အကုန်လုံးက မင်းသမီးတွေကို သဘောကျကြတယ် မဟုတ်ဘူးလား..."
အမျိုးသမီးများသည် မယုံကြည်နိုင်စွာဖြင့် သက်ပြင်းချလိုက်ကြ၏။
ဤအချိန်၌ ဒုတိယတန်းတွင် ထိုင်နေသော ရွှီချင်းချန်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ပေသည်။
ချန်ဖုန်း အလွန် ချမ်းသာကြောင်း သူမ ခန့်မှန်းမိခဲ့သည်။
သို့သော် သူ သာမန်ကာလျှံကာ ထုတ်ပြလိုက်သော ပန်းချီကားများသည် ယွမ် ဘီလီယံဆယ်ဂဏန်း တန်ဖိုးရှိနေမည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
ကုမ္ပဏီအတွက် အသုံးစရိတ်များမှာ အတော်လေး မြင့်မားနေဆဲဖြစ်ရာ ချန်ဖုန်း၏ ကြွယ်ဝချမ်းသာမှုသည် ရုပ်ရှင်ကုမ္ပဏီကို ထောက်ပံ့ပေးရန် လုံလောက်မည် မဟုတ်ဟု ယခင်က သူမ စိုးရိမ်ပူပန်ခဲ့သေးသည်။
အခုတော့ သူမတစ်ယောက်တည်းသာ စိုးရိမ်မှုလွန်ကဲနေတာဖြစ်မည်။
တစ်ဖက်တွင် လေလံပွဲမှူး အဘိုးကြီးကျိုး တံတွေးကို စိုးရိမ်တကြီး မျိုချလိုက်ပြီး မမေးဘဲ မနေနိုင်ခဲ့ချေ။ "ဥက္ကဋ္ဌချန်... ခင်ဗျားရဲ့ ပန်းချီကားတွေကို ရောင်းမှာလား... တကယ်လို့ ခင်ဗျား ရောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ လေလံပွဲရုံက အမြင့်ဆုံး ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ယူပေးနိုင်ပါတယ်..."
အတွင်းရေးမှူးဝမ်က ဘေးမှနေ၍ တဟားဟား ရယ်မောလိုက်၏။ "အဘိုးကြီးကျိုး... ခင်ဗျား အကုန်လုံးကို ဝါးမျိုပစ်ဖို့တော့ မရည်ရွယ်ထားပါဘူးနော်... အနည်းဆုံးတော့ ကျွန်တော့်အတွက် အချပ်အနည်းငယ်လောက် ချန်ထားပေးပါဦး... ကျွန်တော်လည်း တကယ်ကို သွေးဆောင်ခံနေရပြီ..."
အနီးနားရှိ အခြား သူဌေးကြီး အနည်းငယ်ကလည်း ပန်းချီကားများကို ဝယ်ယူလိုကြပေသည်။ ၎င်းတို့က နားမလည်ကြသော်လည်း သိမ်းဆည်းထားနိုင်သည်လေ၊ နောင်တစ်ချိန် ဈေးတက်သွားရင် ဘယ်လိုလုပ်မလဲ။ အကယ်၍ ဈေးမတက်လျှင်ပင် ကိုယ့်လက်ထဲတွင် ကိုင်ထားပြီး အခြားသူများကို ကြွားဝါပြနိုင်သေးသည် မဟုတ်လော။
ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "နောက်ဆုံး ပန်းချီကားနှစ်ချပ်ကိုတော့ ကျွန်တော့်အတွက်ပဲ ချန်ထားချင်တယ်... ကျန်တဲ့ ရှစ်ချပ်ကိုတော့ ခင်ဗျားတို့ ကြိုက်သလို ခွဲဝေယူနိုင်ပါတယ်... ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ထားလိုက်ပါ..."
မည်သို့ပင်ဆိုစေ အားလုံးက စနစ်မှ လဲလှယ်ထားခြင်း ဖြစ်ပေ၏။ သူ့အတွက်တော့ အရှုံးမရှိပါဘူး… အမှန်တကယ်တွင် အဖိုးတန်ဆုံးမှာ နောက်ဆုံး ပန်းချီကားနှစ်ချပ်ဖြစ်ပြီး ၎င်းတို့၏ ဈေးနှုန်းများသည် အနာဂတ်တွင် သေချာပေါက် ထပ်မံ၍ ကောင်းကင်ထိ ထိုးတက်သွားဦးမည် ဖြစ်သည်။
ခနအကြာတွင် အလွန်မြန်ဆန်စွာ…
အတွင်းရေးမှူးဝမ်နှင့် အခြားသူများသည် ပန်းချီကားရှစ်ချပ်ကို ခွဲဝေယူလိုက်ကြ၏။ ချန်ဖုန်းက ဈေးကွက်ပေါက်ဈေးဟု ပြောခဲ့သော်လည်း ၎င်းတို့မှာ အကင်းပါးသူများဖြစ်ရာ ချန်ဖုန်း၏ ဘဏ်အကောင့်ထဲသို့ စုစုပေါင်း ယွမ် ၂.၅ ဘီလီယံကို စုပေါင်းလွှဲပေးခဲ့ကြလေသည်။
ယွမ် သန်းတစ်ရာ အပိုပေးလိုက်ခြင်းပင်၊
ယခုအခါ ချန်ဖုန်း၏ ဘဏ်ကတ်ထဲတွင် လည်ပတ်ငွေ ယွမ် ၁၁ ဘီလီယံ ရှိနေလေပြီ။
စကားအနည်းငယ် ပြောဆိုပြီးနောက် သူသည် လေလံပွဲမှ ထွက်ခွာလာခဲ့သည်။
ယုံဟယ်စံအိမ်ကိုလည်း ရရှိပြီးဖြစ်၏။ ၎င်းကို ကျန်းချန်ကုန်းက ပေးခဲ့ခြင်း ဖြစ်သော်လည်း အနည်းဆုံးတော့ ၎င်းသည် သူ၏ကိုယ်ပိုင် စံအိမ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ရွှီချင်းချန် ကလည်းအလျင်အမြန် လိုက်ပါလာခဲ့၏။ ထို့နောက် သူမက ညင်သာစွာ ပြုံး၍ပြောလိုက်သည်။ "မစ္စတာချန်... မနက်ဖြန် ကျွန်မ ပြည်နယ်မြို့တော်ကို ပြန်တော့မယ်... နောက်ရက်အနည်းငယ်အတွင်း ရုပ်ရှင်ကုမ္ပဏီအတွက် အဆိုပြုလွှာကို ရှင့်အတွက် ပြင်ဆင်ပေးပါ့မယ်... ရှင်နဲ့ အတူအလုပ်လုပ်ရမယ့်အချိန်ကို စောင့်မျှော်နေပါတယ်..."
"ကျွန်တော်လည်း မင်းနဲ့ အတူအလုပ်လုပ်ရမယ့်အချိန်ကို စောင့်မျှော်နေပါတယ်..." ချန်ဖုန်းသည် သူမ၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်ကာ မမေးဘဲ မနေနိုင်ခဲ့ချေ။ "ခင်ဗျားရဲ့ ဒဏ်ရာက ကျက်သွားပြီလား..."
"ဟင်... အင်း နီးပါး ကျက်သွားပါပြီ..."
ရွှီချင်းချန်၏ မျက်နှာ ချက်ချင်း နီရဲသွားလေ၏။
ယခင် ခွဲစိတ်မှုလုပ်စဉ်က သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသည် ချန်ဖုန်း၏ နှာခေါင်းအောက်တွင် အပြည့်အဝ ပေါ်လွင်နေခဲ့သည်ကို သူမ မှတ်မိနေခဲ့သည်။
အဲဒီအကြောင်းကို တွေးလိုက်တာနဲ့တင် နည်းနည်း ရှက်သွားစေတယ်။
"ချန်... မစ္စတာချန်... ကျွန်မ သွားတော့မယ်နော်..."
သူမသည် ခေါင်းငုံ့ကာ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားတော့၏။
‘ဒီလောက်တောင် ရှက်နေတာလား…’
ချန်ဖုန်း ပခုံးတွန့်လိုက်သည်။ သူ၏ လက်ထဲရှိ ယုံဟယ်စံအိမ်၏ သော့နှင့် စာရွက်စာတမ်းများကို ကြည့်ရင်း ယနေ့၏ အကျိုးအမြတ်များသည် အတော်လေး ကြီးမားလှကြောင်း သူ သဘောပေါက်သွားပေ၏။
"အရင် ပြန်နှင့်တာပေါ့... အချိန်ရတဲ့အခါကျမှ ရှန်ယန်းယန်း နဲ့ ယွင်ထင် တို့နဲ့အတူ စံအိမ်ကို သွားကြည့်ကြတာပေါ့..."
တစ်ချိန်တည်းမှာပင်…
နိုင်ငံနှစ်ခုကြားရှိ နယ်စပ်၌။
ကျယ်ပြောလှသော မြေရိုင်းပြင်ကို ဖြတ်သန်း၍ ကြမ်းတမ်းသော လမ်းကြမ်းသုံးကား ငါးစီး ခြောက်စီးခန့် မောင်းနှင်လာခဲ့ပြီး ကားတိုင်းတွင် စစ်ဘက်ဆိုင်ရာဌာန၏ အမှတ်တံဆိပ် ပါရှိပေသည်။
ရှန်ကွမ်ယွဲ့ သည် အလယ်ကားတွင် ထိုင်နေ၏။ သူမ၏ ကိုယ်ပေါ်တွင် သွေးစွန်းနေသော အရိပ်အယောင်အချို့ ရှိနေပြီး သူမ၏ တစ်ကိုယ်လုံးမှ လွှမ်းမိုးနိုင်သော ဖိအားများကို ထုတ်လွှတ်နေပေသည်။
သူမ၏ ဘေးတွင် ကြယ်ငါးပွင့်အဆင့် စစ်သည်တစ်ဦး ထိုင်နေသည်။ တစ်ဖက်လူ၏ မျက်နှာအမူအရာမှာလည်း ထိုနည်းတူ လေးနက်နေခဲ့၏။
နယ်စပ်တွင် အသေးစား ပဋိပက္ခတစ်ခု ယခုလေးတင် ဖြစ်ပွားခဲ့ပြီး ၎င်းတို့သည် စစ်မြေပြင်မှ ယခုလေးတင် ဆင်းလာခဲ့ကြခြင်း ဖြစ်ပေသည်။ ရှန်ကွမ်ယွဲ့က တိုက်ပွဲဖြစ်ပွားမှုကို အလျင်အမြန် နှိမ်နင်းနိုင်ခဲ့သော်လည်း နောက်ဆုံးတိုက်ပွဲကြီးသည် တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ကြောင်းကို သူမ ခံစားနေရသည်။
ယခုအချိန်၌ ရှန်ကွမ်ယွဲ့သည် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲရင့်ပြတ်သားသော အငွေ့အသက်များကို ပေးစွမ်းနေလေ၏။ သူမ၏ ထူးခြားသော အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် ခြိမ်းခြောက်နိုင်စွမ်းရှိပြီး ကြောက်ရွံ့ရိုသေမှုများကို ဖြစ်ပေါ်စေသော စစ်မြေပြင်၏ ဘုရင်မတစ်ပါးနှင့် တူနေပေသည်။
ဤအချိန်၌ ရှန်ကွမ်ယွဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။ "ဝန်ကြီးကျန်းက ပထမအသုတ် စစ်ဝတ်စုံ အစုံနှစ်ရာကို ထုတ်လုပ်ပြီးသွားပြီ... ယုတ္တိတန်တန် တွေးကြည့်ရင် မနေ့ကတည်းက ရောက်နေသင့်တာလေ... ဘာလို့ အခုထိ ငါတို့ မရသေးတာလဲ..."
ဘေးရှိ ကြယ်ငါးပွင့်အဆင့် စစ်သည်က အလျင်အမြန် ဖြေကြားလိုက်သည်။ "စစ်သေနာပတိ... စစ်ဝတ်စုံတွေကို ပို့ဆောင်ပေးမယ့်သူနဲ့ အခုထိ အဆက်အသွယ် မရသေးပါဘူး... လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကျွန်တော်တို့ ဆက်သွယ်နေခဲ့တာ ဒါပေမဲ့ တစ်ဖက်လူက လုံးဝ ပြန်မဖြေဘူး... ပြီးတော့ မနေ့ကတည်းက ကီလိုမီတာ တစ်ရာအတွင်းမှာ သူတို့ရဲ့ ခြေရာကို ရှာဖွေဖို့ အပိုလူအင်အားတွေကို စေလွှတ်ထားပြီးပါပြီ..."
"မကောင်းတော့ဘူး..." ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပေ၏။ "ဒီနယ်စပ်က ပဋိပက္ခတွေက ဟန်ပြသက်သက်ပဲ... ရန်သူတွေက တရုတ်နိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်နေပြီလို့ ငါထင်တယ်..."
ကြယ်ငါးပွင့်အဆင့် စစ်သည်မှာ တုန်လှုပ်သွားသည်။ "စစ်သေနာပတိ... ခင်ဗျား ဆိုလိုတာက..."
"ဟုတ်တယ်..." ရှန်ကွမ်ယွဲ့၏ အေးစက်သော မျက်နှာပေါ်တွင် အေးစက်သည့် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ "နယ်စပ်က အရမ်း ကျယ်ပြောလွန်းတယ်... တကယ်လို့ ရန်သူ့နိုင်ငံက အင်အားအများအပြားနဲ့ ပေါ်လာမယ်ဆိုရင် သူတို့ကို ငါတို့ သေချာပေါက် မောင်းထုတ်နိုင်တာပေါ့…”
“ ဒါပေမဲ့ သူတို့က အင်အားတွေကို ဖြန့်ကျက်ပြီး နှစ်ယောက်တစ်စု သုံးယောက်တစ်စု ခိုးဝင်ဖို့ ကြိုးစားမယ်ဆိုရင်တော့ အကုန်လုံးကို ငါတို့ ရှာမတွေ့နိုင်ဘူး... ဒီတစ်ကြိမ် စစ်ဘက်ဆိုင်ရာဌာနက တီထွင်ထားတဲ့ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ရဲ့ အချက်အလက်တွေက ပေါက်ကြားသွားခဲ့ပြီ... စစ်ဝတ်စုံတွေကို ပို့ဆောင်ပေးတဲ့အဖွဲ့က ချုံခိုတိုက်ခိုက်ခံရဖို့ အလားအလာ အရမ်းများတယ်..."
ကြယ်ငါးပွင့်အဆင့် စစ်သည်မှာ ထိတ်လန့်သွား၏။ "ဒါဆို သူတို့တွေက..."
"မသေချာသေးဘူး..." ရှန်ကွမ်ယွဲ့က သူမ၏ လက်ထဲရှိ အနက်ရောင် ဓားမြှောင်ကို ကစားရင်း ပြောလိုက်သည်။ "စစ်ဝတ်စုံတွေကို ပို့ဆောင်ပေးတဲ့အထဲမှာ အနည်းဆုံး ကြယ်ငါးပွင့်အဆင့် စစ်သည် ဆယ်ယောက်လောက် ပါတယ်... ပြီးတော့ သူတို့က မအားနည်းကြဘူး... အကုန်လုံး ဒုက္ခရောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး... တရုတ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာဆိုတော့ ပိုတောင် မဖြစ်နိုင်သေးတယ်... ငါ့အမိန့်ကို ဆင့်ကဲပေးလိုက်... အမြန်ဆုံးနှုန်းနဲ့ ရှေ့ကိုဆက်သွား... ဒီလမ်းရဲ့ ကီလိုမီတာ တစ်ရာအတွင်းမှာ သူတို့ရဲ့ ခြေရာကို ရှာတွေ့နိုင်လိမ့်မယ်..."
"နားလည်ပါပြီ..."
ကြယ်ငါးပွင့်အဆင့် စစ်သည်က အမိန့်ကို အလျင်အမြန် ပေးလိုက်လေ၏။
တစ်ချိန်တည်းမှာပင် စစ်သေနာပတိ၏ ကျန်းမာရေးအတွက် သူ အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ မကြာသေးမီက စစ်သေနာပတိသည် နယ်စပ်တပ်ဖွဲ့များကို တစ်ကိုယ်တော် ခြိမ်းခြောက်ခဲ့ပြီး ၎င်းတို့ ဆုတ်ခွာသွားသည်အထိ သတ်ဖြတ်ခဲ့ပေသည်။
အထူးသဖြင့် သူမ၏ လက်ထဲရှိ အနက်ရောင် ဓားမြှောင်သည် သံကို ရွှံ့လို ဖြတ်တောက်နိုင်စွမ်း ရှိလေ၏။
ထိုဓားမြှောင်အောက်တွင် သေဆုံးသွားခဲ့သော ရန်သူ အနည်းဆုံး ရှစ်ရာခန့် ရှိပေသည်။ သို့သော် တစ်ချိန်တည်းမှာပင် စစ်သေနာပတိ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ရပေ၏။ ဒဏ်ရာများမှာ မပြင်းထန်သော်လည်း စိုးရိမ်စရာတော့ ဖြစ်နေဆဲပင်။