အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈) အဖွဲ့များ ပြန်လည်ဆုံစည်းခြင်း
ဖုန်းချပြီးနောက် ရှန်ကွမ်ယွဲ့ ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ရှုပ်ထွေးနေခဲ့ပေသည်။
ယခုအခါ သူမအနေဖြင့် နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေ အလွန်များပြားနေသဖြင့် သူမသည် ဤနေရာတွင် နေရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ဘဲ ရန်သူများကို ရှင်းလင်းရန် နေရစ်ရမည်ဖြစ်ရာ လောလောဆယ် တရုတ်နိုင်ငံတွင်းသို့ ပြန်မသွားနိုင်တော့ချေ။
‘ချန်ဖုန်း... နင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်…’
ရှန်ကွမ်ယွဲ့ သည် ထိုကိစ္စကို ဆက်လက်၍ မတွေးတောတော့ချေ။
စစ်ဘက်ဆိုင်ရာဌာနက ချန်ဖုန်း အား ပြဿနာများ ဖန်တီးပေးခဲ့သည်မှာ မှန်သော်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ရာ ထပ်မံပြောဆိုနေရန် အဓိပ္ပာယ်မရှိတော့ချေ။ အရာအားလုံးကို ခွန်အားဖြင့်သာ ဆုံးဖြတ်ရပေလိမ့်မည်။
"လုံရိ... ဒဏ်ရာရသူတွေ ဘယ်လိုနေလဲ..."
"စစ်သေနာပတိ..."
လုံရိ က အလျင်အမြန် သတင်းပို့လိုက်၏။
"အဖွဲ့ဝင် သုံးဦး သေဆုံးသွားပြီး ဆယ့်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရထားပါတယ်... ကျန်တဲ့သူတွေကတော့ အဆင်ပြေပါတယ်... ရက်အနည်းငယ် နားလိုက်ရင် ပြန်လည်တိုက်ခိုက်နိုင်ပါပြီ..."
ရှန်ကွမ်ယွဲ့ ၏ မျက်နှာအမူအရာမှာ အေးတိအေးစက်ဖြစ်နေပြီး မည်သည့် ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိခဲ့ချေ။
စစ်မြေပြင်တွင် ဖြတ်သန်းခဲ့ရသော နှစ်များတစ်လျှောက်လုံး သူမသည် လူများစွာ အသက်စွန့်သွားသည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။
သူမအနေနဲ့ ဒါတွေကို ထုံပေပေ ဖြစ်နေပေပြီ…
သူမသည် မူလက သာမန် အမျိုးသမီးငယ်လေးတစ်ဦးသာ ဖြစ်ခဲ့၏။
တာဝန်သိစိတ်နှင့် ယုံကြည်ချက်တို့၏ တွန်းအားပေးမှုကြောင့် သူမသည် စစ်ဝတ်စုံကို ဝတ်ဆင်ကာ စစ်မြေပြင်သို့ လာရောက်၍ စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်လာရန် ဖိအားပေးခံခဲ့ရပေသည်။
သူမ၏ ရန်သူများက တစ်ချိန်က သူမကို လှောင်ပြောင်ခဲ့ကြဖူး၏။
တရုတ်နိုင်ငံမှာ ယောက်ျားတွေ အကုန်လုံး သေကုန်ပြီလား... စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံးကို အသက်နှစ်ဆယ်အရွယ် မိန်းမတစ်ယောက်လက်ထဲ ဘယ်လိုလုပ် အပ်ထားနိုင်ရတာလဲ…
နောက်ဆုံးတော့ ရှန်ကွမ်ယွဲ့ သည် သူမကို လှောင်ပြောင်ခဲ့သော ရန်သူများကို သူမ၏ လက်သီးဖြင့် ပါးစပ်ပိတ်သွားအောင် လုပ်ပြခဲ့လေသည်။
တရုတ်နိုင်ငံမှာ ယောက်ျားတွေ အများကြီး ရှိတယ်...
ကြယ်ငါးပွင့်အဆင့် စစ်သည်များထက် သာလွန်သော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများပင် အများအပြား ရှိနေပေ၏။
သို့သော် ရှန်ကွမ်ယွဲ့ သည် စစ်ဘက်ဆိုင်ရာ မိသားစုမှ မွေးဖွားလာသူ ဖြစ်လေသည်။
သူမသည် ငယ်စဉ်ကတည်းက တိုက်ခိုက်ရေးစွမ်းရည် ပါရမီ ပါလာခဲ့ပြီး ထူးခြားသော လေ့ကျင့်မှုများကို ရရှိခဲ့ပေ၏။ သာမန် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူထက်ပင် ပိုမို အစွမ်းထက်သေးသည်။
ယခု နယ်စပ်တွင် သူမ၏ ကွပ်ကဲမှုအောက်တွင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အနည်းဆုံး ခြောက်ဦးခန့် ရှိပြီး နယ်စပ်များကို ကာကွယ်စောင့်ရှောက်ကာ ၎င်းတို့၏ လုံခြုံရေးကို သေချာစေခဲ့ပေသည်။
ယခုအခါ သူမသည် ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရလေပြီ။
မူလအစီအစဉ်မှာ အနာဂတ် ဆက်ခံသူတစ်ဦးကို ရှာဖွေရန် ဖြစ်ပေ၏။
ထို ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသည် အတော်လေး စွမ်းဆောင်နိုင်ကြသော်လည်း သူမ၏ သတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့ကြချေ။
အနာဂတ် စစ်သေနာပတိသည် ရန်သူများကို လုံးလုံးလျားလျား လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်ရန် ရှန်ကွမ်ယွဲ့ မျှော်လင့်ထားပေသည်။
စောစောက သူမ ရန်သူ လေးယောက်ကို သတ်ခဲ့သလိုမျိုး သူတို့ကို လုံးဝ အကူအညီမဲ့သွားအောင် လုပ်ချင်တာ...
ဒီနည်းလမ်းနဲ့သာ သူမတို့ရဲ့ ရဲဘော်ရဲဘက်တွေ သေဆုံးမှု နည်းပါးနိုင်မှာ…
ခနကြာစဥ်းစားပီးနောက် သူမသည် လက်တွေ့အချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။
အကြမ်းခံကားပေါ်ရှိ စစ်ဝတ်စုံများကို သူမက တစ်ချက် ပြန်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"အရေအတွက်ကို ရေတွက်လိုက်... ကြယ်လေးပွင့်အဆင့် စစ်သည် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့သူတိုင်း စစ်ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ထားရမယ်..."
"နယ်စပ်နားမှာ ခိုးဝင်လာတဲ့ တခြားသူတွေ ရှိနေနိုင်သေးတယ်... ရန်သူတွေကို ငါနဲ့အတူ တိုက်ခိုက်ဖို့ သူတို့ကိုပါ ပါဝင်ခိုင်းလိုက်..."
"ရန်သူကို သတ်..."
"ရန်သူကို သတ်..."
လူအုပ်ကြီးက အော်ဟစ်လိုက်ကြသည်။
ယခုအခါ စစ်သေနာပတိ ကိုယ်တိုင် ကွပ်ကဲနေပြီး နယ်စပ်၏ အရပ်လေးမျက်နှာတွင် ကူညီပေးနေသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများလည်း ရှိနေပေ၏။
ခိုးဝင်လာသူ အနည်းငယ်ကို ကိုင်တွယ်ရန်မှာ ပြဿနာ မရှိနိုင်ချေ။
လုံရိ သည် ပို့ဆောင်လာသော စစ်ဝတ်စုံများကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ စစ်ဝတ်စုံ အစုံနှစ်ရာထဲမှ တစ်စုံမျှ ပျောက်ဆုံးနေခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။
သူက အလျင်အမြန် သတင်းပို့လိုက်၏။
"စစ်သေနာပတိ... စစ်ဝတ်စုံ အရေအတွက်က တိကျပါတယ်... အစုံနှစ်ရာ အတိအကျပါပဲ..."
ထို့နောက် မြေပြင်ပေါ်ရှိ အလောင်းများကို သူ တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ရှောင်ဝူး တို့ရဲ့ အလောင်းတွေ..."
"သူတို့ရဲ့ ပြာတွေကို ပြန်သယ်သွားပါ... မင်း ပြန်ရောက်တဲ့အခါ သူတို့ရဲ့ မိသားစုတွေကို သွားတွေ့ပြီး အားပေးစကား ပြောပေးလိုက်ပါ... သူတို့မှာ အခက်အခဲတွေ ရှိမရှိလည်း ကြည့်ပေးပါ... သင့်တော်သလို လျော်ကြေးပေးဖို့ သေချာလုပ်ပေးပါ... ဘာပဲဖြစ်ဖြစ် သူတို့က တရုတ်နိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာဌာန အတွက် အသက်စွန့်သွားခဲ့ကြတာလေ..."
ရှန်ကွမ်ယွဲ့ က သက်ပြင်းချလိုက်၏။
ထုံးစံအရဆိုလျှင် သူမသည် ပုံမှန်အားဖြင့် ၎င်းတို့ထံသို့ တစ်ယောက်ချင်းစီ ကိုယ်တိုင် သွားရောက်တွေ့ဆုံလေ့ ရှိပေသည်။
သို့သော် ယခု သူမ ထွက်ခွာသွား၍ မရနိုင်ချေ။
"နားလည်ပါပြီ..."
လုံရိ က အလျင်အမြန် စီစဉ်လိုက်သည်။
တိုက်ပွဲ ဖြစ်ပွားရာနေရာတွင် ရှန်ကွမ်ယွဲ့ ခေါ်ဆောင်လာသော လူတစ်ဒါဇင်ခန့်သာ စစ်ဝတ်စုံများကို ဝတ်ဆင်မထားကြချေ။
၎င်းတို့ ဝတ်ဆင်ပြီးသွားပြီးနောက် ကျန်ရှိနေသော အစုံ ၁၀၀ ကျော်ကို ရှန်ကွမ်ယွဲ့ ၏ အကြမ်းခံကားပေါ်သို့ ပြောင်းရွှေ့တင်ဆောင်လိုက်ကြသည်။
အရာအားလုံး အသင့်ဖြစ်သွားပြီးနောက်။
၎င်းတို့ ထွက်ခွာရန် ပြင်နေချိန်မှာပင် ယာဉ်တန်းတစ်ခုက ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့၏။
ထိုယာဉ်တန်းတွင် လူလေးဆယ်မှ ငါးဆယ်ခန့် ပါဝင်ပြီး ကြယ်လေးပွင့်အဆင့် စစ်သည်များ၊ ကြယ်ငါးပွင့်အဆင့် စစ်သည်များနှင့် ကြယ်သုံးပွင့်အဆင့် စစ်သည်များပင် ပါဝင်လေသည်။
ရှန်ကွမ်ယွဲ့ ကို ကာကွယ်ရန် နယ်စပ်သို့ သွားရောက်ရန် ကျန်းထျန်ရှန်း က အဖွဲ့တစ်ဖွဲ့ကို စုစည်းပေးလိုက်ခြင်း ဖြစ်ပေ၏။
ယာဉ်တန်းသည် ၎င်းတို့၏ရှေ့သို့ အလျင်အမြန် ဆိုက်ရောက်လာခဲ့သည်။
ဟွမ်ဇီ သည် အပေါ်မှ ခုန်ဆင်းလာပြီး အော်ဟစ်လိုက်၏။
"စစ်သေနာပတိ..."
သူတို့တွင်လည်း ဒဏ်ရာများ ရရှိထားကြောင်း ရှန်ကွမ်ယွဲ့ သတိပြုမိလိုက်သည်။
သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။
"ရှင်တို့လည်း လမ်းမှာ ရန်သူတွေနဲ့ တွေ့ခဲ့တာလား..."
"ခိုးဝင်လာတဲ့ ရန်သူသုံးယောက်နဲ့ တွေ့ခဲ့တယ်... ဒါပေမဲ့ သူတို့ကို ရှင်းပစ်လိုက်ပါပြီ..."
ဟွမ်ဇီ က လက်သီးကို ဆုပ်ထားပြီး စိတ်လှုပ်ရှားနေကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။
သူတို့ကြုံတွေ့ခဲ့ရသော ရန်သူများမှာ သိပ်မစွမ်းထက်ကြောင်း သို့မဟုတ် အနည်းဆုံးတော့ ယခုလေးတင် သူမတို့တွေ့ခဲ့ရသော လူလေးဦးလောက် မစွမ်းထက်ကြောင်း ရှင်းလင်းနေပေ၏။
ရှန်ကွမ်ယွဲ့ က ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် လူအုပ်ထဲတွင် ယွီပါထျန် ကို သူမ တွေ့လိုက်ရပြီး သူမ၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။
အငွေ့အသက်တစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပေသည်။
"နင့်ကို ဘယ်သူ လွှတ်လိုက်တာလဲ..."
ယွီပါထျန် မှာ အလွန် ထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်သို့ 'ဒူးခေါက်' ခနဲ ဒူးထောက်ကျသွားတော့၏။
"စစ်သေနာပတိ... ကျွန်တော် ခွင့်လွှတ်လို့မရတဲ့ အပြစ်တွေ ကျူးလွန်ခဲ့မိတယ်ဆိုတာ ကျွန်တော် သိပါတယ်... အခုက အပြစ်တွေကို ပြန်လည်ဆေးကြော ချင်လို့ပါ..."
"စစ်ဘက်ဆိုင်ရာဌာန အတွက် အကျိုးပြုဖို့ ကျွန်တော် ဆန္ဒရှိပါတယ်... စစ်သေနာပတိက ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်..."
သူက ချန်ဖုန်း ကို စော်ကားခဲ့မိသောကြောင့် စစ်သေနာပတိကို အမျက်ထွက်စေခဲ့ခြင်းဖြစ်ကြောင်း ယခုအခါ သူ သိရှိနေလေပြီ။
ပြီးတော့ ချန်ဖုန်း က...
စစ်သေနာပတိ မျက်စိကျနေတဲ့သူလေ...
သူက စစ်သေနာပတိရဲ့ အနာဂတ် ဆက်ခံသူလည်း ဖြစ်တယ်...
ဤအကြောင်းကို တွေးမိချိန်တွင် ကြောက်ရွံ့မှုတစ်ခုကို သူ မသိမသာ ခံစားလိုက်ရ၏။
ရှန်ကွမ်ယွဲ့ က အေးစက်စွာ ပြောဆိုလိုက်သည်။
"နင်ပြောခဲ့တဲ့ စကားတွေကို မှတ်ထား... ဟွမ်ဇီ... သူ့ကို စောင့်ကြည့်ထား... တကယ်လို့ သူ့မှာ ယုတ်မာတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေတာကို တွေ့ရင် ချက်ချင်း ကွပ်မျက်လိုက်..."
"နားလည်ပါပြီ..."
ဟွမ်ဇီ က ခေါင်းညိတ်လိုက်၏။
အကယ်၍ ယွီပါထျန် သည် စစ်ဘက်ဆိုင်ရာဌာန ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် တကယ်ပင် လုပ်ဆောင်နေမည်ဆိုပါက စစ်သေနာပတိက သူ့ကို ချမ်းသာပေးကောင်း ပေးနိုင်ပေသည်။ သို့သော် သူ့တွင် အခြားရည်ရွယ်ချက်များ ရှိနေပါက သူ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ချေ။
ထိုအချိန်၌ ဟွမ်ဇီ သည် ရှန်ကွမ်ယွဲ့ ထံသို့ ရုတ်တရက် လျှောက်သွားပြီး တီးတိုးပြောဆိုလိုက်သည်။
"စစ်သေနာပတိ... နောက်ဆယ်ရက်နေရင် ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီးကျန်း က ပြောတယ်... ပြီးတော့ အဲဒီနေ့ကျရင် စစ်သေနာပတိရဲ့ နာတာရှည်ရောဂါက ပြန်ဖောက်လာလိမ့်မယ်တဲ့..."
"အဲဒီနေ့ကျရင် စစ်မြေပြင်ကို မသွားဖို့ ကျွန်တော်တို့ အကြံပေးချင်ပါတယ်... စစ်သေနာပတိကို ကာကွယ်ဖို့ ကျွန်တော်တို့ ဒီကို လာခဲ့တာပါ..."
"ဟင်..."
ရှန်ကွမ်ယွဲ့ ၏ နှလုံးသားတစ်ချက် ခုန်သွားပေ၏။
သူမသည် ရန်သူ့အဖွဲ့မှ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ လေးဦးကို ယခုလေးတင် သတ်ဖြတ်ခဲ့ပြီး ၎င်းသည် သေချာပေါက် စစ်ပွဲကို အစပျိုးပေးလိမ့်မည် ဖြစ်သည်။
ဆယ်ရက်အတွင်း ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာရန် ရှောင်လွှဲ၍ မရနိုင်တော့ချေ။
သူမ၏ နာတာရှည်ရောဂါများ အပါအဝင်ပင် အလွန်ဆုံး ရက်ပိုင်းအတွင်းဖြစ်လောက်ပေသည်။
သူမက ဟွမ်ဇီ ကို ရုတ်တရက် ကြည့်လိုက်ရာ ပုံမှန်အားဖြင့် အေးစက်နေသော သူမ၏ မျက်နှာပေါ်တွင် ပြောင်းလဲမှု အရိပ်အယောင်တစ်ခု နောက်ဆုံး၌ ပေါ်လာခဲ့၏။
"ဝန်ကြီးကျန်း က..."
တစ်ဖက်လူ ဘာမေးမည်ကို သူ သိထားပြီးသားဖြစ်ဟန်ဖြင့် ဟွမ်ဇီ က အလျင်အမြန် တီးတိုးဖြေကြားလိုက်သည်။
"ဝန်ကြီးကျန်း ဖုန်းပြောတာကို ကျွန်တော် ကြားလိုက်တယ်... ဒါကြောင့်လည်း သူက ကျွန်တော်တို့ကို ဒီကို လာခိုင်းတာပါ..."
"သူ့ရဲ့ လေသံအရဆိုရင် ဒါ ချန်ဖုန်း ဖုန်းဆက်တာ ဖြစ်ရမယ်..."
"ချန်ဖုန်း ပဲလား..."
ရှန်ကွမ်ယွဲ့ ၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးနေခဲ့ပေ၏။
ချန်ဖုန်း တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်ကို သူမ နားလည်ထားသည်။ ထိုသို့မဟုတ်ပါက သူသည် ဤမျှ တိကျစွာ သိရှိနိုင်မည် မဟုတ်ချေ။
‘အင်း…လောလောဆယ်တော့ တော်လောက်ပြီ...အခုတော့ လက်ရှိ ကိုယ်ပိုင် အကျပ်အတည်းကို အရင်ကျော်ဖြတ်ရတာပေါ့လေ…’ဟု သူမစိတ်ထဲတွေးလိုက်၏။
…
အခြားတစ်ဖက်တွင်…ရှန်ကွမ်ယွဲ့ ၏ ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် ကျန်းထျန်ရှန်း သည် တရုတ်နိုင်ငံရှိ ထိပ်တန်း ကျွမ်းကျင်သူများအားလုံးကို အလျင်အမြန် စုစည်းလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ပုန်းအောင်းနေသော ရန်သူများကို ရှာဖွေရန်အတွက် အများပြည်သူဆိုင်ရာ နေရာအားလုံးရှိ ဂြိုဟ်တုများနှင့် ကင်မရာများကို အသုံးပြုကာ ကောင်းကင်ကွန်ရက်စနစ် ကိုလည်း ၎င်းတို့ အသက်သွင်းလိုက်ကြသည်။
တရုတ်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာဌာန ၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျန်းထျန်ရှန်း တွင်လည်း အရန်အစီအစဉ်အချို့ ရှိနေပေ၏။
တာဝန်ကို ခွဲဝေချထားပေးလိုက်သည်နှင့်အမျှ
တရုတ်နိုင်ငံတစ်ဝန်းရှိ အဖွဲ့ဝင်များသည်လည်း စတင်လှုပ်ရှားလာကြလေသည်။
တရုတ်နိုင်ငံအတွင်း၌ တာဝန်ထမ်းဆောင်နေသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အနည်းငယ်လည်း ရှိနေပေ၏။
…….
တစ်နေရာရှိ မှောင်မိုက်သော လမ်းကြားတစ်ခုတွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက လူနှစ်ဦးကို လျင်မြန်စွာ သတ်ဖြတ်လိုက်ပြီးနောက် အလောင်းများကို ရှင်းလင်းကာ အလျင်အမြန် ထွက်ခွာသွားလေသည်။
မြေအောက်ကားပါကင် တစ်ခုတွင် အမျိုးသားတစ်ဦးက လူသုံးဦးကို သတ်ဖြတ်လိုက်၏...
အငှားအခန်းတစ်ခုထဲတွင် အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရသည်။
ဤခိုးဝင်လာသူ အများစုကို တွေ့ရှိခဲ့ရသော်လည်း အနည်းငယ်မှာမူ ကင်မရာအားလုံးကို ရှောင်ကွင်းနိုင်ရန် အထူး လေ့ကျင့်သင်ကြားထားသူများ ဖြစ်ကြပေ၏။
၎င်းတို့ ဖြတ်သန်းသွားသော နေရာများတွင် မည်သည့် ခြေရာမျှ လုံးဝ မကျန်ရစ်ခဲ့ချေ။
၎င်းတို့ကို ခြေရာခံရန်မှာ အလွန် ခက်ခဲလှပေသည်။
ကျန်းထျန်ရှန်း သည် ထိုအကြောင်းကို အချိန်အကြာကြီး တွေးတောနေခဲ့၏။
လူတိုင်းကို သူ မရှင်းလင်းနိုင်သရွေ့ ချန်ဖုန်း ၏ လုံခြုံရေးကို သူ အာမမခံနိုင်ချေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့်
ချန်ဖုန်း ၏ ဖုန်းနံပါတ်ကို သူ ခေါ်ဆိုလိုက်လေသည်။