အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉) ချန်ဖုန်း၏ ပြင်ဆင်မှုများ
[ ဒင်... ဗီဒီယိုတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေး - စနစ်ပွိုင့် +၅၀ ]
[ ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော…
စနစ်ပွိုင့် - ၄၀၆၈ ]
[ ဒင်... ပိုင်ရှင်က ဗီဒီယိုတာဝန် ပြီးမြောက်အောင် ပါဝင်ကူညီခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါတယ်... အခုဆိုရင် ၁၄၈၀ ကနေ ၂၀၇၉ အတွင်းက အဖြစ်အပျက် မှန်သမျှကို ကြိုတင်ခန့်မှန်းနိုင်ပါပြီ...]
ချန်ဖုန်း ဗီလာသို့ ပြန်ရောက်ချိန်တွင် စနစ်၏ အသံက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပေ၏။
သူက ထန်ပေါ်ဟူ ၏ ဗီဒီယို ပရောဂျက်တွင် ပါဝင်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် သူ၏ အချိန်ကာလကို ထပ်မံတိုးချဲ့နိုင်ခဲ့လေပြီ။
အတိတ်သို့ ဆယ်နှစ်တာ ကာလအထိ တိုးချဲ့သွားခဲ့ခြင်းပင်။
[ ဒုတိယဥက္ကဋ္ဌ ဆီကနေ ကျေးဇူးတင်စကား ရရှိပါတယ် +၂၅၊ စနစ်ပွိုင့် +၂၅ ရရှိပါတယ်…]
[ အတွင်းရေးမှူးဝမ် ဆီကနေ ကျေးဇူးတင်စကား ၁၅ ကြိမ် ရရှိပါတယ်၊ စနစ်ပွိုင့် ၁၅ ရရှိပါတယ်…]
[ အဘိုးကြီးယန် ဆီကနေ ကျေးဇူးတင်စကား ၂၀ ရရှိပါတယ်၊ စနစ်ပွိုင့် ၂၀ ရရှိပါတယ်…]
"..."
စနစ်၏ အသံများ ထပ်မံထွက်ပေါ်လာခဲ့ပြန်၏။
စနစ်ပွိုင့် ၁၅၀ ထပ်ရသွားပြန်ပြီ…
"စနစ်ပွိုင့် လေးထောင်ကျော် ကျန်သေးတယ်... အဲဒါက နည်းနည်း လိုနေသေးတာပဲ..."
ချန်ဖုန်း သည် ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။
ထိုစနစ်ပွိုင့်များမှာ ထန်ပေါ်ဟူ ၏ ပန်းချီကားများကို အတွင်းရေးမှူးဝမ် နှင့် သူ၏ အပေါင်းအပါများထံ ရောင်းချခြင်းမှ ရရှိလာခြင်း ဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့က ထိုပန်းချီကားများအတွက် သူ့ကို ကျေးဇူးတင်နေကြခြင်း ဖြစ်ပေသည်။
လက်ရှိတွင် သူ၏ စနစ်ပွိုင့် သုံးစွဲမှုမှာ အလွန် မြင့်မားနေလေ၏။
ထန်ပေါ်ဟူ ၏ ပန်းချီကားများကို လဲလှယ်ရန်အတွက် ပွိုင့် ၂၅,၀၀၀ ကုန်ကျခဲ့ပြီး မျိုးဗီဇပုံတူပွားခြင်းနည်းပညာ ကို လဲလှယ်ရန်အတွက် ပွိုင့် ၁၅,၀၀၀ ကုန်ကျခဲ့ပေသည်။
တန်ဖိုးရှိသည့် မည်သည့်အရာမဆို အခြေခံအားဖြင့် ပွိုင့် သောင်းဂဏန်းချီ၍ တန်ကြေးရှိလေ၏။
စနစ်ပွိုင့်တွေကို သူအနေနဲ့ ပိုမြန်မြန် ရှာဖို့ လိုနေပြီ...ချန်ဖုန်း က အချိန်ကို ခဏတာ စစ်ဆေးကြည့်လိုက်သည်။
ရှန်ယန်းယန်း နှင့် ယွင်ထင် တို့ မကြာမီ ပြန်ရောက်လာကြတော့မည်။
သူတို့နှစ်ယောက် ပြန်လာပြီးနောက် အတူတူ ယုံဟယ်စံအိမ် ကို သွားကြည့်ကြမည် ဖြစ်သည်။
ထိုအချိန်၌ ကျန်းထျန်ရှန်း ထံမှ ဖုန်းဝင်လာခဲ့၏။
"ရှောင်ချန်... ပြဿနာတစ်ခု ဖြစ်သွားပြီ..."
ကျန်းထျန်ရှန်း ၏ အသံမှာ အလွန် တည်ကြည်လေးနက်နေပေသည်။
"အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားသွားပြီ... အခု ရန်သူ့နိုင်ငံတွေက ငါတို့ဆီမှာ ဒီနည်းပညာ ရှိနေတယ်ဆိုတာ သိသွားကြပြီ..."
"ဒီတစ်ကြိမ် စစ်ဝတ်စုံတွေကို နယ်စပ်ဆီ ပို့ဖို့ လူလွှတ်လိုက်တဲ့အချိန်မှာ သူတို့က တိုက်ခိုက်ခံခဲ့ရတယ်..."
"ကံကောင်းလို့ စစ်သေနာပတိက အချိန်မီ ရောက်လာပြီး အကျပ်အတည်းကို ကာကွယ်နိုင်ခဲ့တာ..."
"ဒါပေမဲ့ အခု မင်း အန္တရာယ် ရှိနေနိုင်တယ်..."
"ဘာအဓိပ္ပာယ်လဲ..."
ချန်ဖုန်း ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ လေသံမှာလည်း တည်ကြည်လေးနက်သွားပေ၏။
ကျန်းထျန်ရှန်း က သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"ဒီစစ်ဝတ်စုံတွေက စစ်ဘက်ဆိုင်ရာဌာန ရဲ့ အင်အားကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်... ဒါက ရန်သူ့အင်အားစုတွေ လုံးဝ မြင်တွေ့ချင်မှာ မဟုတ်တဲ့ အရာဆိုတာ သေချာတယ်လေ..."
"သူတို့က ဒါကို သေချာပေါက် ဖျက်ဆီးချင်ကြမှာပဲ..."
"တရုတ်နိုင်ငံထဲကို လူတချို့ ခိုးဝင်လာကြပြီ... သူတို့ထဲက တချို့ကို ငါတို့ သတ်ပစ်နိုင်ခဲ့ပေမဲ့ တခြားသူတွေကတော့ အခုထိ ကောင်းကောင်း ပုန်းအောင်းနေတုန်းပဲ..."
"ဒီနည်းပညာကို မင်း တီထွင်ခဲ့တာဆိုတာကိုလည်း သူတို့ သိနေနိုင်တယ်လို့ ငါ သံသယရှိတယ်..."
"ဖြစ်နိုင်ခြေ နည်းပေမဲ့ ငါတို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားရမယ်..."
"ရှောင်ချန်... ဒီကိစ္စက မင်းကို ဒုက္ခရောက်စေခဲ့တယ်ဆိုတာ ငါသိပါတယ်... ပေ့ဟူမြို့ ကို ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ငါ လွှတ်လိုက်ပြီ..."
"သူက မင်းရဲ့ လုံခြုံရေးကို လျှို့ဝှက်ကာကွယ်ပေးလိမ့်မယ်..."
ချန်ဖုန်း ၏ နှလုံးသား လှုပ်ရှားသွားခဲ့၏။
ရန်သူ့အင်အားစုတွေ...
လုပ်ကြံသတ်ဖြတ်သူ...
ဒါက နည်းနည်းတော့ လွန်လွန်းသွားပြီ...
သူ့တွင် စနစ်ရှိနေပြီး သူ့ကိုယ်သူ ပြဿနာမရှိဘဲ ကာကွယ်နိုင်သဖြင့် ကိုယ်ပိုင်လုံခြုံရေးအတွက် သူ စိုးရိမ်စရာ မလိုချေ။ ဒါပေမဲ့ သူ့ရဲ့ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုက သူ့နဲ့နီးစပ်တဲ့သူတွေကို ပစ်မှတ်ထားခံရနိုင်တာကိုပဲ အထူးသဖြင့် သူ့မိဘတွေကိုပေါ့…
ထို့ကြောင့် သူက အလျင်အမြန် ပြောလိုက်သည်။
"ဝန်ကြီးကျန်း... အဲဒီ ကျွမ်းကျင်သူကို ကျွန်တော့် မိဘတွေကို ကာကွယ်ဖို့ လွှတ်ပေးပါ... သူတို့ကို အန္တရာယ်ပြုမှာကို ကျွန်တော် စိုးရိမ်တယ်..."
"ဒါပေမဲ့ ရှောင်ချန်... မင်းရဲ့လုံခြုံရေးကလည်း အရေးကြီးတယ်လေ..."
"စိတ်မပူပါနဲ့... ကျွန်တော် အဆင်ပြေမှာပါ..."
ချန်ဖုန်း က အလွန် တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်၏။
"ဝန်ကြီးကျန်း... ဒီကိစ္စက နောက်ဆုံးတော့ ခင်ဗျားတို့ရဲ့ စစ်ဘက်ဆိုင်ရာဌာန ကြောင့် ကျွန်တော့်ဆီ ရောက်လာတာလေ... ကျွန်တော့်မှာ တခြား တောင်းဆိုစရာ မရှိပါဘူး... ကျွန်တော့် မိဘတွေရဲ့ လုံခြုံရေးကို ခင်ဗျား အာမခံပေးဖို့ပဲ လိုချင်တာပါ..."
"တကယ်လို့ သူတို့ကို တစ်ခုခုဖြစ်ခဲ့ရင် ခင်ဗျားရဲ့ စစ်ဘက်ဆိုင်ရာဌာန ကို ကျွန်တော် နောက်ထပ် ကူညီတော့မှာ မဟုတ်ဘူး..."
"ကောင်းပါပြီ..."
ကျန်းထျန်ရှန်း သည်လည်း ကိစ္စရပ်၏ ကြီးလေးမှုကို သတိပြုမိသွားပေ၏။
စစ်ဘက်ဆိုင်ရာဌာန အတွက်တော့
ချန်ဖုန်း ၏ တန်ဖိုးမှာ ကြီးမားလွန်းလှပြီး သူကိုယ်တိုင်ထက်ပင် သာလွန်နေသေးပေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ချန်ဖုန်း ကို စိတ်ပျက်စေမည် မဟုတ်ချေ။
"စိတ်မပူပါနဲ့... မင်းရဲ့ မိဘတွေကို ကာကွယ်ဖို့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက် လွှတ်ပေးမယ်... ပြီးတော့ မင်းဆီကိုလည်း ကျွမ်းကျင်သူ တစ်ယောက် လွှတ်ပေးပါ့မယ်..."
"ချန်ဖုန်း... ဒီတစ်ခါတော့ ငါတို့ သေချာ မစဉ်းစားမိခဲ့ဘူး..."
ဖုန်းချပြီးနောက်…ချန်ဖုန်း သည် ပို၍ပို၍ မသက်မသာ ဖြစ်လာခဲ့လေ၏။
သူ့မိဘတွေကို ကာကွယ်ပေးမယ့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ရှိနေပြီဆိုတော့ ပြဿနာ မရှိနိုင်လောက်ပါဘူး...
ထို့အပြင် ရန်သူ့အင်အားစုများသည် သူ့မိဘများကို ပစ်မှတ်ထားချင်မှ ထားမည်ဖြစ်ပေသည်။
သူ့ဘက်မှာတော့...ခနစဥ်းစားပီးနောက်
သူသည် ကျားနက် ထံ အလျင်အမြန် ဖုန်းခေါ်ဆိုကာ အမိန့်ပေးလိုက်၏။
"လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ပေ့ဟူမြို့ ထဲကို ရင်းနှီးမှုမရှိတဲ့ မျက်နှာသစ်တွေ ဝင်လာတာ ရှိမရှိ စစ်ဆေးပေး... မျက်နှာသစ် တစ်ယောက်လောက် တွေ့တာနဲ့ ချက်ချင်း သတင်းပို့ဖို့ အမိန့်ပေးလိုက်... ရှာတွေ့တဲ့ လူတစ်ယောက်အတွက် ဆုကြေးငွေ တစ်သန်း ပေးမယ်..."
"ပြီးတော့ အစ်ကိုပေါင် ဆိုတဲ့ လူကိုလည်း ပြောလိုက်... ပေ့ဟူ တစ်မြို့လုံးမှာ မျက်စိရှင်ရှင်ထားဖို့ လိုတယ်လို့ အသိပေးထားလိုက်..."
"မင်း လုပ်နိုင်မလား..."
ဖုန်း၏ အခြားတစ်ဖက်တွင် ကျားနက် မှာ အလန့်တကြား ဖြစ်သွားခဲ့ပေ၏။
"မစ္စတာချန်... ဘာဖြစ်လို့လဲ..."
"ဘာမှ မမေးနဲ့... မင်းလုပ်ရမှာက လူကို ရှာပေးဖို့ပဲ..."
ချန်ဖုန်း က အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"လျှို့ဝှက်ပြီး စောင့်ကြည့်နေရုံပဲ... ပစ်မှတ်ကို တွေ့တာနဲ့ သူတို့ကို မသိစေနဲ့..."
ပြိုင်ဘက်သည် ကြယ်ငါးပွင့်အဆင့် စစ်သည် တစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားနိုင်သည် သို့မဟုတ် ထိုထက်ပင် သာလွန်နေနိုင်ပေ၏။
“ဟူး…”
ကျားနက် မှာ ထိတ်လန့်တကြား အသက်ရှိုက်သွားလေသည်။
မစ္စတာချန် က ဘယ်လို အစွမ်းထက်တဲ့ အင်အားစုတွေကို စော်ကားမိတာလဲ...
သောက်ကျိုးနည်း...
ပေ့ဟူ မှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်တော့မလို့လား...
ပြီးပြီ... ပြီးပြီ…
"မစ္စတာချန်... စိတ်မပူပါနဲ့... သူ့ကို သေချာပေါက် ရှာပေးမယ်လို့ ကျွန်တော်တို့ အာမခံပါတယ်..."
ဖုန်းချပြီးနောက် ကျားနက် သည် သူ၏ လူများကို အလျင်အမြန် စုစည်းလိုက်၏။
"မြန်မြန်... မြန်မြန်... ငါ့အတွက် လူတစ်ယောက်လောက် သွားရှာပေးကြ... မကြာသေးခင်က ပေ့ဟူ ကို သူစိမ်းတွေ ဝင်လာသေးလား ကြည့်လိုက်..."
"တစ်ယောက်လောက် ရှာတွေ့ရင်တောင် ဆုကြေးငွေ တစ်သန်း ပေးမယ်လို့ မစ္စတာချန် က ပြောတယ်..."
"တကယ်လို့ မင်းတို့ ရှာမတွေ့ရင် မင်းတို့အကုန်လုံး သေပြီသာမှတ်..."
"နားလည်ပါပြီ..."
လူတိုင်း စတင်လှုပ်ရှားလာကြတော့၏။
…
[ဒင်... ဆရာသခင်အဆင့် စုံထောက်နှင့် တန်ပြန်စုံထောက်စွမ်းရည် ကို လဲလှယ်လိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် -၃၅၀ နှုတ်ယူလိုက်ပါပြီ]
[ဒင်... ဆရာသခင်အဆင့် ရုပ်ဖျက်စွမ်းရည် ကို လဲလှယ်လိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် -၁၈၀ နှုတ်ယူလိုက်ပါပြီ]
[ဒင်... ဆရာသခင်အဆင့် လက်နက်ကိုင်တွယ်မှုစွမ်းရည် ကို လဲလှယ်လိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် -၂၇၀ နှုတ်ယူလိုက်ပါပြီ]
[ဒင်... ဆရာသခင်အဆင့် လုပ်ကြံသတ်ဖြတ်မှုစွမ်းရည် ကို လဲလှယ်လိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် -၄၀၀ နှုတ်ယူလိုက်ပါပြီ]
…
ချန်ဖုန်း သည် တစ်ပြိုင်နက်တည်း စွမ်းရည် တစ်ဒါဇင်ကျော်ကို လဲလှယ်လိုက်ပေ၏။
ရန်သူနိုင်ငံများမှ လုပ်ကြံသတ်ဖြတ်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် ပထမဆုံးအနေဖြင့် ၎င်းတို့၏ စွမ်းရည်များကို နားလည်ရန် လိုအပ်ပြီး ၎င်းတို့ မည်သည့်နေရာတွင် ပုန်းအောင်းနေနိုင်သနည်းဆိုသည်ကို ၎င်းတို့၏ ရှုထောင့်မှနေ၍ တွေးတောရမည် ဖြစ်သည်။
ယခင်က သူသည် တစ်ရက်လျှင် စွမ်းရည်တစ်ခုသာ လဲလှယ်နိုင်ခဲ့ပေ၏။
ယခုအခါ သူ၏ လက်ထဲတွင် စနစ်ပွိုင့် အများအပြား ရှိနေလေပြီ။ အခြားစွမ်းရည်များကို လော့ခ်ဖွင့်ရန် ထိုပွိုင့်များကို သုံးစွဲပြီးနောက် ၎င်းတို့ကို ရိုးရိုးရှင်းရှင်းပင် လဲလှယ်နိုင်ပေသည်။
ဒါက သာမန် ကစားသမားတွေနဲ့ VIP ကစားသမားတွေကြားက ကွာခြားချက်ပဲ...
ယခုအခါ သူသည် သူ၏ စနစ်ပွိုင့် အားလုံးကို သုံးစွဲပစ်လိုက်လေပြီ။
ထို့နောက် ချန်ဖုန်း သည် Douyin ကို ထပ်မံဖွင့်လိုက်၏။
Live လွှင့်သူ ဒါဇင်ပေါင်းများစွာကို ကျပန်း ရွေးချယ်လိုက်ပြီး ၎င်းတို့က သူ၏ ဖိဒ်တွင် 'ပွဲတော်' များကို ဆက်တိုက် ပေးပို့လာကြပေသည်။
အစ်ကိုဖုန်း အကောင့် နာမည်ကြီးလာကတည်းက Live လွှင့်နေစဉ်အတွင်း အစ်ကိုဖုန်းကို ရိုးသားစွာ ကျေးဇူးတင်သရွေ့ သူက 'ပွဲတော်' လက်ဆောင် ပေးပို့လိမ့်မည်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြလေ၏။
အနည်းဆုံး 'ပွဲတော်' ဆယ်ခု လိုအပ်တယ်...
နာရီဝက်မပြည့်မီ အချိန်အတွင်းမှာပင်။
ချန်ဖုန်း သည် နောက်ထပ် စနစ်ပွိုင့် ၅,၉၀၀ ကို ထပ်မံရရှိခဲ့လေပြီ။
ယခုအချိန်၌ နောက်ဆုံးတွင် သူ အနည်းငယ် ပို၍ ယုံကြည်မှု ရှိလာခဲ့ပေ၏။
ထိုအချိန်တွင် ရှန်ယန်းယန်း နှင့် ယွင်ထင် တို့လည်း ပြန်ရောက်လာကြသည်။
ချန်ဖုန်း ၏ တည်ကြည်လေးနက်နေသော မျက်နှာအမူအရာကို မြင်ချိန်တွင် ရှန်ယန်းယန်း က မမေးဘဲ မနေနိုင်ခဲ့ချေ။
"ဟေး... ဘာဖြစ်လို့လဲ... နင် အဲဒီစံအိမ်ကို ရသွားပြီလို့ ငါ့အဖေက ပြောတယ် မဟုတ်ဘူးလား..."
"ဘာမှမဖြစ်ပါဘူး..."
ချန်ဖုန်း ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး ရန်သူ့အင်အားစုများအကြောင်းကို သူမတို့အား မပြောပြခဲ့ချေ။
မလိုအပ်ဘဲ ထိတ်လန့်မှုတွေ မဖြစ်စေဖို့အတွက်ပေါ့…
ရှန်ယန်းယန်း က သူ၏ လက်မောင်းကို ကိုင်လှုပ်ကာ ပြောဆိုလိုက်၏။
"အခု အဲဒီစံအိမ်ကို သွားကြည့်ရအောင်လေ... ငါ့ဘဝမှာ ဒီလောက်ကြီးတဲ့ စံအိမ်မျိုး တစ်ခါမှ မမြင်ဖူးဘူး..."
ဘေးတွင် ရပ်နေသော ယွင်ထင် ကလည်း ရယ်မောကာ ပြောဆိုလိုက်သည်။
"ဟုတ်တယ် ချန်ဖုန်း... ယုံဟယ်စံအိမ် က ပေ့ဟူ မှာ အကြီးဆုံး စံအိမ်ပဲ... ငါတို့ အနည်းဆုံးတော့ ဗဟုသုတရအောင် သွားကြည့်သင့်တယ် မဟုတ်လား..."
"သွားကြတာပေါ့... ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက် ပြန်လာတာကို ငါ စောင့်နေခဲ့တာပဲ..."
ချန်ဖုန်း က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ ဒီမိန်းမနှစ်ယောက်က တကယ်ကို သိချင်စိတ် ပြင်းပြကြတာပဲ…