အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀) စစ်ဆင်ရေး
ယုံဟယ်စံအိမ်…
၎င်းသည် ပေ့ဟူမြို့၌ အကြီးဆုံးနှင့် အလှပဆုံး စံအိမ်ကြီး ဖြစ်ပေ၏။
အခြားအကြောင်းပြချက် မရှိပါဘဲ စံအိမ်၏ အနောက်ဘက်တွင် ရေပြင်ကျယ်ကြီး ရှိနေသောကြောင့်ပင်။
ကမ်းခြေတွင် ဆောက်လုပ်ထားသည်နှင့် အတူတူပင် ဖြစ်လေသည်။
ထိုအချိန်၌ သူတို့သည် စံအိမ်၏ အပြင်ဘက်တွင် ရှိနေကြ၏။
အလုပ်သမား တစ်ဒါဇင်ခန့် ရပ်နေကြပြီး သူတို့၏ အရှေ့တွင် အသက်လေးဆယ်ကျော်အရွယ် အိမ်တော်ထိန်းပုံစံ အမျိုးသားတစ်ဦး ရှိနေပေသည်။
စံအိမ်ကြီးမှာ အလွန်ကြီးမားလွန်းလှရာ နေ့စဉ် ရှင်းလင်းစီမံမည့်သူ လိုအပ်ပေ၏။
ဤသူများကို စံအိမ်၏ ပိုင်ရှင်ဟောင်းက ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက စံအိမ်ကြီးကို တစ်နှစ်ခန့် ပစ်ထားလိုက်ပါက ပေါင်းပင်များပေါက်ကာ ဖုန်တက်နေမည်ဖြစ်ပြီး သေချာပေါက် ရောင်းထွက်မည် မဟုတ်ချေ။
"ဒီစံအိမ်ရဲ့ ပိုင်ရှင်သစ်က ဘယ်လို စိတ်သဘောထားမျိုး ရှိမလဲ မသိဘူး... တကယ်လို့ ငါတို့ ကောင်းကောင်းမလုပ်နိုင်ရင် သူ ငါတို့ကို အလုပ်ထုတ်ပစ်မလား"
"ဘယ်သူသိမှာလဲ... အရင်တုန်းက စံအိမ်ကြီး လွတ်နေတော့ ငါတို့က သန့်ရှင်းရေးလုပ်ရုံပဲ... အခု ပိုင်ရှင်သစ် ပြောင်းလာပြီဆိုတော့ သူ့စိတ်တိုင်းကျ မလုပ်နိုင်ရင် ငါတို့ကို အလုပ်ထုတ်ပစ်နိုင်တယ်"
"ဟူး... ဒီခေတ်မှာ အလုပ်ကောင်းကောင်း ရှာရတာ ခက်တယ်"
လူတစ်စုက ထိုအကြောင်းကို ဆွေးနွေးနေကြလေ၏။
"တော်ကြတော့... စကားများတာ ရပ်လိုက်ကြ"
ရှေ့မှ အိမ်တော်ထိန်း အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။ "ဒီ ဥက္ကဋ္ဌချန်က အတွင်းရေးမှူးဝမ် တောင် အထင်ကြီးရတဲ့သူပဲ... တကယ်လို့ မင်းတို့ သူ့ကို စော်ကားမိရင် ပြဿနာကြီးသွားလိမ့်မယ်"
"မစ္စတာချန် ခုလေးတင် ဖုန်းဆက်တယ်... မကြာခင် ရောက်လာတော့မှာမို့ အားလုံး သတိထားပြီး ရပ်နေကြ"
လူတိုင်းမှာ အလွန်ထိတ်လန့်သွားကြပြီး ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ကြကာ မတ်မတ်ရပ်လိုက်ကြပေသည်။
မကြာမီ ဇိမ်ခံကားနှစ်စီး မောင်းဝင်လာခဲ့၏။
ရှေ့ကားမှာ လမ်ဘော်ဂီနီ ဗီနီနို ဖြစ်ပြီး နောက်ကားမှာ ပေါ်ရှေး ဖြစ်လေသည်။
"သူတို့ ရောက်လာကြပြီ"
အိမ်တော်ထိန်းမှာလည်း တိတ်တဆိတ် ဝမ်းသာသွားပေ၏။
သူသည် သူဌေးများစွာအတွက် အိမ်တော်ထိန်း လုပ်လာခဲ့သူဖြစ်ရာ ဇိမ်ခံကားများအကြောင်းကိုလည်း သိရှိထားလေသည်။ ရှေ့မှကားသည် ယွမ်သန်း ၉၀ ကျော် တန်ကြေးရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေ၏။
သူက တကယ့် သူဌေးကြီးပဲ...
သို့သော် ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူ စိတ်အေးသွားခဲ့သည်။ ယုံဟယ်စံအိမ်ကို ဝယ်ယူနိုင်သူများသည် ကြီးမားသော ပိုင်ဆိုင်မှုများ ရှိနေရမည်မှာ သေချာလှပေ၏။
ချန်ဖုန်း ကားပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် အိမ်တော်ထိန်းက လျှောက်လာပြီး ရိုသေစွာ ပြောဆိုလိုက်သည်။ "မစ္စတာချန်... ကျွန်တော်က ဒီက အိမ်တော်ထိန်း ဝူအိုကြီးပါ... နောင်များမှာ လိုအပ်တာရှိရင် အချိန်မရွေး ပြောလို့ရပါတယ်"
"ဝူအိုကြီး..." ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ... ခင်ဗျားတို့ သွားလို့ရပြီ... ကျွန်တော် ဘာသာ လျှောက်ကြည့်လိုက်မယ်"
"နားလည်ပါပြီ..." အိမ်တော်ထိန်းဝူက ခေါင်းညိတ်လိုက်ပြီး လူတိုင်းကို အလျင်အမြန် ထွက်သွားရန် ပြောလိုက်ပေသည်။
ကားပေါ်မှ ဆင်းပြီးနောက် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည် စံအိမ်ကြီးဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြလေ၏။
"ဘုရားရေ... ပန်းခြံတစ်ခုလိုပဲ... တောင်တုတွေရယ် ပန်းတွေ သစ်ပင်တွေ ချုံနွယ်တွေရယ်နဲ့ အပြည့်ပဲ... ရှေ့ခြံဝင်းကတင် စတုရန်းမီတာ တစ်ထောင်လောက် ရှိမယ်"
ရှန်ယန်းယန်းသည် လမ်းတစ်လျှောက်လုံး အံ့သြချီးကျူးလျက် ရှိနေခဲ့သည်။
သူမသည် တော်ဝင်နန်းတော်ထဲတွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရပေ၏။
စံအိမ်၏ ဗိသုကာလက်ရာမှာလည်း ခေတ်သစ်နှင့် ရှေးဟောင်းပုံစံများကို ပေါင်းစပ်ထားကာ အလွန် ခမ်းနားထည်ဝါလှပေသည်။ ပင်မအဆောက်အအုံတွင် မြေအောက်ထပ်အပါအဝင် အထပ်လေးထပ် ရှိလေသည်။
ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ စံအိမ်ကို လှည့်လည်ကြည့်ရှုနေကြသည်ကို မြင်သောအခါ ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။ ဤတစ်ကြိမ်တွင် သူက ရှောင်ယီကိုလည်း ခေါ်ဆောင်လာခဲ့ပေသည်။
ထို့နောက် သူတို့သည် စံအိမ်၏ အနောက်ဘက်ခြံဝင်းသို့ ရောက်ရှိလာကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မီတာငါးဆယ်ပင် မဝေးသော နေရာ၌ ရေပြင်ကျယ်ကြီးကို မြင်တွေ့နိုင်ပေ၏။
စံအိမ်သည် ကုန်းမြင့်ပိုင်းတွင် တည်ရှိလေသည်။ ထို့ကြောင့် ရေတက်လာချိန်တွင် ရေလွှမ်းမိုးခံရမည်ကို စိုးရိမ်စရာ မလိုချေ။
ပတီးရိုဆောငှက်လေးမှာ အလွန် စိတ်လှုပ်ရှားနေပုံရပြီး ပျံသန်းရန် တောင်ပံများကို ခတ်နေခဲ့သည်။ ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် ယခုအခါ အလွန်မြင့်မြင့် မပျံသန်းနိုင်သေးသော်လည်း လေထဲတွင် ပျံသန်းနိုင်နေပြီ ဖြစ်ပေ၏။
‘အချိန်ရရင် ဒီကို ပြောင်းလာရမယ်…’
ချန်ဖုန်းသည် ဤနေရာကို အတော်လေး ကျေနပ်နေခဲ့သည်။ အရေးအကြီးဆုံးမှာ ဤပတီးရိုဆောငှက်လေးအတွက် စံအိမ်အတွင်း၌သာမက ပတ်ဝန်းကျင်ရှိ ရေပြင်တွင်ပါ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည့် ကျယ်ဝန်းသော ဧရိယာ ရှိနေခြင်းပင် ဖြစ်လေသည်။
တစ်နာရီခန့် ကြာပြီးနောက်…
ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည် စံအိမ်တစ်ခွင်လုံးကို လှည့်လည်ကြည့်ရှုပြီးစီးသွားကြ၏။ သူမတို့သည် နေရာလပ်မကျန် တကယ်ပင် ပတ်ကြည့်ခဲ့ကြခြင်း ဖြစ်ပေသည်။
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးရင်းပြောလိုက်သည် "မင်းတို့ သဘောကျတယ် မဟုတ်လား... နောက်လကျရင် ဒီကို ပြောင်းလာကြမလား"
"တကယ်လား... ဝိုး..." ရှန်ယန်းယန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားလေ၏။
သို့သော် နောက်တစ်စက္ကန့်တွင်
သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့သည်။ သူမနှင့် ယွင်ထင်တို့ ချန်ဖုန်း၏ ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့ကြသော ထိုမနက်ခင်းကို သူမ ပြန်လည်သတိရသွားခြင်း ဖြစ်ပေ၏။
‘ဒီကောင်... ငါ့ကို ရွေးမလား ဒါမှမဟုတ် အစ်မယွင် ကို ရွေးမလား မသိဘူး…’
သူတို့သည် စံအိမ်၌ ခဏတာ နေထိုင်ပြီးနောက် တိုက်ရိုက် ပြန်လာခဲ့ကြသည်။ အိမ်ပြောင်းရွှေ့ခြင်းက ထိုမျှ မရိုးရှင်းချေ။
အလောတကြီး လုပ်စရာ မလိုပေ။ ရှောင်ယီ၏ ကြီးထွားမှုနှုန်းအရ ဤနေရာသို့ ပြောင်းရွှေ့ရန် လောစရာ မလိုသေးပေ။
…
နောက်တစ်နေ့…
ချန်ဖုန်းသည် သူ၏ အခန်းဖော် ယန်ချီထံမှ ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာခဲ့ရသည်။
"ချန်ဖုန်းရေ... ချန်ဖုန်း.. ပြဿနာတက်ပြီ... ကျောင်းကို အခုချက်ချင်း လာခဲ့တော့"
"ဘာပြဿနာ ရှိနိုင်မှာလဲ..." ချန်ဖုန်းက သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်၏။
အိပ်ရာထချိန်တွင် သူ စိတ်မတိုတတ်သော်လည်း မနက်စောစောစီးစီး နှိုးခံရသဖြင့် အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်မိပေသည်။
"အဲ့လောက် ဆူညံမနေနဲ့... မင်းကြောင့် ငါ့ဟာတောင် လန့်ပြီး ပြန်ကျုံ့သွားပြီ"
"ငါ..." ယန်ချီမှာ စကားပြောစရာမဲ့ ဖြစ်သွားလေ၏။
‘မင်းဟာ တိုနေတာကို ငါ့လာအပြစ်တင်လို့ မရဘူးလေ…ဒါပေါ့ သူ့အနေနဲ့ စိတ်ထဲကပဲ ပြောရဲတာပါ…’
သူက အလျင်အမြန် ပြောလိုက်သည်။ "ငါ မင်းကို နောက်နေတာ မဟုတ်ဘူး... ဒီနေ့ ကျောင်းမှာ ဆောင်းဦးရာသီပွဲတော် ရှိတယ်... ပြီးတော့ ငါက ကျောင်းသူတစ်ယောက်ကို ပရောပရည်လုပ်... အဟွတ် အဟွတ်... လိုက်နေတာ"
"သူမက တိုက်တိုက်ဆိုင်ဆိုင်ပဲ ပွဲတော်ရဲ့ အစီအစဉ်တင်ဆက်သူ ဖြစ်နေတယ်... ပြီးတော့ သူမကိုင်ထားတဲ့ စာရင်းထဲမှာ မင်းနာမည်ကို ငါ မြင်လိုက်ရတယ်..."
"ချန်ဖုန်း... မင်း ပွဲကဖို့ စာရင်းပေးထားတာလား..."
"ငါ စာရင်းမပေးထားဘူး..." ချန်ဖုန်း လုံးလုံးလျားလျား ကြောင်အမ်းသွားခဲ့၏။
"နေဦး... ခုနက မင်း ကျောင်းသူတစ်ယောက်ကို ပရောပရည်လုပ်နေတယ်လို့ ပြောလိုက်တာလား... သောက်ကျိုးနည်း... မင်းက နွားအို မြက်နုစားနေတာလား... ဝိုး... ဝိုး..."
ယန်ချီ၏ မျက်နှာမှာ ဒေါသထွက်နေပုံရပေသည်။
‘ဒီကောင် ဘာလို့ အဓိကအချက်ကို နားမထောင်ရတာလဲ…’
"ချန်ဖုန်း... အခု မင်းနာမည် ပါနေပြီဆိုတော့ မင်း ဖျော်ဖြေရမယ်ဆိုတာကို လူအများကြီး သိနေလောက်ပြီ... တကယ်လို့ မင်းသာ အမှားလုပ်မိရင် လူတိုင်းက မင်းကို လှောင်ကြလိမ့်မယ်..."
"အိုကေ... ငါ သိပြီ..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားလေ၏။ ‘ဖျော်ဖြေရုံလေးပါပဲ... ကိစ္စကြီး မဟုတ်ပါဘူး…’
သူ ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် လှပသော နည်းပြဆရာမထံမှ ဖုန်းဝင်လာခဲ့ပြန်သည်။
"ချန်ဖုန်း... ကျောင်းကို မြန်မြန်လာခဲ့... ဒီနေ့ ဆောင်းဦးရာသီပွဲတော် အတွက် နင့်ကို တစ်ယောက်ယောက်က စာရင်းပေးထားတယ်... နင် ဖျော်ဖြေရလိမ့်မယ်... အချိန်ရသေးတယ် မြန်မြန်လာပြီး ပြင်ဆင်ထားတော့..." နည်းပြဆရာမ ကျင်းထျန်၏ အသံမှာ အလွန် စိုးရိမ်ပူပန်နေပုံရပေ၏။
မည်သို့ပင်ဆိုစေ ချန်ဖုန်းသည် သူမ၏ အတန်းမှ ကျောင်းသားတစ်ဦး ဖြစ်လေသည်။ အကယ်၍ သူသာ စင်ပေါ်တွင် အရှက်ကွဲခဲ့ပါက သူမပါ မျက်နှာပျက်ရပေလိမ့်မည်။
"ဆရာမ... ကျွန်တော့်ကို ဆရာမ စာရင်းပေးလိုက်တာ မဟုတ်ဘူးလား..." ချန်ဖုန်းက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူ့အထင်တော့ နည်းပြဆရာမကသာ ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်လေ့ရှိပေ၏။
"ငါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." အတိုင်ပင်ခံဆရာမ ကျင်းထျန် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ "ချန်ဖုန်း... ငါက နင့်ရဲ့ ဆရာမလေ... ငါ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အလုပ်မျိုး ဘယ်လိုလုပ် လုပ်မှာလဲ... တကယ်လို့ နင်သာ ငါ့ကို စွပ်စွဲနေမယ်ဆိုရင် နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး..."
"ကောင်းပါပြီ... ကောင်းပါပြီ... ဆရာမ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါပြီ..." ချန်ဖုန်းက ညည်းတွားလျက် ထလိုက်၏။
ဤချစ်စရာကောင်းသော နည်းပြဆရာမက တကယ်ကို နောက်ပြောင်၍ မရချေ။ "အလောတကြီး မလိုပါဘူး... ကျွန်တော် သေးအရင်ပေါက်လိုက်ဦးမယ်... ပြီးမှ ကျောင်းကို လာခဲ့မယ်..."
"..." နည်းပြဆရာမ ကျင်းထျန်က ဖုန်းကို ဆောင့်ချလိုက်တော့သည်။
…
အခြားတစ်ဖက်တွင်…
ပေ့ဟူ ဆင်းရဲသားရပ်ကွက်ရှိ မှောင်မိုက်သော အိမ်တစ်လုံးအတွင်း၌။
အမျိုးသား သုံးဦးသည် အမှောင်ထုထဲတွင် ပုန်းအောင်းနေကြပေ၏။
သူတို့ထဲမှ တစ်ဦးက အေးစက်စွာ ပြောဆိုလိုက်သည်။ "ငါတို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီ စစ်ဝတ်စုံတွေကို ချန်ဖုန်း ဆိုတဲ့ လူတစ်ယောက်က တီထွင်ခဲ့တာတဲ့... အခုလက်ရှိက ပထမမျိုးဆက် ထုတ်ကုန်ပဲ ရှိသေးတယ်..."
"ဒုတိယမျိုးဆက်နဲ့ တတိယမျိုးဆက်တွေတောင် ထွက်လာဦးမှာ... မင်းတို့ မြင်တဲ့အတိုင်းပဲ လက်ရှိ ထုတ်ကုန်က ဈေးကွက်ထဲက ကျည်ကာအင်္ကျီတွေထက် ပိုကောင်းနေပြီ... ပြီးတော့ တန်ဖိုးနဲ့အရည်အသွေးကလည်း အရမ်းကောင်းတယ်..."
"တကယ်လို့ ဒုတိယ ဒါမှမဟုတ် တတိယမျိုးဆက်အထိသာ အဆင့်မြှင့်လိုက်မယ်ဆိုရင် လုံးဝကို ထိတ်လန့်စရာကောင်းသွားလိမ့်မယ်... ဒါကြောင့် ဒီတစ်ကြိမ် ငါတို့ရဲ့ ပန်းတိုင်က ချန်ဖုန်း ကို သတ်ဖို့ပဲ... မင်းတို့ နားလည်လား..."
အခြားတစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "တစ်မြို့လုံးက ငါတို့ကို လိုက်ရှာနေတာ... ဒါကြောင့် ချန်ဖုန်း ကို သတ်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်... သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ငါတို့ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး..."
"ရှာစရာမလိုဘူး... ငါ့ဆီမှာ သတင်းအချက်အလက် ရှိတယ်..." စောစောက စကားပြောခဲ့သော အမျိုးသားက ရယ်မောလိုက်သည်။
"ချန်ဖုန်း က ပေ့ဟူတက္ကသိုလ် က ကျောင်းသားတစ်ယောက်ပဲ... ဒီနေ့ သူ့ကျောင်းမှာ ဆောင်းဦးရာသီပွဲတော် ရှိတယ်... ပြီးတော့ သူ သေချာပေါက် အဲဒီမှာ ရှိနေလိမ့်မယ်... ဒါက ငါတို့ တိုက်ခိုက်ဖို့ အခွင့်အရေးပဲ..."
"ကောင်းပြီ... အရာအားလုံးကို အဆင်သင့် ပြင်ထားကြ..."
စကားဝိုင်း ပြီးဆုံးသွားသည်နှင့်အမျှ အခန်းတွင်းရှိ အသံများမှာလည်း ထပ်မံပျောက်ကွယ်သွားလေတော့၏။