အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁) - ပျံသန်းနေသော မီးမိုးပျံကြယ်
"လော့ယန်တောင်ထွတ်က ဓားနတ်ဘုရားဆိုပါလား…ကျုပ်လည်း အရင်တုန်းက သူ့အကြောင်း ကြားဖူးတယ်..."
လင်းပေ့က ထိုအမည်ကိုပြောလိုက်ချိန်တွင် အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်၏။
"သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ဂိုဏ်းတူတွေကို အနိုင်ယူခဲ့တာဆိုရင်တော့ ထားပါတော့… ဒါပေမဲ့ အဲဒီတုန်းက သူက ရွှေအမြုတေအဆင့်လောက်ပဲ ရှိသေးတာတောင် ပျံသန်းခြင်းဓားလမ်းစဉ်မှာ အရာအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့ပြီး ဘယ်ပြိုင်ဘက်မှ မရှိခဲ့ဘူး..."
"အဲဒီလော့ယန်တောင်ထွတ်က ဓားနတ်ဘုရားရဲ့ နာမည်က တကယ်တော့ ဘယ်လိုခေါ်တာလဲ..."
ချူလျန်က မေးလိုက်သည်။
မနေ့က ဝမ်ယွဲ့လုံက သူ့ကို ထိုအကြောင်းပြောပြခဲ့ပြီး ယနေ့တွင် လင်းပေ့က ထပ်မံ၍ ချီးမွမ်းနေသော်လည်း တစ်ယောက်မှ ထိုသူ၏နာမည်ကို ထုတ်မပြောနိုင်ကြပေ….။
"ဒါကတော့ တကယ်ကို မသိတာပါ..."
လင်းပေ့က ပြောလိုက်၏။
"ပြောရရင်လည်း ထူးဆန်းတယ်… ဒီနှစ်တွေထဲမှာ ဒဏ္ဍာရီတချို့လောက်ပဲ ရှိပေမဲ့ ရှုတောင်မှာ သူ့နာမည်က ကျန်ရစ်မနေခဲ့ဘူး…ဒါပေမဲ့ အသက်အရွယ်အရဆိုရင် သူက မင်းရဲ့ဆရာသခင်၊ ပြီးတော့ တာအိုပညာရှင်ယန့်တို့နဲ့ တစ်မျိုးဆက်တည်း ဆင်းသက်လာတဲ့သူ ဖြစ်လောက်တယ်…”
“မင်းပြန်ရောက်ရင် မင်းရဲ့ဆရာသခင်ကို မေးကြည့်လို့ရတယ်..."
"အဲဒီစီနီယာက တစ်ခုခုမထင်မှတ်ထားတဲ့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်မလား..."
ဝမ်ယွဲ့လုံက မေးစေ့ကိုပွတ်ကာ ခန့်မှန်းပြောဆိုလိုက်သည်။
"ဒီလိုမှမဟုတ်ရင် သူ့ရဲ့ မွေးရာပါပါရမီနဲ့ဆို ရှုတောင်မှာ ဒီနေ့အထိနေလာတာတောင် နာမည်မထင်မရှား ဖြစ်နေမှာမဟုတ်ဘူး..."
"အဲဒီအကြောင်းကို အရင်မပြောကြသေးတာပေါ့..."
ချူလျန်သည် ခေါင်းမော့ကာ အဝေးရှိကောင်းကင်ပြင်ဆီသို့ ကြည့်လိုက်၏။
လျှပ်စီးလက်သကဲ့သို့ အလွန်မြန်ဆန်လှသော အဖြူရောင်အလင်းတန်း ဆယ်ခုကျော်သည် အသံများမြည်ဟည်းလျက် ပျံသန်းပြန်လာကြလေပြီ။
ယနေ့သည် ဓားပျံပျံသန်းခြင်းပြိုင်ပွဲ၏ ခြေစစ်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်ရာချီသောသူများကို အုပ်စုဆယ်စု ခွဲခြားထားကာ တစ်စုလျှင် ဆယ့်တစ်ယောက်စီ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်ယောက်သာလျှင် အဆင့်တက်နိုင်မည်ဖြစ်ပြီး နောက်တစ်ဆင့်ဖြစ်သော ဓားပျံပျံသန်းခြင်းဗိုလ်လုပွဲသို့ ဝင်ရောက်နိုင်မည်ပင်။
သူ့အုပ်စုသည် မကြာမီ စတင်တော့မည်ဖြစ်သည်။
"ငါ ခုနလေးတင် ကြည့်လိုက်တယ်…မင်းနဲ့တစ်အုပ်စုတည်း ပါတဲ့ ပြိုင်ဘက်တွေထဲမှာ ကြယ်မီးတောင်ထွတ်က ချန်ကျန်းပဲ တော်တော်ကြီး တော်တယ်…”
“မင်း သူ့ကို မနိုင်ဘူးဆိုရင်တောင် အဆင့်တက်ဖို့ကတော့ သေချာနေပါပြီ..."
ဝမ်ယွဲ့လုံက ဘေးမှနေ၍ ပြောလိုက်၏။
ချူလျန်သည် ခေါင်းကို ညင်သာစွာညိတ်လိုက်ပြီး ဝမ်ယွဲ့လုံ ညွှန်ပြသော ထိုချန်ကျန်းဆိုသူကို ကြည့်လိုက်လေသည်။
ထိုဘက်ရှိ တောင်စောင်းပေါ်တွင် မည်းနက်သော အသားအရေနှင့် တောက်ပသော မျက်လုံးများပိုင်ဆိုင်ထားသည့် ပိန်ပိန်ပါးပါးတပည့်တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရပြီး သူ့အသွင်အပြင်မှာ အလွန်ကြံ့ခိုင်သန်စွမ်းပုံပေါ်လေသည်။
သူ့ဘေးတွင်လည်း ကြယ်မီးတောင်ထွတ်မှ တပည့်အချို့ကအားပေးရန် လိုက်ပါလာကြပြီး ထိုအထဲမှ တစ်ယောက်၏လက်ထဲတွင် ဓားသေတ္တာတစ်လုံးကို ကိုင်ဆောင်ထား၏။
ထိုအထဲတွင် ထည့်ထားသည်မှာ ကြယ်မီးတောင်ထွတ်မှ လက်ဆင့်ကမ်းလာခဲ့သော အမြန်နှုန်းပြိုင်ပွဲသုံး သီးသန့်ဓားပျံဖြစ်သင့်ပြီး ယင်းအမည်မှာ 'ကြယ်ပျံ' ဖြစ်ပေသည်။
"ဟေး… ဒီလိုအချိန်မှာ တခြားသူတွေကို အထင်ကြီးနေဖို့မလိုဘူး..."
လင်းပေ့က ချူလျန်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ကြိုးစားလိုက်ရင် သူ့ကိုကျော်တက်နိုင်မှာ သေချာတယ်..."
"ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်..."
ချူလျန်က ပြုံး၍ ပြောလိုက်၏။
၎င်းသည် ဖျော်ဖြေရေးပြိုင်ပွဲတစ်ခုမျှသာ ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင် မည်သည့်ဖိအားမျှ မရှိခဲ့ပေ...။
"ဟုတ်တယ်… အစွမ်းကုန်ကြိုးစားရင် ရပြီ..."
ဝမ်ယွဲ့လုံကလည်း ထောက်ခံပြောဆိုလိုက်သည်။
"ဖျော်ဖြေရေးပြိုင်ပွဲပဲလေ…အနိုင်အရှုံးက ဓားဒင်္ဂါးနည်းနည်းလောက်ပဲ ကွာတာ… ဖိအားတွေ ရှိနေဖို့မလိုပါဘူး..."
"အင်း..."
ချူလျန်က တုံ့ပြန်လိုက်သည်။
ထိုစကားထွက်ပေါ်လာသည်နှင့် ချူလျန်၏ပခုံးများ ရုတ်တရက် မတ်မတ်ဖြစ်သွားသည်ကို မြင်လိုက်ရပြီး သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ရုတ်တရက် တောက်လောင်လာသကဲ့သို့ ဖြစ်သွားလေတော့သည်။
"ဒုက္ခပါပဲကွာ..."
လင်းပေ့က မျက်နှာကို လက်ဖြင့်အုပ်ကာပြောလိုက်၏။
"မင်း အဲဒီလိုပြောလိုက်တော့ သူ သေချာပေါက် အသက်စွန့်ပြီး လုပ်တော့မှာပေါ့..."
...
"ပြိုင်ပွဲဝင်တွေအားလုံး ရှေ့ကိုထွက်ပြီး တန်းစီကြ...အမိန့်ပေးသံကိုကြားတာနဲ့ တစ်ပြိုင်နက် ဓားတွေကို ထုတ်ပြီးပျံသန်းရမယ်…”
“ကြိုပြီး မထွက်ရဘူး…ချိုးဖောက်တဲ့သူကို ပြိုင်ပွဲကနေ ထုတ်ပယ်မယ်..."
ဓားလက်ဆင့်ကမ်းအကြီးအကဲ၏ ခန်းမဆောင်မှ တာဝန်ခံတပည့်သည် လက်ကို မြင့်တင်လိုက်ပြီး တောက်ပနေသောဆေးမှုန့်တစ်ဆုပ်ကို လေထဲသို့ ဖြန်းပက်လိုက်ရာ တပည့်တစ်ဦးချင်းစီပေါ်သို့ ညီညာစွာ ကျဆင်းသွားလေသည်။
ယခုနေရာသည် ကျောက်ကမ်းပါးပြတ်တစ်ခုဖြစ်ပြီး ရှေ့တည့်တည့်တွင် တိမ်ပင်လယ်ကြီးဆီသို့ ဆက်သွယ်ထား၏။
ယခုအချိန်တွင် တိမ်ပင်လယ်ကြီးကို ရှင်းလင်းထားပြီး သီးသန့်အဖြူရောင် တိမ်တိုက်လမ်းရှည်ကြီးတစ်ခုကို ဖောက်လုပ်ထားကာ အချိန်ကျရောက်လာပါက ပြိုင်ပွဲဝင်တပည့်များအားလုံး ထိုတိမ်တိုက်လမ်းပေါ်တွင်သာ ဓားပျံကိုစီး၍ ပျံသန်းကြရမည်ဖြစ်သည်။
ခန္ဓာကိုယ်က ထိုတိမ်တိုက်လမ်းမှ ခေတ္တမျှ သွေဖည်သွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ပေါ်တွင် ဖြန်းပက်ထားသော ကြယ်မှုန့်များကွာကျသွားမည်ပင်။
ပန်းတိုင်သို့ ရောက်ရှိချိန်တွင် ကြယ်မှုန့်များအားလုံးကွာကျသွားပါက ထိုရလဒ်သည် အကျုံးဝင်မည်မဟုတ်ပေ။
ထိုသို့ သတ်မှတ်ထားခြင်းမှာ ပြိုင်ပွဲဝင်များကို သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း လိုက်နာစေရန်အတွက်ဖြစ်သည်။
သို့မဟုတ်ပါက ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးထဲတွင် တစ်ယောက်ချင်းစီက ဖြတ်လမ်းများမှ လုယက်သွားကြမည်ဖြစ်သဖြင့် လုံးဝ ထိန်းချုပ်နိုင်မည်မဟုတ်ချေ...။
"ပျံသန်းကြ..."
အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် စိတ်လှုပ်ရှားနေသော တပည့်ဆယ်ဦးကျော်သည် တစ်ပြိုင်နက်ချီစွမ်းအင်များကို ပေါက်ကွဲထွက်စေကာ ဓားပျံများကို ထုတ်ဖော်လိုက်ကြသည်။
ရှူး... ရှူး... ရှူး... ရှူး...
လေထုထဲတွင် ဓားပျံများက ပိုးသားကိုဆုတ်ဖြဲလိုက်သကဲ့သို့ အဆက်မပြတ် မြည်ဟည်းသံများ ရုတ်တရက်ထွက်ပေါ်လာလေသည်။
ပထမဆုံးဓားအလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားလေပြီ။ ရှည်လျားလှသော မီးတောက်လမ်းကြောင်းကြီးတစ်ခုကိုပါ ရေးဆွဲသွားခဲ့၏။
ထိုသူမှာ ကြယ်မီးတောင်ထွတ်မှ ချန်ကျန်းပင် ဖြစ်လေသည်။
သူသည် ထိုကြယ်ပျံဓားကို နင်းထားပြီး သူ့ခြေထောက်အောက်တွင် မြစိမ်းရောင်နဂါးခြေကျင်းဝတ်နှစ်ခုက တင်းကြပ်စွာရစ်ပတ်ထားကာ နောက်ကျောမှ မီးတောက်များပါဝင်သော ဓားစွမ်းအင်များက အဟုန်ပြင်းစွာထွက်ပေါ်နေသည်။
ပျံသန်းနေသော မီးမိုးပျံကြယ်ပင်။
ချူလျန်သည် ဝူချန်ဓားကိုထုတ်ကာ နောက်မှ အနီးကပ်လိုက်ပါသွားခဲ့ပြီး နဂါးထွက်သက်ပါဝင်သော တိမ်တိုက်ဖြတ်ဓားရည်ရွယ်ချက်က ရုတ်တရက် လေဟာနယ်ကို ထိုးဖောက်သွားကာ မျက်စိတစ်မှိတ်အတွင်း ကြယ်ပျံဓားကို မှီသွားခဲ့ပြီး ချက်ချင်းပင်ကျော်တက်သွားမည့် အလားအလာမျိုးပင်ရှိနေလေသည်။
မြန်ဆန်လှသည်။
အလွန်အမင်းကို မြန်ဆန်လှပေသည်။
ခြေကျင်းဝတ်မှ မြစိမ်းရောင်နဂါးခြေကျင်းဝတ်သာ တင်းကြပ်စွာရစ်ပတ်မထားပါက ချူလျန်သည် အစပြုလိုက်သည်နှင့် တစ်ပြိုင်နက် လွင့်စင်ထွက်သွားလောက်ပေသည်။
ပုံမှန်တိုက်ပွဲများတွင်သာဆိုလျှင် သူသည် ယခုကဲ့သို့သောအရှိန်ဖြင့် ဓားပျံကို မောင်းနှင်နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ် အာရုံလွင့်သွားသည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမည်ဖြစ်သောကြောင့်ပင်။
မိမိကိုယ်ကို ဓားပေါ်တွင် ချည်နှောင်ထားခြင်းသည်လည်း လုံခြုံသော အခြေအနေတစ်ခု လုံးဝမဟုတ်ချေ။
အကောင်းဆုံးအရည်အသွေး ရွှေအမြုတေနှစ်ခုက ရူးသွပ်စွာလည်ပတ်နေပြီး သူ့မျက်စိရှေ့တွင် မျက်စိတစ်မှိတ်အတွင်း မည်သည့်ဓားပျံ၏ အရိပ်အယောင်မျှ မရှိတော့ပေ...။
"အဲဒီလောက်ကြီးလည်း မစွမ်းပါဘူးကွာ..."
ပွဲကြည့်နေသော လင်းပေ့က ပြောလိုက်၏။
"မင်းကြည့်လိုက်လေ…ချူလျန် အဲဒီကြယ်ပျံဓားကို ကျော်တက်သွားပြီ မဟုတ်လား..."
"စီနီယာအစ်ကိုချူရဲ့ ကျင့်ကြံခြင်းအဆင့်က သာနေတော့ အစွမ်းကုန် မောင်းနှင်လိုက်ရင် သဘာဝကျကျ အသာစီးရသွားတာပါ…”
“ဒါပေမဲ့ ဖြောင့်တန်းတဲ့လမ်းမှာ မြန်တာက မြန်တယ်လို့ မခေါ်နိုင်ဘူး..."
ဝမ်ယွဲ့လုံက ခေါင်းယမ်းကာ ပြောလိုက်လေသည်။
"အကွေ့မှာ မြန်တာကမှ တကယ်အစွမ်းထက်တာ..."
...
ဘုန်း...
ခြေစစ်ပွဲ၏ ပြိုင်ကွင်းလမ်းကြောင်းသည် မရှည်လျားသလို မရှုပ်ထွေးလှပေ။ ထိုတိမ်တိုက်လမ်းသည် တောင်ထွတ်လေးခုကို လှည့်ပတ်၍ စက်ဝိုင်းပုံစံ ဆွဲထားခြင်းဖြစ်ပြီး နောက်ဆုံးတွင် တောင်ထွတ်ကို တစ်ပတ်ပျံသန်းပြီးစီးပါက လမ်းကြောင်းပြီးဆုံးမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချူလျန်သည် ပထမဆုံးအကွေ့သို့ ရောက်ရှိလာခဲ့ပြီး သူ၏ဝိညာဉ်အာရုံအားလုံးကို စုစည်းလိုက်ကာ လက်နှစ်ဖက်မှ မြစိမ်းရောင်နဂါးကို ထုတ်လွှတ်လိုက်သည်။
ငွေရောင်ကြိုးလေးချောင်းက ဓားပျံကို တစ်ပြိုင်နက်ရစ်ပတ်သွားပြီးနောက် အကွေ့ကို အဟုန်ပြင်းစွာဖြတ်ကျော်သွားလေသည်။
ကြီးမားလှသော အရှိန်အောက်မှ ဗဟိုခွာအားကြောင့် သူ့ကို တိမ်တိုက်လမ်းထဲမှ လွင့်စင်ထွက်သွားလုနီးပါးဖြစ်စေခဲ့ပြီး သူ၏သန်စွမ်းလှသော ခန္ဓာကိုယ်သည်ပင် ဆုတ်ဖြဲခံရမည့် ခံစားချက်တစ်ခုကို သတိထားမိလိုက်၏။
သို့သော် ထိုအချိန်လေးမှာပင်။
သူ့မျက်စိရှေ့တွင် မီးတောက်ဓားပျံတစ်ခု ရုတ်တရက်ပေါ်လာလေသည်။
ရှူး...
ထိုကြယ်ပျံဓားသည် အရှိန်မလျှော့သည့်အပြင် ရုတ်တရက်အရှိန်မြှင့်တင်လိုက်ပြီး ဓားဦးခေါင်းကို အောက်သို့ဖိကာ စက်ဝန်းခြမ်းတစ်ခုကို ရေးဆွဲလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည်ကျော်တက်သွားခဲ့လေပြီ။
ဝူချန်ဓားနှင့် ကြယ်ပျံဓားတို့ နှစ်ခုလုံး ဖြောင့်တန်းသောလမ်းကြောင်းပေါ်သို့ ပြန်ရောက်လာချိန်တွင် ဆယ်ကျန်းကျော်မျှ နောက်ကောက်ကျနေခဲ့လေပြီ။
လေထဲရှိ ထိုမျှတိုတောင်းသော အကွာအဝေးသည် မျက်တောင်တစ်ခတ်စာ အချိန်ပင်မလိုဘဲ ဖြတ်သန်းသွားနိုင်သော်လည်း နှစ်ဖက်လုံးက မြန်ဆန်သောအရှိန်ဖြင့် မောင်းနှင်နေကြရာ ထိုဆယ်ကျန်းကျော် အကွာအဝေးသည် ချူလျန်အတွက်တော့ အလွန်ရှည်လျားလွန်းနေပေသည်။
သူသည် အစွမ်းကုန် ကြိုးစားအားထုတ်လိုက်ပြီး ရွှေအမြုတေနှစ်ခုက ချီပင်လယ်လှိုင်းတံပိုးများကို မြင့်တက်လာစေကာ အဟုန်ပြင်းစွာ ဆူပွက်လာလေသည်။
နောက်ဆုံးတွင် အကွာအဝေး၏ထက်ဝက်ကို လျှော့ချနိုင်ခဲ့သည်။
သို့သော် နောက်ထပ်အကွေ့တစ်ခုသို့ ရောက်ရှိလာခဲ့လေပြီ။
ရှူး...
ကြယ်ပျံဓားက အမြီးကိုရမ်းကာ အကွေ့ကိုကျွမ်းကျင်စွာ ဖြတ်ကျော်သွားပြန်ရာ ချက်ချင်းပင် ကွာဟချက်ကို ထပ်မံချဲ့ကားသွားလေသည်။
ဘုန်း...
ချူလျန်သည် အကွေ့တိုင်းတွင် ထိုကြီးမားလှသောစွမ်းအားကို ထိန်းချုပ်ရပြီး ဓားပေါ်မှ လွတ်ထွက်သွားတော့မည့်အချိန်တိုင်း သူသည်ချီစွမ်းအင်များကို အသက်လု၍ချိန်ညှိရသဖြင့် အနည်းငယ်မျှသာ တည်ငြိမ်နိုင်ခဲ့ရာ အရှိန်က မလွဲမသွေ နှေးကွေးသွားရလေသည်။
သို့သော် ကြယ်ပျံဓားပေါ်မှ ချန်ကျန်းကမူ ထိုသို့သော အခက်အခဲမျိုးမရှိပုံပေါ်ပြီး အကွေ့တိုင်းတွင် အလွန်တရာ ချောမွေ့နေခဲ့သည်။
ထိုအထဲတွင် သူကိုယ်တိုင်မသိသေးသော လျှို့ဝှက်ချက်တစ်ခု သေချာပေါက်ရှိရမည်ဟု ချူလျန်က စိတ်ထဲတွင် ကောက်ချက်ချလိုက်၏။
အကွေ့လေးခု ပြီးနောက်တွင် သူနှင့် ကြယ်ပျံဓားကြားရှိ ကွာဟချက်မှာ ကျန်းဆယ်ဂဏန်းအထိ ကျယ်ပြန့်သွားခဲ့ပြီး နောက်ဆုံးတွင် တောင်ထွတ်ကို တစ်ပတ်လှည့်ချိန်၌ သူသည် လုံးဝလိုက်မမီနိုင်တော့ပေ။
ရှူး...
ကြယ်ပျံဓားသည် လမ်းတစ်လျှောက် မီးတောက်များနှင့် လျှပ်စီးတန်းများကို သယ်ဆောင်ကာ ပန်းဝင်မျဉ်းကို အရှိန်ဖြင့် ဖြတ်ကျော်သွားပြီး မည်သည့်သံသယမျှမရှိဘဲ ပထမနေရာကို ရယူသွားခဲ့လေသည်။
ဘုန်း...
ဝူချန်ဓားက တစ်ထွက်သက်အချိန်အကြာတွင် ဖြတ်ကျော်လာပြီး ဒုတိယနေရာကို ရရှိသွား၏။
ခေတ္တအကြာတွင်မှ အနောက်မှပြိုင်ပွဲဝင်များက မျဉ်းကို ဖြတ်ကျော်လာကြပြီး အလင်းတန်းများစွာက ကောင်းကင်ယံကို ဖြတ်သန်းသွားလေသည်။
"ဟူး..."
ချူလျန်သည် ဓားကိုသိမ်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
အလွန်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
မသိလိုက်မသိဘာပင် သူ့တစ်ကိုယ်လုံးရှိ အဝတ်အစားများက ချွေးများဖြင့် ရွှဲနစ်နေခဲ့လေပြီ။
လျှပ်တစ်ပြက်မြန်ဆန်လှသော အမြန်နှုန်းပြိုင်ပွဲတွင် သူသည် အချိန်တိုင်း၌ အလွန်အမင်း မြန်ဆန်လှသောဓားပျံကို ထိန်းချုပ်နေရသဖြင့် သူမည်မျှအထိ စိတ်လှုပ်ရှားနေခဲ့သည်ကို လုံးဝသတိမထားမိခဲ့ပေ။
ခေါင်းလှည့်ကြည့်လိုက်ရာ ထိုချန်ကျန်းဆိုသူက သူ့အနောက်သို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိအောင် ရောက်နေသည်ကို တွေ့လိုက်ရ၏။
"မင်း အရမ်းမြန်တယ်..."
သူက ချူလျန်ကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ဓားပျံပျံသန်းခြင်းပြိုင်ပွဲမှာ မင်း အတွေ့အကြုံမရှိသေးဘူးဆိုတာ သိသာတယ်…”
“သေချာလေး လေ့ကျင့်ထားပါ… ဗိုလ်လုပွဲမှာ မင်းနဲ့ ပြန်ယှဉ်ပြိုင်ရဖို့ကို မျှော်လင့်နေတယ်..."
"ကောင်းပါပြီ..."
ချူလျန်က အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
ချန်ကျန်းသည် လှည့်ထွက်သွားကာ ကြယ်မီးတောင်ထွတ်မှ ဂိုဏ်းတူအဖွဲ့သားများနှင့်အတူ ထွက်ခွာသွားပြီး ဝမ်ယွဲ့လုံနှင့် လင်းပေ့တို့ကလည်း အနားသို့ ဝိုင်းအုံလာကြသည်။
"နည်းနည်းလေးပဲ လိုတော့တာ..."
လင်းပေ့က ပြောလိုက်သည်။
"နောက်တစ်ခါ အားစိုက်လိုက်ရင် သေချာပေါက်နိုင်မှာပါ..."
"အဲဒီလောက်မရိုးရှင်းဘူး… သူက အရှိန်နဲ့ လျှောတိုက်ပြီး ကွေ့သွားတာ… ပြီးတော့ မီးတောက်အစီအရင်ပုံစံတွေနဲ့ အရှိန်မြှင့်ထားလို့ အရမ်းမြန်တယ်…”
“တကယ်လို့ ကျုပ်က ဒီကွာဟချက်တွေကို မဖြည့်ဆည်းနိုင်ရင် ဒီလိုအဆင့်ရှိတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်တဲ့အခါ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး..."
ချူလျန်က စဉ်းစားတွေးတောကာ ပြောလိုက်၏။
အပြန်တွင် သေချာလေ့လာဆန်းစစ်ရန် တွေးတောနေစဉ်မှာပင် အနောက်ဘက်ရှိ ကောင်းကင်တက်လှမ်းတောင်ထွတ် ရင်ပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
လှမ်းကြည့်လိုက်ရာ လူတစ်ယောက် အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
"ကောင်းကင်ဘုရင်ဂိုဏ်းက လူတွေနဲ့ မိုးကြိုးခံတပ်က လူတွေ ရန်ဖြစ်နေကြပြီဟေ့..."
"ဟင်..."
လင်းပေ့က အံ့ဩသွားကာ မေးလိုက်သည်။
"တကယ်ကြီး ရန်ဖြစ်နေကြတာလား..."