အခန်း ၂၈၂
Vol. 29 Ch. 282
အခန်း (၂၈၂) - အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း (၁)
တစ်ဖက်တွင် ကြည့်ရှုစရာ ပွဲဆူနေကြောင်း ကြားလိုက်ရပြီး တစ်ခြားဖက်ရှိ ဓားပျံပျံသန်းခြင်းပြိုင်ပွဲမှာလည်း ကွက်တိပြီးဆုံးသွားပြီဖြစ်ရာ တပည့်များအားလုံး ရင်ပြင်ဘက်သို့ ချက်ချင်း အုံလိုက်ကျင်းလိုက်ပြေးသွားကြပြီး လေခွင်းသံများနှင့်အတူ အရောင်အသွေးစုံလင်လှသော လေပြင်းတစ်ရပ် တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားလေသည်။
ချူလျန်က ကြည့်ပြီးနောက် မနေနိုင်ဘဲလျှာသပ်လိုက်မိ၏။ အကယ်၍သာ ထိုပွဲကြည့်ချင်သော စိတ်အားထက်သန်မှုကိုသာ ထုတ်သုံးလိုက်မည်ဆိုလျှင် ထိုအထဲမှ လူတစ်ဝက်ခန့်သည် ဓားပျံပျံသန်းခြင်းပြိုင်ပွဲတွင် ပါဝင်နိုင်ပြီး အရည်အချင်းပြည့်မီသွားနိုင်လောက်ပေသည်။
သူသည် လင်းပေ့၊ ဝမ်ယွဲ့လုံတို့နှင့်အတူ ချက်ချင်းထရပ်လိုက်ပြီး တစ်ဖက်သို့ ပြေးသွားကြလေ၏။ ချောက်ကမ်းပါးဘေးမှာရင်ပြင်နှင့် သိပ်မဝေးသဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားကာ မီးကုန်ယမ်းကုန် တိုက်နေကြသော မြင်ကွင်းကို ချက်ချင်း မြင်လိုက်ရတော့သည်။
"ဟာ..."
လင်းပေ့က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ပြဿနာ၏အရင်းအမြစ်ကို ပြန်ကောက်ရလျှင် ယခင်ကတည်းက ထိပ်တိုက်တွေ့နေခဲ့ကြသော ဖုန့်ချောင်ယန်နှင့် တိန့်ယိရှောင်တို့ နှစ်ယောက်ထံတွင်သာ ရှိပေသည်။
မနေ့က တောင်ထွတ်တွေ့ဆုံပွဲ ပြိုင်ဝိုင်းပြီးဆုံးသွားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်နေသည်မှာ ကြာပြီဖြစ်သော သူတို့နှစ်ယောက် ဆုံမိသွားကြ၏။
ဘယ်သူက အရင်စရှာသည်ကို မသိရသော်လည်း အကြမ်းဖျင်းအားဖြင့်တော့ "မင်းဘာကြည့်တာလဲ" ဆိုသည့် အဓိပ္ပာယ်မရှိသော စကားမျိုးဖြင့် အပြန်အလှန် ပက်ခံပြောဆိုခဲ့ကြပုံရသည်။
သို့သော် ထိုအချိန်က လူအများ မျက်စိဒေါက်ထောက် ကြည့်နေကြသဖြင့် တကယ်တမ်း ချက်ချင်းလက်ပါမသွားခဲ့ပေ။
ရွှီဇီယန်က ရှုတောင်ဂိုဏ်းသားတစ်ယောက်အနေဖြင့် နှစ်ဖက်စလုံးကို ဝင်ဖျန်ဖြေပေးခဲ့ကာ ပြဿနာကို ခေတ္တမျှငြိမ်သက်သွားစေခဲ့သည်။
တိုက်ဆိုင်စွာပင် မနေ့ကပွဲစဉ်အပြီး၌ သူတို့နှစ်ယောက်စလုံး ရှုတောင်မှ ထွက်မသွားခဲ့ကြပေ။
ပြင်ပရေးရာခန်းမဆောင်မှ စီစဉ်ပေးသော နေရာများတွင်တည်းခိုကာ ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်၌ တစ်ညတာဖြတ်သန်းခဲ့ကြပြီး ဒုတိယနေ့မနက်ပိုင်း အစားအသောက် ဧည့်ခံကျွေးမွေးသည့်နေရာမှာလည်း အတူတူပင်ဖြစ်နေသဖြင့် သူတို့နှစ်ယောက်ထပ်ဆုံသွားကြပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ ဘေးနား၌ ဝင်ဆွဲမည့်သူမရှိတော့ချေ။ သူတို့နှစ်ယောက် အပြန်အလှန် စကားများကြပြီးနောက် ချက်ချင်းပင် မိုးကြိုးနှင့် မြေမီးတို့ ပေါက်ကွဲပွတ်တိုက်သွားသကဲ့သို့ ဖြစ်သွားလေတော့သည်။
ဖုန့်ချောင်ယန်သည် ကောင်းကင်ဘုရင်ဂိုဏ်း၏ ကောင်းကင်ကြယ်တာရာ ထူးဆန်းသောပညာရပ်ကို ကျင့်ကြံထားသူဖြစ်ရာ သူ့တန်ခိုးစွမ်းအင်များကို အသက်သွင်းလိုက်ချိန်တွင် တစ်ကိုယ်လုံးမှ မြင့်မြတ်သောအလင်းတန်းများ ဖြာထွက်လာပြီး ချက်ချင်းပင် ရွှေရောင်တဝင်းဝင်းတောက်နေသော နတ်ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။
တိန့်ယိရှောင်မှာမူ မိုးကြိုးခံတပ်မှ လာသူဖြစ်ပြီး သူ့လေချွန်သံတစ်ချက် ပေးလိုက်သည်နှင့် ချက်ချင်းပင် အဝေးမှ မီးငါးပါး နတ်မျောက်ဝံကြီးတစ်ကောင် ပြေးဝင်လာလေသည်။
သူ၏ဝိညာဉ်သားရဲကို အမြဲတမ်း ခေါ်ဆောင်သွားလေ့ရှိသော်လည်း ကောင်းကင်တက်လှမ်းတောင်ထွတ်ရှိ စားသောက်ရာနေရာသို့ခေါ်လာရန် အဆင်မပြေသဖြင့် မလှမ်းမကမ်းတွင်သာ လွှတ်ထားခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ပြဿနာတက်လာသဖြင့် ချက်ချင်း လှမ်းခေါ်လိုက်ခြင်းပင်။
ဖုန့်ချောင်ယန်ကမူ သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ မီးငါးပါး နတ်မျောက်ဝံ ရောက်မလာသေးသည့်အချိန်ကို အခွင့်ကောင်းယူကာ သူက ခုန်ပျံဝင်ရောက်သွားပြီး တိန့်ယိရှောင်ထံသို့ နတ်အလင်းလက်သီးတစ်လုံးဖြင့် ရက်ရက်စက်စက် ထိုးချလိုက်သည်။
ရှေးခေတ်ကာလကတည်းက သားရဲထိန်းချုပ်သည့် ဂိုဏ်းများစွာရှိခဲ့သော်လည်း ကြီးမားသော နာမည်ဂုဏ်သတင်းတစ်ရပ် ထူထောင်နိုင်ရန် အမြဲတမ်းခက်ခဲခဲ့သည်။ မိုးကြိုးခံတပ် တစ်ခုတည်းသာ ကျိုကျိုးမြေတစ်ခွင်၌ နာမည်မွှေးနိုင်ခြင်းမှာ သဘာဝကျကျပင် ထူးခြားချက်ရှိနေသောကြောင့်ဖြစ်သည်။
သာမန် သားရဲထိန်းချုပ်သည့်ဂိုဏ်းများနှင့် နှိုင်းယှဉ်လျှင် မိုးကြိုးခံတပ်၏ အကြီးမားဆုံးသော ကွာခြားချက်မှာ "လူနှင့်သားရဲ ပူးတွဲကျင့်ကြံခြင်း" ကို အသားပေးခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဝိညာဉ်သားရဲသည် စွမ်းအားကြီးမားရမည်ဖြစ်သကဲ့သို့ ကျင့်ကြံသူကိုယ်တိုင်၏ စွမ်းအားမှာလည်း လုံးဝ အားနည်းနေ၍မရခြင်းပင်။
ထိုအယူအဆကပင် သားရဲထိန်းချုပ်သူများ၏ အကြီးမားဆုံးသော အားနည်းချက်ကို ကွက်တိရှောင်လွှဲနိုင်ခဲ့သည်။
ဖုန့်ချောင်ယန်က အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်ကို မြင်လိုက်ရသော်လည်း တိန့်ယိရှောင်မှာ လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ လက်နှစ်ဖက်ဖြင့် လေဟာနယ်ကိုဆုပ်ကိုင်လိုက်ရာ ရွှေနဂါးများ လူးလာခေါက်တုံ့ သွားလာကာ လျှပ်စီးရောင်စဉ်များ ထပ်တလဲလဲ ဖြစ်ပေါ်လာပြီး "ချိ...ချိ..." မြည်သံများနှင့်အတူ မိုးကြိုးလျှပ်စီးများဖြင့် စုစည်းထားသော လှံရှည်တစ်လက် ဆွဲထုတ်လာလေ၏။
မိုးကြိုးနတ်လက်နက်..."ဘုန်း..."
လက်သီးနှင့် လက်နက်တို့ ရိုက်ခတ်သွားပြီး မျက်စိကျိန်းမတတ် ပြင်းထန်သော အလင်းရောင်များ ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် တိန့်ယိရှောင်၏ ဝိညာဉ်သားရဲဖြစ်သော ထိုရက်စက်ကြမ်းကြုတ်သည့် မီးငါးပါး နတ်မျောက်ဝံကြီးမှာ ချက်ချင်းဆိုသလို ရောက်ရှိလာပြီး ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ခုန်ပျံတက်လာ၏။
၎င်းမှာ အရွယ်အစားတစ်ကျန်းကျော်ရှိသော အမွေးနီမျောက်ဝံကြီးဖြစ်ပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တောင်တန်းများပမာ ဖောင်းကြွနေကာ မျက်လုံးအစုံတွင်လည်း ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။
၎င်းက တိုက်ခိုက်မည့်အနေအထားသို့ ဝင်ရောက်သွားသည်နှင့် တစ်ကိုယ်လုံးတွင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ ချက်ချင်းထတောက်လာပြီး "ဘုန်း" ခနဲ မြည်သံနှင့်အတူ မီးတောက်လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
ဖုန့်ချောင်ယန်၏တစ်ကိုယ်လုံးမှာ နတ်အလင်းများဖြင့် ဖုံးလွှမ်းနေသဖြင့် သူ့မျက်နှာအမူအရာကို ရှင်းလင်းစွာမမြင်ရချေ။
ထိုနတ်အလင်းက တစ်ချက်ဝင်းလက်သွားပြီးနောက် အံ့ဩစရာကောင်းစွာပင် ရွှေရောင်ကိုယ်ပွားတစ်ခု ထပ်မံခွဲထွက်လာသည်ကို မြင်လိုက်ရ၏။
နတ်အလင်းကိုယ်ပွား။
ထိုအရာသည် ခန္ဓာပြင်ပကိုယ်ပွား အင်မော်တယ်ပညာရပ်နှင့် မတူသော်လည်း တူညီသော အံ့မခန်းစွမ်းရည်မျိုးရှိနေသည်။ ခန္ဓာကိုယ်နှစ်ခုစလုံးမှာ နတ်အလင်းများဖြင့် အတူတူဖုံးလွှမ်းနေသဖြင့် မည်သည့်အရာက ခန္ဓာကိုယ်အစစ်ဖြစ်ကြောင်း မခွဲခြားနိုင်သော်လည်း နှစ်ခုလုံး၏ တိုက်ခိုက်နိုင်စွမ်းမှာမူ အတူတူပင် ထူးကဲလှပေသည်။
"ဝုန်း..."
ထိုခွဲထွက်လာသော နတ်အလင်းကိုယ်ပွားက မီးငါးပါးနတ်မျောက်ဝံ၏ မီးတောက်လက်သီးကို ဖမ်းဆုပ်လိုက်ရာ အလင်းရောင်များ ပေါက်ကွဲထွက်သွားပြီး အသံလှိုင်းများမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုသို့ဖြင့် ဖုန့်ချောင်ယန်သည် တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှပင် အရေးနိမ့်မသွားခဲ့ချေ။ သို့သော် အကြိမ်အနည်းငယ်မျှပင် မတိုက်ခိုက်ရသေးမီ အရပ်လေးမျက်နှာမှ လူများ ပြေးလာကြလေတော့သည်။
အကြောင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ နေရာသည် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့မှ တပည့်များ အစားအသောက်စားသုံးရာ နေရာဖြစ်သောကြောင့်ပင်။
သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် အင်မော်တယ်ဂိုဏ်းမှ တပည့်များမှာ မူလကတည်းက စုဝေးနေကြပြီး ယခုအချိန်တွင် အခြေအနေကိုရှင်းလင်းစွာ မြင်လိုက်ရသောအခါ ချက်ချင်းပင် ဝင်ရောက်ပါဝင်လာကြ၏။
ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ တပည့်တစ်ယောက်က သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကျောက်စိမ်းအဆောင်တစ်ကွင်းကို အသက်သွင်းလိုက်ပြီး အကြိမ်အနည်းငယ်မျှ လျင်မြန်စွာလည်ပတ်သွားပြီးနောက် လက်ကိုဝှေ့ယမ်းကာ အဆောင်တစ်ခုကို ပစ်လွှတ်လိုက်ရာ ချက်ချင်းပင် လျှပ်စီးအလင်းတန်းကဲ့သို့ တိန့်ယိရှောင်၏ စွမ်းအင် အားနည်းသော နေရာသို့ ပစ်ခတ်သွားလေသည်။
"ဘုန်း..."
သို့သော် ကျောက်စိမ်းအဆောင်မှာ လမ်းခုလတ်တွင် တစ်စုံတစ်ယောက်၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။
၎င်းမှာ နဂါးပျံကျောင်းတော်မှ စာပေပညာရှင်ပုံစံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူက အေးစက်စက်နှာမှုတ်လိုက်သည်။
"အင်အားများတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တယ်...နောက်ကျောကနေ ခိုးတိုက်ခိုက်တယ်...ဒါ မှန်ကန်တဲ့လမ်းစဉ်ရဲ့ လုပ်ရပ်ဟုတ်လို့လား..."
ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ထဲမှ ရွှေရောင်စုတ်တံတစ်ချောင်းကို အသက်သွင်းလိုက်ပြီး လေထဲတွင် ဂါထာစာလုံးလေးလုံးကို ရေးဆွဲလိုက်၏။
"ဝုန်း..."
ထိုရှေးဟောင်းစာလုံးလေးလုံးမှာ လေထဲတွင် ပေါင်းစပ်သွားကာ နိယာမတစ်ခုကဲ့သို့သော ဝိညာဉ်အာရုံအဖြစ် ထပ်တူကျသွားလေသည်။
ချက်ချင်းပင် ထိုကောင်းကင်မဏ္ဍိုင်မျှော်စင်မှ တပည့်၏ခန္ဓာကိုယ်မှာ ကြီးမားလေးလံသော ဝန်ကို ထမ်းထားရသကဲ့သို့ ဖြစ်သွားပြီး လက်သန်းလေးတစ်ချောင်းကိုပင် လှုပ်ရှား၍မရတော့ချေ။
ထိုနဂါးပျံကျောင်းတော်မှ တပည့်က လက်ကိုတစ်ချက်လှန်လိုက်ပြီး ရှေးဟောင်းစာလုံး တစ်လုံးကို ထပ်မံရေးဆွဲကာ သူ့ဆီသို့ ဗုံးကြဲတိုက်ခိုက်လိုက်ပြန်သည်။
သို့သော် ချက်ချင်းပင် လှိုင်းလုံးကြီးများကဲ့သို့ သိပ်သည်းလှသော စစ်မှန်သောချီစွမ်းအင်များ၏တားဆီးခြင်းကို ခံလိုက်ရပြီး လေထဲတွင် တစ်ပတ်ပတ်သွားကာ အံ့ဩစရာကောင်းစွာပင် သူ့ကိုယ်သူ ပြန်လည်ပစ်ခတ်သွားလေ၏။
အကြောင်းမှာ ဘေးမှပြေးလာသော ပင်လယ်ဝေလငါးဂိုဏ်းမှ အခြားတပည့်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ကြယ်တာရာလမ်းစဉ်များက ထိုအချိန်တွင် ရန်သူကို အတူတကွပူးပေါင်းရင်ဆိုင်ရန် မဆိုင်းမတွပင် တစ်နေရာတည်း၌ ရပ်တည်နေကြခြင်းပင်။
သို့သော် ချုံးလောက်ကျောင်းတော်မှ လူငယ်ဘုန်းတော်ကြီးတစ်ပါးကလည်း အော်ဟစ်လိုက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာ၏။
သူ၏ ဘုန်းကြီးသင်္ကန်းကို တစ်ချက်လှန်လိုက်ရာ တစ်ကိုယ်လုံးရှိ ဖောင်းကြွနေသော ကြွက်သားများပေါ်လာပြီး ဒေါသထွက်နေသော ဝရဇိန်နတ်မင်းကြီးအလားပင်။