← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း (၂၈၃) - အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း (၂)

ချုံးလောက်ကျောင်းတော်သည် ယခုနှစ်များတစ်လျှောက် ဗုဒ္ဓဘာသာ မြောက်ပိုင်းဂိုဏ်းကို ကိုယ်စားပြုပြီး သိုင်းဘုန်းကြီးများ၏ကျင့်စဉ်များဖြင့် အမြဲတမ်း နာမည်ကျော်ကြားခဲ့ပေသည်။

နှစ်ဖက်စလုံး အကြီးအကျယ်တိုက်ခိုက်ကြခြင်းမှာ မနေ့က ဂိုဏ်းနှစ်ခု ထိပ်တိုက်တွေ့မှု၏ အဆက်သာဖြစ်ပြီး ယခုနေရာအထိမူ အများဆုံးကတော့ ရေနှင့်ဆီကဲ့သို့ ကွဲပြားသော တိုက်ပွဲတစ်ရပ်သာဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် ထျန်းကန်းဂိုဏ်းမှ ယွင်ချောင်ရှန်းနှင့် ဂိုဏ်းတူညီမ ထန်ရှီတို့ နှစ်ယောက်မှာလည်း ကွင်းပြင်အပြင်ဘက်တွင် ရှိနေကြ၏။

ယွင်ချောင်ရှန်းက ချုံးလောက်ကျောင်းတော်မှ တပည့် ဝင်ရောက်တိုက်ခိုက်သည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်လုံးများအရောင်လက်သွားသည်။

"ဒါ ချုံးလောက်ကျောင်းတော်က သိုင်းဘုန်းကြီးပဲ... သူတို့က ဒီနှစ်တွေထဲမှာ ငါတို့ ထျန်းကန်းဂိုဏ်းရဲ့ သိုင်းပညာအမွေအနှစ်က ချုံးလောက်ကျောင်းတော်ကို မမီဘူးဆိုပြီး ပြောနေကြတာလေ…”

“ငါတို့ မှော်ဝင်ပစ္စည်းတွေနဲ့ ဖိနှိပ်ထားလို့သာ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းရဲ့ နေရာကို ရထားတာတဲ့...ငါ သူ့ကို ယှဉ်ကြည့်ချင်နေတာကြာပြီ..."

"စီနီယာအစ်ကိုယွင်...ညီမ ကြောက်တယ်..."

ထန်ရှီက တိုးတိုးလေး ရေရွတ်လိုက်၏။

"မကြောက်နဲ့...ငါ သွားလိုက်ဦးမယ်..."

ယွင်ချောင်ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နက်ကိုပင် မယူတော့ဘဲ ပုဆိန်လှံကို ဘေးတွင်ချထားကာ တိုက်ပွဲထဲသို့ ခုန်ပျံဝင်ရောက်သွားလေသည်။

သူသည် ခိုးကြောင်ခိုးဝှက်လည်း မတိုက်ခိုက်ပေ။ ထိုချုံးလောက်ကျောင်းတော်မှ သိုင်းဘုန်းကြီး၏ကျောဘက်သို့ ရောက်လာပြီး သူရပ်နေသော ဟာကွက်တစ်ခုကို မြင်လိုက်ရမှသာ အော်ဟစ်လိုက်၏။

"လက်သီးကို မြည်းစမ်းကြည့်စမ်း..."

ထိုသို့ပြောရင်း လေခွင်းသံနှင့်အတူ လက်သီးတစ်လုံးထိုးချလိုက်လေသည်။

ထိုချုံးလောက်ကျောင်းတော်မှ တပည့်မှာ အလွန်တရာအံ့ဩသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် တုံ့ပြန်ရန်အချိန်လုံလောက်စွာ ရှိနေသေးသဖြင့် လက်ဝါးကိုလှန်ကာ ထိုလက်သီးကိုဖမ်းဆုပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အော်မေးလိုက်သည်။

"မင်း ဘာလုပ်တာလဲ..."

ယွင်ချောင်ရှန်း ပြန်ဖြေသည်ကိုပင်မစောင့်တော့ဘဲ တစ်ဖက်တွင် မီးကုန်ယမ်းကုန် တိုက်ခိုက်နေသော တိန့်ယိရှောင်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ကောင်းကင်ဘုရင်ဂိုဏ်းက ငါတို့ကိုတိုက်ချင်နေတာ... ထျန်းကန်းဂိုဏ်းကပါလာပြီး ရှုပ်ဦးမလို့လား...ကောင်းပြီလေ...ဒါဆိုလည်း ချကြတာပေါ့..."

သူက ချက်ချင်းပင် မီးငါးပါးနတ်မျောက်ဝံကို ခိုင်းစေလိုက်ရာ မျက်စိကျိန်းမတတ် နတ်မီးတောက်များ ပေါက်ကွဲထွက်လာပြီး ကိုယ်ပွားတစ်ခုကို ဆုတ်ခွာသွားစေကာ ယွင်ချောင်ရှန်းထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားလေသည်။

တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်ခြင်းပင်...။

"ငါ့ရဲ့ စီနီယာအစ်ကိုကို မထိခိုက်စေနဲ့..."

ရိုင်းစိုင်းသော ဟိန်းဟောက်သံတစ်ချက်ကို ကြားလိုက်ရပြီး ဘေးနားမှ ကြွက်သားများ ဖောင်းကြွနေကာ မိန်းကလေးဝတ်စုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဘေးတိုက် လက်သီးတစ်ချက်ထိုးချလိုက်ရာ အလွန်တရာ ကြီးမားလေးလံလှသော စွမ်းအားများ ပါဝင်နေလေသည်။

အကန့်သတ်မဲ့ အင်အားရှိသော မီးငါးပါးနတ်မျောက်ဝံမှာ ထိုလက်သီးချက်ကို အထိခံလိုက်ရပြီး လုံးဝခုခံနိုင်စွမ်းမရှိတော့ဘဲ ကျန်းပေါင်းများစွာ အကွာသို့ လွင့်စင်ထွက်သွားလေတော့သည်။

"ဒါ သောက်ကျိုးနည်း မိန်းကလေးတဲ့လား..."

ဘေးပတ်ဝန်းကျင်ရှိ လူများက လာသူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ချက်ချင်းပင်အံ့ဩတကြီး အော်ဟစ်လိုက်ကြ၏။ ထန်ရှီဟူသော ဝရဇိန်ငယ်လေးမှာ အလွန်တရာ ခန့်ညားထည်ဝါနေပေသည်။

"မင်းတို့ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းက အင်အားကိုသုံးပြီး အနိုင်ကျင့်ချင်နေတာလား... ငါတို့ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းက တပည့်တွေကလည်း လက်ခံမှာမဟုတ်ဘူး..."

ဘေးနားမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြန်သည်။ ပိန်ပါးသော လူငယ်တစ်ယောက်က လက်ကို ဓားသဖွယ်အသုံးပြုကာ ဟိန်းဟောက်နေသော လေမည်းများနှင့်အတူ ထန်ရှီ၏လက်သီးကို ပိတ်ဆို့လိုက်သည်ကို မြင်လိုက်ရ၏။

"ဘုန်း..."

"ညဓားဂိုဏ်းက ကောကျန့်လဲ့လည်း ပါဝင်လာပြီလား...အခွင့်ကောင်းပဲ..."

ဟိုဘက်မှ ထောင်းထျဲမြို့တော်၏ တပည့်များမှာ ချက်ချင်းပင် ငြိမ်မနေနိုင်တော့ဘဲ ခုန်ပျံဝင်ရောက်လာကာ အော်ဟစ်လိုက်ကြသည်။

"ငါ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းကို ထောက်ခံပေမယ့် မင်းတို့ ညဓားဂိုဏ်းကို ကြည့်မရဖြစ်နေတာ ကြာပြီကွ..."

လေခွင်းသံများနှင့်အတူ အရောင်အသွေးစုံလင်လှသော မှော်ဝင်ကိရိယာများမှာ ဟိုဘက်ဒီဘက် ပျံသန်းသွားလာနေကြတော့သည်။

ထောင်းထျဲမြို့တော်မှ ဝင်ရောက်တိုက်ခိုက်လိုက်သည်နှင့် ချက်ချင်းပင် သူတို့ကို အမြဲတမ်း ကြည့်မရဖြစ်နေသော ရှေးရိုးစွဲအင်မော်တယ်ဂိုဏ်းများက တိုက်ပွဲထဲသို့ ပါဝင်လာကြ၏။

အကန့်သတ်မဲ့ဓားဂိုဏ်း၊ မြူခိုးဖုံး အင်မော်တယ်တောင်တန်း စသည်တို့ကဲ့သို့သော ထိုရှေးရိုးစွဲ အင်မော်တယ်ဂိုဏ်းများမှ တပည့်များအားလုံးက အခွင့်ကောင်းယူကာ ထောင်းထျဲမြို့တော်မှ သူဌေးပေါက်စများကို ပညာပေးချင်နေကြခြင်းပင်။

သို့သော် ရောက်လာကြသော တပည့်များအကြားတွင်လည်း ပဋိပက္ခများ ရှိနေကြသဖြင့် ထောင်းထျဲမြို့တော်မှ တပည့်များကို တိုက်ခိုက်မည့် လမ်းတစ်ဝက်တွင်ပင် မျက်နှာချင်းဆိုင်ဆုံမိသွားကြပြီး ချက်ချင်းပင် သည်းမခံနိုင်တော့ဘဲ တစ်ဖက်လူကိုအရင်ဆုံး အပြတ်ရှင်းရန် ပြင်ဆင်လိုက်ကြလေတော့သည်။

ကျန်းနန် လူယဉ်ကျေးခန်းမဆောင်မှ လူများမှာ မူလက ကင်းလွတ်ခွင့်ရနေသော်လည်း နဂါးပျံကျောင်းတော်မှ ကွန်ဖြူးရှပ်ဝါဒီ လုပ်ဖော်ကိုင်ဖက်များ အခြေအနေဆိုးရွားစွာ အရိုက်ခံနေရသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ ဝင်ရောက်ကူညီလိုက်ကြ၏။

နန်ယင်ဂိုဏ်းမှ ရောက်လာသောတပည့်မှာ အသက်မကြီးသေးသည့် ဂီတပညာရှင်လေးတစ်ယောက်ဖြစ်သည်။

သူတို့ဂိုဏ်းမှတပည့်များမှာ မူလကတည်းက နည်းပါးလှပြီး အနည်းငယ်ကြီးပြင်းလာသူများမှာလည်း ယခုနှစ်တွင် ဖျော်ဖြေရေးခရီးစဉ်များအတွက် ပြင်ဆင်နေကြသဖြင့် ကောင်မလေးတစ်ယောက်ကိုသာ စေလွှတ်လိုက်ခြင်းပင်။

မြင်ရခဲသော အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ ကောင်မလေး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော်လည်း ဝင်ရောက်ပါဝင်ရန်မူ မဝံ့မရဲဖြစ်နေ၏။

သူမက ခဏမျှတွေးတောလိုက်ပြီးနောက် ဘေးနားတွင် ကျောက်စိမ်းစောင်းကို ချထားကာ စောင်းကြိုးများကို ညင်သာစွာတီးခတ်လိုက်လေသည်။

"တျောင်..."

ချန်လန် စစ်ကူတေးသွား။

ချူလျန်သည် ထိုစောင်းတေးသွား၏စွမ်းအားကို ယခင်က ခံစားဖူးပေသည်။ မသန်စွမ်းသူများ ကြားလျှင်တောင် တုတ်ကောက်ကိုကိုင်ကာ တိုက်ပွဲဝင်၍ ရန်သူများကို သတ်ဖြတ်ချင်စိတ် ပေါက်သွားစေနိုင်သည်မဟုတ်ပါလော။

ထို့ပြင် ယခုအချိန်တွင် ကွင်းပြင်ထဲ၌ လူကောဝက်ပါ မရွေးနိုင်လောက်အောင် ရိုက်နှက်နေကြသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ယခုတော့ တိုက်ပွဲဝင်တေးသွားပါ လာတီးပေးနေပြီဖြစ်ရာ ပို၍ပင် ရပ်တန့်၍ မရတော့ချေ။

မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့အကြားတွင် လုံးဝ သန့်ရှင်းကင်းစင်နေသူကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲလှပေသည်။

အနည်းနှင့်အများဆိုသလို ရန်ငြိုးရန်စလေးများ ရှိနေတတ်ကြပြီး ပုံမှန်အချိန်များတွင်တော့ ချုပ်တည်းထားကြရ၏။ ယခုအချိန်မှာမူ မတရားခံရသူက မတရားခံရသည့်အတွက် ကလဲ့စားချေ၊ ရန်ငြိုးရှိသူက ရန်ငြိုးအတွက် ကလဲ့စားချေရန် အချိန်ကောင်းဖြစ်နေသဖြင့် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေကြတော့ချေ။

အကျော်ကြားဆုံးဖြစ်သော ထိုက်ယင်ဂိုဏ်းပင် ချွင်းချက်မဟုတ်ပေ။ လော့ရှောင်ယုံသည် မူလက ထောင့်တစ်နေရာတွင် ပွဲကြည့်နေခဲ့ခြင်းဖြစ်ပြီး သူနှင့် မျက်မှောက်ရှိ အင်မော်တယ်ဂိုဏ်းများအကြားတွင် မည်သည့် ရန်ငြိုးရန်စမျှ မရှိသဖြင့် တိုက်ပွဲဝင်ရန် စိတ်ကူးလုံးဝမရှိခဲ့ချေ။

ထိုအချိန်တွင် အခြေအနေကို သေချာမသိသော အခြားအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ယောက် ရောက်လာပြီး သူ့အရှေ့တွင် ကာကွယ်ရပ်တည်ပေးကာ အော်ဟစ်လိုက်၏။

"အလှလေးမကြောက်နဲ့... ကိုယ် မင်းကို ကာကွယ်ပေးမယ်..."

ထိုသို့ပြောရင်း သူ နောက်သို့ လှည့်ကြည့်ကာ လော့ရှောင်ယုံထံသို့ ယုံကြည်မှုရှိပြီး မျက်စိပသာဒဖြစ်စေသော အပြုံးတစ်ခုကို ပြသလိုက်သည့်အပြင် မျက်စိတစ်ဖက်ပါ မှိတ်ပြလိုက်သေးသည်။

ရှုပ်ထွေးနေသော တိုက်ပွဲကွင်းပြင်အပြင်ဘက်တွင် အထီးကျန်ဆန်သော အလှလေးတစ်ယောက်ထိုင်နေသည်ကို မြင်သောအခါ ထိုတပည့်မှာ ချက်ချင်းပင် ဉာဏ်ပြေးသွားပြီး အခွင့်အရေးကို ဖမ်းဆုပ်ကာ ယောကျ်ားပီသသော ဆွဲဆောင်မှုများကို ရူးသွပ်စွာ လာရောက်ပြသနေခြင်းပင်...။

"ဘုန်း..."

လော့ရှောင်ယုံက သည်းမခံနိုင်တော့ဘဲ ထိုလူကို ခြေထောက်ဖြင့် တစ်ချက်ကန်ထုတ်လိုက်ပြီးနောက် တိုက်ပွဲထဲသို့ ဝင်ရောက်သွားလေတော့သည်။

...

တစ်ချိန်တည်းမှာပင် ကောင်းကင်တက်လှမ်းတောင်ထွတ်၏ အခြားတစ်ဖက်တွင်။

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လုရွှင်သည် မြေကြီးထဲတွင် ကိရိယာတစ်ခုကို အခုလေးတင်မြှုပ်နှံလိုက်ပြီးနောက် မှော်မန္တန်ကို ရွတ်ဆိုလိုက်ရာ မြေကြီးထဲမှ အနက်ရောင်အလင်းတန်းတစ်ခု လျှပ်တစ်ပြက်ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း အသက်ရှူသံလှိုင်းဂယက်များ ထွက်ပေါ်လာ၏။

ဖွဲ့စည်းပုံတစ်ခု ကျဆင်းလာသည်ကို သဲ့သဲ့မျှမြင်တွေ့လိုက်ရသည်။

ယခုအချိန်တွင် တစ်တောင်လုံးရှိအာရုံစိုက်မှုများမှာ တစ်ဖက်ရှိ အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲပေါ်တွင်သာရှိနေသဖြင့် သူ့လုပ်ရပ်ကို မည်သူကမျှ သတိမထားမိကြပေ။

သူက ကျောဘက်ရှိ ကောင်းကင်တက်လှမ်းတောင်ထွတ်ကို အေးစက်စက် အကြည့်ဖြင့် တစ်ချက်ပြန်ကြည့်လိုက်ပြီး သူ့ကို မည်သူကမျှ သတိမထားမိကြောင်း သေချာသွားမှသာ ခုန်ပျံတက်လိုက်ပြီး ရင်ပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ကြက်ပျံငှက်အုပ်ကွဲသကဲ့သို့ ရှုပ်ထွေးနေသော အခြေအနေကို ကြည့်ကာ သူက ဒေါသထွက်နေသော မျက်နှာအမူအရာအဖြစ် ပြောင်းလဲလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မင်းတို့ ထပ်မချကြနဲ့တော့..."

All Chapters