← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း (၂၈၄) - အရှက်မရှိသောသူ

ပြောရမည်ဆိုလျှင် အဖြစ်အပျက်က မြန်ဆန်လှသည်။

ထိုအင်မော်တယ်ဂိုဏ်းမှ တပည့်များကြားရှိ ရန်ပွဲမှာ ခဏတာမျှသာ ဖြစ်ပွားခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုက အလွန်ကြီးမားလေသည်။ များမကြာမီမှာပင် ခန်းမဆောင်တစ်ခုလုံး တစ်စစီကြေမွသွားပြီး ကွင်းပြင်တစ်ဝက်အထိ ပျံ့နှံ့သွားလေ၏။

ကျင့်ကြံခြင်းအဆင့်နိမ့်ကျသော ရှုတောင်တပည့်များမှာ ရှေ့တိုး၍ ဝင်ရောက်ဖျန်ဖြေရန် လုံးဝမရဲဝံ့ကြပေ။ ထို့အပြင် လူအများစုမှာ ပွဲကြည့်ရသည်ကို အလွန်သဘောကျနေကြလေသည်။

"ဟယ်... ဟူး... ဒီတစ်ချက်က တော်တော်လေး ပြင်းသွားတာပဲ..."

ဘုန်းတော်ကြီးပုရှန်က ချူလျန်၏ဘေးတွင် ရပ်နေရင်း ခေါင်းတစ်ခါခါဖြင့် ပြောလိုက်သည်။

ချူလျန်က သူ့ကို ကြည့်ကာ မေးလိုက်၏။

"ဝင်မပါဘူးလား..."

"ရဟန်းဆိုတာ မေတ္တာတရားကို ရှေ့တန်းတင်ရတယ်လေ တခြားလူတွေနဲ့ အပြိုင်အဆိုင် မလုပ်ပါဘူး..."

ဘုန်းတော်ကြီးပုရှန်က ပြန်ဖြေလိုက်သည်။

စကားပင်မဆုံးသေးမီ ကွင်းပြင်ထဲမှ ခန္ဓာကိုယ်တစ်ခု လွင့်စင်လာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျလာလေသည်။ ဆယ်ပေကျော်ခန့် လျောတိုက်သွားပြီးနောက်မှသာ ရပ်တန့်သွား၏။

ထိုသူမှာ ပြောင်ရှင်းနေသော ဦးခေါင်းကိုပိုင်ဆိုင်ထားသည့် ချုံးလောက်ကျောင်းတော်မှ တပည့်ပင်...။

"သူက သိုင်းရဟန်းလေ..."

ဘုန်းတော်ကြီးပုရှန်က ချက်ချင်း ဖြည့်စွက်ပြောလိုက်သည်။

ချူလျန်က ကြည့်လိုက်ပြီး သိုင်းကျင့်စဉ်ကျင့်ကြံသော ရဟန်းနှင့် နှုတ်ဆိတ်ကျင့်စဉ်ကျင့်ကြံသော ရဟန်းတို့မှာ အမှန်တကယ်ပုံစံမတူကြောင်း တွေးလိုက်မိလေသည်။

တကယ်တမ်းတွင် ထိုရန်ပွဲမှာ ကြာရှည်မခံလိုက်ပေ။ များမကြာမီမှာပင် အလွန်ထိတ်လန့်ဖွယ်ကောင်းသော ဖိနှိပ်မှုအရှိန်အဝါတစ်ခုကျဆင်းလာပြီး ထူးချွန်သူဖြစ်စေ၊ သာမန်ဖြစ်စေ အင်မော်တယ်ဂိုဏ်းမှ တပည့်များအားလုံးကို လှုပ်ရှား၍မရအောင် ဖိနှိပ်ထားကာ ကောင်းကင်သို့မော့ကြည့်စေသည်။

အေးစက်သောမျက်နှာထားဖြင့် အနက်ရောင်ဝတ်စုံဝတ် အဘွားအိုတစ်ဦး ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။ သူမက ကမောက်ကမဖြစ်နေသော အင်မော်တယ်ဂိုဏ်းမှ တပည့်များကို အေးစက်စွာ ငုံ့ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"မင်းတို့တွေ ကိုယ့်ဂိုဏ်းမှာ ကိုယ်ထင်သလို နေခဲ့ကြလို့ ရကောင်းရလိမ့်မယ်…ဒါပေမဲ့ ရှုတောင်ကို ရောက်ရင်တော့ ရှုတောင်ရဲ့ စည်းမျဉ်းတွေကို လိုက်နာပေးကြပါ”

“ပြဿနာမရှာကြနဲ့…နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ရှုတောင်ကနေ နှင်ထုတ်ခံရမယ်..."

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ။

သူမဆီမှ ခပ်ပေါ့ပေါ့ထွက်လာသော စကားတစ်ခွန်းက မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေအားလုံးကို ထိန်းချုပ်လိုက်နိုင်လေသည်။ ကြီးမားသော ရန်ပွဲကြီးဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ သူမက များများစားစား စုံစမ်းမေးမြန်းခြင်းမရှိပေ။

အင်မော်တယ်ဂိုဏ်းမှ တပည့်များ၏ ပြဿနာများကို ဖြေရှင်းပေးလိုပုံမရချေ။

အမှန်တကယ်တွင် ရှုတောင်ပေါ်၌ ဖြစ်ပွားနေသောရန်ပွဲကို အကြီးအကဲများအနေဖြင့် အချိန်ကြာမှ သိရှိရန်မဖြစ်နိုင်ပေ။ အစပိုင်းတွင် ပြဿနာသိပ်မကြီးဟု တွေးကာ ဝင်မပါလိုခြင်းသာဖြစ်နိုင်ပြီး အခြေအနေပိုဆိုးလာတော့မည်ကို မြင်မှသာ ဝင်ရောက်ဖိနှိပ်ခြင်း ဖြစ်ပေလိမ့်မည်။

ထိုအကြောင်းအရာမှာ သူတို့ဂိုဏ်းမှ တပည့်များအပေါ်ထားရှိသော သူတို့၏ အစဉ်အလာသဘောထားနှင့်လည်း ကိုက်ညီနေလေသည်။

ဖုန့်ချောင်ယန်က သူ၏ ထူးကဲသောအလင်းရောင်များကို ရုပ်သိမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုန်တစ်စက်မျှမရှိဘဲ မည်သူနှင့်မျှ တိုက်ခိုက်ထားခြင်း မရှိသည့်အလား ဖြစ်နေ၏။

သူက တိန့်ယိရှောင်ကို ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။

"ဆက်ချင်သေးတယ်ဆိုရင် ရှုတောင်အောက်မှာ အချိန်တစ်ခုချိန်းလိုက်ပါ…ငါ အချိန်မရွေးအဆင်သင့်ပဲ..."

တိန့်ယိရှောင်၏မျက်ခုံးပေါ်တွင် သွေးကွက်အချို့ ရှိနေပြီး ဒဏ်ရာအနည်းငယ် ရထားပုံပေါ်လေသည်။ သို့သော်လည်း ထိုအရာက သူ့အပေါ် မည်သို့မျှ သက်ရောက်မှုမရှိသည့်အပြင် မျက်နှာပေါ်ရှိ သတ်ဖြတ်လိုသော အငွေ့အသက်ကိုသာ ပိုမိုတိုးပွားလာစေသည်။

သူက ဖုန့်ချောင်ယန်၏အကြည့်ကို ရင်ဆိုင်လိုက်ပြီး အလွန်တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ရှုတောင်ထိပ်သီးညီလာခံပြီးသွားရင် မင်းနဲ့ စာရင်းလာရှင်းမယ်..."

ကြည့်ရသည်မှာ ဖုန့်ချောင်ယန်နှင့် မိုးကြိုးခံတပ်မှ ညီအစ်ကိုသုံးယောက်ကြားရှိ ရန်ငြိုးမှာ လုံးဝအမြစ်တွယ်သွားပြီ ဖြစ်ပုံရလေသည်။

နှစ်ဖက်လုံးအုပ်စုလိုက် ထွက်ခွာသွားကြပြီးနောက် ချူလျန်က တိန့်ယိရှောင်၏ ကျောပြင်ကိုကြည့်ကာ ရုတ်တရက် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

သူ့ပုံစံမှာ အတွင်းစိတ်ကိုဖုံးကွယ်ထားနိုင်ပြီး နက်နဲပုံရကာ အခြားအင်မော်တယ်ဂိုဏ်းများတွင် အလွယ်တကူ လက်ပါတတ်သည့်သူမျိုးနှင့် မတူချေ...။

'လွန်ခဲ့တဲ့ရက်ပိုင်းက ဒုတိယအစ်ကိုနဲ့ ဖုန့်ချောင်ယန်တို့ကြားက ရန်ငြိုးတစ်ခုတည်းကြောင့်ပဲလား...'

သို့သော်လည်း သူက နှစ်ဖက်လုံးနှင့် မရင်းနှီးသလို ယခုကိစ္စကိုလည်း သိပ်မသိလှပေ။ ထို့ကြောင့် မပြောပလောက်သောသံသယကို များများစားစား မတွေးတောတော့ဘဲ လျစ်လျူရှုလိုက်လေသည်။

သူလုပ်စရာ ကိစ္စများစွာ ရှိနေသေးသည် မဟုတ်လော။

...

နောက်တစ်နေ့။

မနေ့က ကိစ္စများဖြစ်ပွားခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင်မူ ရှုတောင်က မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းအတွက် သီးခြားခွဲထားသော ပွဲကြည့်စင်များကို ပြင်ဆင်ပေးထားလေသည်။ ထိုသို့ဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်တွေ့စရာမလိုတော့ပေ။

ထို့အပြင် အင်မော်တယ်ဂိုဏ်းအသီးသီးမှ တပည့်များလည်းများစွာ ငြိမ်ကျသွားကြသည်။ ကိစ္စများကြီးထွားလာပြီးနောက် မိမိတို့ဂိုဏ်းမှ လူကြီးများ၏ သတိပေးမှုကို ခံခဲ့ရပုံပေါ်ပြီး နောက်ထပ် ပြဿနာမရှာရဲကြတော့ချေ။

ယနေ့တွင်တော့ ချူလျန်က နေရာ၌ အချိန်ပြည့်ပွဲကြည့်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခုမှာ သုံးဆယ့်နှစ်ယောက်မှ ဆယ့်ခြောက်ယောက်အဆင့်သို့ တက်ရောက်မည့် ပြိုင်ပွဲဖြစ်သောကြောင့်ဖြစ်သည်။ ယနေ့ပြိုင်ပွဲတွင် အနိုင်ရသူအားလုံးမှာ ထိပ်တန်းဆယ့်ခြောက်ယောက်အဆင့်သို့ ရောက်ရှိကြမည်ဖြစ်ပြီး တစ်ယောက်စီတိုင်းက အလွန်ထူးချွန်သောအစွမ်းအစများ ရှိကြပေသည်။

ယခုလိုအချိန်မျိုးတွင် ပြိုင်ဘက်များနှင့်ပတ်သက်၍ ပိုမိုလေ့လာထားရန် အလွန်လိုအပ်ပေသည်။

ယခုအချိန်တွင် ကွင်းထဲ၌ယှဉ်ပြိုင်နေသူမှာ လင်းအောက်ဟုခေါ်သော အထီးကျန်တောင်ထွတ်မှ တပည့်ပင်။

သူက ယခင်အတိုင်း မျက်လုံးကိုဖုံးကွယ်ထားသော အနက်ရောင်ဆံပင်တစ်စုရှိနေဆဲဖြစ်ပြီး လှုပ်ရှားမှုက လေပြည်ကဲ့သို့ မြန်ဆန်လှသည်။

ပုံရိပ်ယောင်များချန်ရစ်ကာ ပြိုင်ဘက်၏ တိုက်ကွက်များကို ရှောင်ရှားပြီးနောက် လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွင်းလိုက်လေသည်။

ထိုပုံစံမှာ ရှန်ဇီလျန်ကို အနိုင်ယူခဲ့သည့်နည်းလမ်းနှင့် တစ်ပုံစံတည်းပင်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိဟု ဆိုနိုင်ပေသည်။ ချူလျန်က သူသည် အစွမ်းကုန်မထုတ်သေးကြောင်း ပိုမိုယုံကြည်လာလေသည်။

နှစ်ရက်အတွင်း လင်းအောက်နှင့်ပတ်သက်သော ကောလာဟလများကလည်း ရှုတောင်ပေါ်တွင် အရူးအမူးပျံ့နှံ့နေခဲ့သည်။ ယခင်က သူသည် နာမည်မကြီးခဲ့သလို အထီးကျန်တောင်ထွတ်မှ တပည့်များလည်း နည်းပါးလှသောကြောင့် သူ့အကြောင်းသိသူ နည်းပါးလှသည်။

ယခုကဲ့သို့ ရုတ်တရက် နာမည်ကြီးလာသောအခါ သဘာဝကျကျပင် အာရုံစိုက်ခံလာရလေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးမှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ နှစ်စဉ် ရှုတောင်ထိပ်သီးညီလာခံပွဲတိုင်းတွင် နာမည်ထက် အစွမ်းပိုကြီးသော မျှော်လင့်မထားသည့် လူရည်ချွန် တစ်ယောက်နှစ်ယောက်ခန့် ထွက်ပေါ်လာတတ်စမြဲပင်။

အတွင်းသိတစ်ဦး၏ပြောပြချက်အရ လွန်ခဲ့သောနှစ်ဝက်ခန့်က သူသည် ထိုမျှအစွမ်းမထက်သေးကြောင်း သိရသည်။ ယခုကဲ့သို့ ရုတ်တရက်အစွမ်းများ တိုးတက်လာခြင်းမှာ သေချာပေါက် အခွင့်အရေးကောင်းတစ်ခုခု ရရှိခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။

ထို့အပြင် အထီးကျန်တောင်ထွတ်မှလာသူဖြစ်ပြီး ခန္ဓာကိုယ်အစွမ်း ခွန်အားကြီးမားသောကြောင့်...လက်ရှိအချိန်တွင် အဖြစ်နိုင်ဆုံးခန့်မှန်းချက်မှာ သူသည် နဂါးအစစ်ထံမှ လက်ဆောင်တစ်ခုခု ရရှိခဲ့သည်ဟူ၍ပင်။

နဂါးအစစ်၏ အမွေအနှစ်အပြည့်အစုံကို ရရှိခဲ့ခြင်းပင် ဖြစ်နိုင်ခြေရှိလေသည်။

သို့သော် ခန့်မှန်းချက်များက လုံးဝမှားယွင်းနေကြောင်း ချူလျန် သိထားလေသည်။ နဂါးအစစ်၏အမွေအနှစ်ကို ရရှိခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။

ထို့အပြင် သူက လင်းအောက်၏ခန္ဓာကိုယ်မှ နဂါး၏ အငွေ့အသက်ကို လုံးဝ အာရုံခံ၍မရချေ...။

"နောက်တစ်ပွဲ... ငွေဓားတောင်ထွတ်က ချူလျန် နဲ့ ကျောက်စိမ်းဓားတောင်ထွတ်က ဖန်ထင်း..."

"ဝါး..."

လူအုပ်ကြီးကြားမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာလေသည်။

ရှုတောင်ထိပ်သီးညီလာခံ၏ ပင်မပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ကျင်းပခဲ့ပြီးသည့်တိုင် ယခုအကြိမ်သည် ရွှေအမြုတေအဆင့်များ အချင်းချင်းထိပ်တိုက်တွေ့ဆုံသည့် ပထမဆုံးအကြိမ် ဖြစ်လေသည်။

အကယ်၍ မမျှော်လင့်ထားသည်များမဖြစ်ခဲ့ပါက ရွှေအမြုတေအဆင့်ရှိသူများမှာ ထိပ်တန်းဆယ့်ခြောက်ယောက်အဆင့်သို့ အေးအေးဆေးဆေး တက်ရောက်နိုင်မည် ဖြစ်သည်။

ယခုမူ အချိန်မတိုင်မီ တစ်ယောက်ကို ဖယ်ရှားရတော့မည်ဖြစ်ရာ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ကံဆိုးသည်ဟုသာဆိုရမည်။

ဖန်ထင်းက ယုံကြည်မှုအပြည့်ရှိသောအပြုံးဖြင့် ပြိုင်ပွဲစင်ပေါ်သို့ တက်လာလေသည်။

ကံဆိုးသူမှာ သူမဟုတ်နိုင်ဟု သူခံယူထားလေသည်။

"ဂိုဏ်းတူအစ်ကိုဖန်..."

ချူလျန်ကလည်း သူ့ကို ပြုံးကြည့်ကာ လက်ယှက်၍ ညင်သာစွာ အရိုအသေပေးလိုက်သည်။

သူတို့နှစ်ယောက်မှာ လူဟောင်းများဟု ဆိုနိုင်လေသည်။ ချူလျန် ပထမဆုံးအကြိမ် တောင်ပိုင်းဒေသသို့ သွားရောက်ခဲ့သည့်တာဝန်တွင် ဖန်ထင်းက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူ၏ရွှေအမြုတေအဆင့် အစပိုင်းကျင့်ကြံခြင်းအဆင့်မှာ ချူလျန်၏အမြင်တွင် အလွန်အားကောင်းနေခဲ့သည်။

ယခုမူ နှစ်ဝက်ခန့်သာ ကြာမြင့်သေးသော်လည်း သူသည် ဖန်ထင်း၏ မျက်နှာချင်းဆိုင်တွင် ရင်ကော့ကာ ရပ်တည်နိုင်နေပြီဖြစ်သည်။

"ဂိုဏ်းတူညီလေးချူ..."

ဖန်ထင်းကလည်း လက်ယှက်၍ အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်၏။

"ဒီနှစ်ဝက်အတွင်းမှာ မင်း အခွင့်အရေးကောင်းတွေ အများကြီးရခဲ့ပြီး တိုးတက်မှုမြန်ဆန်ခဲ့တယ်ဆိုတာ ငါသိပါတယ်…အဆင့်မြင့် ရွှေအမြုတေတောင် ဖွဲ့စည်းနိုင်ခဲ့တယ်လေ”

“လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မင်း တော်တော်လေး နာမည်ကြီးခဲ့တာပဲ… တောင်စောင့်နတ်ပူဇော်ပွဲ၊ ကောင်းကင်လှေကားလမ်းစဉ် နှစ်ခုစလုံးမှာ မင်းက ပထမရခဲ့တာကိုး..."

"ဒါပေမဲ့ ငါတို့ကလည်း ရပ်တန့်နေတာ မဟုတ်ပါဘူး…ဒီနေ့တော့ စစ်မှန်တဲ့ စွမ်းအားဆိုတာ ဘာလဲဆိုတာကို ငါ မင်းကို ပြသပေးမယ်..."

ဘုန်း...

သူ၏ ရက်စက်သောစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလွန်အားကောင်းပြီး ပြင်းထန်လှသော ချီစွမ်းအင်များက ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာကာ မီးတောက်များ လောင်ကျွမ်းနေသည့်အလား ထွက်ပေါ်လာလေသည်။

ရွှေအမြုတေအဆင့် အလယ်အလတ်။

ကြည့်ရသည်မှာ ရက်ပိုင်းအတွင်း သူသည်လည်း တိုးတက်မှုများရှိခဲ့ပုံရသည်။

ငွေဓားတောင်ထွတ်နှင့် ကျောက်စိမ်းဓားတောင်ထွတ်တို့ကြားရှိ အလောင်းအစားကို လူအများအပြား သိထားကြလေသည်။ သူတို့က နှစ်ဖက်လုံး၏ ဂိုဏ်းတူအစ်ကိုကြီးများကို နှိုင်းယှဉ်လေ့ရှိကြပြီး ရွှီဇီယန်နှင့် ချူလျန်ကို ယှဉ်တွဲလေ့ရှိကြသည်။

သို့သော် ဖန်ထင်းက အလောင်းအစားကို ယနေ့တွင် အဆုံးသတ်နိုင်မည်ဟု တွေးထားလေသည်။

ချူလျန် တောင်ပေါ်မှ စတင်ဆင်းသက်လာစဉ်က အားနည်းနေသည့်ပုံစံကို သူ မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် တိုတောင်းသောအချိန်အတွင်း အခွင့်အရေးကောင်းများရခဲ့လျှင်ပင် မည်မျှအထိ အစွမ်းထက်လာနိုင်မည်နည်းဟု သူ အမြဲတမ်း တွေးခဲ့မိသည်။

အဆင့်မြင့်ရွှေအမြုတေကို ကျင့်ကြံနိုင်ခဲ့လျှင်လည်း အဘယ်အရေးနည်း...။

'မင်းရဲ့ ခန္ဓာကိုယ်ကရော လိုက်နိုင်ပါ့မလား...မင်းရဲ့ တန်ခိုးစွမ်းအင်တွေကရော လိုက်နိုင်ပါ့မလား...မင်းရဲ့ စိတ်စွမ်းအားကရော လုံလောက်အောင် အားကောင်းပါ့မလား...'

'ပြီးတော့ ဘယ်လောက်ပဲအဆင့်မြင့်နေပါစေ မင်းရဲ့ အစပျိုးမှုက အရမ်းနိမ့်ကျနေသလို ရွှေအမြုတေဖွဲ့စည်းနိုင်ခဲ့တာလည်း သိပ်မကြာသေးဘူးလေ…”

“ငါကတော့ ရွှေအမြုတေအဆင့်ဟောင်းတစ်ယောက် ဖြစ်နေပြီ…ရွှေအမြုတေအဆင့် အလယ်အလတ်ကို ရောက်နေတာကြာလှပြီ...'

'ဒီနေ့တော့ နတ်မိုးကြိုးငါးသွယ် ရွှေအမြုတေရဲ့ အမြင့်ဆုံးစွမ်းအားကို မင်းကို ပြသပေးမယ်...'

သူက ညာလက်ဖြင့် မိုးကြိုးလန့်ဓားကို ဆွဲထုတ်လိုက်သည်။ ဓားပေါ်တွင် ရွှေရောင်နဂါးများ လူးလာခေါက်တုံ့ သွားလာနေပြီး အလွန်အားကောင်းသော စွမ်းအင်များကို ဖိနှိပ်ထားလေသည်။

ဖန်ထင်းက ယခုပွဲတွင် သူ့စွမ်းအားများကိုပြသရန် အလွန်ဆန္ဒပြင်းပြနေပြီး မစောင့်ဆိုင်းနိုင်တော့သည်မှာ သိသာလှပေသည်။

အမှန်တကယ်တွင်လည်း ထိုသို့ပင်ဖြစ်လေသည်။ သူသည် ရွှေအမြုတေအဆင့် အလယ်အလတ်သို့ ရောက်ရှိလာကတည်းက အစွမ်းကုန် တိုက်ခိုက်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခင်အကြိမ်က ပြိုင်ဘက်မှာ အလွန်အားနည်းလွန်းသဖြင့် သူ့စွမ်းအားများကို ထုတ်သုံးရန်ပင် မလုံလောက်ခဲ့ပေ။

ယခုအကြိမ်တွင် ချူလျန်မှာ အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်လာလေသည်။

'လာစမ်းပါ...'

'အစွမ်းကုန် တိုက်ခိုက်ကြမယ်...'

သူ့နှလုံးသားထဲတွင် မိုးကြိုးသံများကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်နေလေသည်။

"ဟားဟား...ခင်ဗျားနဲ့ တိုက်ခိုက်ရမယ့်အချိန်ကို ကျွန်တော်လည်း မျှော်လင့်နေခဲ့တာပါ..."

ချူလျန်ကလည်း ထိုအရာအပေါ် အလွန်ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို ပြသလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဒါဆိုလည်းလာလေဗျာ...စင်အောက်မှာရပ်နေတဲ့ တောင်ထွတ်သခင် ဝမ်ရွှမ်လင်းကို ဘယ်သူ့ရဲ့တပည့်က ပိုအစွမ်းထက်လဲဆိုတာ ပြသလိုက်ကြတာပေါ့..."

စကားပြောနေစဉ်အတွင်း သူ့အကြည့်များက ဖန်ထင်း၏ ကျောဘက်သို့ ရွေ့လျားသွားလေသည်။

ဝမ်ရွှမ်လင်း၏နာမည်ကို ကြားလိုက်ရသောအခါ ဖန်ထင်း တစ်ကိုယ်လုံး တုန်တက်သွားလေသည်။

'ဆရာလည်း ရောက်နေတာလား...'

'သူ ပွဲလာကြည့်မယ်လို့ မကြားမိပါဘူး...'

သူက မသိစိတ်အလျောက် နောက်သို့ လှည့်ကြည့်လိုက်ရာ လဟာပြင်သာ ဖြစ်နေလေသည်။

ရွှတ်...

ဓားသွားတစ်လက် အသားထဲသို့စိုက်ဝင်သွားသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

ချူလျန်၏လက်က လျှို့ဝှက်လက်နက်ကို ပစ်လွှတ်လိုက်သည့် ပုံစံအတိုင်းရှိနေပြီး အစိမ်းရောင်အလင်းတန်းများ တလက်လက်တောက်ပနေသော ဓားကောက်တစ်လက်ကမူ ဖန်ထင်း၏ရင်ဘတ်တွင် စိုက်ဝင်နေလေသည်။

"..."

ပြိုင်ဝင်းအောက်တွင်မူ တစ်စက်ကလေးမျှပင် အသံမထွက်ဘဲ တိတ်ဆိတ်သွားလေသည်။

ဖန်ထင်းက ခေါင်းပြန်လှည့်လာပြီး မယုံကြည်နိုင်စွာဖြင့် နှုတ်ခမ်းများ လှုပ်ရွသွားသော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်မလာဘဲ ခန္ဓာကိုယ်မှာ နောက်သို့ 'ဘုန်း' ခနဲ လဲကျသွားလေတော့သည်။

အဂ္ဂိရတ်ခန်းမမှ တပည့်များက ချက်ချင်းရှေ့တိုးလာကာ ကယ်ဆယ်ရေးများ ပြုလုပ်ကြလေသည်။

ဒဏ်ရာက ပြင်းထန်ပုံရသော်လည်း ချူလျန်က အသက်အန္တရာယ်ရှိသော နေရာအားလုံးကို ရှောင်ရှားထားခဲ့သဖြင့် ယခုကဲ့သို့သော အပေါ်ယံဒဏ်ရာမျိုးမှာ ကျင့်ကြံသူများအတွက် ကုသရန်မခက်ခဲလှပေ။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဖန်ထင်း၏နှလုံးသားထဲရှိ ဒဏ်ရာကသာ ကုသရန် ပိုမိုခက်ခဲပေလိမ့်မည်။

အချိန်အတော်ကြာမှသာ အလွန်တိုးညင်းသော်လည်း ရှင်းလင်းပြတ်သားသည့် အသံတစ်ခုက လူတိုင်း၏ရင်ထဲရှိစကားကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။

"အရှက်မရှိလိုက်တာ..."

All Chapters