← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) - ငွေများများရပြီး အလုပ်နည်းကာ အိမ်နှင့်လည်း နီးသည်

နောက်တစ်နေ့တွင် ကျင်းပသော ဝိညာဉ်သားရဲတိုက်ခိုက်ရေးပြိုင်ပွဲသည် နှိုင်းယှဉ်ကြည့်လျှင် လူကြိုက်များမှု ထိုမျှလောက်မမြင့်မားလှပေ။

မိစ္ဆာသားရဲများကြားမှ ကိုက်ဖြတ်တိုက်ခိုက်မှုများသည် ကျင့်ကြံသူများကြားမှ တိုက်ခိုက်မှုများလောက် စိတ်လှုပ်ရှားဖွယ် မကောင်းသည်ကအမှန်ပင်။

ရှုတောင်ဂိုဏ်းတစ်ခုလုံးတွင် စာရင်းပေးသွင်းထားသော ဝိညာဉ်သားရဲ အရေအတွက်မှာလည်းသိပ်မများဘဲ အကောင်ရေ ဒါဇင်အနည်းငယ်ခန့်သာ ရှိလေသည်။

ထို့ကြောင့် အကြိုရွေးချယ်ပွဲများမရှိဘဲ ပွဲစသည်နှင့် နောက်ဆုံးအချိန်အထိ ရှုံးထွက်ပြိုင်ပွဲအဖြစ်သာ တိုက်ရိုက်ကျင်းပလေတော့၏။

ဝိညာဉ်သားရဲအားလုံးကို စီမံခန့်ခွဲရေးတပည့်များက ခေါ်ဆောင်သွားကြပြီဖြစ်ရာ ပြိုင်ပွဲဝင်ဝိညာဉ်သားရဲပိုင်ရှင်များသာ တစ်နေရာတည်းတွင် စုရုံးကျန်ရစ်ခဲ့ကြသည်။ လေထုထဲတွင်တော့ ပြင်းထန်သောယှဉ်ပြိုင်လိုစိတ်များ လွှမ်းခြုံနေခဲ့လေ၏။

ထောင့်တစ်နေရာရှိ သေးငယ်သောမိန်းကလေးတစ်ဦးသာလျှင် ထိုနေရာတွင် ထိုင်ကာ တဆတ်ဆတ်တုန်ရီနေခဲ့သည်။

"ဟင်..."

ရက်စက်ကြမ်းကြုတ်မည့်ပုံစံရှိသော တောင့်တင်းခိုင်မာသည့် အမျိုးသားတစ်ဦးက လှည့်ကြည့်လာပြီး သူမကိုမြင်သောအခါမေးလိုက်၏။

"မိန်းကလေးက မနေ့က စားစရာတွေရောင်းနေတဲ့သူ မဟုတ်ဘူးလား..."

"အာ...ဟုတ်ပါတယ်..."

လျိုရှောင်ယွီကလန့်ဖျပ်သွားပြီး အလျင်အမြန်မတ်တတ်ရပ်လိုက်ရာ သူမပုံစံမှာ အလွန်တရာ စိုးရိမ်တုန်လှုပ်နေပုံရသည်။

ယနေ့တွင် တိနွီဖုန့်က တောင်ထွတ်သခင်မ အဆင့်အတန်းဖြင့် အစည်းအဝေးသို့ တက်ရောက်ရမည်ဖြစ်ပြီး ချူလျန်မှာလည်း ရုတ်တရက်ကိစ္စရှိ၍ အပြင်ထွက်သွားခဲ့သည်။

သူမက ငွေဓားတောင်ထွတ်၏ယာယီတောင်ထွတ်သခင်မ ဖြစ်လာပြီး ယာယီ ဒု-တောင်ထွတ်သခင်ဖြစ်သော ရွှေမွေးဟူကို ခေါ်ဆောင်ကာ ပြိုင်ပွဲဝင်ရမည့် ကြီးလေးသောတာဝန်ကြီးကို ထမ်းဆောင်ရတော့မည်ပင်။

ကောင်မလေးမှာမူ သေမတတ်ကြောက်ရွံ့နေခဲ့သည်။ ယခုပြိုင်ပွဲက မာကျောက်ပြိုင်ပွဲနှင့် မတူညီပါချေ။ ထိုပြိုင်ပွဲတွင် သူမက လေးထောင့်တုံးလေးများကို လက်ထဲယူကာ တစ်တန်းတည်းစီပြီး ပြန်လှဲချလိုက်ရုံသာဖြစ်၍ အလွန် ရိုးရှင်းလွယ်ကူလှသည်။

သို့သော် ယခုပြိုင်ပွဲကမူ တိုက်ခိုက်ရမည့်ပွဲ ဖြစ်နေလေ၏။

သူမကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရမည် မဟုတ်သော်လည်း သူမနှင့် ရွှေမွေးဟူမှာ အစောကြီးကတည်းက သူငယ်ချင်းကောင်းများ ဖြစ်နေကြပြီဖြစ်သည်။ အကယ်၍ ချစ်စရာကောင်းသော ခေါင်းကြီးလေးသာ တစ်ခုခုထိခိုက်ဒဏ်ရာရသွားပါက သူမလည်း အလွန်ဝမ်းနည်းရမည် ဖြစ်လေသည်။

"ဟဲဟဲ...မကြောက်ပါနဲ့..."

လူသန်ကြီးက သူမ အနည်းငယ် ကြောက်လန့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ပြောလိုက်သည်။

"ဒီနေရာမှာ မင်းကို ငါကာကွယ်ပေးထားမယ်...စိတ်မလှုပ်ရှားနဲ့..."

"ကျေးဇူးအများကြီးတင်ပါတယ်..."

လျိုရှောင်ယွီက ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်၏။

"မင်းမွေးထားတာက ဘယ်လိုဝိညာဉ်သားရဲလေးလဲ..."

လူသန်ကြီးက လျိုရှောင်ယွီ၏ပုံစံကို ကြည့်ကာ ခန့်မှန်းလိုက်သည်။

"လိပ်ပြာလေးလား...ပျားလေးလား...ပန်းနတ်သမီးလေးများလား..."

"အရမ်းချစ်စရာကောင်းတဲ့ ဝိညာဉ်သားရဲလေးပါ...သူ့နာမည်က..."

ကောင်မလေးက ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် ဟိုဘက်မှ စီမံခန့်ခွဲရေးတပည့်များ၏ ခေါ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

"သံဓားတောင်ထွတ်က ဟွမ်ကျင်းကျူးနဲ့ ငွေဓားတောင်ထွတ်က လျိုရှောင်ယွီတို့ ကွင်းထဲဝင်ဖို့ ပြင်ဆင်ပါ..."

လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"လာပါပြီ..."

လျိုရှောင်ယွီက အခေါ်ခံရသည်နှင့် တစ်ပြိုင်နက် လွှားခနဲထလာပြီး ခပ်သုတ်သုတ် ခြေလှမ်းလေးများဖြင့် အပြေးအလွှားသွားလိုက်သည်။

လူနှစ်ဦးလုံးမှာ စင်မြင့်ပေါ်သို့တက်လာကြပြီး တစ်ဖက်စီတွင် အသီးသီး နေရာယူလိုက်ကြလေသည်။

နောက်မှ တက်လာသောလူသန်ကြီးက တဟားဟား ရယ်မောလိုက်သည်။

"ငါ မင်းနဲ့ ယှဉ်ပြိုင်ဖို့ ခွဲဝေခံလိုက်ရတာကိုး...ဟားဟား...တိုက်ဆိုင်မှုကတော့ သိပ်မကောင်းဘူးပဲ..."

လျိုရှောင်ယွီက သူ့ကိုကြည့်လိုက်ရာ သူမမျက်နှာထားမှာ ချက်ချင်းပင် သနားကမန်း ဖြစ်သွားလေ၏။

'ဒီလူကြည့်ရတာ ရက်စက်မယ့်ပုံဆိုတော့ သူ မွေးထားတဲ့ ဝိညာဉ်သားရဲကလည်း သေချာပေါက် အရမ်းကြမ်းတမ်းမှာပဲ... ရွှေမွေးဟူလေးများ အနိုင်ကျင့်ခံရမလား မသိဘူး...'

"ဟေ့...ခဏနေကျရင် ငိုမနေနဲ့ဦးနော်..."

လူသန်ကြီးက အလျင်စလို ပြောလိုက်သည်။

"ငါ့ရဲ့ ဝိညာဉ်သားရဲကို သေချာပေါက် ထိန်းချုပ်ခိုင်းထားပါ့မယ်...မင်းရဲ့ ဝိညာဉ်သားရဲကို မသေအောင်လုပ်ပေးမယ်လို့ ကတိပေးတယ်...စိတ်ချလက်ချသာ နေ..."

"ဂါးးး..."

စကားပြောနေစဉ်မှာပင် ဟိန်းဟောက်သံကြီးတစ်ခုကို ကြားလိုက်ရလေသည်။ တောင်ကုန်းမည်းကြီးတစ်လုံးနှင့်တူသော ဝက်ဝံမည်းကြီးတစ်ကောင်က ဟိန်းဟောက်ရင်း စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

သွေးနီရောင်မျက်လုံးတစ်စုံက သွေးဆာနေသောအလင်းတန်းများ တောက်ပနေပြီး လူသန်ကြီး၏ အရှိန်အဝါနှင့် အလွန်လိုက်ဖက်နေသည်က အမှန်ပင်။

စတုတ္ထအဆင့် အထွတ်အထိပ် ဝက်ဝံမည်းကြီးတစ်ကောင်ပင်...။

"အရမ်းကြောက်ဖို့ကောင်းတာပဲ..."

လျိုရှောင်ယွီက ထိုဝက်ဝံမည်းကြီး၏ပုံစံကိုကြည့်ကာ ချက်ချင်း နှုတ်ခမ်းမဲ့သွားပြီး မျက်ရည်များပင် မျက်ဝန်းထဲတွင် လည်နေခဲ့ပြီဖြစ်သည်။

"မင်း..."

လူသန်ကြီးက ကောင်မလေးကို မည်သို့နှစ်သိမ့်ပေးရမည်နှင့် ခဏနေလျှင် မည်သို့ သက်ညှာပေးရမည်ကို စဉ်းစားနေစဉ်မှာပင် စီမံခန့်ခွဲရေးတပည့်များက သူမ၏ ဝိညာဉ်သားရဲကို လွှတ်ပေးလိုက်သည်ကို မြင်လိုက်ရသည်။

ထို့နောက် ပါးစပ်ဖျားသို့ ရောက်နေသော စကားများမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။

"မင်း... မင်းမှားနေတာတော့ မဟုတ်ဘူးမလား..."

သူ့မျက်လုံးများထဲတွင် ခန္ဓာကိုယ်ကြီးမားပြီး ပျင်းရိပျင်းတွဲ မျက်နှာထားနှင့် ရွှေရောင်အမွေးအမျှင်များရှိသော ဝိညာဉ်သားရဲကြီးတစ်ကောင် ပေါ်လာခဲ့သည်။ ထိုအကောင်ကြီးမှာ သူ့ဝက်ဝံမည်းကြီးထက်ပင် အရပ်အမောင်း အဆများစွာ ပိုမိုမြင့်မားနေလေသည်။

တစ်ကိုယ်လုံးတွင် ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံနေပြီး ဖိနှိပ်ထားသော ရက်စက်ကြမ်းကြုတ်သည့် သဘာဝမှာ ငြိမ်သက်နေသော မီးတောင်တစ်ခုနှင့် တူလှသည်။

ယခုအချိန်တွင် တိုက်ခိုက်လိုစိတ် သိပ်မပြင်းထန်သကဲ့သို့ ရှိနေသော်လည်း... သို့သော် ထိုအကောင်ကြီးက သံကြိုးတွေကို ဝါးစားနေသည်မဟုတ်ပါလော...။

'ငွေဓားတောင်ထွတ်တဲ့... နားထဲမှာ ရင်းနှီးနေတာအံ့ဩစရာတော့ မဟုတ်ဘူးပဲ... လွန်ခဲ့တဲ့ အချိန်ကာလတစ်ခုက ရှုတောင်ရဲ့ ငွေဓားတောင်ထွတ်ဆီကို ရွှေမွေးဟူတစ်ကောင် ရောက်လာတယ်လို့ ငါ ကြားခဲ့ဖူးတယ်…”

“ဒီအကောင်ကြီးက အဲဒီအကောင်များ ဖြစ်နေမလား...ဒီအရာကြီးကို ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်မလေးက မွေးထားတာတဲ့လား…”

“တစ်နေခုခုတော့ သေချာပေါက်မှားနေပြီ မဟုတ်ဘူးလား...'

လျိုရှောင်ယွီက ရွှေမွေးဟူ၏သားရေများကို ပွတ်သပ်လိုက်ပြီး မျက်ရည်ဝဲကာ ပြောလိုက်၏။

"ရွှေလေး...နင် လုံးဝ ထိခိုက်ဒဏ်ရာ မရစေနဲ့နော်..."

'မင်းရဲ့ ဒီစကားကို ငါ့ရဲ့ ဝက်ဝံမည်းလေးကိုပဲ ပြောသင့်တာ မဟုတ်ဘူးလား...'

လူသန်ကြီးမှာ လုံးဝကို ကမောက်ကမ ဖြစ်သွားလေတော့သည်။ ယခုအချိန်တွင် သူက မိမိဝိညာဉ်သားရဲဒဏ်ရာမရရန် မမျှော်လင့်ရဲတော့ဘဲ သူ့ဝိညာဉ်သားရဲလေး အရိုက်ခံရပြီး မသေသွားဖို့ကိုသာ မျှော်လင့်နေတော့၏။

...

တောင်ပိုင်းနယ်မြေတောင်တန်းရှိ ထိုထောင့်ချိုးလေးသို့ ရောက်သောအခါ ချူလျန်တို့သုံးယောက်မှာ ပြီးခဲ့သည့်အကြိမ်က မြင်တွေ့ခဲ့ရသော သစ်ပင်မည်းကြီးကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။

ထပ်ပြီးတော့ လျိုဆန်းပင်။

သူ ယခင်တုန်းက သူတို့သုံးယောက်ကို သစ္စာစောင့်သိမှုခန်းမထဲသို့ ဝင်ရန် မိတ်ဆက်ပေးခဲ့ဖူးသည်။

သို့သော် ထိုအကြိမ်၌ ရှေးဟောင်းနဂါးသိုက်လျှို့ဝှက်နယ်မြေ စစ်ဆင်ရေးတွင် သူက ပါဝင်ခဲ့ခြင်း မရှိသောကြောင့် ကံကောင်းထောက်မစွာဖြင့် ဘေးအန္တရာယ်မှ လွတ်ကင်းသွားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် စစ်သူကြီးဟေးယွီ ရုတ်တရက်သေဆုံးသွားသောအခါ သစ္စာစောင့်သိမှုခန်းမမှ လူများအားလုံးဖျက်သိမ်းခံရပြီး အခြားခန်းမဆောင်များသို့ ထပ်မံဝင်ရောက်သွားခဲ့ကြသည်။

ယခုအချိန်တွင် သူသည်လည်း ခြေကုပ်ပြန်ရနေပြီဟု ဆိုနိုင်ပေ၏။

"မင်းတို့ အားလုံး အသက်ရှင်နေကြသေးတာပဲ..."

သူတို့သုံးယောက် အသက်ရှင်နေသည်ကို မြင်သောအခါ သူလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ပြီးခဲ့တဲ့အခေါက်က လျှို့ဝှက်နယ်မြေခရီးစဉ်မှာ တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားခဲ့တာလေ…”

“စစ်သူကြီးဟေးယွီတောင် ပြန်မလာနိုင်ခဲ့ဘူး..."

"အဲဒီအချိန်တုန်းက ကျုပ်တို့က အစွန်အဖျားမှာ ရှိနေခဲ့တာပါ...အခြေအနေကို မြန်မြန်ရိပ်မိလိုက်လို့သာ အသက်ဘေးကနေလွတ်လာခဲ့တာ..."

ချူလျန်က ပြောလိုက်ရာ သူ၏ လေသံထဲတွင် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်သည့် အရိပ်အယောင်အချို့လည်း ပါဝင်နေလေသည်။

"နောက်ပိုင်းကျမှ အရိုးဖြူတောင်မှာ ကိစ္စတွေဖြစ်သွားတယ်ဆိုတာ ကြားခဲ့ရတာ... ကျုပ်တို့လည်း အပြန်လမ်းကိုမရှာနိုင်တော့တာနဲ့ ခဏလောက် ပုန်းအောင်းနေခဲ့ရတယ်..."

"ဟုတ်တယ်...ပြီးခဲ့တဲ့အကြိမ်က အင်မော်တယ်ဂိုဏ်း သုံးဂိုဏ်းရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် အရိုးဖြူတောင်မှာ ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်သွားခဲ့ရတာ..."

လျိုဆန်းက ထိုအကြောင်းကို ပြောလာသောအခါ အနည်းငယ် ဒေါသထွက်နေပုံရသည်။

"တာအိုပညာရှင်ယန့်က ဓားတစ်ချက်တည်းနဲ့တင် ငါတို့ရဲ့ ညီအစ်ကို ရာကျော်လောက်ကို သတ်ဖြတ်သွားခဲ့တာ... အရိုးဖြူတောင်က ဒီနေ့အထိတောင် အလုံးစုံ ပြန်လည်မပြုပြင်ရသေးဘူး…”

“ဒါကြောင့် နန်းတော်သခင်က ငါတို့အားလုံးကို လူစုခွဲပြီးပုန်းအောင်းခိုင်းထားတာ... နောက်ရက်အနည်းငယ်နေရင် ဖြစ်လာမယ့် ကိစ္စကြီးတစ်ခုအတွက် ပြင်ဆင်ဖို့လေ..."

"ဘယ်လို ကိစ္စကြီးလဲ..."

ချူလျန်က တစ်ခွန်း မေးလိုက်၏။

"ငါ အရင်ဆုံး မင်းတို့ကို ငါ့ရဲ့ ခန်းမဆောင်သခင်အသစ်နဲ့ သွားတွေ့ပေးမယ်... အဲဒီအချိန်ကျမှ သူ မင်းတို့ကို ထပ်ပြောပြလိမ့်မယ်..."

လျိုဆန်းက ကိုယ်ကိုလှည့်ကာ ပြောလိုက်သည်။

"အခုအချိန်မှာ ငါက သရဲမျက်နှာခန်းမဆောင်ဆီ ပြောင်းသွားပြီ...ခန်းမဆောင်သခင်က စိတ်အပြောင်းအလဲအရမ်းမြန်တယ်…”

“သူက အရင်တုန်းက စစ်သူကြီးဟေးယွီလောက် မကောင်းဘူး...မင်းတို့ သတိထားရမယ်နော်..."

"နားလည်ပါပြီ..."

သုံးယောက်သားက သဘောတူလိုက်ကြသည်။

တစ်လမ်းလုံး အပြေးအလွှား သွားခဲ့ကြပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ အရိုးဖြူတောင်သို့ ထပ်မသွားတော့ဘဲ မြို့ငယ်လေးတစ်မြို့ရှိ တည်းခိုခန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြ၏။

တည်းခိုခန်း၏ အထက်တန်းစား အခန်းတစ်ခန်းအတွင်းတွင် သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့ရလေသည်။

ထိုသူက အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာကာ အရပ်အမောင်းမြင့်မားလှသည်။

သူ့မျက်နှာတစ်ပြင်လုံးတွင် မီးလောင်ဒဏ်ရာအမာရွတ်များ ပြည့်နှက်နေပြီး သိပ်သည်းများပြားလှသော အနက်ရောင်အဆိပ်ပိုးမွှားများက မျက်နှာပေါ်တွင် တွားသွားနေသည့်အလား ထင်မှတ်ရပေသည်။

သရဲမျက်နှာခန်းမဆောင်ဟု ခေါ်ဆိုကြသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ...။

"ခန်းမဆောင်သခင်...ဒါ ကျွန်တော် ခန်းမဆောင်သခင်ကို ပြောပြထားတဲ့ ညီအစ်ကိုလေးတွေပါ...ကျွန်တော်တို့ အရင်တုန်းက အတူတူ ခန်းမဆောင်တစ်ခုတည်းမှာနေခဲ့ကြတာ...အခုလည်း အရှင်ရဲ့ လက်အောက်ကို ပြောင်းလာချင်လို့တဲ့..."

လျိုဆန်းက ရှေ့သို့တက်ကာ မိတ်ဆက်ပေးလိုက်သည်။

"ကောင်းတယ်...အခုချိန်က လူလိုအပ်နေတဲ့အချိန်ဆိုတော့ မင်းတို့ရောက်လာတာ အချိန်ကိုက်ပဲ..."

အမာရွတ်နှင့် အမျိုးသားက ရယ်မောလိုက်၏။

"ဂိုဏ်းတူညီအစ်ကိုတွေ အကုန်လုံးက ငါ့ကို သရဲမျက်နှာလို့ခေါ်ကြတယ်...မင်းတို့ နောင်ကျရင် ငါ့နောက်ကိုသာ လိုက်ခဲ့...ဒီတစ်ကြိမ် သေချာလေးကြိုးစားပြကြ…”

“နောင်တစ်ချိန်ကျရင် မင်းတို့အတွက်လည်း နေရာတစ်နေရာ ရလာနိုင်တယ်..."

ထိုသူက ရုပ်ရည်သွင်ပြင် ထူးဆန်းသော်လည်း အလုပ်လုပ်ရာတွင် စစ်သူကြီးဟေးယွီထက် အနည်းငယ် ပို၍ပုံမှန်ဆန်လေသည်။ အနည်းဆုံးတော့ သန့်ရှင်းသပ်ရပ်မှုရှိစေရန်အတွက် သွေးသောက်အရက် သောက်သည့် အခမ်းအနားမျိုး လုပ်စရာမလိုတော့ပေ..။

"အရှင့်အတွက် အစွမ်းကုန် အမှုထမ်းပါ့မယ်..."

သုံးယောက်သားက ချက်ချင်းပင် ပြောလိုက်ကြသည်။

"အခုလို လူတွေကို အများကြီးခေါ်ယူနေရတဲ့ အကြောင်းရင်းက သိပ်မကြာခင်မှာ အကြီးစား စစ်ဆင်ရေးတစ်ခုရှိနေလို့ပဲ... အဲဒီအချိန်ကလည်းနီးကပ်နေပြီ..."

သရဲမျက်နှာက ပြောလိုက်သည်။

"မင်းတို့ ဒီအချိန်ရောက်လာတာကွက်တိပဲ...အဲဒီထဲမှာ ပါဝင်ခွင့်ရလိမ့်မယ်...ရမယ့် အကျိုးခံစားခွင့်တွေကလည်း အရမ်းကိုများတယ်..."

"အို..."

သုံးယောက်သားက ခေါင်းမော့ကြည့်လိုက်ကြ၏။

ထို့နောက် သူက ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

"နန်းတော်သခင်က မှာကြားထားတယ်...ဒီတစ်ကြိမ် စစ်ဆင်ရေးမှာ ပါဝင်တဲ့ ဂိုဏ်းသားတိုင်းက ကြိုးကြာနီင်္ဂါး တစ်ထောင်စီရနိုင်တယ်…”

“တကယ်လို့ သတ်ဖြတ်တဲ့နေရာမှာ အထောက်အကူပြုနိုင်ရင် ခေါင်းတစ်လုံးကို ငါးရာထပ်လဲလို့ရမယ်...စွမ်းဆောင်ရည်ကသာ လုံလောက်အောင် ကြီးမားမယ်ဆိုရင် မိစ္ဆာမှော်ဝင်ပစ္စည်းတွေတောင် ဆုချီးမြှင့်ခံရဦးမှာ..."

သမ္မာလမ်းစဉ် အင်မော်တယ်ဂိုဏ်းများက တပည့်များကို တာဝန်ထမ်းဆောင်ရန် စေလွှတ်သည့်အခါတွင်ပင် ဝိညာဉ်ကျောက်စိမ်းဒင်္ဂါးများ ဆုချီးမြှင့်ရသေးရာ အကျိုးအမြတ်ကို ပိုမိုအလေးထားသော မိစ္ဆာဂိုဏ်းအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

အကယ်၍ အကျိုးအမြတ်သာမရှိပါက အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်း၏စစ်ဆင်ရေးများတွင် မည်သူကမျှ ပါဝင်လိုတော့မည်မဟုတ်ပေ။

သို့သော် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့တွင် ကိုယ်ပိုင် ဝိညာဉ်ကျောက်စိမ်းဒင်္ဂါး အသီးသီးရှိကြသော်လည်း မိစ္ဆာဂိုဏ်းများအတွက်မူ ထိုသို့လုပ်ဆောင်ရန် အလွန် ခက်ခဲလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့မှာ အမှောင်ထဲတွင်သာ ရှိနေကြသူများဖြစ်ရာ အခြား ဝိညာဉ်ကျောက်စိမ်းဒင်္ဂါးများနှင့် အပြန်အလှန်လဲလှယ်၍ မရသောကြောင့်ပင်။ အကယ်၍ အမှောင်ဘုရင်ဂိုဏ်းကသာ ကိုယ်ပိုင်အမှောင်ဒင်္ဂါးတစ်မျိုးကို ဖန်တီးခဲ့မည်ဆိုလျှင် သူတို့လူများပင် ထောက်ခံကြမည်မဟုတ်ပေ။

ထို့ကြောင့် သူတို့အသုံးပြုနေကြသည်မှာလည်း တောက်ထျယ်မြို့တော်၏ငွေကြေးများသာ ဖြစ်လေသည်။

သို့သော် တာဝန်တစ်ခုအတွက် ကြိုးကြာနီဒင်္ဂါး တစ်ထောင်ပေးသည်ဆိုသည်မှာ... လွန်လွန်းနေပြီဖြစ်သည်။ ရှုတောင်တွင် ထိုမျှလောက် တန်ကြေးကြီးမားသောတာဝန်မျိုး တစ်ခါမှမရှိခဲ့ဖူးချေ။

ယင်းသည်မှာ သူတို့လက်ထဲသို့ ခွဲဝေရရှိလာမည့် ပမာဏသာဖြစ်သေးသည်။ ခန်းမဆောင်သခင်ကလည်း တစ်စိတ်တစ်ပိုင်းကို သေချာပေါက် ဖြတ်ယူထားဦးမည်ဟု ခန့်မှန်းရရာ မူလပေးမည့်အခကြေးငွေမှာ ယခုထက်ပင် ပိုမိုများပြားနေဦးမည်ပင်။

အမှောင်လောကသားများက တကယ်ကို ရက်ရောကြသည်ပဲ...။

"ခန်းမဆောင်သခင်ကို မေးခွင့်ပြုပါ...ဘယ်လို စစ်ဆင်ရေးမျိုးများလဲ..."

ချူလျန်က မေးလိုက်၏။

"တိကျတဲ့ လုပ်ဆောင်ချက်တွေကိုတော့ မင်းတို့ကို ပြောပြလို့မရသေးဘူး... မင်းတို့က အနောက်တောင်ပိုင်းဒေသမှာ အရင်ဆုံးနေရာချထားပြီး အဝေးကြီးမသွားဘဲ အချိန်မရွေး အသင့်စောင့်နေဖို့ပဲလိုတယ်..."

သရဲမျက်နှာက ကျောက်စိမ်းအဆောင်သုံးခုကို ပစ်ပေးလိုက်သည်။

"အခုက အရေးကြီးတဲ့အချိန်ဆိုတော့ လူစုဖို့အဆင်မပြေဘူး...မင်းတို့ ဒီခရီးသွားကျောက်စိမ်းအဆောင်တွေကို ယူထားလိုက်...ကိစ္စတစ်ခုခုရှိရင် ဒီနေရာမှာ လာတွေ့ဖို့ ငါ မင်းတို့ကို အကြောင်းကြားလိမ့်မယ်..."

ချူလျန်က ကျောက်စိမ်းအဆောင်ကို လှမ်းယူလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်လေသည်။

'စစ်ဆင်ရေး တစ်ကြိမ်ကို ကြိုးကြာဒင်္ဂါး တစ်ထောင်တဲ့...အရင်ဆုံး ဘာမှ လုပ်စရာမလိုဘဲ...အနောက်တောင်ပိုင်းဒေသမှာ နေရာယူထားဖို့ဆိုတော့ ရှုတောင်ရဲ့ အိမ်ပေါက်ဝရောက်နေတာနဲ့ အတူတူပဲ...အချိန်မရွေး အပြေးပြန်လာလို့ ရနေတာပဲ…”

“ငွေများများရပြီး အလုပ်နည်းရုံတင်မကဘူး အိမ်နဲ့ပါ နီးနေသေးတယ်...တကယ်ကို စံပြအလုပ်အကိုင်လေးပဲ...'

All Chapters