အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း (၂၈၇) - တောင်မြောက် အနှောင်အဖွဲ့ကင်းမဲ့သူများ (၁)
ရှုတောင်ဂိုဏ်း၏ပြိုင်ပွဲကြီး ဆက်လက်ကျင်းပလာသည်နှင့်အမျှ လာရောက်ကြည့်ရှုကြသော အင်မော်တယ်ဂိုဏ်းများမှ ဧည့်သည်များလည်း ပိုမိုများပြားလာလေသည်။
အတော်အသင့်ရှည်လျားသော ပြိုင်ပွဲကာလအတွင်း နောက်ပိုင်းကျသောပွဲစဉ်များက သဘာဝကျစွာပင် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းလာပြီး အစစ်အမှန် စွမ်းအားရှင်များ၏ယှဉ်ပြိုင်မှုများ ပေါ်ထွက်လာမည်ဖြစ်ရာ ဆွဲဆောင်မှုမှာ တစ်နေ့တခြားတိုးလာသည်ကတော့ ယုံမှားဖွယ်မရှိပေ။
မာနကြီးသော ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းပင်လျှင် ပြိုင်ဘက်များ၏စွမ်းရည်ကို လေ့လာခွင့်ရမည့် အခွင့်အရေးကို လက်လွတ်မခံလိုကြပေ။
အစပိုင်းကတည်းက ဖိတ်ကြားခံထားရသော မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ ကိုယ်စားလှယ်များအပြင် နောက်ပိုင်းတွင် မိမိသဘောဆန္ဒအလျောက် လာရောက်ကြသည့် ကျင့်ကြံသူများလည်း များစွာရှိလေသည်။
၎င်းတို့အနက် အများစုမှာ ထိုဂိုဏ်းကြီးများမှလွဲ၍ အခြားသော ဂိုဏ်းငယ်လေးများမှဖြစ်ကြပြီး ယခုတစ်ကြိမ် ရှုတောင်ဂိုဏ်း၏ ဖွင့်လှစ်ပေးမှု အခွင့်အရေးကိုအသုံးချကာ လာရောက်လေ့လာကြည့်ရှုကြခြင်းပင် ဖြစ်သည်။
ထို့ကြောင့် မကြာသေးမီက အရွယ်ရောက်ပြီးသော ကျင့်ကြံသူတစ်ဦးသည် ကလေးဆန်ဆန် အသွင်အပြင်ရှိသေးသည့် ကျင့်ကြံသူငယ်လေးအနည်းငယ်ကို ခေါ်ဆောင်ကာ ရှုတောင်ပေါ်တွင် လှည့်လည်သွားလာရင်း အရာအားလုံးကို အံ့ဩတကြီးမျက်လုံးများဖြင့် ကြည့်ရှုနေကြသည်ကို မကြာခဏမြင်တွေ့ရတတ်၏။
ယခင်က လာရောက်ဖူးသော ဧည့်သည်များမှာမူ ရှုတောင်ဂိုဏ်း၏ ယခုတစ်ကြိမ် ဝန်ဆောင်မှုမှာ သိသိသာသာ ပိုမိုကောင်းမွန်လာသည်ကို ခံစားမိကြသည်။
သရေစာများနှင့် သောက်စရာများ ရောင်းချမှု ပိုများလာကာ ပြိုင်ပွဲကြည့်ရှုချိန်တွင် ပို၍ကောင်းမွန်သော အတွေ့အကြုံကို ရရှိစေသည်။ ထို့အပြင် ဒေသထွက်ကုန်များကိုပါ ရောင်းချပေးသေးရာ ယခုအကြိမ်အပြန်တွင် ဆွေမျိုးမိတ်ဆွေများအတွက် လက်ဆောင်ပစ္စည်းအချို့ ဝယ်ယူသွားနိုင်ပြီဖြစ်သည်။
ထိုနေ့တွင် အရေးပါသော ပုဂ္ဂိုလ်ကြီးနှစ်ဦး ရှုတောင်သို့ ရောက်ရှိလာခဲ့၏။
"အဘိုးအိုစွန်းနဲ့ အဘိုးအိုဟွမ်တို့ ကိုယ်တိုင် ကြွလာတာတောင် ကျုပ် ခရီးဦးကြို မပြုမိတဲ့အတွက် ခွင့်လွှတ်ပေးကြပါဦး..."
ဓားလက်ဆင့်ကမ်းအကြီးအကဲက ကိုယ်တိုင်ထွက်လာ၍ ကြိုဆိုလိုက်လေသည်။ မီးခိုးရောင်မုတ်ဆိတ်၊ အဖြူရောင်ဝတ်ရုံ၊ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ အပြာရောင်နှင့် ရွှေရောင်စပ်နေသော မျက်လုံးများနှင့် အနက်ရောင် သံမဏိလက်တုတို့ဖြင့် သူ၏အသွင်အပြင်မှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့၏။
"အာ...တောင်စောင့်အကြီးအကဲကိုယ်တိုင် လာရောက်ကြိုဆိုတာကပဲ ကျုပ်တို့အတွက် ဂုဏ်ယူစရာဖြစ်နေပါပြီဗျာ...ဘယ်လိုလုပ် လျစ်လျူရှုတယ်လို့ ပြောရဲပါ့မလဲ..."
မျက်နှာချင်းဆိုင်ရှိ အဘိုးအိုက လက်ယှက်ကာ ရယ်မောရင်း ပြန်ပြောလိုက်၏။
ဘယ်ဘက်မှပုဂ္ဂိုလ်မှာ အဖြူရောင်ဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားကာ ပညာတတ်တစ်ဦး၏ အသွင်အပြင်ရှိသည်။ သူ၏ ဆံပင်များမှာ မီးခိုးရောင်နှင့် အဖြူရောင်ရောယှက်နေပြီး သပ်ရပ်စွာပြင်ဆင်ထား၏။
ခန္ဓာကိုယ်မှာ အနည်းငယ်ဝဖြိုးပြီး ဗိုက်ရွှဲနေကာ ပျင်းရိသောအငွေ့အသက်နှင့် သက်တောင့်သက်သာရှိသောအပြုံးတို့ကို ဆင်မြန်းထားလေသည်။
ထိုသူ၏မျိုးရိုးအမည်မှာ စွန်းဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေ၏။
ညာဘက်မှ ပုဂ္ဂိုလ်မှာမူ အဝါရောင်ရင်ကွဲဝတ်ရုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ သူ့မျက်နှာမှာ ရဲရဲနီနေပြီး နက်မှောင်သော ဆံပင်များရှိကာ လမ်းလျှောက်နေစဉ်အတွင်း ပတ်ဝန်းကျင်ကို ထက်မြက်သော အကြည့်များဖြင့် ဝေ့ဝဲကြည့်ရှုနေပြီး သူ့မျက်လုံးများထဲတွင် တက်ကြွမှုများပြည့်နှက်နေ၏။
ထိုသူ၏မျိုးရိုးအမည်မှာ ဟွမ်ဖြစ်ပြီး ကောင်းကင်မဏ္ဍိုင်မျှော်စင်၏ အကြီးအကဲတစ်ဦး ဖြစ်ပေသည်။
အကယ်၍ ရိုးရိုး ကွန်ဖြူးရှပ်ပညာရှင်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးသာ ဆိုပါက တောင်စောင့်အကြီးအကဲကိုယ်တိုင် လာရောက်ကြိုဆိုရန် မလိုအပ်ပေ။
ယခုရက်ပိုင်းအတွင်း မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ အရေးပါသော ပုဂ္ဂိုလ်ကြီးများ မလာဘဲနေသည်တော့ မဟုတ်ချေ။
သို့သော် သူတို့အားလုံးကို ပြင်ပရေးရာခန်းမဆောင်ကသာ တာဝန်ယူ ကြိုဆိုပြီး တန်းတူညီမျှ ဆက်ဆံခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခုပုဂ္ဂိုလ်ကြီးနှစ်ဦး၏ဩဇာလွှမ်းမိုးမှုမှာမူ သာမန်မဟုတ်ချေ။
အဘိုးအိုစွန်းသည် ခေတ်ပြိုင်လောကတွင် ကျော်ကြားသော ကွန်ဖြူးရှပ်ပညာရှင်ကြီး ဖြစ်သည်။ ငယ်စဉ်ကတည်းက မြင့်မြတ်သူများခန်းမဆောင်တွင် နာမည်စာရင်း ပါဝင်ခဲ့ပြီး နဂါးပျံကျောင်းတော်တွင် စာသင်ကြားပေးခဲ့သည်။ နန်းတော်မှ ပေးအပ်သောရာထူးများကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့သော်လည်း ခေတ်ကာလ၏ အားနည်းချက်များကို ထောက်ပြဝေဖန်လေ့ရှိပြီး သူ့စာပေအရေးအသားများမှာ လောကကြီးကိုပင် အံ့အားသင့်စေခဲ့သည်။
"ကျုပ် တာဝန်မယူဘူး...ပါးစပ်နဲ့ပဲပြောမယ်..." ဆိုသည့် အယူအဆ၏ စံပြပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။
ယခုအခါတွင် သူ့တပည့်တပန်းများမှာ လောကအနှံ့အပြားတွင် ရှိနေကြပြီဖြစ်ပြီး သူကိုယ်တိုင်လည်း နဂါးပျံကျောင်းတော်မှ အနားယူခဲ့ကာ တစ်နေကုန် လောကတစ်ခွင် လှည့်လည်သွားလာနေခဲ့၏။
အဘိုးအိုဟွမ်မှာမူ ယခင်က ကောင်းကင်မဏ္ဍိုင်မျှော်စင်၏ လေဖမ်းခန်းမဆောင်သခင်ဖြစ်ခဲ့ပြီး အလွန်ကြီးမားသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့သူဖြစ်သည်။
ကြယ်ခုနစ်စင်းသတင်းစာသည် ကျင့်ကြံခြင်းလောကတွင် အမြဲတမ်းဩဇာလွှမ်းမိုးမှု ကြီးမားခဲ့သော်လည်း ကျိုကျိုးမြေတစ်ခွင်လုံးသို့ အမှန်တကယ်ပျံ့နှံ့သွားခဲ့ခြင်းမှာ သူအုပ်ချုပ်ခဲ့သော ထိုဆယ်စုနှစ်များအတွင်း၌ပင်ဖြစ်သည်။
ယခုအခါ သာမန်လူ့လောကတွင် ကြယ်ခုနစ်စင်းသတင်းစာကို မသိသူမရှိသလောက်ဖြစ်ရာ သူ့ကျေးဇူးက အလွန်ကြီးမားလှပေသည်။
လက်ရှိ လေဖမ်းခန်းမဆောင်သခင်ဖြစ်သူ ကျိုးရီကျန့်မှာ သူ့ပညာအမွေကို ဆက်ခံသူ ဖြစ်သည်။ ယခုအခါ သူသည် ကောင်းကင်မဏ္ဍိုင်မျှော်စင်၏ အကြီးအကဲအဖြစ် ရှိနေဆဲဖြစ်သော်လည်း အင်မော်တယ်ဂိုဏ်း၏ကိစ္စရပ်များတွင် သိပ်မပါဝင်တော့ဘဲ တောင်တက်ရေဆင်းကာ အပန်းဖြေနေတတ်၏။
အဘိုးအိုစွန်းနှင့် အဘိုးအိုဟွမ်တို့သည် အစောပိုင်းကတည်းက ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ယခုနှစ်များအတွင်း သူတို့နှစ်ဦးသည် လောကတစ်ခွင် အတူတကွ လှည့်လည်သွားလာခဲ့ကြပြီး "တောင်မြောက်ဒေသမှ အနှောင်အဖွဲ့ကင်းသူများ" အဖြစ် လူသိများလေသည်။
တစ်ခါတစ်ရံ သူတို့ရေးသားလိုက်သော ဆောင်းပါးတစ်ပုဒ်သည်ပင် လူအများ၏ စိတ်ဝင်စားမှုကို အလွန်အမင်း ရရှိစေတတ်ပေသည်။
ယခုကဲ့သို့ ကျင့်ကြံခြင်းလောကမှ နာမည်ကျော်ပုဂ္ဂိုလ်ကြီးများ ရှုတောင်သို့ ရောက်လာသောအခါ သဘာဝကျစွာပင် မည်သူမျှ ပေါ့ပေါ့ဆဆ မဆက်ဆံရဲကြပေ။ ထို့အပြင် ဓားလက်ဆင့်ကမ်းအကြီးအကဲမှာ သူတို့နှင့် အမြဲရင်းနှီးကျွမ်းဝင်မှုရှိသူဖြစ်ရာ သူကိုယ်တိုင်ထွက်၍ ကြိုဆိုရခြင်း ဖြစ်လေသည်။
"အချိန်တွေကုန်သွားတာ တကယ်ကို မြန်လွန်းတယ်ဗျာ...ကျုပ်တို့ ရှုတောင်ရဲ့ပြိုင်ပွဲကို နောက်ဆုံးလာခဲ့တာတောင် လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကဆိုတော့ အခုကြည့်ရတာ ရှုတောင်ရဲ့ အရှိန်အဝါက ပိုပြီးကြီးမားလာသလိုပဲ..."
အဘိုးအိုစွန်းက ရယ်မောရင်း ပြောလိုက်သည်။
"ရှုတောင်ပြိုင်ပွဲက အခြားအင်မော်တယ်ဂိုဏ်းတွေရဲ့ ပွဲတော်တွေနဲ့မတူဘဲ အရမ်းစည်ကားတယ်...မကြာခဏ လာလည်သင့်တယ်လို့ ကျုပ် အစောကြီးကတည်းက ပြောသားပဲ...ခင်ဗျားသာ အမြဲတမ်းငြင်းနေခဲ့တာလေ..."
အဘိုးအိုဟွမ်က ခေါင်းခါရင်း ပြောလိုက်၏။
"အရမ်းကာရော မစွပ်စွဲနဲ့ဗျ..."
အဘိုးအိုစွန်းက ချက်ချင်း ပြန်လည်ချေပလိုက်သည်။
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လာမယ်လို့ပြောတာ ကျုပ်ပါ... အဲဒါကို ခင်ဗျားက နန်ယင်ဂိုဏ်းက တပည့်တွေရဲ့ ဖျော်ဖြေပွဲနောက်ကို လိုက်မယ်ဆိုပြီး ဇွတ်လုပ်ခဲ့တာလေ..."
"လွန်ခဲ့တဲ့ ဆယ်နှစ်ကရော...ခင်ဗျား ရှေးဟောင်းစာအုပ်တစ်ပိုင်းတစ်စကို အသည်းအသန် သွားရှာချင်နေလို့ မဟုတ်ဘူးလား..."
အဘိုးအိုဟွမ်က ချက်ချင်းမျက်လုံးပြူးကာ ပြောလိုက်သည်။
"ကဲပါ ကဲပါဗျာ...ခင်ဗျားတို့နှစ်ယောက် ဒီတစ်ကြိမ်ရောက်လာတာပဲ ကောင်းလှပါပြီ...ဒီနေ့ကလည်း ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်ဆိုတော့ ကျုပ်တို့ ရှုတောင်က မျိုးဆက်သစ် လူငယ်တပည့်တွေရဲ့ အရည်အချင်းကို အကဲဖြတ်ပေးလို့ရတာပေါ့..."
ဓားလက်ဆင့်ကမ်းအကြီးအကဲက ရယ်မောလိုက်လေသည်။ သူတို့၏ ယခုကဲ့သို့ ဆက်ဆံရေးပုံစံကို သူ ရိုးအီနေပြီဖြစ်ပုံရ၏။ ထို့ကြောင့် သူက သံမဏိလက်တုကို ယမ်းပြလိုက်ပြီး သူတို့နှစ်ဦးကြားတွင် စေ့စပ်ပေးသူအဖြစ် ဝင်လုပ်လိုက်လေသည်။
"ရှုတောင်က မျိုးဆက်သစ်လူငယ်တပည့်တွေ ဆိုတော့လည်း သဘာဝကျကျ အကောင်းဆုံးတွေ ဖြစ်မှာပေါ့ဗျာ..."
အဘိုးအိုစွန်းက ဓားလက်ဆင့်ကမ်းအကြီးအကဲအပေါ် ပိုမိုယဉ်ကျေးစွာ ဆက်ဆံလိုက်ပြီး ရယ်မောရင်း ဆက်ပြောလိုက်၏။
"ဒီမျိုးဆက်က ကျန်းယွဲ့ပိုင်နဲ့ ရွှီဇီယန်တို့ရဲ့ နာမည်ကိုတော့ ကျုပ်တို့နှစ်ယောက်လည်း မကြာခဏ ကြားဖူးပါတယ်..."
"ကျန်းကျန်း နိုင်ကိုနိုင်ရမယ်ဟေ့..."
အဘိုးအိုဟွမ်က ကျန်းယွဲ့ပိုင်၏နာမည်ကို ကြားသည်နှင့် တစ်ပြိုင်နက် လက်သီးကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်လေသည်။