← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း (၂၈၈) - တောင်မြောက် အနှောင်အဖွဲ့ကင်းမဲ့သူများ (၂)

အဘိုးအိုစွန်းက မသိမသာ မျက်စောင်းထိုးလိုက်ပြီး သူနှင့် အတူရှိနေရသည်ကို ရှက်ရွံ့သကဲ့သို့ ခြေနှစ်လှမ်းခန့်နောက်ဆုတ်ကာ ခပ်ခွာခွာ နေလိုက်လေတော့သည်။

စကားပြောနေစဉ်အတွင်း သူတို့သုံးဦးမှာ ကြည့်ရှုသူများစင်မြင့်ထက်သို့ ရောက်ရှိသွားကာ ဝင်ထိုင်လိုက်ကြသည်။ အရှေ့ဘက်ရှိ ပြိုင်ပွဲစင်မြင့်ကို ကြည့်ရင်း ဓားလက်ဆင့်ကမ်းအကြီးအကဲက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်၏။

"ကျန်းယွဲ့ပိုင်နဲ့ ရွှီဇီယန်တို့အပြင် အလားအလာရှိတဲ့ လူသစ်တပည့်တွေလည်း အများကြီးရှိပါသေးတယ်...အခုလေးတင် စင်ပေါ်တက်သွားတဲ့ မုယွဲ့ထင်နဲ့ ချူလျန်ဆိုရင်လည်း မကြာသေးခင်ကမှ နာမည်ထွက်လာကြတာလေ…”

“ခင်ဗျားတို့နှစ်ယောက် ဒီပွဲစဉ်မှာ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ကြပါလား..."

အဘိုးအိုစွန်းက မုတ်ဆိတ်ကိုပွတ်သပ်ရင်း သေချာစွာ အကဲခတ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။

"အကယ်လို့ သူတို့ထုတ်ဖော်ပြသထားတဲ့ အရှိန်အဝါတွေကိုပဲ ကြည့်ရမယ်ဆိုရင်တော့ နှစ်ယောက်လုံးက ဘာမှဖုံးကွယ်ထားပုံမရဘူး... ဒီမိန်းကလေးက ရွှေအမြုတေအလယ်အဆင့်ကနေ နှောင်းပိုင်းအဆင့်ကို ရောက်ခါနီးဖြစ်နေပြီ…”

“အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းက အံ့မခန်းပဲ... ဒါ့အပြင် သူ့ရဲ့ ဓားအရှိန်အဝါကလည်း ထက်မြက်လှတယ်...ဒီကောင်လေးကတော့ ရွှေအမြုတေကနဦးအဆင့်ကို သိပ်မကြာသေးခင်ကတင်ရောက်ထားတာ…”

“ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက...အကောင်းဆုံး ရွှေအမြုတေလား...ဟာ…”

“ဒါက တကယ့်ကို တွေ့ရခဲတဲ့ကိစ္စပဲ...ဒါကြောင့်မို့လို့ ခင်ဗျားက အလားအလာရှိတယ်လို့ ပြောတာကိုး...ဒီလို အကောင်းဆုံးရွှေအမြုတေသာ ရှိနေရင် နောင်တစ်ချိန် ကြီးပြင်းလာတဲ့အခါ ရှုတောင်တစ်ခုလုံးကို ဦးဆောင်နိုင်လောက်တဲ့အထိ သေချာပေါက်ဖြစ်လာမှာပဲ…”

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့အဆင့်က နိမ့်နေသေးတယ်လေ...ဒီအကောင်းဆုံး ရွှေအမြုတေက သူတို့နှစ်ယောက်ကြားက ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မလား ဆိုတာတော့ ပြောရနည်းနည်းခက်တယ်..."

"မုယွဲ့ထင် နိုင်မယ်လို့ ကျုပ် လောင်းတယ်..."

အဘိုးအိုဟွမ်က လက်ထဲတွင် စာအုပ်ငယ်တစ်အုပ်ကို ကိုင်ထားရင်း တည်ငြိမ်စွာ လှန်လှောကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်လေသည်။

"ခင်ဗျားက ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ..."

အဘိုးအိုစွန်းက မေးလိုက်၏။

"ဟဲဟဲ...ဒါ ကျုပ်တို့ ကောင်းကင်မဏ္ဍိုင်မျှော်စင်က တပည့်တွေရဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေးထားတဲ့ မှတ်စုလေ..."

အဘိုးအိုဟွမ်က လက်ထဲရှိ စာအုပ်ငယ်ကို ဝှေ့ယမ်းပြလိုက်၏။

"ဒီမုယွဲ့ထင်က အခုချိန်ထိ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်ပွဲစလုံးမှာ ဘက်စုံတော်တဲ့ အရည်အချင်းကို ပြသနိုင်ခဲ့တယ်...အထူးသဖြင့် သူ့ရဲ့ ဓားသိုင်းကျင့်စဉ်က အတော်လေး ကျွမ်းကျင်ပိုင်နိုင်တာကို တွေ့ရတယ်...ချူလျန်ကတော့ ပထမတစ်ပွဲမှာ မှော်ဝင်ပစ္စည်းမျိုးစုံကို သုံးပြီး မျှော်လင့်မထားတဲ့ တိုက်ကွက်တွေနဲ့နိုင်ခဲ့တာ…”

“နောက်တစ်ပွဲကျတော့လည်း ဉာဏ်နီဉာဏ်နက်တွေသုံးပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တာဆိုတော့ သူ့ရဲ့ အစစ်အမှန် စွမ်းရည်ကို လုံးဝ မပြသနိုင်ခဲ့ဘူးလို့ ပြောလို့ရတယ်..."

အဘိုးအိုစွန်းသည် ထိုစကားကို ကြားသောအခါ အနည်းငယ် စဉ်းစားလိုက်လေသည်။

ထိုစဉ် အဘိုးအိုဟွမ်က ထပ်ပြောလာသည်ကို ကြားလိုက်ရ၏။

"ပြီးတော့ အရေးအကြီးဆုံး အချက်က...ဒီမုယွဲ့ထင်ရဲ့ ဆရာက တာအိုပညာရှင်ယန့် ဖြစ်ပြီး ချူလျန်ရဲ့ ဆရာက တိနွီဖုန့် ဖြစ်နေတာပဲ..."

"ဒါဆိုရင်တော့ မိန်းကလေးပဲနိုင်မယ်လို့ ကျုပ်လည်း ထင်တယ်..."

အဘိုးအိုစွန်းက တွေဝေခြင်း အလျဉ်းမရှိဘဲ ပြောလိုက်လေသည်။

...

ယခုရက်ပိုင်းအတွင်း ချူလျန်မှာ အနည်းငယ် အလုပ်များနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူစာရင်းပေးသွင်းထားသော ပြိုင်ပွဲအမျိုးအစားများ များပြားလှသဖြင့် နေ့စဉ်နီးပါး တစ်ပွဲပြီးတစ်ပွဲဝင်ရောက် ယှဉ်ပြိုင်နေရသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် သူလျှိုကိစ္စများလည်းရှိသေးရာ အကယ်၍ အချိန်များတိုက်ဆိုင်နေပါက ဂိုဏ်းနှင့် သေချာပေါက် တိုင်ပင်ဆွေးနွေး၍ရနိုင်သော်လည်း မနေ့ကပွဲစဉ်မှာ ဝိညာဉ်သားရဲများ၏ တိုက်ခိုက်ရေးပွဲစဉ်တစ်ခုသာ ဖြစ်ပြီး အဓိကဇာတ်လိုက်မှာလည်း သူမဟုတ်ပေ။

ထို့ကြောင့် လျိုရှောင်ယွီကို ကိုယ်စားလွှတ်လိုက်လျှင်လည်း ကိစ္စမရှိလှချေ။

သို့သော် ထိုကောင်မလေး ပြန်ရောက်လာချိန်တွင် မျက်နှာမကောင်း ဖြစ်နေခဲ့၏။ မေးကြည့်မှသာ ထိုနေရာတွင် ခန္ဓာကိုယ်ထွားကြိုင်းပြီး သဘောကောင်းကာ အသံကျယ်ကျယ်ဖြင့် ငိုတတ်သော လူသန်ကြီးတစ်ဦးကို တွေ့ခဲ့ရကြောင်း သိလိုက်ရ၏။

ထိုလူသည် သူ့ဝိညာဉ်သားရဲကို ရွှေမွေးဟူက အနိုင်ကျင့်လိုက်သည်ကို မြင်သောအခါ အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့သဖြင့် လျိုရှောင်ယွီက သူ့ကို အချိန်အတော်ကြာ နှစ်သိမ့်ပေးခဲ့ရပြီးမှ ပြန်လာခဲ့ရခြင်းဖြစ်ပေသည်။

ပုံမှန်အားဖြင့် ရှုတောင်ရှိ တောင်ထွတ်အသီးသီးမှ ဝိညာဉ်သားရဲများထဲတွင် စတုတ္ထအဆင့်ရှိလျှင်ပင် အတော်လေး အစွမ်းထက်နေပြီဖြစ်သည်။ အကယ်၍ ပဉ္စမအဆင့်သာ ဆိုပါက ဗိုလ်လုပွဲအတွက် အားအကောင်းဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်လာပေမည်။

ထိုသူသည် ပြိုင်ပွဲမဝင်မီက ဆဋ္ဌမအဆင့်ရှိသော သားရဲဆိုးကြီး ဝင်ပြိုင်မည်ဟု တွေးတောင်တွေးမိခဲ့မည် မဟုတ်ချေ။

ရွှေမွေးဟူမှာ ဆဋ္ဌမအဆင့်သို့ ယခုမှဝင်ရောက်လာကာ အဆင့်မတည်ငြိမ်သေးဘဲ မွေးရာပါ တန်ခိုးစွမ်းအင်များကိုလည်း အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း မည်သို့ပင်ဆိုစေ စတုတ္ထအဆင့်ဝိညာဉ်သားရဲကို အနိုင်ကျင့်ရန်မှာ အလွန်လွယ်ကူလှပေသည်။

ကံကောင်းထောက်မစွာဖြင့် သူလျှိုကိစ္စဘက်တွင်လည်း အရေးတကြီးကိစ္စများ မရှိသောကြောင့် ဒီနေ့အဓိကပွဲစဉ်အတွက် အချိန်မီပြန်လာနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။

ယနေ့ သူ့ပြိုင်ဘက်မှာလည်း ကိုင်တွယ်ရခက်သူတစ်ဦး ဖြစ်နေပြန်၏။

၁၆ ယောက်မှ ၈ ယောက်သို့ တက်မည့်ပွဲစဉ်သို့ ရောက်ရှိလာချိန်တွင် ရွှေအမြုတေအဆင့် ပြိုင်ပွဲဝင်များမှာ ဝိညာဉ်အသိအမြင်အဆင့်ထက်များစွာ ပိုမိုများပြားနေပြီဖြစ်ရာ အားနည်းသောပြိုင်ဘက်နှင့် တွေ့ဆုံရန် အခြေခံအားဖြင့် ခက်ခဲလှပေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ မုယွဲ့ထင်မှာ ထိုအထဲတွင် အတော်လေး အစွမ်းထက်သူတစ်ဦး ဖြစ်ပေသည်။

အကယ်၍ ကျန်းယွဲ့ပိုင်နှင့် ရွှီဇီယန်တို့သာ မရှိခဲ့ပါက သူမသည် ခေါင်းဆောင်တပည့်နေရာကို ယှဉ်ပြိုင်မည့် ပထမတန်းစားပြိုင်ဘက် ဖြစ်လာမည်ဟုပင် ပြော၍ရလေသည်။

ပွဲစဉ်တိုင်းအတွက် ပြိုင်ဘက်များကို ပွဲမတိုင်မီ တစ်ရက်အလိုတွင် မဲနှိုက်ရွေးချယ်လေ့ရှိရာ ချူလျန်က ယခုရက်ပိုင်းအတွင်း သူ့မဲကံမှာ သာမန်သာဖြစ်နေသည်ဟု ခံစားမိသောကြောင့် လျိုရှောင်ယွီကို သူ့ကိုယ်စား တစ်ကြိမ်လောက် မဲနှိုက်ခိုင်းလျှင် ကောင်းမလားဟု စဉ်းစားနေမိ၏။

သူမသည် သပ်ရပ်သော အဖြူရောင်ဓားသမားဝတ်စုံကို ဝတ်ဆင်ထားပြီး အင်္ကျီကော်လာမှာ လည်ပင်းကို ဖုံးလွှမ်းထားလေသည်။ နားရွက်အထိ ညီညာစွာ ညှပ်ထားသော ဆံပင်တို၊ ဖြူဖွေးသော အသားအရေနှင့် မျက်ခွံတစ်ထပ်တည်းရှိကာ အရပ်ရှည်ပြီး ပိန်သွယ်သောခန္ဓာကိုယ်ရှိပြီး ကျောဘက်တွင် လေးပေခန့်ရှည်သော ဓားသွယ်တစ်လက်ကို လွယ်ထား၏။

သူမ ထိုနေရာတွင်ရပ်ကာ အရှိန်အဝါကို အနည်းငယ်ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေအမြုတေအလယ်အဆင့်၏ကြီးမားလှသော အရှိန်အဝါများ ထွက်ပေါ်လာလေတော့သည်။

ပိလော့တောင်ထွတ်တွင် ကျန်းယွဲ့ပိုင်သည် အစွမ်းထက်လှသော်လည်း သူမသည် အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်အပေါ် ပို၍ မှီခိုအားထားရပြီး အမျိုးမျိုးသော တန်ခိုးစွမ်းအင်များကိုလည်း ကျွမ်းကျင်စွာအသုံးပြုနိုင်သူ ဖြစ်သည်။

သို့သော် မုယွဲ့ထင်မှာမူ သူမဆရာကဲ့သို့ စစ်မှန်သော အမျိုးသမီး ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမသည် ကျန်းယွဲ့ပိုင်ထက် နှစ်နှစ်ခန့်ကြီးပြီး ကျန်းယွဲ့ပိုင် နာမည်မထွက်လာမီအချိန်အထိ သူမကိုသာ တာအိုပညာရှင်ယန့်၏ ပညာအမွေဆက်ခံသူအဖြစ် အမြဲသတ်မှတ်ထားခဲ့ကြခြင်းပင်ဖြစ်သည်။

ချူလျန်သည် ရွှေအမြုတေကနဦးအဆင့်၏အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ အနည်းငယ် အားနည်းနေပုံရသော်လည်း အကောင်းဆုံးရွှေအမြုတေ ရှိနေသောကြောင့် တစ်ဖက်နှင့်တစ်ဖက်ကွာဟချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်လေသည်။

ပြင်ပလူများအမြင်တွင်မူ ယခုပွဲသည် အတော်လေး အင်အားမျှတသော တိုက်ပွဲတစ်ပွဲဖြစ်ပြီး ချူလျန်မှာ အနည်းငယ်အားနည်းသော်လည်း တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ထင်မြင်နေကြ၏။

သို့သော် ကျန်းယွဲ့ပိုင်၏အမြင်တွင်မူ ထိုသို့မဟုတ်ပေ။

သူမသည် စင်အောက်တွင်ရပ်ကာ ချူလျန်အပေါ်သို့ အကြည့်ရောက်သွားပြီး အနည်းငယ် တွေးတောနေမိ၏။ သူမသည် သူ့ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်ဖြစ်သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်ပြီး သူ၏ကြောက်မက်ဖွယ် တိုးတက်မှုနှုန်းနှင့်ဆိုလျှင် မည်ကဲ့သို့သော တိုးတက်မှုများ ရှိနေမည်ကို သူမ မသိနိုင်တော့ချေ...။

'ဒီရက်ပိုင်းအတွင်း သူ့ရဲ့ တိုးတက်မှု ရပ်တန့်နေမှာလား...'

သံယောဇဉ်အရဆိုလျှင် သူမသည် သူမ၏ဂိုဏ်းတူအစ်မနှင့် ပို၍ ရင်းနှီးသင့်ပေသည်။ သို့သော် ဘာကြောင့်မှန်းမသိ သူမ၏စိတ်ထဲတွင်မူ ချူလျန် ရှုံးနိမ့်သွားမည်ကို မလိုလားသလို ခံစားနေရ၏။

ထိုထူးဆန်းသောအတွေးကို ရှင်းပြရန် ခက်ခဲလှ၏။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲ၌ သေချာရေရာသောအသံတစ်ခုက ပြောနေသကဲ့သို့ ခံစားလိုက်ရသည်။

'ချူလျန် သေချာပေါက် ရှုံးမှာမဟုတ်ဘူး...'

All Chapters