← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) - အရင်သွားနှင့်မည်

"ချူလျန် လုံးဝရှုံးမှာ မဟုတ်ဘူး…မင်းတို့တွေ စိတ်ချလက်ချသာ နေကြစမ်းပါ..."

လင်းပေ့က ရင်ဘတ်ကိုပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူ့အနောက်တွင် ရှန်ဇီလျန်၊ နောက်လိုက် (က)နှင့် အခြားသူများက စိုးရိမ်တကြီးဖြင့်ရပ်နေကြ၏။ ရှန်ဇီလျန်က ပြောလိုက်သည်။

"အစ်ကိုကြီးက အံ့ဩစရာကောင်းတဲ့ လုပ်ရပ်တွေကို အမြဲလုပ်ပြတတ်ပေမယ့် စီနီယာအစ်မမုကလည်း သာမန်လူ မဟုတ်ဘူးလေ…”

“တကယ့်စွမ်းရည်အစစ်နဲ့သာ ယှဉ်ပြိုင်ရမယ်ဆိုရင် သူနိုင်ပါ့မလားမသိဘူးနော်..."

လင်းပေ့က ခေတ္တရပ်ကာ ဆက်ပြောလိုက်၏။

"သူ ဘယ်လိုနိုင်မလဲဆိုတာ ငါမသိပေမယ့် သူ သေချာပေါက် နိုင်မယ်ဆိုတာကိုတော့ ငါ သိတယ်…ငါကတော့ သူ့အပေါ် လုံးဝယုံကြည်မှုအပြည့် ရှိတယ်..."

ချူလျန်အပေါ်ထားရှိသည့် သူ၏ပြင်းထန်သောယုံကြည်မှုက ရှန်ဇီလျန်ကိုပင် အံ့အားသင့်သွားစေ၏။

'လင်းပေ့တောင်မှ အစ်ကိုကြီးအပေါ် ဒီလောက်ယုံကြည်မှုရှိနေမှတော့ ငါကရော ဘယ်လိုလုပ် နောက်ကျကျန်ရစ်လို့ ဖြစ်ပါ့မလဲ...'

ထို့ကြောင့် ရှန်ဇီလျန်က ခေါင်းမော့ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

"ချူလျန်...ချူလျန်...ရှုတောင်မှာအသန်မာဆုံးဟေ့..."

ချူလျန်က ချက်ချင်းပင် သူ့ကိုပါးစပ်ပိတ်ထားရန် လက်ဟန်ပြလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် မုယွဲ့ထင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် ချူလျန်၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွား၏။

"စီနီယာအစ်မမု...စလိုက်ကြရအောင်..."

"ဂိုဏ်းတူမောင်လေးချူ...စကြတာပေါ့..."

နှစ်ဖက်လုံးက လက်ယှက်ကာ အရိုအသေပေးလိုက်ကြပြီးနောက် ကွင်းလယ်ရှိ တာဝန်ခံအကြီးအကဲက လက်ဝှေ့ယမ်းလိုက်သည်။

"စတင်နိုင်ပြီ..."

ပြိုင်ပွဲစတင်သည်နှင့်တစ်ပြိုင်နက် မုယွဲ့ထင်သည် ချီအရှိန်အဝါအားလုံးကို ချူလျန်၏ လက်နှစ်ဖက်ဆီသို့ တင်းကြပ်စွာ သော့ခတ်ထားလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ဓားထံမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ချူလျန်၏ ယခင်တိုက်ပွဲများကို သူမ ကြည့်ရှုခဲ့ဖူးသည်။ သူ အားအထားရဆုံးအရာမှာ ပုံစံမျိုးစုံ ပြောင်းလဲနိုင်သော ထိုထူးဆန်းသည့် မှော်ဝင်ပစ္စည်းဖြစ်ကြောင်း သူမသိထား၏။ ထိုအရာက တိုက်ခိုက်ရာတွင် အလွန်မြန်ဆန်ပြီး သတ်ဖြတ်နိုင်စွမ်းလည်း အလွန်အားကောင်းပေသည်။

သို့သော် အာရုံစိုက်ထားနိုင်မည်ဆိုပါက ကာကွယ်ရန် သိပ်မခက်ခဲလှချေ။

ထို့ကြောင့် သူမကအရင်ဦးဆုံး လက်ဦးမှုရယူကာ သူ့ကို မှော်ဝင်ပစ္စည်း အသုံးပြုခွင့်မပေးရန် ဆုံးဖြတ်ထားခြင်းပင်။

သို့သော် ချူလျန်၏လက်ထဲမှ ထုတ်ယူလိုက်သောအရာမှာ သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းမဟုတ်ဘဲ ကျောက်စိမ်းအဆောင်ပြားတစ်ခု ဖြစ်နေသည်။

၎င်းမှာ မန္တန်သိမ်းဆည်း ကျောက်စိမ်းအဆောင်ပြားဖြစ်၏။

ရှုတောင်ဂိုဏ်းတွင် တပည့်များ စင်မြင့်ပေါ်သို့ ယူဆောင်လာမည့် မှော်ဝင်ပစ္စည်းများနှင့် ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းများ ရှိပေသည်။ တစ်ကြိမ်လျှင် တစ်ခုသာ ယူဆောင်ခွင့်ရှိပြီး ကြိုတင်စစ်ဆေးမှုကိုလည်း ခံယူရမည်ဖြစ်သည်။

မန္တန်သိမ်းဆည်း ကျောက်စိမ်းအဆောင်ပြားကဲ့သို့သော အရာများကိုလည်း မှော်ဝင်ပစ္စည်းအဖြစ် စင်မြင့်ပေါ်သို့ ယူဆောင်သွားနိုင်သော်လည်း တစ်ခုသာခွင့်ပြုထားပြီး ထိုအထဲတွင် သိမ်းဆည်းထားသော မန္တန်အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်သည် ယှဉ်ပြိုင်သူထက် အဆင့်တစ်ဆင့်ထက်ပို၍ မမြင့်မားရပေ။

ဆိုလိုသည်မှာ ချူလျန်အနေဖြင့် ကျောက်စိမ်းအဆောင်ပြားကို ယူဆောင်လာပါက သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို ယူဆောင်လာခွင့်မရှိတော့ပေ။

ထို့အပြင် ဤကျောက်စိမ်းအဆောင်ပြားကို တစ်ကြိမ်သာအသုံးပြုနိုင်ပြီး ၎င်းအတွင်း၌ စတုတ္ထအဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်သော မန္တန်များကိုသာ သိမ်းဆည်းထားနိုင်လေသည်။

ကန့်သတ်ချက်များမှာ အတော်လေးများပြားလှ၏။

သို့သော်လည်း ချူလျန်က ၎င်းကို ယူဆောင်လာခဲ့ပြီး ထိုအထဲတွင် သိမ်းဆည်းထားသည်မှာ လော့ယောင် အသုံးပြုသော စုန်းမန္တန်တစ်ခုဖြစ်ပေသည်။

၎င်းမှာ မန္တန်တားမြစ်မြေ အစီအရင်ပင်။

ဖောင်း...

မန္တန်အစီအရင်ကျရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လေပြည်တစ်ချက် တိုက်ခတ်သွားလေသည်။

မုယွဲ့ထင်သည် သူမ၏ စစ်မှန်သောချီများ ရပ်တန့်သွားသည်ဟု ခံစားလိုက်ရပြီး ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းများ၏ဖိနှိပ်မှုကို ခံလိုက်ရ၏။ သူမက စုန်းမန္တန်၏ အာနိသင်ကို ချက်ချင်းနားလည်သွားပြီး မျက်နှာအရောင် ပြောင်းလဲသွားတော့သည်။

သူမ၏ ကျင့်ကြံခြင်းစွမ်းရည်အားလုံးမှာ ဓားပေါ်တွင်သာ မူတည်နေ၏။ အကယ်၍ စစ်မှန်သောချီများကို အသုံးမပြုနိုင်ပါက ဓားချီဆိုသည်မှာလည်း ပြောစရာပင်မလိုတော့ချေ။

သို့သော် သူမက အလွယ်တကူအရှုံးမပေးဘဲ ကျင့်ကြံခြင်းစွမ်းအားများကို အစွမ်းကုန် လည်ပတ်လိုက်လေသည်။ ဓားကိုယ်ထည်မှာ လင်းလက်လိုက်၊ မှေးမှိန်လိုက်ဖြစ်နေပြီး ထက်မြက်သော အရှိန်အဝါများ လွှမ်းမိုးနေ၏။

သူမသာ အစွမ်းကုန်ရုန်းကန်မည်ဆိုပါက မန္တန်တားမြစ်မြေ၏ကြာမြင့်ချိန်သည် သိသိသာသာ တိုတောင်းသွားမည်ကို သူမသိထားသည်။ တစ်ဖက်လူအနေဖြင့် အမြင့်ဆုံး စတုတ္ထအဆင့်ရှိ မန္တန်တားမြစ်မြေကိုသာ သိမ်းဆည်းထားနိုင်မည်ဖြစ်ရာ သူမအတွက်ဆိုလျှင် စက္ကန့်အနည်းငယ်မျှဖြင့် ဖောက်ထွက်နိုင်ပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် တစ်ဖက်လူတွင် အသုံးပြုစရာ မှော်ဝင်ပစ္စည်းမရှိတော့ဘဲ သူမတွင်မူ ကျင့်ကြံခြင်းအဆင့်သာလွန်မှုအပြင် မှော်ဝင်ပစ္စည်းတစ်ခုလည်း အသာစီးရနေဦးမည် ဖြစ်သည်။

'ခဏလောက် တောင့်ခံနိုင်ရင်ရပြီ...'

သို့သော် သူမ တောင့်ခံနိုင်ပါမည်လော။

...

ချူလျန်က လေပြင်းတစ်ရပ်ကဲ့သို့ အလျင်အမြန် ပြေးဝင်လာပြီဖြစ်သည်။

ယခင်ပြိုင်ပွဲနှစ်ခုကို လေ့လာစောင့်ကြည့်မှုအရ မုယွဲ့ထင်၏တိုက်ပွဲများအားလုံးကို သူ မြင်တွေ့ခဲ့ရသည်။ သူမ ကျင့်ကြံထားသမျှသည် ဓားသိုင်းများသာဖြစ်ပြီး သူမတိုက်ခိုက်မှုများက ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်ကြောင်း သူ သိထား၏။

သူမကိုသာ အစွမ်းကုန် တိုက်ခိုက်ခွင့်ပေးလိုက်ပါက ပဉ္စမအဆင့်ကျင့်ကြံသူပင်လျှင် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်မည်ဟု မပြောရဲပေ။

ထို့ကြောင့် သူမအားနည်းချက်မှာ ကာကွယ်ရေးတွင် မကျွမ်းကျင်ခြင်းပင်ဖြစ်သည်။

တိုက်ခိုက်ခြင်းက အကောင်းဆုံး ကာကွယ်ခြင်းဆိုသည်မှာ မှန်သော်လည်း သင် တိုက်ခိုက်၍မရသော အချိန်တွင်မူ မည်သို့လုပ်မည်နည်း။ အထူးသဖြင့် ယခင်ပြိုင်ပွဲနှစ်ခုတွင် သူမခန္ဓာကိုယ်နှင့် ပတ်သက်သော မန္တန်စွမ်းရည်များကို အသုံးပြုခဲ့သည်ကို ချူလျန် တစ်ကြိမ်မှ မမြင်တွေ့ခဲ့ရချေ။

ထို့ကြောင့် မုယွဲ့ထင်သည် စစ်မှန်သော အမျိုးသမီးဓားကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို သိပ်ပြီး အာရုံစိုက်လေ့ကျင့်ထားမည်မဟုတ်ဟု သူ ကောက်ချက်ချလိုက်လေသည်။

အမှန်တကယ်တွင် ယခင်ပြိုင်ပွဲမှ ဖန်ထင်း၏လက္ခဏာများသည်လည်း သူမနှင့် ဆင်တူပေသည်။ သူတို့နှစ်ဦးလုံးမှာ ရှုတောင်ဂိုဏ်း၏ စစ်မှန်သော ဓားလမ်းစဉ်ဆက်ခံသူများဖြစ်ပြီး တိုက်ခိုက်မှုအားကောင်းကာ ကာကွယ်မှုအားနည်းသည့် ပုံစံများဖြစ်ကြ၏။

သို့သော် ချူလျန်က ဖန်ထင်းအကြောင်းကို ပိုမိုနားလည်ထားပြီး သူ စိတ်အာရုံလွင့်ပါးသွားစေရန် မည်သို့လှုံ့ဆော်ရမည်ကို သိရှိထားသောကြောင့် ပိုမိုလွယ်ကူသောနည်းလမ်းဖြင့် ပြိုင်ပွဲကိုအနိုင်ရခဲ့ခြင်း ဖြစ်သည်။

မုယွဲ့ထင်ကို ရင်ဆိုင်ရသည်က သိသိသာသာ ပို၍ခက်ခဲပေသည်။

သူ တိုက်ခိုက်နိုင်မည့်အချိန်မှာ စက္ကန့်အနည်းငယ်မျှသာရှိနိုင်ပြီး ထိုအချိန်ကျော်လွန်သွားပါက သူမသည် မန္တန်တားမြစ်မြေ၏ ချုပ်နှောင်မှုမှ ဖောက်ထွက်နိုင်သွားမည်ဖြစ်သည်။

နဂါးသွေးလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံထားသောကြောင့် ချူလျန်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် တူညီသောအဆင့်ရှိသူများကို အများကြီးကျော်လွန်နေပြီဖြစ်၏။ သူက ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလိုက်ကာ အသက်တစ်ချက်ရှူစာ အချိန်အတွင်းမှာပင် မုယွဲ့ထင်ရှေ့သို့ ရောက်ရှိသွားတော့သည်။

မုယွဲ့ထင်က သူမ၏ရှည်လျားသောဓားကို ထောင်လိုက်ကာ အသင့်ပြင်ထားလိုက်သည်။

စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမ ခန္ဓာကိုယ်က မည်မျှပင် အားနည်းနေပါစေ၊ လုံးဝတိုက်ခိုက်နိုင်စွမ်း မရှိသည်အထိတော့ မဟုတ်ပေ။

သူမတွင် ဓားသိုင်းအခြေခံများ ရှိနေသေးရာ ၎င်းတို့ကို အသုံးပြုလိုက်ပါက တတိယအဆင့် သိုင်းပညာကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးဟု မဆိုနိုင်ချေ။ ထို့ကြောင့် ယခုအချိန်တွင် သူမ သိပ်ပြီး အထိတ်တလန့် ဖြစ်မနေခြင်းပင်။

ချူလျန်၌ သိုင်းပညာအခြေခံ အချို့ရှိနေလျှင်ပင် မည်မျှအထိ မြင့်မားနိုင်မည်နည်း။

သို့သော် သူမ၏ ရှည်လျားသောဓားကို ရင်ဆိုင်ရာတွင် ချူလျန်သည် လက်နက်ကိုပင် ဆွဲထုတ်ခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် မုယွဲ့ထင်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။ သူ၏ အေးစက်သော အကြည့်များထဲတွင် စူးရှသောအလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

'မင်းရဲ့ စွမ်းရည်အားလုံးကို ငါ အစောကြီးကတည်းက တွေ့ထားပြီးပြီ…ဒါပေမဲ့ မင်းကတော့ ငါ့ရဲ့ နည်းလမ်းတွေအကြောင်း ဘာမှမသိဘူး…ဒီတိုက်ပွဲရဲ့ ရလဒ်က တကယ်တော့ အစောကြီးကတည်းက သတ်မှတ်ပြီးသားပါ...'

နောက်ပြန်လှည့် ကိုယ်ဖော့ပညာ။

ထို့နောက် လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်လေသည်။

ဘုန်း...

မုယွဲ့ထင်၏ ခန္ဓာကိုယ်သည် မည်သည့်ခုခံမှုမျှမလုပ်နိုင်ဘဲ အားပျော့စွာလဲကျသွားပြီး သတိလစ်သွားတော့သည်။

အသက်နှစ်ချက်ရှူစာ အချိန်အတွင်းမှာပင် တိုက်ပွဲ ပြီးဆုံးသွားလေပြီ။

...

ပွဲကြည့်စင်ပေါ်တွင် အဘိုးအိုဆွန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ဟဲဟဲ... အဘိုကြီးဟွမ်...မင်း တစ်ခုခုပြောပါဦးလား..."

အဘိုးအိုဟွမ်၏ မျက်နှာအမူအရာက အနည်းငယ် မှုန်ကုပ်သွား၏။ ဤကောင်လေးက နောက်ထပ် လှည့်ကွက်တစ်ခုကို အသုံးပြုကာ ပြိုင်ပွဲကိုလွယ်ကူစွာ အနိုင်ရသွားလိမ့်မည်ဟု သူ တကယ်ကို မထင်ထားခဲ့ပေ...။

"မင်း ဘာရယ်နေတာလဲ…မင်းလည်း ခန့်မှန်းတာ မှားသွားတာပဲ မဟုတ်ဘူးလား..."

အဘိုးအိုဆွန်းက ခေါင်းတယိမ်းယိမ်းဖြင့် ပြောလိုက်သည်။

"သူရှုံးမယ်လို့ ငါ ခန့်မှန်းခဲ့တာက တိနွီဖုန့်အပေါ်ထားတဲ့ အမြင်စောင်းမှုတစ်ခုတည်းကြောင့်သက်သက်ပါ… ဒါ ဖယ်လိုက်မယ်ဆိုရင်တော့ ငါ ဒီလိုအကောင်းဆုံးရွှေအမြုတေကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးကို အတော်လေး အထင်ကြီးမိတယ်”

“ရလဒ်ကလည်း ထင်ထားတဲ့အတိုင်းပါပဲ…ငါ စာအုပ်ငယ်လေးကိုင်ပြီး တစ်ခွန်းမကျန် လိုက်ခွဲခြမ်းစိတ်ဖြာနေတာမျိုးမှ မလုပ်ခဲ့တာ…အဲဒီလို ခွဲခြမ်းစိတ်ဖြာပြီး နောက်ဆုံးကျတော့လည်း အကြီးအကျယ် မှားသွားတာမျိုးမှမဟုတ်တာ..."

အဘိုးအိုဟွမ်က လက်ထဲရှိ စာအုပ်ငယ်ကို လွှင့်ပစ်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဟမ့်...တစ်ခါလောက် ကံကောင်းသွားတာပါကွာ… သူ့မှာတကယ့်စွမ်းရည်အစစ်မှမရှိတာ…နောက်ဆုံးကျရင် သူ အဝေးကြီးကို ရောက်နိုင်မှာမဟုတ်ပါဘူး..."

အဘိုးကြီးဆွန်း၏ မျက်လုံးများက တစ်ချက်လည်သွားပြီး ရုတ်တရက် ပြောလိုက်၏။

"သူက ကိုယ့်ရဲ့အားသာချက်ကို အသုံးချပြီး ရန်သူရဲ့အားနည်းချက်ကို ပစ်မှတ်ထားတတ်တယ်…ငါတော့ သူ့ကို အတော်လေး သဘောကျတယ်…ဒါဆို ငါတို့ လောင်းကြေးလေးတစ်ခုလောက် လောင်းကြမလား သူ့ရဲ့ နောက်ထပ်တိုက်ပွဲအနိုင်အရှုံးကို လောင်းကြတာပေါ့..."

အဘိုးအိုဟွမ်က မေးလိုက်သည်။

"အို... မင်း ဘာလောင်းချင်လို့လဲ..."

အဘိုးအိုဆွန်းက ပြောလိုက်သည်။

"တကယ်လို့ နောက်တစ်ပွဲမှာ သူ နိုင်ခဲ့ရင် မင်းကောင်းကင်မဏ္ဍိုင်မျှော်စင်က အဲဒီ 'အရာအားလုံးသိ' ဆိုတဲ့ ပစ္စည်းကို သုံးရက်လောက် ငါ့ကိုငှားရမယ်..."

အဘိုးအိုဟွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။

"မင်း 'အရာအားလုံးသိ' ကို သွားရည်ကျနေမှန်း ငါ အစောကြီးကတည်းက ရိပ်မိပါတယ်…တကယ်ကို မြေခွေးအမြီး ပေါ်လာတာပဲ…တကယ်လို့ နောက်တစ်ပွဲမှာ သူရှုံးခဲ့ရင် မင်း ဒီနှစ်အတွက် စာလုံးရေးသားခွင့်အခွင့်အရေးကို ငါ့ရဲ့ ကောင်းကင်မဏ္ဍိုင်မျှော်စင်ကို ပေးရမယ်..."

အဘိုးအိုဆွန်းက ရယ်မောကာ ပြောလိုက်သည်။

"သဘောတူတယ်..."

အဘိုးအိုနှစ်ဦး ရယ်မောစကားပြောနေစဉ် တစ်ဖက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ဓားလက်ဆင့်ကမ်းအကြီးအကဲက လူတစ်ယောက်ကို တားဆီးနေခြင်းဖြစ်သည်။

ဓားလက်ဆင့်ကမ်းအကြီးအကဲက အသံဩဩဖြင့် ပြောလိုက်သည်။

"မမိုက်ရိုင်းစမ်းနဲ့…တောင်တံခါးထိပ်သီးညီလာခံက မင်းရမ်းကားလို့ရတဲ့ နေရာများမှတ်နေလား..."

ရောက်လာသူက အော်ဟစ်လိုက်သည်။

"ငါ ဘာရည်ရွယ်ချက်မှ မရှိပါဘူး…အဲဒီ ဟွမ်ဆိုတဲ့ အဘိုးကြီး ရောက်နေတယ်လို့ ကြားလို့ပါ အစောကြီးကတည်းက ငါ သူ့ကို မေးချင်နေတာ…သူ့တပည့်က ကြယ်ခုနစ်စင်းသတင်းစာပေါ်မှာ တစ်နေကုန် ငါ့အကြောင်းအပုပ်ချနေတာ သူ့ရဲ့ ခိုင်းစေချက်လားဆိုတာကိုလေ..."

ထိုပေါက်ကွဲတော့မည့်အသံကြောင့် အဘိုးအိုနှစ်ဦးလုံး တုန်လှုပ်သွားကြပြီး လှည့်ကြည့်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်းပင် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် လှပသည့် အမျိုးသမီးတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြေးဝင်လာချင်နေသည်ကို တွေ့လိုက်ရလေသည်။

အဘိုးအိုဟွမ်၏ မျက်နှာအရောင်က အကြီးအကျယ်ပြောင်းလဲသွားပြီး ဝုန်းခနဲထခုန်လိုက်ကာ ပြောလိုက်တော့သည်။

"ငါ့အိမ် မီးလောင်နေတယ်လို့ပဲ ပြောလိုက်တော့…ငါ အရင်သွားနှင့်မယ်ဟေ့..."

All Chapters