← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း (၂၉၀) - ဘယ်ရီသီးသူခိုး (၁)

"ဟားဟား... အားဖုန့်... မတွေ့ရတာ ကြာပြီပဲ..."

အဘိုးအိုဟွမ်က ခြေမြန်လှသဖြင့် မီးခိုးငွေ့တစ်တန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေ၏။ အဘိုးအိုဆွန်းကမူ အနည်းငယ် နှေးကွေးသွားသဖြင့် တိနွီဖုန့်ကို ရင်ဆိုင်ရန်ကျန်ရစ်ခဲ့ရပြီး ကျင့်ကြံခြင်းလောကမှ နာမည်ကျော်ပုဂ္ဂိုလ်ကြီးမှာ အနည်းငယ် စိုးရိမ်တုန်လှုပ်နေပုံရပေသည်။

"အဘိုးကြီးဆွန်း...တကယ်ကို နှစ်တွေအများကြီး မတွေ့ခဲ့ရတာပဲ..."

တိနွီဖုန့် ရောက်လာချိန်တွင် အဘိုးအိုဆွန် တစ်ယောက်တည်းသာ ကျန်ရစ်သည်ကို မြင်လိုက်ရသဖြင့် ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

"အဘိုးကြီးဟွမ် ဘယ်ရောက်သွားတာလဲ..."

"သူ့အိမ် မီးလောင်နေလို့တဲ့..."

အဘိုးအိုဆွန်းက ခေါင်းကုတ်လိုက်ပြီး ခြေလှမ်းများကိုရွှေ့လိုက်၏။

"ဘာကိစ္စမှမရှိရင် ကျုပ်လည်း မီးသွားငြှိမ်းပေးလိုက်ဦးမယ်..."

"ထိုင်နေစမ်း..."

"အမ်း..."

တိနွီဖုန့်က အမိန့်ပေးလိုက်သဖြင့် အဘိုးအိုဆွန်းမှာ ဆက်မထွက်ပြေးရဲတော့ဘဲ လိမ္မာစွာပင် ထိုင်ချလိုက်လေသည်။

ဓားလက်ဆင့်ကမ်းအကြီးအကဲက အနောက်မှကြည့်ရင်း ရယ်ချင်နေသော်လည်း ဝင်ရောက်တားဆီးခြင်း မပြုတော့ပေ။ တိနွီဖုန့်နှင့် ထိုတောင်မြောက်လောကီလှည့်လည်သူများ၏ ဆက်ဆံရေးမှာ အတော်လေး သိမ်မွေ့လှပြီး ရှုတောင်ဂိုဏ်းနှင့် သိပ်ပြီးသက်ဆိုင်မှုမရှိသောကြောင့် သူပါဝင်ပတ်သက်ရန် အဆင်မပြေလှပေ...။

"ရှင်တို့နှစ်ယောက် ရှုတောင်ကို နောက်ဆုံးလာခဲ့တာ လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က မဟုတ်လား... ဒီလောက်နှစ်တွေအကြာကြီး ပေါ်မလာတာ ကျွန်မနှိမ်နင်းလိုက်မှာ ကြောက်လို့လား..."

တိနွီဖုန့်က အဘိုးအိုဆွန်းကို ကြည့်ကာ အားနာဟန်မရှိဘဲ ပြောလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

အဘိုးအိုဆွန်းက အလွန်သဘောကောင်းသည့်အသွင်ဖြင့် ရယ်မောလိုက်၏။

"ကျုပ်တို့ မင်းကို အမြဲတမ်း သတိရနေတာပါ... အစောကြီးကတည်းက လာကြည့်ချင်နေခဲ့တာ...ဒါပေမဲ့ အလုပ်တွေများနေလို့ မလာဖြစ်တာပါ..."

"တော်စမ်းပါ...အလုပ်မရှိဘဲ အားနေတဲ့ အဘိုးကြီးနှစ်ယောက်ကများ ဘာကိစ္စတွေ ရှိနေဦးမှာလဲ..."

တိနွီဖုန့်က မျက်စောင်းထိုးလိုက်သည်။

"လောကကြီးက ငြိမ်းချမ်းမှုမှမရှိတာ...ဘယ်လိုလုပ် အားလပ်ချိန်ရမှာလဲ..."

အဘိုးအိုဆွန်းက သက်ပြင်းချလိုက်၏။

"ထားပါတော့...ဒီတစ်ခေါက် ကျွန်မဖမ်းမိသွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတွက် အကျိုးအမြတ်လေးတော့ ချန်ထားပေးခဲ့ရမှာပေါ့..."

တိနွီဖုန့်က စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလေသည်။

"ရှင် ကျွန်မကို ချီးကျူးတဲ့ ဆောင်းပါးတစ်ပုဒ်လောက်ရေးပေး...လူတွေကို တွေးတောဆင်ခြင်မိစေပြီး မျက်ရည်ကျစေလောက်တဲ့အထိ ကောင်းရမယ်...ပြီးရင် အဘိုးအိုဟွမ်ကို သတင်းစာထဲထည့်ခိုင်းလိုက်..."

"ကျုပ်ဘက်ကတော့ ပြဿနာမရှိပါဘူး..."

အဘိုးအိုဆွန်းက ချက်ချင်းပင် သဘောတူလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် အသံကိုနှိမ့်ကာ ပြောလိုက်၏။

"အဘိုးအိုဟွမ်ဘက်က အဆင်ပြေမပြေတော့မသိဘူး...သူ မင်းအပေါ်ကို လျှို့ဝှက်ပြီး အမြင်မကြည်တာတွေ အများကြီးရှိတယ်လေ...မင်းလည်း သတိထားမိမှာပါ…”

“သတင်းအချက်အလက်ခန်းမကို ကိုင်တွယ်နေတဲ့သူ့တပည့်က အခုဆို တစ်နေ့တစ်ခြား ပိုဆိုးလာပြီး မင်းကိုပဲ အမြဲတမ်းအပုပ်ချနေတာ...ဟင်းဟင်း..."

မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် အဘိုးအိုဟွမ်မရှိသောကြောင့် အဘိုးအိုဆွန်က တိနွီဖုန့်၏ အာရုံစိုက်မှုအားလုံးကို သူ့အပေါ်သို့ လွှဲပြောင်းပေးလိုက်လေသည်။ ထို့နောက် မီးလောင်ရာလေပင့်ပေးလိုက်၏။

"ဟုတ်တယ်..."

တိနွီဖုန့်က လက်သီးကို လက်ဝါးထဲသို့ ထုလိုက်ပြီး အကြီးအကျယ် ဒေါသထွက်သွားသည်။

"ဒီနှစ်တွေထဲမှာ သူတို့တွေ ကျွန်မရဲ့ပုံရိပ်ကို ညှိုးနွမ်းအောင် လုပ်နေတာက ရာဇဝတ်မှုကျူးလွန်နေတာနဲ့ အတူတူပဲ...ကျွန်မက ကျိုးယီကျန့်ကို ကြည့်မရတာ ကြာပြီ...ကျွန်မ သည်းမခံနိုင်တဲ့ တစ်နေ့ကျရင် ကောင်းကင်မဏ္ဍိုင်မျှော်စင်ကို သွားပြီးသတ်ပစ်မယ်..."

"အစောကြီးကတည်းက ဒီလိုလုပ်သင့်နေတာ...ဒေါသမထွက်ဘူးဆိုတော့ လူကို အရူးများမှတ်နေလားမသိဘူး..."

အဘိုးအိုဆွန်းက သူမနှင့် သံယောင်လိုက်ကာ ဒေါသတကြီး ပြောလိုက်၏။

"ကျုပ်အထင်တော့ သူတို့ အရူးမှတ်နေတာ သေချာတယ်..."

တိနွီဖုန့်က အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။

"တကယ် တွေးလေ ဒေါသထွက်လေပဲ..."

"မင်းနေရာမှာ ဝင်ကြည့်ရင်းနဲ့တောင် ကျုပ်ပါ ဒေါသထွက်လာပြီ...မင်း စောင့်နေ... အခုပဲ အဘိုးအိုဟွမ်ကို ဖမ်းလာခဲ့ပေးမယ်...ပြီးရင် မင်းရှေ့မှာတင် သူ့ကို နှိပ်စက်ခိုင်းမယ်..."

ထိုသို့ပြောပြီးနောက် အဘိုးအိုဆွန်းက မတ်တပ်ရပ်လိုက်ကာ မီးခိုးငွေ့တစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

"ဟင်..."

တိနွီဖုန့်က အဘိုးအိုနှစ်ယောက် ပျောက်ကွယ်သွားသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ကာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။

သို့သော်လည်း သူမက ထပ်မံ၍ အရေးတယူမလုပ်တော့ပေ။ သူမ ချူလျန်၏ ပြိုင်ပွဲကို လာကြည့်ခြင်းသာဖြစ်ပြီး တောင်မြောက်လောကီလှည့်လည်သူများ ဒီနေရာသို့ ရောက်နေသည်ဟု ကြားလိုက်ရသဖြင့်သာ လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။

ယခုအခါ ချူလျန်မှာ အလွယ်တကူအနိုင်ရရှိသွားသည်ကို မြင်လိုက်ရသဖြင့် သူမစိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသောကြောင့် ဆက်လက်၍ မတွေးတောတော့ချေ။

နောက်တစ်နေ့တွင်မူ သူမ အကြိုက်ဆုံးဖြစ်သော သေရည်နတ်ဘုရားပြိုင်ပွဲသို့ ရောက်ရှိလာခဲ့လေသည်။

ရှုတောင်ထိပ်သီးညီလာခံတွင် ထိုကဏ္ဍကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သောကြောင့် စာရင်းပေးသွင်းသူ များများစားစား မရှိလှသကဲ့သို့ အကြိုပြိုင်ပွဲနှင့် ဗိုလ်လုပွဲဟူ၍လည်း မခွဲခြားထားပေ။ တစ်ပွဲတည်းသာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြင်ကွင်းထဲတွင် ရှည်လျားသော စားပွဲရှည်ကြီးများကို စီတန်းချထားပြီး စားပွဲများပေါ်တွင် အရက်ပြင်းအိုးများကို ဆက်တိုက်တင်ထားလေသည်။ ပြိုင်ပွဲလုပ်ငန်းစဉ်မှာလည်း အလွန်ရိုးရှင်းလှ၏။

ပထမအချီတွင် သစ်ကျားယစ်မူးအရက် ဆယ်အိုး၊ ဒုတိယအချီတွင် မီးတောက်ဖန်တီးမှုအရက် ဆယ်အိုး၊ တတိယအချီတွင် အင်မော်တယ်ယစ်မူးအရက် ဆယ်အိုး၊ စတုတ္ထအချီတွင်မူ... ထိုသို့ဖြင့် ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး အချီတိုင်းတွင် ပြိုင်ပွဲဝင်အများစုမှာ ပြုတ်သွားမည်ဖြစ်ကာ နောက်ဆုံးအထိ အနိုင်ရရှိသူက အနိုင်ရသူဖြစ်လာမည်ပင်။

အခမဲ့ အရက်သောက်နိုင်မည့်အပြင် လူသိများကျော်ကြားနိုင်ပြီး ငွေပါရနိုင်မည့် အခွင့်အရေးမျိုးကို တိနွီဖုန့်က မည်ကဲ့သို့ လက်လွတ်ခံနိုင်မည်နည်း။

သို့သော်လည်း နေရာသို့ ရောက်လာပြီးနောက်တွင် သူမသည် မျှော်လင့်မထားသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

"ဒေါ်လေးထျန်း..."

တိနွီဖုန့်က မျက်လုံးပြူးသွားပြီး မေးလိုက်၏။

"အန်တီပါ ပြိုင်ပွဲဝင်မလို့လား..."

"ဘာဖြစ်လို့လဲ..."

တစ်ဖက်လူမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲပင် ဖြစ်သည်။ သူမသည် ပြိုင်ပွဲဝင်များကြားတွင် ရပ်နေသော်လည်း မည်သူကမျှ တိုက်ရိုက် စိုက်မကြည့်ရဲကြပေ...။

"ဂုဏ်သရေရှိတဲ့ တောင်စောင့်အကြီးအကဲတစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်ဖို့ လာတာဆိုတော့ ဒီဟာက..."

တိနွီဖုန့်မှာ ခေတ္တမျှ စကားဆွံ့အသွားလေသည်။

"ဒါဆိုရင် ဒီကဏ္ဍကို ဘယ်သူကထည့်ဖို့ အကြံပြုခဲ့တာလို့ ထင်နေလဲ..."

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ပြန်ဖြေလိုက်၏။

"တောင်စောင့်အကြီးအကဲတွေက ဖျော်ဖြေရေးပြိုင်ပွဲတွေမှာ ပါဝင်လို့မရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ..."

"ဒါပေမဲ့ ဒီလိုဆိုရင် ဘယ်သူကအန်တီ့ကို နိုင်အောင်လုပ်ရဲတော့မလဲ..."

တိနွီဖုန့်က တီးတိုးရေရွတ်လိုက်သည်။

"နင်ငါ့ကို နိုင်ချင်ရင် လုံးဝအလျော့မပေးနဲ့..."

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက အေးစက်စက် ရယ်မောလိုက်၏။

"နင် အရက်သောက်တာ ဘယ်သူ့ဆီကသင်ထားလဲဆိုတာ မေ့သွားမှာကိုပဲ စိုးရိမ်နေတာ..."

"ဟက်..."

တိနွီဖုန့်ကလည်း ရက်စက်ယုတ်မာသည့် အပြုံးမျိုးဖြင့် တုံ့ပြန်လိုက်လေသည်။

"ဒေါ်လေးထျန်း...ခေတ်ကြီးက ပြောင်းလဲသွားပြီ..."

……

"ရှုတောင်က တကယ်ကို အများကြီး ပြောင်းလဲသွားတာပဲ..."

ခမောက်ကို ဆောင်းထားသော ဘဝအတွေ့အကြုံများစွာ ရှိဟန်ရသည့် အမျိုးသားက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး မိုင်သုံးဆယ်ကျော် ကွာဝေးသော ရှုတောင်တန်းများဆီသို့ လှမ်းကြည့်လိုက်ရာ တောင်ပေါ်ရှိ မြက်ပင်များနှင့် သစ်ပင်များကို ရှင်းလင်းစွာ မြင်တွေ့နေရသည့်နှယ် ပုံပေါက်နေပေသည်။

သူ့လက်ထဲတွင် မိန်းကလေးငယ်လေးတစ်ဦး၏လက်ကို ဆုပ်ကိုင်ထားပြီး ထိုမိန်းကလေးငယ်လေးမှာ သူ့ထံမှ ရုန်းထွက်ရန်အတွက် အားကုန်သုံးကာ ရုန်းကန်နေလေသည်။

ထိုလူကြီးနှင့် ကလေးငယ်လေးမှာ ဝေလငါးစီးအင်မော်တယ်နှင့် အင်မော်တယ်စိမ့်မြေမှ ထွက်ပေါ်လာသော မိန်းကလေးငယ်လေးပင် ဖြစ်သည်။

"မလောပါနဲ့...ငါတို့ ရှုတောင်ပေါ်ကို တိုက်ရိုက်တက်သွားလို့မရဘူး...လူတွေနဲ့ မျက်စိတွေများတယ်လေ...တကယ်လို့ လူကြီးတွေ သတိထားမိသွားရင် ငါတောင် မင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး..."

ဝေလငါးစီးအင်မော်တယ်က နှစ်သိမ့်လိုက်၏။

"ငါတို့ သဘောတူထားပြီးပြီ မဟုတ်လား...ဒီတစ်ခေါက် မင်းကို သစ်သီးတချို့ လိုက်ရှာပေးမယ်...ပြီးရင် မင်း လိမ်လိမ်မာမာနဲ့ မြင့်မြတ်သောတောင်ကို ပြန်လိုက်ရမယ်လေ...ဒါပေမဲ့ ခရီးစဉ်တစ်လျှောက်လုံး မင်း စကားနားထောင်ရမယ်..."

"သစ်သီး..."

မိန်းကလေးငယ်လေးက ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

"မင်း လက်ညှိုးထိုးပြတဲ့ လမ်းကြောင်းက မှားနေပြီ...ဟင်..."

ဝေလငါးစီးအင်မော်တယ်က ရှုတောင်သည် ကောင်းကင်ပေါ်တွင် မည်သို့လုပ်၍ ရှိနိုင်မည်နည်းဟု ပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် ကောင်းကင်ယံမှ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကို သတိပြုမိလိုက်လေသည်။

ကြည်လင်သော နေ့ခင်းဘက်ဖြစ်ပြီး ကောင်းကင်ထက်မှ ဓားအလင်းတန်းမှာ အပြာရောင်အငွေ့အသက်မျှသာဖြစ်ကာ သာမန်မျက်စိဖြင့် ကြည့်ရန်ပင် ခဲယဉ်းလှသည်။

သို့သော်လည်း သူတို့နှစ်ဦးအတွက်မူ သဘာဝကျစွာပင် အခက်အခဲ မရှိပေ...။

“ဆင်းလာခဲ့စမ်း..."

ဝေလငါးစီးအင်မော်တယ်က ကောင်းကင်သို့ လက်ညှိုးထိုးကာ ဖွဖွလေး တစ်ချက်ထောက်လိုက်ရာ ထိုအပြာရောင်အငွေ့အသက်မှာ ရုတ်ခြည်းပင် ဦးတည်ရာပြောင်းသွားပြီး အောက်သို့ ထိုးဆင်းလာလေတော့သည်။

လမ်းတစ်ဝက်တွင် ထိုဓားစီးပျံသန်းနေသောကျင့်ကြံသူမှာ ရုန်းကန်နေပုံရပြီး ပြုတ်ကျလာသည့် အရှိန်အမှာ အနည်းငယ်နှေးကွေးသွားသော်လည်း ဝေလငါးစီးအင်မော်တယ်က အောက်သို့ နောက်တစ်ချက် ထပ်မံလက်ညှိုးထိုးလိုက်ရာ ဓားအလင်းတန်းမှာ သူတို့ရှေ့မှောက်သို့ ချက်ချင်း ကျဆင်းလာလေသည်။

"ဓားပျံကို ကစားတဲ့နေရာမှာ ငါက မင်းရဲ့ ဘိုးဘေးပဲ... ဘယ်ကို ပြေးချင်သေးတာလဲ..."

ဝေလငါးစီးအင်မော်တယ်က သရော်လိုက်၏။

အောက်သို့ကျဆင်းလာသော ကျင့်ကြံသူမှာ အသက်မငယ်တော့ဘဲ လူလတ်ပိုင်းအရွယ်ခန့်ရှိပုံရပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း မမြင့်မားလှဘဲ စတုတ္ထအဆင့်အစောပိုင်းခန့်သာ ရှိပေသည်။

သူသည် အင်မော်တယ်ဂိုဏ်းငယ်လေးတစ်ခုခုမှ အဆင့်မြင့်ဆရာတစ်ဦးဖြစ်ပုံရပြီး ရှစ်ဂဏန်းပုံစံ နှုတ်ခမ်းမွေးကိုထားရှိကာ အတော်လေး ဩဇာတိက္ကမရှိသည့် ရုပ်ရည်မျိုး ရှိသည်။

သို့သော်လည်း သူတို့ရှေ့မှောက်ရှိ လူနှစ်ဦးကမူ သူ့ကို ကြောက်ရွံ့မည် မဟုတ်ပေ...။

"ဒီတောင်က ငါဖောက်ထားတာ...ဒီသစ်ပင်က ငါစိုက်ထားတာ...ဒီကနေ ဖြတ်သွားချင်ရင်..."

ဝေလငါးစီးအင်မော်တယ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"သစ်သီးတွေ ချထားခဲ့စမ်း..."

"ဗျာ..."

ထိုလူလတ်ပိုင်းကျင့်ကြံသူမှာ မှင်သက်သွားလေသည်။

ကောင်းကင်တွင် ပျံသန်းနေရာမှ ရုတ်တရက် ဆန့်ကျင်၍မရနိုင်သော ဧရာမအင်အားကြီးတစ်ခု၏ ဆွဲချခြင်းကို ခံလိုက်ရသောကြောင့် သူသည် ထိပ်တန်းသိုင်းပညာရှင်တစ်ဦးနှင့် တွေ့ဆုံလိုက်ရပြီဖြစ်ကြောင်း နားလည်သွားကာ ခုခံရန် လုံးဝ မစဉ်းစားရဲတော့ပေ။

တစ်ဖက်လူက ငွေကြေးလုယက်သည်ဖြစ်စေ၊ အလှအပကို လုယက်သည်ဖြစ်စေ သူ အကုန်လုံးကို လိုက်လျောရန်သာ စိတ်ထဲတွင် တွေးထားလိုက်သည်။

အသက်ရှင်ခွင့်ရလျှင် လုံလောက်ပြီဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူက ပါးစပ်ဟလိုက်သည်နှင့် သစ်သီးများကိုသာ တောင်းဆိုလာမည်ဟု မည်သူက သိမည်နည်း...။

All Chapters