အခန်း ၂၂၂
Vol. 22 Ch. 222
အခန်း ၂၂၂ - ဂိုဏ်းချုပ်နှင့် သူတော်စင်မိန်းပျို (၃)
ချန်အန်သည် စိတ်ထဲကနေ ဆန်းစစ်သုံးသပ်နေခဲ့သည်။
သူ ဤသို့ တွေးတောနေဆဲမှာပင် အကြီးအကဲလီသည် ပျံသန်းသည့်သင်္ဘောကို ဧည့်ခံကျောင်းဆောင်၏ အပြင်ဘက်၌ ဆိုက်ကပ်လိုက်လေသည်။ ထို့နောက် အပြင်ဘက်ဆီမှ အကြီးအကဲလီ၏ တည်ငြိမ်သော ခြေသံနှင့်အတူ ခပ်ဖွဖွနင်းလျှောက်လာသည့် အခြားခြေသံနှစ်စုံပါ ကြားလိုက်ရသည်။
ကျောင်းဆောင်တွင်းရှိ လူငါးဦးစလုံး ထိုခြေသံသုံးစုံကို ကြားလိုက်ကြရသည်။ ချန်အန်မှလွဲ၍ ကျန်သည့် လေးဦးမှာမူ စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေကြရသည်။
“ဂိုဏ်းချုပ်နဲ့ သူတော်စင်မိန်းပျို ကြွရောက်လာပါပြီ။”
အကြီးအကဲလီသည် ဧည့်ခံကျောင်းဆောင်၏ တံခါးဝသို့ လျှောက်လာပြီး လူဝတ်ကြောင်လောကရှိ ဧကရာဇ်မင်းမြတ်၏ မိန်းမစိုးအကြီးအကဲကဲ့သို့ ရှေ့ဆုံးမှနေ၍ သူ၏အရှင်သခင်များ ရောက်ရှိလာကြောင်း အော်ဟစ်ကြေညာလိုက်သည်။
ဒိကွန်အသစ် ငါးဦးသည် ထိုအသံကို ကြားသည်နှင့် ချက်ချင်းပင် ထိုင်ခုံများမှ လိမ္မာပါးနပ်စွာ ထရပ်လိုက်ကြပြီး မိမိတို့ သိထားသမျှ အလေးအမြတ်ဆုံး အမူအရာကို ပြင်ဆင်လျက် မကြာမီ ဝင်ရောက်လာတော့မည့် ဂိုဏ်းချုပ်နှင့် သန့်စင်သောမိန်းပျိုတို့ကို ကြိုဆိုရန် အသင့်ပြင်လိုက်ကြသည်။
ချန်အန်၏ အကြည့်တို့က တံခါးဝဆီသို့ တိတ်တဆိတ် ကျရောက်နေပြီး ထျန်းသီဂိုဏ်း၏ သူတော်စင်မိန်းပျို မည်မျှလှပမည်ကို မျှော်လင့်တကြီး စောင့်စားနေခဲ့သည်။
မကြာမီ တံခါးဝအပြင်ဘက်မှ နွဲ့နှောင်းသော အရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်လာခဲ့သည်။ သူမမှာ အဖြူရောင် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီး၏ ဆံကေသာမှာ မင်ရည်ကဲ့သို့ နက်မှောင်နေပြီး စီးဆင်းနေသော ရေတံခွန်တစ်ခုနှယ် ပခုံးပေါ်သို့ သဘာဝအတိုင်း ဝဲကျနေသည်။ သူမတွင် ကြယ်တာရာများကဲ့သို့ တောက်ပသော အလှတရားတို့ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံ ရှိပြီး ထိုမျက်ဝန်းများကို အကြာကြီး စိုက်ကြည့်မိပါက စုပ်ယူခြင်း ခံရမည်ကဲ့သို့ပင်။ သူမ၏ နှုတ်ခမ်းအစုံမှာမူ ဖူးဖူးနီနီနှင့် နုနယ်လှပြီး ဖန်ကျောက်ကဲ့သို့ ကြည်လင်နေသဖြင့် မြင်သူတိုင်းကို ငုံခဲမြည်းစမ်းကြည့်ချင်စိတ် ပေါက်ဖွားလာစေသည်။
သို့သော်လည်း ဆွဲဆောင်မှုအရှိဆုံး အပိုင်းမှာမူ ထိုအမျိုးသမီး၏ ကောက်ကြောင်းအလှပင် ဖြစ်သည်။ ရှေ့နောက်အချိုးအစားက စံပြဖြစ်လွန်းပြီး အမျိုးသမီးတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အလှတရားအားလုံး ပြည့်စုံနေသည်။ သူမ လျှောက်လှမ်းလာစဉ် ပါးလွှာသော ဇာပုဆိုးဝတ်စုံအောက်မှ ဖြူဖွေးသွယ်လျသော ခြေတံတစ်စုံက လှုပ်ရှားနေပြီး သူမ၏ ချောမွတ်သော အသားအရေမှာ ထိုအဖြူရောင်ဝတ်စုံထက်ပင် ပို၍ ဖြူဝင်းနေသဖြင့် အကြည့်လွှဲရန် ခဲယဉ်းလှသည်။
သို့သော်လည်း ဤမျှ ဆွဲဆောင်မှုရှိသော အလှနတ်သမီးသည် လူတို့ကို ဒူးထောက်ခန္ဓာဝပ်တွားသွားစေနိုင်လောက်သည့် အရှိန်အဝါမျိုး၊ အထက်လူကြီးတစ်ဦး၏ အာဏာစက်မျိုးကို ထုတ်လွှတ်နေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားကြောင့် ချန်အန်နှင့် အခြားသူများမှာ သူမကို တည့်တည့်မကြည့်ဝံ့ဘဲ ဗီဇအရ ခေါင်းငုံ့ကာ မိမိတို့၏ ခြေဖျားကိုသာ စိုက်ကြည့်နေမိကြသည်။
ကံကောင်းထောက်မစွာဖြင့် ဤဖိအားက မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားပြီး ထိုအမျိုးသမီး၏ နှုတ်ခမ်းနီနီလေးဆီမှ ခန့်ညားထည်ဝါပြီး မြင့်မြတ်လှသော အသံ ထွက်ပေါ်လာခဲ့သည်။
“အားလုံး ခေါင်းမော့ကြပါ ရှင်တို့အားလုံးဟာ ထျန်းသီဂိုဏ်းရဲ့ ဒိကွန်တွေ ဖြစ်ကြတဲ့အတွက် ရင်ကော့ခေါင်းမော့ပြီး ရပ်တည်ရမယ်။”
ထိုအသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ချန်အန်နှင့် အခြားသူများသည် မိမိတို့၏ မေးစေ့အောက်မှ တွန်းတင်လိုက်သည့် အားတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်းပင် ခေါင်းမော့ကာ ထိုအမျိုးသမီးကို ပြန်လည်ကြည့်ရှုမိသွားကြသည်။
ဒါက ထျန်းသီဂိုဏ်းရဲ့ သူတော်စက်မိန်းပျိုလား။
သိပ်လှတာပဲ။ အရှိန်အဝါကလည်း လွန်ရောပဲ။
ဒီလို အလှဘုရင်မမျိုးကိုသာ အိပ်ရာပေါ်မှာ ဖိနှိပ်ပြီး အောင်နိုင်သူအဖြစ် သိမ်းပိုက်ခွင့်ရမယ်ဆိုရင်... ဒီနေရာမှာတင် သေသွားရပါစေ၊ တန်ပါတယ်။
ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် ဤအတွေးက ချန်အန်၏ စိတ်ထဲသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့သည်။ ဤအတွေးမှာ သူ၏ ပုံမှန်ပင်ကိုယ်စရိုက်နှင့် လုံးဝမကိုက်ညီချေ။ ညှို့မှော်ပညာ အသုံးချခံထားရသကဲ့သို့ စိတ်ကို မထိန်းချုပ်နိုင်ဘဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ချန်အန်သည် မိမိကိုယ်ကိုယ် မည်သည့် မှော်အတတ်ဖြင့်မျှ ညှို့ယူခြင်း မခံထားရကြောင်း ကောင်းစွာသိသည်။ သူသည် မည်သည့်အတတ်ပညာအောက်သို့မျှ ကျရောက်မသွားခဲ့ချေ။ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးက အလွန်အမင်း လှပလွန်းပြီး အရှိန်အဝါ ပြင်းထန်လွန်းသောကြောင့်သာ အမျိုးသမီးတစ်ဦးကို အောင်နိုင်လိုသည့် သူ၏ ယောက်ျားရင့်မာစိတ်ကို လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။
သူသည် ထိုနန်းတွင်းဝတ်စုံဝတ် အမျိုးသမီး၏ ဆွဲဆောင်မှုအောက်တွင် မှင်သက်အံ့ဩနေစဉ်မှာပင်...
နောက်တစ်ကျော့၌ တံခါးဝအပြင်ဘက်မှ နုပျိုလှပသော အခြားအရိပ်တစ်ခု ဝဲဖြန်းကာ ဝင်ရောက်လာခဲ့ပြန်သည်။ သူမမှာမူ အဖြူရောင် ဂါဝန်အရှည်ကို ဆင်မြန်းထားသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။
ထိုမိန်းကလေးသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခြင်း ဖြစ်သော်လည်း သူမ၏ ရှေ့မှောက်တွင် လေပြေညင်းများ စီးဆင်းနေသကဲ့သို့ ရှိပြီး သူမ၏ နုအိသော ဆံကေသာနှင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဂါဝန်စကို အသာအယာ တိုက်ခတ်သွားရာ၊ ကျောက်စိမ်းကဲ့သို့ ဖြူစင်သွယ်လျသော ခြေတံတစ်စုံကို ပေါ်လွင်စေပြီး ချန်အန်နှင့် အခြားသူများကို အဆုံးမဲ့ စိတ်ကူးယဉ်စရာများ ပေးစွမ်းနေခဲ့သည်။
သူမသည် ရှေ့က သွားနေသော နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးကို အမြန်ပင် အမှီလိုက်လိုက်သည်။ ထိုမိန်းကလေး၏ တည်ငြိမ်သော မျက်ဝန်းအစုံက ချန်အန်နှင့် အခြားသူများဆီသို့ ဝေ့ဝဲကြည့်ရှုလာခဲ့ရာ၊ သူမ၏ အကြည့်သည် ချန်အန်၏ မျက်နှာပေါ်တွင် ခဏမျှ ရပ်တန့်သွားပြီးမှ ချက်ချင်းပင် အခြားတစ်နေရာသို့ လွှဲပြောင်းသွားခဲ့ကာ နှုတ်ခမ်းဖျားတွင်မူ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။ ၎င်းမှာ ပန်းပေါင်းရာထောင် ကမ္ဘာဦးအစ၌ ချက်ချင်းပွင့်လန်းသွားသကဲ့သို့ ရှိပြီး ချန်အန်၏ ရင်ကို တုန်လှုပ်စေခဲ့သည်။
ထိုမိန်းကလေးသည် လှပလွန်းလှသည်။
မိမိကိုယ်ကိုယ် လောကရှိ အလှအပအားလုံးကို မြင်တွေ့ဖူးပြီး အမျိုးသမီးများ၏ ဆွဲဆောင်မှုနောက်သို့ လွယ်လွယ်နှင့် ပါသွားမည့်သူ မဟုတ်ဟု ထင်မှတ်ထားသော ချန်အန်ပင်လျှင် အနည်းငယ် မိန်းမောသွားခဲ့ရသည်။
ဒီမိန်းကလေးကမှ ထျန်းသီဂိုဏ်းရဲ့ သူတော်စင်မိန်းပျိုလား။
ဒါဆိုရင် စောစောက နန်းတွင်းဝတ်စုံနဲ့ အမျိုးသမီးက ဘယ်သူလဲ။
သူမက ထျန်းသီဂိုဏ်းရဲ့ ဂိုဏ်းချုပ်များ ဖြစ်နေမလား။
ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ချန်အန်သည် အလွန်အမင်း တုန်လှုပ်အံ့ဩသွားရတော့သည်။ ထျန်းသီဂိုဏ်း၏ ဂိုဏ်းချုပ်က အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ယခုအချိန်တွင်... နောင်အနာဂတ်၌ မိမိ၏ ဂူဗိမာန်အတွင်း၌သာ အေးအေးချမ်းချမ်း ကျင့်ကြံနေထိုင်ရန် မူလက ရည်ရွယ်ထားခဲ့သော သူ၏ စိတ်ထဲ၌၊ ထျန်းသီဂိုဏ်းအတွင်း မိမိ၏ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသလိုစိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် ဤနည်းလမ်းကို အသုံးပြု၍ ဂိုဏ်းချုပ်နှင့် သူတော်စင်မိန်းပျိုတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ချင်မိသွားချေပြီ။
.............................................................