အခန်း ၂၂၆
Vol. 22 Ch. 226
အခန်း ၂၂၆ - မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ (၂/၂)
နောက်တစ်နေ့မနက်တွင် ကောင်းကင်ယံ၌ အလင်းရောင်ခပ်ဖျော့ဖျော့ ပေါ်ထွက်လာခဲ့သည်။
ချန်အန်သည် စိတ်ကူးဖြင့် သိုလှောင်လက်စွပ်ထဲမှ ရတနာဝတ်ရည်တစ်ပုလင်းကို ထုတ်ယူကာ သူ့ဘေးတွင်ရှိသော ကျိုကျိထံသို့ ကမ်းပေးလိုက်သည်။
“မြေခွေးမလေး... တစ်ညလုံး မင်းလည်း ပင်ပန်းသွားပြီ။ လည်ချောင်းလေး စိုစွတ်သွားအောင် ရတနာဝတ်ရည်လေး နည်းနည်း သောက်လိုက်ဦး။”
ကျိုကျိက သူ့လက်ထဲမှ ပုလင်းကို လှမ်းယူရင်း စောင်းမြောင်း၍ ချွဲနွဲ့ပြောဆိုလိုက်သည်။
“ယောကျာ်းကတော့ သူများအပေါ် အမြတ်ထုတ်ရတာ တကယ်ကို ကျွမ်းကျင်တာပဲ။ သူများရဲ့ ပြုစုယုယမှုကို အလကားရယူရုံတင်မကဘူး၊ သူများကို ဆုချတဲ့ပစ္စည်းကလည်း သူများရဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းဖြစ်နေသေးတယ် ရှင်ပဲ အကုန်အမြတ်ထွက်တာပဲ။”
“ဒါပေါ့။”
ချန်အန်သည် သူမကို ချော့ပင်မချော့ချေ။ သူသည် ဤမျှအထိ အရှက်မရှိဘဲ ယုတ်မာလွန်းလှသည်။ သို့သော်လည်း ကျိုကျိသည် ဗီဇအရ စိတ်နုသူတစ်ဦး ဖြစ်သည်။ ချန်အန်က သူမအပေါ် ကောင်းပြလေလေ၊ သူမအနေဖြင့် ချန်အန်ကို ပို၍ မခွဲနိုင်မခွာရက် ဖြစ်လာလေလေ ဖြစ်သည်။ အခြေခံအားဖြင့် ချန်အန်သည် သူမ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
“မနက်စာသွားစားကြရအောင်။ မင်းရဲ့ ဂူရှင်းယွဲ့ မမ ပြင်နေတဲ့ မနက်စာ အနံ့မွှေးမွှေးလေးကို ကိုယ်တောင် ရနေပြီ။ စားသောက်ပြီးရင် တို့မိသားစု အားလုံး ပျံသန်းတဲ့သင်္ဘောကိုစီးပြီး ထျန်းသီဂိုဏ်းရဲ့ ကောင်းကင်ယံထက်ဆီကို သွားကြမယ်။” ချန်အန်က အဝတ်အစားများ ဝတ်ဆင်ရင်း ပြောလိုက်သည်။
ကျိုကျိကလည်း ထိုအချက်ကို မြင်သောအခါ အဝတ်အစားများ အမြန်လဲလှယ်လိုက်သည်။
မကြာမီ ဇနီးမောင်နှံနှစ်ဦးသည် အခန်းထဲမှ ထွက်လာခဲ့ကြပြီး အပြင်ဘက် ဧည့်ခန်းဆောင်၌ မနက်စာစားရန် ဝင်ထိုင်လိုက်ကြသည်။ မနက်စာမှာ ဆန်းပြားလှသည်မဟုတ်သော်လည်း အာဟာရဓာတ် အလွန်ပြည့်ဝလှသည်။
ကျင့်ကြံခြင်းအသီးအနှံပန်းကန်၊ ကျင့်ကြံခြင်းဥများ၊ ကျင့်ကြံခြင်းအီကြာကွေး၊ ကျင့်ကြံခြင်းပဲနို့... ထို့အပြင် ကျင့်ကြံခြင်းဂျင်ဆင်းနှင့် ကျင့်ကြံခြင်းကြက်စွပ်ပြုတ်တို့ ပါဝင်သည်။ ဤအစားအစာများ၏ ပုံပန်းသဏ္ဍာန်မှာ လူ့လောကရှိ အစားအစာများနှင့် ကွာခြားမှုမရှိချေ။ ထူးခြားသည်မှာ အရှေ့တွင် “ကျင့်ကြံခြင်း ဟူသော စကားလုံး ပါဝင်နေပြီး ကျင့်ကြံသူများအတွက် အလွန်အားဖြစ်စေသော ထူထပ်သည့် စွမ်းအင်များ ပြည့်နှက်နေခြင်းပင် ဖြစ်သည်။
“ကျိုကျိ.. ဂူရှင်းယွဲ့ မမရဲ့ အီကြာကွေးနဲ့ ပဲနို့က သိပ်ကောင်းတာပဲ၊ မြန်မြန်မြည်းစမ်းကြည့်ဦး။”
ဆောင်ဟွာယင်းက အီကြာကွေးတစ်ခုနှင့် ပဲနို့တစ်ခွက်ကို ကျိုကျိ၏ ရှေ့သို့ ချပေးရင်း ထောက်ခံအားပေးလိုက်သည်။
အတိတ်တုန်းက မိသားစုသည် မြေအောက်လှိုဏ်ခေါင်းထဲတွင် နေထိုင်ခဲ့ရသဖြင့် ဤကဲ့သို့သော မနက်စာများကို ပြင်ဆင်ရန် အခြေအနေမပေးခဲ့ချေ။ ယခုအခါ ပစ္စည်းပစ္စယများ ကြွယ်ဝလာပြီဖြစ်ရာ ဂူရှင်းယွဲ့က ချက်ချင်းပင် စားပွဲအပြည့် ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
ကျိုကျိသည် သူမရှေ့တွင်ရှိသော အီကြာကွေးနှင့် ပဲနို့ကို ကြည့်လိုက်သည်။ အနံ့က အလွန်မွှေးပျံ့လှသော်လည်း သူမတွင် စားချင်စိတ် လုံးဝမရှိချေ။ သူမသည် ရင်ပြည့်ရင်ကယ်ဖြစ်နေသလို ခံစားရပြီး အော့အန်ချင်စိတ်ပင် ပေါက်နေခဲ့သည်။
သို့သော်လည်း သူမ မစားချင်တော့လျှင်ပင် အောင့်အည်းကာ ကုန်အောင် စားရပေမည်။ အဘယ်ကြောင့်ဆိုသော် ဒါက ဂူရှင်းယွဲ့၏ စေတနာဖြစ်သောကြောင့် ဖြစ်သည်။ သူမအနေဖြင့် ဂူရှင်းယွဲ့နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်လိုပါက စားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
လူတိုင်း စုံစုံလင်လင် ရှိနေသည့် အခွင့်အရေးကိုယူကာ ချန်အန်က သူ၏ ဇနီးများနှင့် သမီးများကို ပြောလိုက်သည်။
“မနက်စာစားပြီးရင် ကိုယ် မင်းတို့ကို ထျန်းသီဂိုဏ်းပတ်ပတ်လည်ကို လိုက်ပြမယ်၊ ဒီဂိုဏ်းကြီးက ဘယ်လောက်ခမ်းနားလဲဆိုတာ သွားကြည့်ကြတာပေါ့။”
ဇနီးများနှင့် သမီးဖြစ်သူတို့က ထိုစကားကို ကြားသောအခါ မျက်ဝန်းများ တောက်ပသွားကြပြီး အပြည့်အဝ ထောက်ခံသည့်အနေဖြင့် မနက်စာကို အရှိန်မြှင့်၍ စားသောက်လိုက်ကြတော့သည်။
မကြာမီ မိနစ် ၁၅ မိနစ်ခန့် ကြာပြီးနောက်... စားစရာများကို ပါးစပ်ထဲသို့ တရစပ် သွတ်သွင်းနေဆဲဖြစ်သော အစားပုပ်လေး ချန်ယီခဲ့မှလွဲ၍ စားပွဲရှိ ကျန်သည့် ခုနစ်ဦးစလုံးမှာ ဗိုက်ပြည့်သွားကြပြီ ဖြစ်သည်။
“သမီးလေး ချန်ယီခဲ့... ဗိုက်ပြည့်ပြီလား။”
လူတိုင်းက သူမ၏ အစားပုပ်သမီးလေး စားပြီးသည်ကို စောင့်နေကြရသဖြင့် ဆောင်ဟွာယင်းက မနေနိုင်ဘဲ လှမ်းမေးလိုက်ရတော့သည်။ အစားပုပ်မလေး၏ ပါးစပ်ထဲတွင် အစားအစာများ ပြည့်ညှပ်နေသဖြင့် သူမက မပီမသဖြင့်သာ “ပြည့်ပြီ” ဟု ပြန်ဖြေနိုင်သည်။
“ဗိုက်ပြည့်ရင်လည်း ပါးစပ်ကို မြန်မြန်သုတ်လိုက်တော့လေ။ သမီးတို့အဖေက တို့တွေကို အပြင် လိုက်ပြမလို့တဲ့။”
“ပါးစပ်မသုတ်ချင်သေးဘူး၊ နောက်ထပ် စားချင်သေးတယ်”
“သမီးပဲ ခုနက ဗိုက်ပြည့်ပြီဆို။”
“ဗိုက်ကတော့ ပြည့်တယ်၊ ဒါပေမဲ့ စားချင်သေးတာပဲဥစ္စာ” ချန်ယီခဲ့က ပြန်ပြောလိုက်သည်။
ဝမ်ကျိယန်၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားရတော့သည်။ သူမသည် စားပွဲပေါ်ရှိ လက်သုတ်ပုဝါကို ပြတ်ပြတ်သားသား ကောက်ယူကာ သမီးဖြစ်သူ၏ ပါးစပ်ကို သုတ်ပေးလိုက်ပြီးနောက် ကုလားထိုင်ပေါ်မှ ပွေ့ချီကာ ဆက်၍ စားခွင့်မပေးတော့ချေ။ ဤအစားပုပ်သမီးလေး၏ ဗိုက်က အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။ သူမကို ဆက်စားခွင့်ပြုထားပါက နောက်ထပ် နှစ်နာရီလောက် ထပ်စောင့်ရပေလိမ့်မည်။
မကြာမီ ချန်အန်သည် ရုပ်ဖျက်ထားကြသော သူ၏ ဇနီးများနှင့် သမီးများကို ဦးဆောင်ကာ ဂူဗိမာန်ပြင်ပသို့ ထွက်လာခဲ့သည်။ သူသည် ပျံသန်းသည့်သင်္ဘောကို မောင်းနှင်၍ သူတို့ကို ထျန်းသီဂိုဏ်းပတ်ပတ်လည်သို့ လိုက်လံပြသချင်နေခဲ့သည်။
သူ ဂူဗိမာန်အပြင်ဘက်သို့ ရောက်သောအခါ... ဘေးအိမ်တွင် နေထိုင်သော ဒိကွန်လင်းနှင့် ရုတ်တရက် တိုးမိသွားသည်။ ယခုအချိန်တွင် ဒိကွန်လင်းသည် သူ၏ ဇနီးမယားကြီးနှင့် သားဖြစ်သူတို့ကို ခေါ်ဆောင်၍ ဂူဗိမာန်ပြင်ပသို့ လျှောက်လှမ်းထွက်လာခြင်း ဖြစ်သည်။
မိသားစုနှစ်စုမှာ ဤသို့ဖြင့် ဆုံတွေ့သွားကြတော့သည်။
“ဒိကွန်ချန်... ခင်ဗျားတို့မိသားစုလည်း အပြင်ထွက်ကြတာလား။ ဘယ်သွားမလို့လဲဗျ။” ခပ်ဝဖြိုးဖြိုး ဒိကွန်လင်းက ပြုံး၍ မေးလိုက်သည်။
ချန်အန်ကလည်း ပြုံးလျက် ပြန်ဖြေသည်။
“ဘယ်မှမသွားပါဘူး... မနက်ဖြန်ကျရင် ဆေးဖော်စပ်ခြင်းခန်းမမှာ တာဝန်စထမ်းဆောင်ရတော့မှာဆိုတော့ ဒီနေ့ လွတ်လပ်နေတုန်း... ဇနီးတွေနဲ့ သမီးတွေကို ထျန်းသီဂိုဏ်းပတ်ပတ်လည် လိုက်ပြပြီး ဒီက ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင်လို့ပါ။”
“တိုက်ဆိုင်လိုက်တာဗျာ။ ကျုပ်လည်း အဲဒီလို ရည်ရွယ်ချက်မျိုး ရှိနေတာနဲ့ အတော်ပဲ။ တို့မိသားစုနှစ်စု အတူတူ သွားကြရင် မကောင်းဘူးလား။” ဒိကွန်လင်းက အကြံပြုလိုက်သည်။
ချန်အန်အနေဖြင့် ၎င်းမှာ တကယ့်တိုက်ဆိုင်မှုလား (သို့မဟုတ်) ဒိကွန်လင်းက သူ့ထံသို့ အတင်းကပ်ပြီး ရင်းနှီးမှုရယူချင်နေခြင်းလား ဆိုသည်ကို မသိချေ။ သို့သော်လည်း သူတို့သည် အိမ်နီးနားချင်းများ ဖြစ်ကြပြီး နောင်တွင် မကြာခဏ တွေ့ဆုံကြရမည်ဖြစ်၍ သူသည် ဒိကွန်လင်း၏ အကြံပြုချက်ကို သဘောတူလိုက်ပြီး မိသားစုနှစ်စု အတူတူထွက်ခွာရန် ရွေးချယ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းကြုံသဖြင့် အခြားတစ်ဖက်ကို သင်္ဘောကြုံ တင်ပေးရုံသာ ဖြစ်ပြီး၊ စျေးသို့ ရောက်သည့်အခါကျမှ အကြောင်းပြချက်တစ်ခုခုပေးကာ လမ်းခွဲလိုက်ရုံသာ ရှိသည်။
မိသားစုနှစ်စု တိုင်ပင်ပြီးနောက်... ချန်အန်သည် စိတ်ကူးဖြင့် သိုလှောင်လက်စွပ်ထဲမှ ပျံသန်းနိုင်သော သင်္ဘောငယ်ကို ထုတ်ယူကာ လူတိုင်းကို တက်ရောက်ထိုင်ခိုင်းလိုက်သည်။
ဒိကွန်လင်းသည် ချန်အန်၏ လက်ထဲတွင်ရှိသော သိုလှောင်လက်စွပ်ကို ကြည့်ကာ အားကျမနာလိုမှုများဖြင့် မနေနိုင်ဘဲ ပြောလိုက်သည်။
“ဒိကွန်ချန်က သိုလှောင်လက်စွပ်ကိုတောင် သုံးနိုင်လောက်အောင် တကယ့်ကို ချမ်းသာတာပဲဗျာ။ ကျုပ်မှာတော့ သိုလှောင်အိတ်ကိုပဲ သုံးနိုင်သေးတာ။ ဒိကွန်ချန်နဲ့ ယှဉ်ရင်တော့ ကျုပ်က အများကြီး နောက်ကျကျန်နေပါသေးတယ်။”
ချန်အန်သည် ဤကဲ့သို့သော အနှစ်သာရမရှိသည့် ဖားယားသော စကားများကို သဘောမကျသဖြင့် ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ တစ်ဖက်တွင်မူ သူ့ဘေး၌ရှိသော ကျိုကျိမှာမူ ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အလွန်မကျေမနပ် ဖြစ်သွားခဲ့သည်။ သူမက စိတ်ထဲကနေ အဲဒီ သိုလှောင်လက်စွပ်က ငါ့ပစ္စည်းဟ၊အဲဒီ ယုတ်မာပြီး အရှက်မရှိတဲ့ လူသားပစ္စည်း မဟုတ်ဘူး!ဟု တွေးတောကာ ကျိန်ဆဲနေခဲ့သည်။
လူတိုင်း သင်္ဘောပေါ်သို့ တက်ရောက်ကာ မတ်တတ်ရပ် သို့မဟုတ် ထိုင်လိုက်ကြသည်ကို မြင်သောအခါ... ချန်အန်သည် သူ၏ ကျင့်ကြံခြင်းစွမ်းအင်များကို အမြန်ပင် လည်ပတ်စေပြီး ပျံသန်းသည့်သင်္ဘောကို ကောင်းကင်ယံထက်ဆီသို့ မောင်းနှင်လိုက်တော့သည်။ သူသည် သင်္ဘောပေါ်ရှိ လူများကို ခေါ်ဆောင်၍ ထျန်းသီဂိုဏ်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ဆေးဖော်စပ်ခြင်းခန်းမမှသည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၊ ထို့နောက် လက်နက်ဖော်စပ်ခြင်းခန်းမအထိ လမ်းတစ်လျှောက်လုံးတွင် ထျန်းသီဂိုဏ်း၏ ကဏ္ဍအသီးသီးကို အပေါ်စီးမှနေ၍ ကြည့်ရှုခဲ့ကြသည်။
ဤသို့ လည်ပတ်နေစဉ်အတွင်း ဒိကွန်လင်း၏ ဇနီးမယားကြီးမှာ လူမှုရေးအရ အလွန်ပါးနပ်လှပြီး လမ်းတစ်လျှောက်လုံးတွင် ချန်အန်၏ ဇနီးများကိုသာ ဝိုင်းဝန်းဖားယားနေခဲ့သည်။ သူမက ဇနီးသည်များမှာ ဆွဲဆောင်မှုရှိပြီး သမီးနှစ်ဦးမှာလည်း အလွန်ချစ်စရာကောင်းကြောင်း ချီးမွမ်းခန်းဖွင့်နေခဲ့ပြီး၊ မိမိ၏ လင်ယောက်ျားနှင့် ချန်အန်တို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ ချန်အန်၏ ဇနီးများအားလုံးကလည်း အခြားတစ်ဖက်၏ ရည်ရွယ်ချက်ကို ကောင်းစွာသိကြသဖြင့် သူမနှင့် စကားအများကြီး အလေးအနက် မပြောဘဲ အပေါ်ယံမျှသာ ပြန်လည်ပြောဆိုခဲ့ကြသည်။
ဒိကွန်လင်း ဇနီး၏ ပါးနပ်မှုနှင့် နှိုင်းယှဉ်ပါက ဒိကွန်လင်း၏ ဖြူဖြူတုတ်တုတ် သားဖြစ်သူမှာမူ ပို၍ အူတူတူပုံစံ ပေါက်နေခဲ့သည်။ သူသည် သင်္ဘောပေါ်တက်ကတည်းက စကားတစ်ခွန်းမှ မပြောဘဲ နေရာတစ်ခုတွင် ထိုင်ကာ သကြားလုံးများကိုသာ စားနေခဲ့ပြီး သင်္ဘောပေါ်ရှိ ကျန်သည့်လူများကို လုံးဝဂရုမစိုက်ချေ။
တစ်ဖက်တွင်မူ... အစားပုပ်လေး ချန်ယီခဲ့မှာမူ မည်သည့်အချိန်ကတည်းက ရောက်သွားသည်မသိ၊ ထိုကောင်လေး၏ အရှေ့တွင် ပိတ်ရပ်ကာ သူ သကြားလုံးစားနေသည်ကို အဝအပြဲ စိုက်ကြည့်ရင်း သွားရည်များ တရွှင်ရွှင် ကျနေခဲ့သည်။ ထိုဝတုတ်ကောင်လေးက သူမ၏ အစားမက်သော ပုံစံကို မြင်သော်လည်း လုံးဝဥပေက္ခာပြုထားခဲ့သည်။
အစ်မဖြစ်သူ ချန်ယုကျန်းသည် သူမ၏ အူတူတူညီမလေး တကယ့်ကို သွားရည်ကျနေသည်ကို မြင်သောအခါ... စိတ်ထဲကနေ မိမိခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းစွမ်းအင်များကို တိတ်တဆိတ် လှုံ့ဆော်လိုက်ပြီး ထိုဝတုတ်ကောင်လေး၏ အိတ်ကပ်ထဲမှ သကြားလုံးအချို့ကို စိတ်စွမ်းအင်ဖြင့် လှမ်းယူရန် ကြိုးစားလိုက်သည်။
အတိတ်တုန်းက သူမသည် ဖခင်ဖြစ်သူထံမှ ဓားပျံစီးသည့် အတတ်ပညာကို သင်ယူခဲ့ဖူးသည်။ သူမအနေဖြင့် ၎င်းကို ကျွမ်းကျင်စွာ မတတ်မြောက်သေးသော်လည်း အရာဝတ္ထုများကို စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်သည့် အတတ်ပညာကိုမူ အတော်အတန် သိရှိထားခဲ့သည်။
မရဘူးပဲ...
ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအင်ကို အာရုံစူးစိုက်လို့ မရဘူး...
ခက်လိုက်တာ...
ချန်ယုကျန်းသည် အရာဝတ္ထုများကို အဝေးမှ ထိန်းချုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သဖြင့် အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။ သို့သော်လည်း သူမသည် စိတ်ကို ချက်ချင်းပြန်စုစည်းလိုက်ပြီး အတိတ်တုန်းက ဖခင်ဖြစ်သူ သင်ကြားပြသပေးခဲ့ဖူးသော နည်းစနစ်များကို အစွမ်းကုန် ပြန်လည်တွေးတောလိုက်သည်။ ขဏမျှ စဉ်းစားပြီးနောက် သူမသည် လေထုကို ဖြတ်၍ အရာဝတ္ထုများကို ထိန်းချုပ်ရန် ထပ်မံကြိုးစားလိုက်ပြန်သည်။
ပထမအကြိမ်... ကျရှုံးခဲ့သည်။
ဒုတိယအကြိမ်... ကျရှုံးခဲ့သည်။
တတိယအကြိမ် ကြိုးစားမှု... ကျရှုံးခဲ့ပြန်သည်။
စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်မြောက်အထိ... သူမ ဆက်လက်ကျရှုံးနေခဲ့သည်။
သတ္တမမြောက် အကြိမ်သို့ ရောက်ရှိမှသာ... ချန်ယုကျန်းသည် ထိုဝတုတ်ကောင်လေး၏ အိတ်ကပ်ထဲမှ သကြားလုံးအချို့ကို စိတ်စွမ်းအင်ဖြင့် အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့တော့သည်။ သူမသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရပြီး မျက်နှာလေးပင် နီမြန်းသွားခဲ့ရသည်။ သူမသည် ဤဝမ်းသာစရာကို မိဘများနှင့် မျှဝေချင်မိသည်။ သို့သော်လည်း မိမိက သူတစ်ပါး၏ သကြားလုံးကို မတရားနှိုက်ယူကာ ကလေးဆန်သောအလုပ်ကို လုပ်မိခြင်းဖြစ်ကြောင်း ပြန်လည်တွေးမိသဖြင့် ထိုအတွေးကို ဖျောက်ဖျက်လိုက်ရတော့သည်။
သကြားလုံးများကို ရရှိပြီးနောက် သူမသည် အူတူတူညီမလေး၏ ဘေးသို့ လျှောက်သွားကာ သကြားလုံးများကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး တိုးတိုးလေး မှာကြားလိုက်သည်။
“စကားမပြောနဲ့ဦး... ဒါနင့်အတွက်။”
အစားပုပ်ညီမလေး ချန်ယီခဲ့သည် သကြားလုံးများကို မြင်လိုက်ရသောအခါ မျက်ဝန်းများ ချက်ချင်း တောက်ပသွားခဲ့ပြီး သူမ၏ ပါးစပ်ကို ပိတ်ကာ ခေါင်းကို တရစပ် ညိတ်ပြလိုက်တော့သည်။ ထို့နောက် သူမသည် ထိုဝတုတ်ကောင်လေးကို ကျောခိုင်းလိုက်ပြီး သကြားလုံးများကို ပျော်ရွှင်စွာဖြင့် ခိုးစားနေခဲ့တော့သည်။
ချန်ယုကျန်းသည် သကြားလုံးများကို ခိုးစားနေသော ခင်တွယ်စရာ ညီမငယ်လေးကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးမိသွားသည်။ ညီမလေးကို စောင့်ရှောက်ပေးနိုင်ခဲ့သည့်အတွက် စိတ်ထဲတွင် အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရပြီး စိတ်ထဲ၌ အတော်လေး ကြည်နူးသွားခဲ့ရသည်။
တစ်ဖက်တွင်မူ... ချန်အန်သည် ဒိကွန်လင်းနှင့်အတူ ယဉ်ကျေးစွာ စကားစမြည် ပြောဆိုရယ်မောနေခဲ့သည်။
ထိုစဉ်မှာပင်... သူ၏ မျက်မှောက်၌ စနစ်၏ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့တော့သည်။
[သင့်သမီး ချန်ယုကျန်းသည် ကျင့်ကြံခြင်းစွမ်းအင်ကို အသုံးပြု၍ လေထုကိုဖြတ်ကာ အရာဝတ္ထုများကို ထိန်းချုပ်သည့် အတတ်ပညာကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ပါပြီ။ ဆုလာဘ် - ကမ္ဘာဦးခေတ် ကမ္ဘာဖျက်တားမြစ်မှော်အတတ် ‘မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ’]
“ဟင်...”
သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသော အသိပေးချက်ကို ကြည့်ပြီးနောက် ချန်အန်သည် မနေနိုင်ဘဲ မှင်သက်အံ့ဩသွားရတော့သည်။
.................................................................