အခန်း ၂၂၇
Vol. 22 Ch. 227
အခန်း ၂၂၇ - ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမမှ အမျိုးသမီးကျင့်ကြံသူ
[မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ : အသုံးပြုသူသည် မိမိ၏ ကျင့်ကြံခြင်းစွမ်းအင်များကို နက်မှောင်သော စွမ်းအင်လုံးတစ်ခုအဖြစ် စုစည်းစေရမည်။ ထိုအနက်ရောင်စွမ်းအင်လုံးသည် ကောင်းကင်ယံထက်သို့ အလိုအလျောက် ပျံသန်းသွားပြီးနောက်၊ မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်ခဲများကို အရှိန်အဟုန်ပြင်းစွာဖြင့် ဆွဲငင်ယူလိမ့်မည်။ ထို့နောက် ဧရာမ ကျောက်တုံးလုံးကြီးတစ်ခုကို ဖန်တီးကာ ရန်သူကို ပိတ်လှောင်ချေမှုန်းပစ်လိမ့်မည်။]
[မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ : အခြေခံအဆင့် ၁%]
ချန်အန်သည် ထိုအသိပေးချက်ကို ကြည့်ပြီး ခေတ္တမျှ မှင်သက်သွားခဲ့ရသော်လည်း ချက်ချင်းပင် စိတ်ပြန်လည်တည်ငြိမ်သွားခဲ့သည်။
မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ... ဤမှော်အတတ်၏ အမည်က ကြည့်ရုံနှင့်တင် အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ၎င်း၏ စွမ်းရည်က မည်မျှအထိ ထိရောက်မှုရှိမည်ကိုမူ သူ မသိသေးချေ။ စိတ်မကောင်းစရာမှာ ယခုအချိန်တွင် ၎င်း၏စွမ်းအားကို စမ်းသပ်ရန် အခြေအနေမပေးသဖြင့်၊ ဂူဗိမာန်သို့ ပြန်ရောက်မှသာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ယောကျာ်း... ဘာတွေ တွေးနေတာလဲဟင်။”
ရှန်ချင်းယီသည် ချန်အန် တစ်ယောက်တည်း ငေးငိုင်နေသည်ကို မြင်သဖြင့် မနေနိုင်ဘဲ စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။
ချန်အန်က ပြုံးလျက် “ဘာမှမဟုတ်ပါဘူး... မနက်ဖြန် ဆေးဖော်စပ်ခြင်းခန်းမမှာ တာဝန်စထမ်းဆောင်ရမယ့်အကြောင်း တွေးနေမိလို့ပါ” ဟု ပြန်ပြောလိုက်သည်။
ဤသို့ပြောပြီးနောက် သူ၏ အကြည့်များက သူ့နောက်တွင်ရှိသော သမီးကြီး ချန်ယုကျန်းထံသို့ ကျရောက်သွားခဲ့သည်။ သူသည် ရှေ့သို့လှမ်းကာ ဤသမီးငယ်လေး အရာဝတ္ထုများကို စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်သည့် အတတ်ပညာကို တကယ် တတ်မြောက်သွားပြီလားဟု မေးမြန်းချင်နေခဲ့သည်။ သို့သော်လည်း ပျံသန်းသည့်သင်္ဘောပေါ်တွင် ပြင်ပလူများ ရှိနေသဖြင့်၊ မိမိသမီး၏ အလွန်မြင့်မားလှသော ပါရမီဉာဏ်စွမ်းကို အပြင်လူများအား မသိစေချင်သောကြောင့် ရှေ့သို့တိုး၍ မမေးတော့ချေ။
နှမြောဖို့ကောင်းတာက... သမီးလေး ယုကျန်းက ပါရမီဉာဏ် ဘယ်လောက်ပဲ ကောင်းကောင်း၊ သူမရဲ့ စွမ်းအင်အမြုတေအဆင့်အတန်းက နည်းနည်း ညံ့ဖျင်းနေသေးတာပဲ။ နောင်ကျရင် သူမ အရွယ်ရောက်လာတဲ့အခါ သူမရဲ့ သစ်သားဓာတ်နဲ့ မီးဓာတ်စွမ်းအင်အမြုတေတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် မိစ္ဆာအမြုတေ အမြောက်အမြားကို ရှာဖွေပေးရမယ်။ သူမရဲ့ စွမ်းအင်အမြုတေ အားနည်းချက်ကြောင့် ပါရမီဉာဏ်ကို မထိခိုက်စေရဘူး...
သမီးငယ်လေး ချန်ယီခဲ့ကျတော့... ဒီအူတူတူ အစားပုပ်မလေးက မီးဓာတ်စွမ်းအင်အမြုတေတစ်ခုတည်းပဲ ရှိပေမဲ့၊ သူမရဲ့ စွမ်းအင်အမြုတေ အဆင့်အတန်းက မွေးရာပါ ထိပ်တန်းအဆင့်မှာ ရှိနေတာ။ ဒါတင်မကဘူး ခန္ဓာကိုယ်အတွင်းက သွေးသားစွမ်းအင်တွေကလည်း မွေးကတည်းက ကြွယ်ဝပြီးသားဆိုတော့ သူမရဲ့ ပါရမီအတွက် စိုးရိမ်စရာမလိုဘူး...
ဒါနဲ့တင် တွေးကြည့်ရင်... အခု မြေခွေးမလေးရဲ့ ပါရမီကလည်း ဒီလောက်မြင့်မားပြီး သွေးနှောကလည်း အားကောင်းနေတာဆိုတော့၊ သူမရဲ့ ဝမ်းထဲက ကောင်လေး မွေးလာရင် ပါရမီက ဘယ်လောက်တောင် ထူးခြားဆန်းပြားလိုက်မလဲ မသိဘူး။ တကယ်ကို မျှော်လင့်မိပါရဲ့...
ချန်အန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပြည့်နှက်နေခဲ့သည်။
နောက်ထပ် နှစ်နာရီကျော်ခန့် ကြာပြီးနောက်... ပျံသန်းသည့်သင်္ဘောသည် ထျန်းသီဂိုဏ်း၏ ကောင်းကင်ယံထက်တွင် တစ်ပတ်ပတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းအတွင်းရှိ မြေမျက်နှာသွင်ပြင် အားလုံးကို အပေါ်စီးမှ ကြည့်ရှုပြီးသည့်နောက်...
ဤကာလအတွင်း ချန်အန်သည် ထျန်းသီဂိုဏ်း၏ ဖွဲ့စည်းပုံများကို သူ၏ ဇနီးများနှင့် သမီးများအား အကြမ်းဖျင်း ရှင်းပြခဲ့သည်။ ထျန်းသီဂိုဏ်းတွင် ဆေးဖော်စပ်ခြင်းခန်းမ၊ မှော်ကတ်ပြားခန်းမ၊ ဆေးဘက်ဝင်အပင်ခန်းမ၊ သားရဲယဉ်ပါးစေခြင်းခန်းမ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမ၊ လက်နက်ခန်းမ၊ လက်နက်ဖော်စပ်ခြင်းခန်းမ၊ ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမ ကြာဖြူခန်းမစသည်ဖြင့် ခန်းမအသီးသီး ရှိကြသည်။
ထိုခန်းမများအနက် ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမနှင့် ကြာဖြူခန်းမတို့သည် အတိတ်တုန်းက ရှန်းဟိုင်ဒေသ၌ မိစ္ဆာဂိုဏ်းများအဖြစ် တည်ရှိခဲ့ကြဖူးသည်။ ၎င်းတို့အားလုံးသည် အတိတ်က ထျန်းသီဂိုဏ်းကို ရှုံးနိမ့်ခဲ့ကြသော်လည်း မဖျက်ဆီးခံချင်သဖြင့် လက်အောက်ခံအဖြစ် ဝင်ရောက်လာခဲ့ကြသည့် အခြေတည်ဝိဉာဥ်အဆင့်ရှိသည့် အင်အားကြီးအဖွဲ့အစည်းများ ဖြစ်ကြသည်။
ထျန်းသီဂိုဏ်း၏ လက်အောက်ခံဖြစ်သွားသော ဤမိစ္ဆာဂိုဏ်းဟောင်းများတွင် ထူးခြားသော ဝိသေသလက္ခဏာတစ်ခု ရှိသည်။ ၎င်းမှာ အဖွဲ့ဝင်အားလုံးနီးပါးသည် အမျိုးသမီးကျင့်ကြံသူများသာ ဖြစ်ကြခြင်းပင်။ ထျန်းသီဂိုဏ်းအနေဖြင့် ယခုကဲ့သို့သော ကြီးမားသည့် အတိုင်းအတာသို့ ရောက်ရှိလာနိုင်ခြင်းမှာ ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမနှင့် ကြာဖြူခန်းမတို့၏ ပံ့ပိုးကူညီမှုများကြောင့်လည်း ပါဝင်သည်။ ဂိုဏ်းအတွင်းရှိ တပည့်အများစုမှာ အခြေခံအားဖြင့် ဤခန်းမနှစ်ခုမှ အမျိုးသမီးကျင့်ကြံသူများ၏ သားသမီးများ ဖြစ်ကြသည်။
“ယောကျာ်း... ဆေးဘက်ဝင်အပင်ခန်းမထဲကို ဆင်းပြီး သွားကြည့်လို့ရမလားဟင်။”
ဇနီးဖြစ်သူ ဆောင်ဟွာယင်းက လှမ်းမေးလိုက်သည်။ သူမသည် ဆေးဘက်ဝင်အပင်ခန်းမတွင် ဆေးဘက်ဝင်အပင်များ စိုက်ပျိုးနည်းကို သင်ယူချင်နေခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် နောင်ကျရင် ဆေးလုံးဖော်စပ်ရာတွင် လိုအပ်သော ဆေးဘက်ဝင်အပင်မျိုးစုံကို မိမိကိုယ်တိုင် စိုက်ပျိုးပေးနိုင်မည်ဖြစ်ရာ၊ လင်ယောက်ျား၏ ဆေးဖော်စပ်ခြင်းလုပ်ငန်းကို ကူညီပေးနိုင်သလို တစ်ဖက်ကလည်း မိသားစုအတွင်း မိမိ၏ အဆင့်အတန်းကို မြှင့်တင်နိုင်မည် ဖြစ်သည်။
မိသားစုအတွင်းရှိ ဇနီးမယားများအနေဖြင့် မိမိက မည်မျှပင် လှပနေပါစေ၊ မည်မျှပင် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်း ရှိနေပါစေ... လင်ယောက်ျား၏ ဆော့ကစားခြင်းကို ခံရဖန်များလာလျှင် ငြီးငွေ့သွားမည့်နေ့တစ်နေ့ ရောက်ရှိလာမည်သာ ဖြစ်သည်။ အကယ်၍ လင်ယောက်ျား၏ နှလုံးသားထဲတွင် အမြဲတမ်း အရေးပါသော နေရာတစ်ခုကို ရယူထားချင်ပါက၊ လင်ယောက်ျားအတွက် အမှန်တကယ် အသုံးဝင်သော တန်ဖိုးတစ်ခု ရှိနေရပေမည်။
အသေအချာ စဉ်းစားပြီးနောက် ဆောင်ဟွာယင်းသည် မိမိအနေဖြင့် လင်ယောက်ျားကို အကြီးမားဆုံး ကူညီပေးနိုင်မည့်အရာမှာ... ဆေးဘက်ဝင်အပင်မျိုးစုံကို စိုက်ပျိုးပေးပြီး သူ၏ ဆေးဖော်စပ်မှု ကုန်ကျစရိတ်များကို လျှော့ချပေးခြင်းပင် ဖြစ်သည်ဟု ခံစားမိခဲ့သည်။
ချန်အန်မှာမူ ဇနီးဖြစ်သူတွင် ဤကဲ့သို့သော အတွေးမျိုး ရှိနေသည်ကို မသိချေ။ သူမသည် ဆေးဘက်ဝင်အပင်ခန်းမသို့ သွားရောက်ကာ ပန်းမန်များကို ကြည့်ရှုချင်ရုံသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်သဖြင့် သူမကို ပြောလိုက်သည်။
“တို့တွေက ဆေးဘက်ဝင်အပင်ခန်းမက တပည့်တွေ မဟုတ်ကြဘူးလေ၊ အဲဒါကြောင့် အတွင်းထဲကို ဝင်ခွင့်ရဖို့က ခက်လိမ့်မယ်။ မင်း တကယ်ပဲ သွားကြည့်ချင်တယ်ဆိုရင်... ကိုယ် ဒီက ပတ်ဝန်းကျင်နဲ့ အနည်းငယ် ရင်းနှီးသွားတဲ့အခါ ဆေးဘက်ဝင်အပင်ခန်းမက ဒိကွန်အချို့နဲ့ သိအောင်လုပ်ပြီး သူတို့ကတစ်ဆင့် တို့ကို အထဲခေါ်သွားပေးဖို့ ပြောပေးပါ့မယ်။”
“ကျေးဇူးတင်ပါတယ်... ယောကျာ်းရယ်။”
ဆောင်ဟွာယင်းက ချန်အန်၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး သူမ၏ လှပသော မျက်နှာလေးတွင် ချိုမြိန်သော အပြုံးများ ပြည့်နှက်သွားခဲ့သည်။
ထိုစဉ်မှာပင် ဒိကွန်လင်းက အကြံပြုလာသည်။ “ဒိကွန်ချန်... တို့တွေက ဒီခန်းမတွေထဲကို ဝင်လို့မရပေမဲ့ ထျန်းသီဂိုဏ်းထဲမှာ စျေးတစ်ခု ရှိတယ်ဗျ အဲဒီကို သွားပြီး လျှောက်ကြည့်လို့ရပါတယ်။”
“ဒါဆိုရင် အဲဒီဘက်ကို သွားပြီး လျှောက်ကြည့်ကြတာပေါ့။”
ချန်အန်တွင်လည်း ထိုအကြံမျိုး ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ပျံသန်းသည့်သင်္ဘောကို စျေးနှင့် မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုသို့ မောင်းနှင်ကာ ဆင်းသက်လိုက်ပြီး၊ သူ၏ ဇနီးများနှင့် သမီးများကို ခေါ်ဆောင်၍ ထျန်းသီဂိုဏ်း၏ စျေးသို့ လျှောက်လှမ်းခဲ့ကြသည်။
ထျန်းသီဂိုဏ်း၏ စျေးမှာ ဖြောင့်တန်းပြီး ကျယ်ဝန်းလှသော လမ်းမကြီးတစ်ခု ဖြစ်သည်။ လမ်းမကြီး၏ ဘယ်ဘက်ခြမ်းမှာ သေမျိုးနယ်မြေဖြစ်ပြီး ညာဘက်ခြမ်းမှာမူ ကျင့်ကြံသူနယ်မြေ ဖြစ်သည်။
သေမျိုးနယ်မြေတွင် အဓိကအားဖြင့် လူသုံးမျိုး ရှိကြသည်။
၁။ ထျန်းသီဂိုဏ်းသို့ အသစ်ဝင်ရောက်လာသော တပည့်များ၏ မိသားစုဝင်များ ဖြစ်ကြသည် သေမျိုးတစ်ဦးအဖို့ အသက် ၁၀၀ အထိ ရှင်သန်ရန်ပင် ခဲယဉ်းလှသည်။ တပည့်အများစုသည် ထျန်းသီဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီးနောက် မိမိတို့၏ သွေးသားရင်းချာ သုံးဆက်မြောက် မိသားစုဝင်များကို အတူတကွ နေထိုင်ရန် ခေါ်ဆောင်လာလေ့ ရှိကြသည်။
၂။ ထျန်းသီဂိုဏ်းအတွင်းရှိ ဒုတိယမြောက် မျိုးဆက်များ ဖြစ်ကြသည်။ သူတို့၏ မိဘများသည် စွမ်းအင်အမြုတေရှိသော ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏ ကံကြမ္မာမှာ မကောင်းလှချေ။ မွေးဖွားလာချိန်တွင် စွမ်းအင်အမြုတေ မပါလာသဖြင့် မကျင့်ကြံနိုင်ဘဲ သေမျိုးအဖြစ်သာ နေထိုင်ကြရရှာသည်။
၃။ သေမျိုးလောကရှိ တော်ဝင်မိသားစုများမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သူတို့သည် သူတို့၏ အဆက်အသွယ်များကို အသုံးပြုကာ မိမိတို့၏ ငယ်ရွယ်လှပသော သားသမီးများကို ထျန်းသီဂိုဏ်းသို့ စေလွှတ်ကာ ပညာသင်ကြားစေပြီး ဗဟုသုတ ရှာဖွေစေခြင်း ဖြစ်သည်။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူဆရာသခင်တစ်ဦးဦး၏ မျက်စိကျခြင်းကို ခံရပါက သူတို့၏ ဘဝမှာ တစ်ဟုန်ထိုး မြင့်တက်သွားမည် ဖြစ်သည်။ လူတစ်ယောက် ကျင့်ကြံခြင်း အဆင့်အတန်း ရရှိသွားလျှင် ကြက်နှင့်ခွေးပင် မိုးပေါ်သို့ ပျံတက်နိုင်သည် မဟုတ်ပါလား။
သေမျိုးနယ်မြေတွင် အဓိကအားဖြင့် အစားအသောက်များ၊ အဝတ်အထည်များ၊ အလှဆင်ပစ္စည်းများ၊ ပုံပြင်စာအုပ်များ စသည်တို့ကို ရောင်းချကြသည်။ အကျဉ်းချုပ်ရလျှင် အလွန်စည်ကားလှသဖြင့် အမျိုးသမီးကျင့်ကြံသူ အများစုမှာ စျေးဝယ်ရသည်ကို သဘောကျကြသည်။
ညာဘက်ခြမ်းရှိ ကျင့်ကြံသူ နယ်မြေတွင်မူ ထျန်းသီဂိုဏ်းမှ ဆရာသခင်များ ဖြစ်ကြသည်။ သူတို့သည် အဓိကအားဖြင့် ဆေးလုံးများ၊ မှော်ကတ်ပြားများ၊ မှော်ပစ္စည်းများ၊ ကျင့်ကြံခြင်း သားရဲများနှင့် အခြားကျင့်ကြံခြင်းနှင့် သက်ဆိုင်သော ရတနာများကို ရောင်းချကြသည်။
“ဖေဖေ... သမီး အသီးဖျော်ရည်စားချင်တယ်!”
“ဖေဖေ... သမီးလည်း အသီးဖျော်ရည် စားချင်တယ်! ပြီးတော့ ကျင့်ကြံခြင်း မုန့်တွေ၊ မိစ္ဆာသားရဲနို့နဲ့ မိစ္ဆာသားရဲအသားတွေလည်း စားချင်သေးတယ်”
“ယောကျာ်း... ဟိုးရှေ့က ဆိုင်ထဲမှာရှိတဲ့ လက်ဝတ်ရတနာတွေက သိပ်လှတာပဲ သွားကြည့်ချင်လို့။”
“ယောကျာ်း... ပုံပြင်စာအုပ်တစ်အုပ် ဝယ်ချင်လို့ပါ။”
ဇနီးများနှင့် သမီးဖြစ်သူတို့သည် ညာဘက်ခြမ်းရှိ ကျင့်ကြံသူနယ်မြေကို လုံးဝဥပေက္ခာပြုထားကြပြီး ဘယ်ဘက်ခြမ်းရှိ သေမျိုးနယ်မြေကိုသာ အာရုံစိုက်နေခဲ့ကြသည်။ သေမျိုးနယ်မြေရှိ အရာများက သူတို့နှင့် ပို၍ သင့်တော်လှသည် မဟုတ်ပါလား။
....................................................................