အခန်း ၃၇၄
Vol. 31 Ch. 374
အခန်း (၃၇၄) နတ်ဆိုး ကတ်ပြား ပိုင်ဆိုင်သူနှင့် ဥယျာဉ် အကျဉ်းထောင်၏ ထောင်မှူး
"ဖျော်ဖြေပွဲ ဟုတ်လား၊ ဘာဖျော်ဖြေပွဲလဲ"
"အစ်ကိုကြီး မသိဘူးလား၊ သူက တော်တော်လေး နာမည်ကြီးတဲ့ စူပါစတားလေ၊ ဘယ်မြို့တော်မှာပဲဖြစ်ဖြစ် သူ့ပရိသတ်တွေ အများကြီးရှိတယ်"
"ငါက သူ့ကို သိနေဖို့ အကြောင်းပြချက်များ ရှိလို့လား"
"အင်း... အဲဒါလည်း ဟုတ်တာပါပဲ၊ အစ်ကိုချီယန်က စိတ်ဖိစီးမှုပြေပျောက်ဖို့ နာမည်ကြီးတွေကို လိုက်အားပေးမယ့်လူစားမျိုးမှ မဟုတ်တာ"
နာမည်ကြီးတွေကို လိုက်အားပေးတယ် ဟုတ်လား၊ စိတ်ဖိစီးမှုပြေပျောက်စေတယ်ပေါ့လေ။
အမှန်တကယ်လည်း ထိုသို့ဖြစ်တန်ကောင်းပါ၏။
အဆုံးအစမရှိသော ပလက်ဖောင်းများ၏ ရက်စက်ကြမ်းကြုတ်မှုများကြားတွင် အချို့သော ရထားမောင်းနှင်သူများအတွက်မူ ပရိသတ်တစ်ယောက်ဖြစ်ရခြင်းက စိတ်စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိသော ဆေးစွမ်းကောင်းတစ်လက်လည်း ဖြစ်နေနိုင်ပေသည်။
"ဒါပေမယ့် အစ်ကိုကြီးက ဒီကိုရောက်နေမှတော့ ဥယျာဉ်ပွဲတော်ကို လာတာဖြစ်ရမယ်မလား၊ ကျွန်မတို့ မဟာမိတ်အဖွဲ့က ဖျော်ဖြေပွဲအတွက် လုံခြုံရေးတာဝန် ယူထားရတာလေ၊ မကြည့်ဘဲ နေလိုက်ရင် နှမြောစရာကြီး"
သူမက ရဲချီယန်ကို ဖျော်ဖြေပွဲသို့ အလွန်အမင်း သွားစေချင်နေပုံရလေ၏။
ရဲချီယန်က ခေတ္တမျှ စဉ်းစားလိုက်သော်လည်း ငြင်းဆန်ခြင်း မပြုခဲ့ချေ။
ကောင်းကင်ယံဥယျာဉ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာရန် ကံကြမ္မာဖန်လာမည်ဖြစ်သော်လည်း သူခိုးကို နေ့စဉ်ရက်ဆက် ကြိုတင်သတိထားနေ၍ မရနိုင်ဟူသော စကားလည်း ရှိသည်မဟုတ်ပါလော။
ဤမြို့တော်သို့ သူလာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။
ထိုအရာကား အပန်းဖြေ အနားယူရန်ပင်တည်း။
"ဒါလည်း ကောင်းတာပါပဲ၊ ဒါပေမယ့် မင်းက ဒီကိစ္စလေးတစ်ခုတည်းအတွက် ငါ့ဆီ လာတာတော့ မဖြစ်နိုင်ဘူးမလား"
သူမက အလွန်အမင်း စိတ်အားထက်သန်လွန်းနေချေပြီ။
သူတို့အချင်းချင်း သိကျွမ်းခဲ့သည် ဆိုလျှင်တောင် သူတို့၏ ဆက်ဆံရေးမှာ ဤမျှလောက်အထိ ရင်းနှီးကျွမ်းဝင်နေသည့် အဆင့်မျိုး မဟုတ်ပေ။
"ဟီးဟီး... အစ်ကိုကြီးက သိနေတာပဲ၊ ကျွန်မတို့ တွေ့မှပဲ စကားပြောကြမလား၊ ဒီမှာက ရှင်းပြရတာ နည်းနည်းခက်လို့ပါ"
"ပြဿနာရှာမယ့် ကိစ္စတွေဆိုရင်တော့ မပြောနဲ့တော့၊ ပြီးတော့ ငါက မဆာသေးသလို ညလယ်စာစားတဲ့ အကျင့်လည်း မရှိဘူး"
"မဟုတ်ရပါဘူး အစ်ကိုကြီးရာ... အစ်ကိုကြီးက တော်တော် စိတ်လောတာပဲ... ကောင်းပြီလေ၊ ကျွန်မ ပြောပြပါ့မယ်"
ချက်ဘောက်စ်၏ အခြားတစ်ဖက်ရှိ ဖုန်းဖုန်းမှာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရကာ အတန်ကြာမှသာ စာတစ်စောင်ကို အသစ်ထပ်ပို့လာခဲ့၏။
"အစ်ကိုကြီး... တခြား နတ်ဆိုး ကတ်ပြားတွေကို ရချင်သေးလားဟင်"
အကင်စားနေသော ရဲချီယန်မှာ ရုတ်တရက် ရပ်တန့်သွားလေသည်။
သူက အကင်ကို အောက်သို့ ချထားလိုက်ရာ ပျင်းရိပျင်းတွဲ ဖြစ်နေသော မျက်လုံးများမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားချေပြီ။
"တန်ဖိုးက ဘယ်လောက်လဲ"
"အို... ဒါက အရောင်းအဝယ် လုပ်တာမဟုတ်ပါဘူး... သတင်းအချက်အလက် သက်သက်ပါပဲ... ကျွန်မတို့ တွေ့ပြီးမှ စကားပြောကြမလား"
"ကောင်းပြီလေ"
အခြားကိစ္စများကို လျစ်လျူရှုထား၍ ရနိုင်သော်ငြား နတ်ဆိုး ကတ်ပြားများကိုတော့ ထိုသို့ လုပ်၍မရနိုင်ပေ။
တစ်ဖက်လူ၌ အခြားသော နောက်ကွယ်က ရည်ရွယ်ချက်များ ရှိနေခဲ့လျှင်တောင် ဘာဖြစ်သေးသနည်း။
ဤကောင်းကင်ယံဥယျာဉ်မှ အဆင့်မြင့် အရာရှိတစ်ဦး၏ လက်ထဲတွင် နတ်ဆိုး ကတ်ပြားတစ်ခု ရှိနေကြောင်းကို ရဲချီယန်က အလွန်ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။
ဖုန်းဖုန်း ပြောလာသည့် သတင်းအချက်အလက်က ထိုသူနှင့် ပတ်သက်နေခြင်းများ ဖြစ်နိုင်မည်လော။
ညဥ့်နက်ယံ အချိန် - 【၂၃:၂၀:၅၃】
ကောင်းကင်ယံဥယျာဉ်၊ ဇုန် ၁၁၊ ယီရှီ ကိုလာနှင့် မီတာ ငါးရာခန့် ကွာဝေးသော အနောက်တိုင်း စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတစ်ခုအတွင်း။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာကာ သီးသန့်ခန်း၏ တံခါးလေးက ပွင့်ဟသွားလေ၏။
လိုလီလေးပုံစံ ကောင်မလေးဖြစ်သော ဘူတာရုံသခင် ဖုန်းဖုန်းက တံခါးကို အနည်းငယ် တွန်းဖွင့်လိုက်ပြီး အပြင်ဘက်မှနေ၍ ခေါင်းလေးကို ပြူထွက်လာခဲ့သည်။
"အာ... အစ်ကိုကြီးကို တွေ့ပါပြီ... တောင်းပန်ပါတယ်၊ ကျွန်မ နည်းနည်းလေး နောက်ကျသွားတယ်... ကျွန်မတို့ ဇုန် ၄ ကနေ ဒီ ဇုန် ၁၁ ကို လာရတာ အချိန်တော်တော်လေး ပေးလိုက်ရလို့ပါ"
သူမက အပြေးအလွှား ဝင်လာကာ နောက်ကျောရှိ တံခါးကို ပိတ်လိုက်ပြီးနောက် ရဲချီယန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။ စားပွဲပေါ်တွင် ပြည့်နှက်နေသော အစားအစာ မျိုးစုံကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ မျက်လုံးလေးများက ချက်ချင်းပင် အရောင်လက်သွားချေပြီ။
"တစ်နေကုန် အလုပ်ရှုပ်နေရလို့ ကျွန်မ ဗိုက်တွေ တအားဆာနေပြီ... ဟီးဟီး... အစ်ကိုကြီး... ဒီတစ်နပ်ကို ကျွန်မ ဒကာခံမယ်နော်... တခြားစားချင်တာ ရှိသေးရင်လည်း ထပ်မှာလိုက်ပါဦး"
ရဲချီယန်က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ကာ သေးသွယ်လှသော ဖုန်းဖုန်းကို ကြည့်ရင်း မေးလိုက်၏။
"မင်းက အရင်ပုံစံကို ပြန်ပြောင်းထားပြီးပြီ မဟုတ်ဘူးလား... အခု ဘာလို့ ဒီလိုမျိုး ပြန်ဖြစ်နေရတာလဲ"
"အင်း... ဟီးဟီး... အဲဒီပုံစံက စွမ်းအင်ကို အရမ်း စားလွန်းလို့လေ"
သူမက အသေးစိတ် ရှင်းပြခြင်း မပြုခဲ့ချေ။ ထိုပလက်ဖောင်းမှ သူမ ထွက်ခွာသွားပြီးနောက် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံရပေသည်။
ရဲချီယန်ကလည်း သူမ၏ လျှို့ဝှက်ချက်များကို စပ်စုရန် ရည်ရွယ်မထားဘဲ အဓိက အကြောင်းအရာကိုသာ တိုက်ရိုက်ပြောဆိုလိုက်တော့သည်။
"နတ်ဆိုး ကတ်ပြားအကြောင်း ငါ့ကို ပြောပြလေ"
"..."
သူမက စားသောက်နေခြင်းကို ရပ်တန့်လိုက်၏။ မူလက ပြုံးဖြဲဖြဲဖြစ်နေသော မျက်နှာအမူအရာမှာလည်း တဖြည်းဖြည်း တည်ကြည်သွားလေတော့သည်။
"ကောင်းကင်ယံဥယျာဉ်က အဆင့်မြင့် အရာရှိတစ်ယောက်... မဟုတ်ဘူး... တိတိကျကျပြောရရင် ဥယျာဉ် အကျဉ်းထောင်ရဲ့ ထောင်မှူးပဲ... သူ့လက်ထဲမှာ နတ်ဆိုး ကတ်ပြားတစ်ခု ရှိနေတယ်"
ထင်ထားသည့်အတိုင်းပင် ရဲချီယန် မှန်းဆထားသည်မှာ မှန်ကန်နေခဲ့လေပြီ။
"နာမည်က"
"ကျွန်မ မသိဘူး... ကတ်ပြား အစီအစဉ်ဆိုတာ အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တဲ့အရာလေ... အဲဒီလူက တခြားသူတွေရှေ့မှာ ကတ်ပြားရဲ့ နာမည်အစစ်ကို ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့ဖူးဘူး... အဲဒီ နတ်ဆိုး ကတ်ပြားရဲ့ နာမည်အစစ်ကို သိခဲ့တဲ့လူတိုင်း သေကုန်ကြပြီပဲ"
"...ငါက ထောင်မှူးရဲ့ နာမည်ကို မေးနေတာ"
"အာ... ဟီးဟီး... ကျွန်မ အထင်လွဲသွားလို့ပါ"
ဖုန်းဖုန်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ ခါးကိုမတ်၍ ထိုင်လိုက်လေ၏။
"မားကပ်စ်... ဟယ်ရီ မားကပ်စ် လို့ ခေါ်တယ်... ဒါပေမယ့် ကောင်းကင်ယံဥယျာဉ်က လူတွေကတော့ သူ့ကို ကျွန်သခင် လို့ ခေါ်ရတာ ပိုသဘောကျကြတယ်... အဲဒီလူဆီမှာ သူ့ကို အလုပ်အကျွေးပြုနေတဲ့ ကျွန်ထောင်ချီပြီး ရှိနေတာ"
"ပြီးတော့ အဲဒီအထဲမှာ ဌာနေလူသားတွေသာမကဘဲ သူ အကျဉ်းထောင်ကနေ ဝယ်ယူထားတဲ့ ရထားမောင်းနှင်သူ တချို့တောင် ပါသေးတယ်"
"အစ်ကိုကြီး... ကျွန်မ မဟာမိတ်အဖွဲ့ကို ပြန်ရောက်လာပြီးတဲ့နောက်မှာ အရင်တုန်းက လုံးဝ မစဉ်းစားမိခဲ့သလို ဂရုလည်း မစိုက်ခဲ့ဖူးတဲ့ ကိစ္စများစွာကို သိလာရတယ်"
"ကျွန်မတို့ မဟာမိတ်အဖွဲ့ရဲ့ ဂိုဏ်းချုပ်က ပြောတယ်... ကတ်ပြား အစီအစဉ် ပိုင်ဆိုင်ထားတဲ့လူတိုင်းက အမျိုးအစားတူတဲ့ ကတ်ပြား အစီအစဉ်တွေကို ရယူချင်ကြတာချည်းပဲတဲ့"
"ပြီးတော့ အမျိုးအစားတူ ကတ်ပြား အစီအစဉ်တွေကို စုဆောင်းသူတွေဟာ မွေးရာပါ ရန်သူတွေပဲတဲ့လေ"
"ဒါကြောင့် အဲဒီထောင်မှူးက အစ်ကို့ရဲ့ ရန်သူဖြစ်လာဖို့ ကံကြမ္မာပါပြီးသားပဲ"
"အဲဒါကြောင့်မို့လို့..."
"မင်းက ငါ့ကို သူ့ကို သတ်စေချင်နေတာလား... ဧရာမ မြို့တော်ကြီးတစ်ခုရဲ့ ထောင်မှူးတစ်ယောက်ကို ငါက ဘာလို့ သတ်နိုင်မယ်လို့ မင်း ထင်နေရတာလဲ... ပြီးတော့ မင်းက မဟာမိတ်အဖွဲ့ထဲ ဝင်ထားပြီးပြီဆိုတော့ မင်းရဲ့ မဟာမိတ်အဖွဲ့ဝင်တွေကို ဘာလို့ မခိုင်းလိုက်ရတာလဲ"
"အဲဒါက ကတ်ပြား အစီအစဉ်တစ်ခုလေ၊ ကစားစရာ အရုပ်မှ မဟုတ်တာ"
"နတ်ဆိုးရဲ့ စွမ်းရည်တွေက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို မင်း သေသေချာချာ သိထားသင့်တာပေါ့"
"ဒါဆိုရင် ဘာလို့ ငါ့ဆီ လာရတာလဲ"
ကတ်ပြား အစီအစဉ် ပိုင်ဆိုင်သူ၏ သတင်းအချက်အလက်ကို သိလိုက်ရုံဖြင့် ရဲချီယန်မှာ စိတ်လှုပ်ရှားစွာ မျောပါသွားခြင်း မရှိခဲ့ချေ။
သူက ဖုန်းဖုန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ကာ တစ်စုံတစ်ရာသော သဲလွန်စကို ရှာဖွေနေသည့်အလားပင်။
လေထုမှာ တော်တော်လေး လေးလံသွားလေတော့သည်။
ဖုန်းဖုန်းက ခေါင်းငုံ့ထားလိုက်ကာ ကုလားထိုင်ပေါ်ရှိ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှနေ၍ ခြေထောက်လေးများကို စဉ်ဆက်မပြတ် လွှဲယမ်းနေလိုက်၏။
"တကယ်တော့..."
သူမက နှုတ်ခမ်းကို ကိုက်လိုက်ကာ တစ်ခုခုကို ပြောရမည်လား၊ မပြောရဘူးလား ဆိုသည်ကို ရုန်းကန်နေရသည့်အလားပင်။
အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူမက သွားကို ကျိတ်လိုက်ကာ နောက်ဆုံးတွင် ခေါင်းမော့၍ ရဲချီယန်၏ အကြည့်များကို ရင်ဆိုင်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ရှင်းပြလာခဲ့သည်။
"တကယ်တော့... ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်က ဒီသတင်းအချက်အလက်ကို အသုံးပြုပြီး အစ်ကို့ကို ကျွန်မတို့ မဟာမိတ်အဖွဲ့ထဲ ဝင်လာဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာပါ"
"မားကပ်စ် လို့ခေါ်တဲ့ ထောင်မှူးက ကျွန်မတို့ မဟာမိတ်အဖွဲ့နဲ့ ရန်သူအခြေအနေ ဖြစ်နေတာ ကြာပြီ"
"တကယ်လို့ အစ်ကိုက သူ့ကို အနိုင်ယူပြီး အဲဒီ နတ်ဆိုး ကတ်ပြားကို ယူနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့... အဲဒီလိုမှ မဟုတ်ရင်လည်း ကျွန်မတို့ဘက်ကနေ တိုက်ရိုက်ဝင်ပြီး အကူအညီပေးလို့ ရပါတယ်... တန်ဖိုးအနေနဲ့ကတော့ အဲဒီ နတ်ဆိုး ကတ်ပြားကို ရပြီးတဲ့နောက် အစ်ကိုက ကျွန်မတို့ မဟာမိတ်အဖွဲ့ထဲ ဝင်ပေးရမယ်ပေါ့"
"တောင်းပန်ပါတယ် အစ်ကိုကြီး... ကျွန်မ ဘူတာရုံသခင်အဖြစ်ကနေ ရပ်နားလိုက်ပြီးတဲ့နောက်မှာ အရင်တုန်းက ဖြစ်ခဲ့တာတွေကို ဂိုဏ်းချုပ်ဆီ ပြောပြလိုက်မိလို့ပါ"
"အာ... စိတ်မပူပါနဲ့နော်... ကျွန်မက အစ်ကို့နာမည်ကို သူ့ကို မပြောပြခဲ့ပါဘူး... ပြီးတော့ ဒီနေ့ ကျွန်မ ဒီကို လာတယ်ဆိုတာကိုလည်း တခြားဘယ်သူမှ မသိပါဘူး"
ခရုနှင့် ငှက်တို့ တိုက်ခိုက်နေချိန်တွင် တံငါသည်က အမြတ်ထုတ်မည် ဟုတ်လား။
နှစ်ဦးစလုံးက နတ်ဆိုး ကတ်ပြားများကို ပိုင်ဆိုင်ထားသောကြောင့် သူက ထိုထောင်မှူးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်မှာ ကံကြမ္မာပါပြီးသား ဖြစ်နေပေသည်။
ထိုဂိုဏ်းချုပ်၏ အမြင်တွင် ရဲချီယန်က ထိုထောင်မှူး၏ ပြိုင်ဘက် လုံးဝ ဖြစ်လာနိုင်မည် မဟုတ်ဘဲ အဆုံးတွင် သူတို့က အကူအညီပေးခြင်းဖြင့် နတ်ဆိုး ကတ်ပြား ပိုင်ရှင်တစ်ဦးဖြစ်သည့် သူ့အား သူတို့ မဟာမိတ်အဖွဲ့၏ စစ်ရထားပေါ်သို့ ဆွဲတင်နိုင်မည်ဟု တွေးထားပုံရလေသည်။
ထိုမျှသာမက လမ်းကြုံအနေဖြင့် သူတို့နှင့် ရန်စောင်နေပြီးဖြစ်သော ထောင်မှူးကိုပါ ရှင်းလင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
"ငါ နားလည်ပြီ"
ရဲချီယန်က အနည်းငယ် ပြုံးလိုက်ကာ ဖုန်းဖုန်း ပြောစကားများကြောင့် ဒေါသထွက်သွားခြင်း မရှိခဲ့ချေ။
နာမည်ကို သိလိုက်ရပြီဖြစ်ရာ။ ဤမျှဆိုလျှင် လုံလောက်နေချေပြီ။
အကယ်၍ သူက ထိုသူကို ရှာတွေ့နိုင်မလား၊ မတွေ့နိုင်ဘူးလား။ ထိုသူ၏ လက်ထဲမှ နတ်ဆိုး ကတ်ပြားကို ရယူနိုင်မလား ဆိုသည်ကိုတော့။
"အဲဒီ နတ်ဆိုး ကတ်ပြားကို"
"ငါ ရအောင် ယူမယ်"