အခန်း ၃၇၅
Vol. 31 Ch. 375
အခန်း (၃၇၅) မှောင်ခို နောက်ယောင်ခံလိုက်နေသော ဂေါ်ဘလင် တမန်တော်
ညဥ့်နက်ယံ အချိန် - 【၂၂:၁၉:၀၃】
ယီရှီ ကိုလာ ကုမ္ပဏီသို့ ပြန်သွားရာလမ်းတွင် ရဲချီယန်က သူ၏လက်ထဲရှိ လက်မှတ်တစ်ထပ်ကို ကြည့်ရင်း အတွေးရေယာဉ်ကြော၌ နစ်မျောနေလေ၏။
"ဒါကို တကယ်ပဲ ကြည့်ချင်တဲ့လူ ရှိလို့လား... သူတို့တွေ လက်မှတ်မရောင်းရလို့ ငါ့ဆီကို အတင်းထိုးပေးလိုက်တာမျိုးတော့ မဖြစ်နိုင်ပါဘူးနော်"
သူက ခေါင်းယမ်းလိုက်ကာ လက်မှတ်များကို အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်လိုက်လေသည်။
ညဘက်ဖြစ်သော်လည်း လမ်းမများထက်တွင် လူများဖြင့် စည်ကားနေဆဲပင်။ မည်သို့ပင်ဖြစ်စေ ရထားမောင်းနှင်သူ အများအပြားအတွက်မူ ညအချိန်က သူတို့၏ နေ့တစ်နေ့ စတင်ချိန်သာ ဖြစ်ပေသည်။
ထိုအထဲတွင် လူသားမဟုတ်သော တည်ရှိမှုများကိုလည်း အတော်လေး တွေ့မြင်နိုင်၏။
အချို့က လူသားဘဝမှ မျိုးနွယ်စု ပြောင်းလဲသွားခြင်းဖြစ်ပြီး အချို့မှာမူ ဘူတာရုံကမ္ဘာ တစ်ခုခုမှ လူသားမဟုတ်သော ဌာနေသက်ရှိများဖြစ်ကာ နည်းလမ်းအမျိုးမျိုးဖြင့် ရထားမောင်းနှင်သူများ ဖြစ်လာခဲ့ကြခြင်းသာတည်း။
ထိုစဉ် ရုတ်တရက် အဝတ်အစားများဖြင့် ဖုံးကွယ်ထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်စုက အရပ်ပုပု သတ္တဝါတစ်ကောင်ကို ဝန်းရံလျက် ရဲချီယန်ထံသို့ တည့်မတ်စွာ လျှောက်လှမ်းလာခဲ့ကြလေသည်။
ရထားမောင်းနှင်သူများကြားတွင် ထူးဆန်းသော လူစားမျိုးစုံ ရှိနေပေရာ မျက်နှာကို ဖုံးကွယ်ထားရုံသက်သက်မှာ အနည်းငယ်မျှပင် ဆန်းကြယ်မှုမရှိချေ။
သို့သော်လည်း သူနှင့် လီဆက်တို့ ဖြတ်လျှောက်သွားပြီးနောက် ထိုအရပ်ပုပု ပုံရိပ်မှာ ရုတ်တရက် ရပ်တန့်သွားလေ၏။
၎င်းက ခေါင်းစွပ်ကို ချွတ်ချလိုက်ရာ အောက်ဘက်မှ ကိလေသာရမ္မက်ကြီးမားလှသော ဂေါ်ဘလင် မျက်နှာတစ်ခု ပေါ်လွင်လာခဲ့သည်။
ဂေါ်ဘလင် နတ်ဘုရားက ရဲချီယန်ကို စူးရဲစွာ စိုက်ကြည့်နေလေ၏။
"အဲ့ဒါက ဘာကြီးလဲ"
၎င်း၏ မျက်လုံးများက ရဲချီယန်၏ အနောက်ရှိ လီဆက်ထံသို့ ရောက်ရှိသွားချိန်တွင် အမည်မသိနိုင်၊ နားလည်နိုင်စွမ်းမရှိသည့်အပြင် တည်ဆောက်ပုံ ကင်းမဲ့နေသော ဧရာမ သတင်းအချက်အလက် အစုအဝေးကြီးတစ်ခုက ထွက်ပေါ်လာခဲ့ချေပြီ။
မြင်တွေ့နိုင်သမျှ တစ်ခုတည်းသောအရာမှာ လီဆက်နှင့် ရဲချီယန်ကြားရှိ မည်သည့်အခါမျှ ဖြတ်တောက်၍မရနိုင်သော ထာဝရ ချိတ်ဆက်နှောင်ဖွဲ့မှုတစ်ခုပင် ဖြစ်သည်။
"စက်ယန္တရားတစ်ခုလား... အရင်က တစ်ခါမှ မမြင်ဖူး မကြားဖူးတဲ့ အထူးအမျိုးအစား စက်ယန္တရားတစ်ခုပဲ... လူသားလား... ဒီလူသားက ဖန်တီးထားတာလား"
"လူသားတွေ... လူသားတွေ ထပ်ပြီးတော့ လူသားတွေပဲ... ငါ ဂေါ်ဘလင် နတ်ဘုရားကမှ အစွမ်းအထက်ဆုံး စက်ယန္တရား ဖန်တီးသူ ဖြစ်သင့်တာကွ"
၎င်း၏ မျက်လုံးများထဲတွင် မနာလို မရှုစိမ့်မှုများနှင့် လောဘရမ္မက်များ ပြည့်နှက်သွားလေတော့သည်။
"အမည်မသိ စက်ယန္တရား သက်ရှိတစ်ခု... ငါ တစ်ခါမှ မမြင်ဖူးတဲ့ တည်ရှိမှုမျိုးပဲ... ဒါကိုသာ ငါ ရလိုက်ရင် သိပ်ကောင်းမှာပဲ"
"ဒါပေမယ့် ငါက ဘာလို့ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတာလဲ... သူ့အပေါ်ထားရှိတဲ့ ငါ့ရဲ့ မှတ်ဉာဏ်ပုံရိပ်တွေတောင် ဝေဝါးလာနေပါလား... ဘာဖြစ်လို့လဲ"
ရုတ်တရက် ထွက်ပေါ်လာသော ပြေးလွှားသံတစ်ခုကြောင့် ၎င်းက ခေါင်းစွပ်ကို အလျင်အမြန် ပြန်စွပ်လိုက်ရလေ၏။ အုပ်ချုပ်ရေးဌာနမှ ညကင်းလှည့်အဖွဲ့တစ်ဖွဲ့က သူတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းပင်။
"ငါက နတ်ဘုရားတစ်ပါးပါ... ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်သလဲ... နည်းနည်းလေးပဲ... နည်းနည်းလေးပဲ လိုတော့တယ်... ငါ့ရဲ့ ချောက်နက် စက်ယန္တရား ဖန်တီးမှုကြီးကို အပြီးသတ်နိုင်တာနဲ့..."
၎င်းက နှလုံးသားထဲရှိ လောဘရမ္မက်များကို ဖိနှိပ်ထားလိုက်ကာ ရုပ်ဖျက် ကိုယ်ပျောက်ခြင်းတွင် အထူးကျွမ်းကျင်သော ဂေါ်ဘလင် တမန်တော်တစ်ကောင်ကို ရဲချီယန် ထွက်ခွာသွားရာ လမ်းကြောင်းသို့ နောက်ယောင်ခံလိုက်ရန် အမိန့်ပေးလိုက်လေတော့သည်။
"သူ့နောက်ကို လိုက်သွား... သူ့တည်နေရာကို ရှာဖွေစမ်း... ဟိုလူမိုက် အိမ်ပြန်ချင်သူတွေနဲ့ ကုန်သွယ်မှု လုပ်ပြီးတာနဲ့ အဲဒီလူသားရဲ့ စက်ယန္တရား၊ သူ့ရဲ့ ဖန်တီးမှုတွေနဲ့ သူ့ဆီမှာရှိတဲ့ အရာအားလုံးကို ငါ ကိုယ်တိုင် လာယူမယ်... ဟီးဟီးဟီးဟီး"
ယီရှီ ကိုလာ ကုမ္ပဏီနှင့် ဝေးကွာရာ လမ်းကြောင်းတစ်နေရာ၊ တိတ်ဆိတ်ငြိမ်သက်နေပြီး အသစ်ဖော်ထုတ်ထားသော မပြီးပြတ်သေးသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်း။
"လီဆက်"
ရဲချီယန်က ရပ်တန့်လိုက်ကာ အမိန့်တစ်ခုကို တိုးညှင်းစွာ ထုတ်ပြန်လိုက်လေ၏။
သာမန် မိန်းကလေးတစ်ယောက်နှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီနေသော စက်ယန္တရား အစေခံကောင်မလေးက သူ့အား အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်သည်။
သူမ၏ အနောက်ဘက်ရှိ အချိန်စက်ယန္တရား လက်နက်ကိရိယာက နာရီ၊ မိနစ် နှင့် စက္ကန့် ဟူသော ပုံစံများအဖြစ်သို့ ကွဲထွက်သွားလေတော့သည်။
သူမက ကောင်းကင်ယံဥယျာဉ်၏ စိတ်ကူးယဉ်ဆန်လှသော ဓားသွားနှစ်လက်ကို လက်ထဲတွင် ကိုင်ဆောင်လိုက်ကာ အမှောင်ထုထဲရှိ နေရာတစ်နေရာဆီသို့ ချက်ချင်းပင် တိုက်ခိုက်လိုက်လေ၏။
အမှောင်ထုထဲမှ ဂေါ်ဘလင် တမန်တော်မှာ အလွန်အမင်း ထိတ်လန့်သွားချေပြီ။ ၎င်းက ခြေရာအဖျောက်ခံရမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
၎င်းက စက္ကန့်ပိုင်းအတွင်းမှာပင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာက လူသားမြို့တော်တစ်ခု ဖြစ်၏။ အကယ်၍ ပြိုင်ဘက်ကို သတ်ဖြတ်နိုင်ခဲ့လျှင်တောင် ၎င်း၏ နတ်ဘုရားအတွက် ပြဿနာများကိုသာ ဆောင်ကြဉ်းပေးလာမည်သာတည်း။
သို့သော်လည်း အချိန်စက်ယန္တရား လက်နက်ကိရိယာ၏ မိနစ် နှင့် စက္ကန့် လက်နက်များက ၎င်းကို ပစ်မှတ်ထား သော့ခတ်ထားပြီး ဖြစ်နေခဲ့သည်။
ဒမိုကလီးစ်၏ ဓားကဲ့သို့သော ဆူးချွန်များက ၎င်း၏ ခေါင်းပေါ်မှ အနီးကပ် လိုက်ပါလာကာ အလင်းတန်း တိုက်ခိုက်မှုများကို မိုးရွာချသည့်အလား ပစ်ခတ်လိုက်ရာ စွမ်းအားများမှာ တစ်ဟုန်ထိုး မြင့်တက်လာလေ၏။
လျင်မြန်စွာ ပွားများလာသော မြားတံများက သတ္တုမုန်တိုင်းတစ်ခုအဖြစ်သို့ အလွန်လျင်မြန်စွာ ပြောင်းလဲသွားကာ ၎င်းကို လွှမ်းခြုံထားလိုက်တော့သည်။
ဂေါ်ဘလင် တမန်တော် ဝတ်ဆင်ထားသော ဂေါ်ဘလင် နည်းပညာသုံး သံချပ်ကာက တိုက်ခိုက်မှုများကို ကာကွယ်တားဆီးပေးနေပြီး ၎င်းကလည်း ဖောက်ထွက်နိုင်ရန် အပြင်းအထန် ရုန်းကန်ပြေးလွှားနေလေသည်။
သို့သော် လီဆက်နှင့် ရင်ဆိုင်ရချိန်တွင် ပြန်လည်တိုက်ခိုက်မည့်အစား ထွက်ပြေးရန် ရွေးချယ်ခဲ့မည် ဆိုပါက။ သူမ၏ အဆုံးအစမရှိ အမြဲတစေ သန်မာလာနေသော အချိန်စက်ယန္တရား လက်နက်ကိရိယာက အဆုံးတွင် မည်မျှပင် မာကျောသော လိပ်ခွံဖြစ်ပါစေ ထိုးဖောက် ဖျက်ဆီးပစ်နိုင်မည်သာ ဖြစ်ပေသည်။
ထွက်ပြေးနေရင်းနှင့်ပင် ဂေါ်ဘလင် တမန်တော်က ဤအချက်ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့၏။
၎င်းက ဂေါ်ဘလင် သံချပ်ကာအခွံပေါ်ရှိ အက်ကွဲကြောင်းများနှင့် ကျိုင်းကောင်အုပ်ကြီးအလား ၎င်းကို ဝန်းရံထားကာ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ပျံသန်းနေသည့် မြားတံများကို ငေးကြည့်လိုက်သည်။
သွားကို ကျိတ်လိုက်ကာ လူသားများ နားမလည်နိုင်သော စကားလုံးအချို့ကို ရေရွတ်လိုက်လေ၏။
ချက်ချင်းပင် သံချပ်ကာက အလယ်မှနေ၍ ပွင့်ဟသွားလေသည်။ အရပ်ပုပု ဂေါ်ဘလင်က အရပ်ရှည်ရှည် သံချပ်ကာကြီး အတွင်းမှနေ၍ ထွက်ပေါ်လာခဲ့၏။
သို့သော်လည်း။
"ဒီပုံစံက... ဂေါ်ဘလင်လား... မဟုတ်ဘူး... ဂေါ်ဘလင်နဲ့ သိပ်တူပုံ မရပါလား"
ထိုအချိန်၌ ဂေါ်ဘလင် တမန်တော်၏ မျက်မှောက် တည့်တည့်တွင် ရဲချီယန်က ရပ်တန့်နေချေပြီ။
သူ၏ဘေးတွင် အနက်ရောင် အလင်းကြက်တောင် အချို့က တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေ၏။
ကျီးကန်းနတ်ဆိုးက သူ၏ ပခုံးပေါ်တွင် ရပ်နားနေလျက် စူးရှသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"အား"
အီဘိုနီက ဂေါ်ဘလင်၏ ခေါင်းထိပ်ကို ချိန်ရွယ်ထားလျက်သား။
အမည်းရောင် ပြောင်းဝကြီးကြောင့် ဂေါ်ဘလင် တမန်တော်၏ ခန္ဓာကိုယ်မှာ နေရာတွင်ပင် တောင့်တင်းသွားလေတော့သည်။
"ကြည့်ရတာ မင်းက လူစကား မပြောတတ်ဘူးပဲ... ကောင်းပြီလေ... ငါက မင်းကို မေးခွန်းတချို့လောက် မေးဖို့ မျှော်လင့်ထားခဲ့တာ... ဒါပေမယ့်လည်း ထားလိုက်ပါတော့"
ရဲချီယန်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
【မော်ဂျူး အသက်သွင်းခြင်း - သေနတ်သံ တရားစီရင်ခြင်း】
【အပြစ်ကျူးလွန်မှုအတွက် တရားစီရင်ခြင်း】
【နတ်ဘုရားအပေါ် ယုံကြည်ကိုးကွယ်မှု၊ လောဘတကြီး စားသောက်ခြင်း၊ လောဘရမ္မက်ကြီးမားခြင်း၊ မနာလိုဝန်တိုခြင်း】
【မော်ဂျူး · မင်းမှာ အပြစ်ရှိတယ်! အသက်သွင်းလိုက်ပါပြီ】
【ထပ်ဆောင်း - အပြစ်ကင်းစင်သူကို အပြစ်ပေးခြင်း】
【တရားစီရင်ခြင်း - အပြစ်ရှိသည်】
【ဒင်】
【သင်သည် အမြင့်မြတ်ဆုံး သက်ရှိ၏ တရားစီရင်ခြင်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တရားစီရင်ခြင်းကို ထပ်ဆောင်းပေါင်းထည့်လိုက်ပါပြီ】
【ဂုဏ်ပုဒ် - ဘုရားသခင်များကို ဒေါသထွက်စေသူ (အပိုဆောင်း ပျက်စီးဆုံးရှုံးမှုကို ၄၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်)】
အနက် နှင့် အဖြူ။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော အရောင်နှစ်မျိုးက အလွန်အမင်း တောက်ပနေသည့် လည်ပတ်နေသော ရောင်ဝါတစ်ခုအဖြစ် အီဘိုနီ၏ ပြောင်းဝမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
သူက ခလုတ်ကို ဆွဲဖြုတ်လိုက်၏။
ဒိုင်း
ကြမ်းတမ်းလှသော အသံကြီးနှင့်အတူ ဂေါ်ဘလင် တမန်တော်၏ ခေါင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားလေတော့သည်။
【သတ်ဖြတ်မှု - ဂေါ်ဘလင် နတ်ဘုရား၏ တမန်တော် x ၁】
"ဟင်... ဂုဏ်ပုဒ်က အသက်ဝင်သွားတာလား"
ရဲချီယန်က စနစ်၏ အချက်အလက် မှတ်တမ်းကို ဆွဲဖွင့်လိုက်လေသည်။
【ဘုရားသခင်များကို ဒေါသထွက်စေသူ】 ဟူသော ဂုဏ်ပုဒ်မှာ တပ်ဆင်ထားရန် မလိုအပ်ဘဲ အမြဲတမ်း အသက်ဝင်နေမည် ဖြစ်ပေသည်။
သို့သော် နတ်ဘုရားအချို့နှင့် တမန်တော်များမှလွဲ၍ မြင့်မြတ်ခြင်းစွမ်းအား ပိုင်ဆိုင်ထားသည့် တည်ရှိမှုမျိုးနှင့် သူ သိပ်ပြီး မကြုံတွေ့ခဲ့ဖူးချေ။
အဘူဒို ပင်လယ်မှ နတ်ဘုရားတစ်ပါးပါဟု ကြွေးကြော်နေခဲ့သော ဝေလငါးကြီးမှာပင် တကယ်တမ်း၌ မြင့်မြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်မထားခဲ့ပေ။
"ဂေါ်ဘလင်လား... ဂေါ်ဘလင် မဟုတ်ဘူးလား... အင်း... သေသေချာချာ ကြည့်လိုက်တော့လည်း ဟုတ်သားပဲ... သာမန် ဂေါ်ဘလင်တစ်ကောင်ထက်တောင် နည်းနည်းပိုပြီး ရုပ်ဆိုးနေသေးတယ်"
"ပြီးတော့ ဒီဟာက"
【ဂေါ်ဘလင် တမန်တော် သီးသန့် သံချပ်ကာ (အဆင့် ၈)】
【ဂေါ်ဘလင်များသာ ဝတ်ဆင်နိုင်သော သံချပ်ကာ၊ လူသားများ အသုံးပြု၍ မရနိုင်ပါ၊ လုပ်ငန်းစဉ်ခုံမှတစ်ဆင့် ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်နိုင်သည်】
"အဆင့် ၈... ဒါက မထင်မှတ်ထားတဲ့ ဆုလာဘ်တစ်ခုလို့ ဆိုရမှာပဲ"
ရဲချီယန်က အလောင်းကို ထိုနေရာတွင်ပင် ထားရစ်ခဲ့ကာ သံချပ်ကာကို ယူဆောင်လိုက်လေ၏။
ဤနေရာတွင် ဖြစ်ပေါ်ခဲ့သော ဆူညံသံများမှာ သေးငယ်လှသည် မဟုတ်ပေ။
အထူးသဖြင့် နောက်ဆုံး ပစ်ခတ်လိုက်သော အနက်နှင့်အဖြူ သံချပ်ကာဖောက် ပေါက်ကွဲစေတတ်သည့် ကျည်ဆန်၏ အသံကြီးကို ဇုန် ၁၁ တစ်ခုလုံးရှိ လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရလောက်ပေသည်။
သို့သော် ရဲချီယန်ကတော့ ဤအရာများကို ဂရုမစိုက်ခဲ့ချေ။
တကယ်တမ်းဆိုရလျှင် အနောက်တိုင်း စားသောက်ဆိုင်တွင် ဖုန်းဖုန်းနှင့် စကားပြောခဲ့ပြီးကတည်းက သူက မာနတရားနှင့် ပေါင်းစည်းထားသော ပုန်ကန်မှု စွမ်းရည်ကို အသုံးပြုနေခဲ့ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အုပ်ချုပ်ရေးဌာန၏ တပ်ဖွဲ့ခေါင်းဆောင် ကုန်းဖေးယွီက လူတစ်စုနှင့်အတူ ဤနေရာသို့ ရောက်ရှိလာကာ မြေပြင်ပေါ်ရှိ ခေါင်းမဲ့အလောင်းကို မြင်တွေ့လိုက်ရပြီး အနီးနားရှိ စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို စစ်ဆေးကြည့်လိုက်သောအခါ...
မာနတရားနှင့် ပေါင်းစည်းထားသော ရဲချီယန်နှင့် ထိုစွမ်းအား၏ လွှမ်းမိုးမှုကို ခံထားရသော လီဆက်တို့မှာ စောင့်ကြည့်ကင်မရာ မှတ်တမ်းများပေါ်တွင် တစ်ကြိမ်တစ်ခါမျှ တည်ရှိမနေခဲ့သည့်အလား ဖြစ်နေလေတော့သည်။
"ဒါက ကိုယ်ပျောက်နေတာလား... မဖြစ်နိုင်ဘူး... ကောင်းကင်ယံဥယျာဉ်ရဲ့ ဗဟို စောင့်ကြည့်ရေး ဌာနချုပ်က ရုပ်ဖျက် ကိုယ်ပျောက်တာနဲ့ ခြေရာဖျောက်တာတွေကို ဆန့်ကျင်နိုင်တဲ့ မော်ဂျူးတွေ အများကြီး ပေါင်းထည့်ထားတာ... တစ်ယောက်ယောက်က ဒီမှာ တကယ်ရှိနေခဲ့ရင် မမြင်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ"