“ငါ သဘောတူတယ်…”
Vol. 019 Ch. 932
ဝမ်လင်းသည် သူ့စိတ်လှုပ်ရှားနေမှုကို မပြသပေ။ သူ့မျက်လုံးသည် တဖြည်းဖြည်း တည်ငြိမ်လာ၏။
သူက အရင်ဆုံး ရှေ့သို့ ထွက်မလာပေ။သူက အခြားလူများ သူတို့၏ တောင်းဆိုမှုများကို စောင့်နေပြီးမှ ဖြည်းဖြည်းချင်း ထွက်လာ၏။သူက အရှင်မီးတောက်ထံသို့ သူ့လက်နှစ်ကို ယှက်ကာ တလေးတစား ပြောလိုက်၏။ “ဂျူနီယာက တောင်းဆိုမှုတစ်ခု ရှိပါတယ်…”
အရှင်မီးတောက်က ဝမ်လင်းကို ကြည့်၏။ သူက တည်ငြိမ်စွာ ပြောသည်။ “ရှုမူ…တောင်းဆိုပါ…”
“ဂျူနီယာရဲ့ တောင်းဆိုမှုက ပျက်စီးနေတဲ့ စဦးစိတ်ဝိညာဉ်တစ်ခုကို အသွေးအသား ပြန်ဖွဲ့တည်ပြီး နိုးထလာစေဖို့ပါ…”
ထိုသို့ပြောလိုက်သည့်အခိုက်၌ ဝမ်လင်း၏ လေသံက ပြောင်းလဲမှု မရှိပေ။သို့သော် သူ့နှလုံးသားကမူ ခုန်ပေါက်နေလေ၏။
“အို…” အရှင်မီးတောက်၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအိုရှောင်ကို ကြည့်ကာ ပြောလာသည်။ ဒီတောင်းဆိုမှုက မခက်ခဲပါဘူး။ “ရှေးဟောင်းအချိန်တွေတုန်းက ရှောင်မိသားစုမှာ ဆန်းကြယ်လှတဲ့ မန္တာန်တစ်ခု ရှိတယ်။ဒါက မင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ။ ဘယ်လိုလဲ…ရောင်းရင်းကျင့်ကြံသူရှောင်…”
အဘိုးအိုရှောင်က ပြုံး၏။ သူက ဝမ်လင်းကို အတော်လေး လေးစားမိသည်။သူက ပြုံး၍ ဆိုလာ၏။ ရှုမူ…မင်း ပြောတဲ့ စဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်ပျက်စီးပြီး ဒဏ်ရာအပြင်းအထန် ခံစားခဲ့ရမယ်လို့ ငါ ထင်မြင်မိတယ်။ဒါက ဒီစိတ်ဝိညာဉ်ကို အိပ်ပျော်သွားစေတာပဲ။ဒါက မခက်ခဲလှပါဘူးလေ..။မင်းရဲ့ စဦးစိတ်ဝိညာဉ်ကို ထုတ်လိုက်ပါ။ ဒီအဘိုးအိုရှောင် ကြည့်ကြည့်မယ်…”
ဝမ်လင်းက စဉ်းစားနေ၏။လီမူဝမ်သည် သူ့အတွက် အလွန်ပင် အရေးကြီးလှကာ အစားမထိုးနိုင်ပေ။ သူမသည် သူ ကာကွယ်ပေးရမည့် တစ်ဦးလည်း ဖြစ်၏။သည်အခိုက်၌ သူက ချီတုံချတုံ ဖြစ်နေသည်။သူက သူ့ညာလက်ကို မြှောက်ကာ သိုလှောင်အိတ်ထဲ အလင်းလုံးတစ်လုံးကို ထုတ်ယူလိုက်တော့သည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ ပြိုင်ပွဲမစခင် သုံးရက်ကတည်းက ဝမ်လင်းသ် လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲကနေ ထုတ်ယူထားခဲ့သည်။ သူက သူမကို ပျက်သုဉ်းခြင်းအတားအဆီးနှင့် ချိပ်ပိတ်ထားခဲ့၏။ထို့ကြောင့် သူမ၏ စဦးစိတ်ဝိညာဉ်သည် ပျက်စီးသွားခြင်း မရှိပေ။
ထိုပြင်ဆင်မှုက သည်အခိုက်အတန့်အတွက်သာ ဖြစ်တော့၏။
အလင်းလုံးကို ညာလက်နှင့် ကိုင်ရင်း ဘယ်လက်ဖြင့် ၎င်းကိုထိလိုက်သည်။ထိုအခါ အလင်းလုံးသည် ပန်းတစ်ပွင့်ကဲ့သို့ ပွင့်ဟလာကာ အထဲရှိ ကျင့်ကြံနေသော စဦးစိတ်ဝိညာဉ်တစ်ခု ပေါ်လာသည်။
ထိုစဦးစိတ်ဝိညာဉ်က လီမူဝမ်ပင်။သူမ၏မျက်နှာက ဖြူရောနေကာ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။သူမ၏တစ်ကိုယ်လုံးသည် အားနည်းမှုအာရုံကို ပေးစွမ်းနေကာ လေတိုက်သည်နှင့် ပျောက်ကွယ်သွားတော့မည့်အလား။
သူမ၏ခန္ဓာကိုယ်ပေါ်၌ အလင်းလွှာတစ်ခု ရှိနေသည်။ထိုအလင်းလွှာက လီမူဝမ်ကို ထည်ဝါစေ၏။သူမက ကောင်းကင်ဘုံကနေ ဆင်းသက်လာသည့်အလား။
သူမက အိပ်ပျော်နေကာ ဘယ်တော့မှ မနိုးထသလို ဖြစ်နေသော်လည်း လူများသည် လီမူဝမ်၏ နူးညံ့မှုနှင့်ကြင်နာတတ်မှုကို ခံစားမိနေကြဆဲပင်။
သူမ၏ ပုံပန်းသွင်ပြင်က လှပလွန်း၏။သူမက လျိုမေလောက် မင်သက်ဖို့ မကောင်း၊အနီရောင်လိပ်ပြာလောက် မတောက်ပသော်လည်း ဝမ်လင်း၏နှလုံးသားထဲတွင်မူ အဖိုးမဖြတ်နိုင်လှပေ။
အတိတ်တုန်းက လီမူဝမ်သည် သူ့လက်ပေါ်တွင်ပင် သက်တမ်းကုန်ဆုံးခဲ့ရဖူး၏။
“ကောင်းကင်ဘုံက သူမကို သေစေချင်ရင်တောင် ငါက ပြန် ဆောင်ယူမှာ…”
ထိုစကားတစ်ခွန်းအတွက်ပင် ဝမ်လင်းသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ရောက်လာရခြင်းလည်း ဖြစ်ပေသည်။ထိုစကားတစ်ခွန်းအတွက် သူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ရှေ့၌ မားမား ရပ်နေခြင်းလည်း ဖြစ်သည်။
ဝမ်လင်းသည် လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ထုတ်ယူသည့်အချိန်၌ ရှီဇီဖန်သည် ပြိုကျလုမတတ် ဖြစ်သွားရ၏။သူမ၏ မျက်နှာလေးက ဖြူရောကာ ခန္ဓာကိုယ်လေးက တုန်ယင်နေသည်။သူမက နှလုံးသားကွဲကြေသလို ခံစားနေရတော့သည်။
“ဒီတော့…သူက ဒီအမျိုးသမီးအတွက် စမ်းသပ်မှုအားလုံးကို ကျော်ဖြတ်ခဲ့တာပေါ့…”
ဇီရှီဖန်၏မျက်လုံးထဲမှ မျက်ရည်များ လိမ့်ဆင်းကျလာ၏။သူမက ဝမ်လင်းလက်ထဲရှိ စဦးစိတ်ဝိညာဉ်ကို ကြည့်ကာ သူမ၏ နှလုံးသားသည် နာကျင်နေရသည်။
ချင်းရွှေက ဝမ်လင်းလက်ဝါးပေါ်ရှိ စဦးစိတ်ဝိညာဉ်ကို ကြည့်မိ၏။သည့်နောက် သူ့မျက်လုံးထဲ၌ အတိတ်ကိုလွမ်းဆွတ်မှုတို့ ဖြစ်ပေါ်လာသည်။ ဟိုးလွန်ခဲ့သော အချိန်များက သူ့တွင်လည်း သူ့ဘဝနှင့်ရင်းကာ စောင့်ရှောက်ပေးရမည့် အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးသည် မဟုတ်လား။ ဤအခိုက်၌ ချင်းရွှေ၏ မျက်လုံးထဲ၌ ပူပန်သောက တို့ ပေါ်နေတော့သည်။
အဘိုးအိုရှောင်က လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ကြည့်မိချိန်၌ သူ့အပြုံးသည် အေးခဲသွားသည်။သူက လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ကြည့်နေရင်း ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်ကာ မေးလာသည်။ “ဒီစဦးစိတ်ဝိညာဉ် အိပ်ပျော်နေတာ ဘယ်လောက် ကြာမြင့်ပြီလဲ…”
ဝမ်လင်းက အသက်ဝဝရှုသွင်းသည်။ သူ့စိတ်ထဲရှိ တုန်ယင်နေမှုကို အတင်းဖိနှိပ်ကာ ဝမ်လင်းက တိုးညင်းစွာ ပြောလာသည်။ “နှစ်ခုနစ်ရာနီးပါး…”
အဘိုးအိုရှောင်သည် ခေါင်းညိတ်ကာ ပြောလာသည်။ “ဒီစဦးစိတ်ဝိညာဉ်အတွက် နှစ်ပေါင်းခုနစ်ရာလုံးလုံး မင်း အများကြီး အားစိုက်ခဲ့တာပဲ။ဒါပေမဲ့လည်း နှစ်ပေါင်းခုနစ်ရာက ကြာလွန်းလှတယ်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် နှစ်ခုနစ်ရာ ရှင်သန်နိုင်ပါ့မလဲ။ ဒါ့အပြင် သူမက စဦးစိတ်ဝိညာဉ်သပ်သပ်သာ ရှိတော့ပြီး အသွေးအသားတည်ဆောက်မှုလည်း မရှိလေတော့ဘူး…”
“ဒီအချက်တွေအပြင် ဒီစဦးစိတ်ဝိညာဉ်ဟာ ဖြည်းဖြည်းချင်း သေဆုံးနေသေးတယ်။ရှုမူ…မင်းရဲ့ တောင်းဆိုမှုကို ပြောင်းလိုက်ပါ…”
သူက ရှုမူကို ကူညီပေးချင်ပါ၏။ထို့ကြောင့် သူသည် ဝမ်လင်း၏တောင်းဆိုမှုကို ထပ်ပြောင်းခိုင်း ခြင်းပင်။
အဘိုးအိုရှောင်၏စကားများသည် ဝမ်လင်း၏ နှလုံးသားများကို ချွန်မြမြအပ်များနှင့် ထိုးစိုက်နေသလိုပင်။သည်လိုနာကျင်မှုမျိုးသည် သူ့ကမ္ဘာကြီး ပြိုကျသွားသကဲ့သို့ပင်။
သည်လိုနာကျင်မှုမျိုးက ဝမ်လင်း၏ ရှင်သန်လိုသည့် စိတ်ကိုပါ လျော့ရဲစေတော့၏။
“တကယ် ဘာနည်းလမ်းမှ မရှိတော့ဘူးလား…” ဝမ်လင်း၏မျက်လုံးထဲ၌ အဆုံးစွန်ဝမ်းနည်းမှုတို့ ဖြစ်ပေါ်ကာ သူက လီမူဝမ်ကို ကြည့်နေမိသည်။
အဘိုးအိုရှောင်က သက်ပြင်းရှည် ချမိ၏။သူက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို နောက်တစ်ကြိမ် သေချာကြည့်ကာ ခေါင်းယမ်း၍ ဆိုလာသည်။ “ဒီအဘိုးအိုခန့်မှန်းတာ မမှားရင် ဒီစဦးစိတ်ဝိညာဉ်ဟာ သက်တမ်းကုန်ဆုံးခဲ့တာ ဖြစ်မယ်။ဒါကို မင်းက အထူးနည်းလမ်းတစ်ခု အသုံးပြုပြီး သူ့ စဦးစိတ်ဝိညာဉ်ကို ထုတ်ယူပြီး အားအထောက်အပံ့ ပေးခဲ့တယ်။ဒါပေမဲ့ မတော်တဆ တစ်ခု ဖြစ်ပြီး ဒီထောက်ပံ့မှုက မအောင်မြင်ခဲ့ဘူး။ဒါကို သူမရဲ့ စဦးစိတ်ဝိညာဉ်က တောင့်မခံနိုင်ခဲ့ဘူး။မင်းက သူမကို ကယ်တင်ခဲ့ပေမဲ့လည်း အမှန်တော့ သူမဟာ သေဆုံးခြင်းလမ်းပေါ်မှာ ရောက်သွားခဲ့ပြီလေ…”
“ငါ့ခွန်အားနဲ့ ဒါကို ကူညီမပေးနိုင်ဘူး။သူမက အစောကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်တဲ့ တစ်ယောက်ပဲ။သူမကိုဆက်၍ တည်ရှိအောင် ပြုလုပ်ခဲ့တာက မင်းနဲ့သူမအတွက် နာကျင်စေတဲ့ ကိစ္စဖြစ်လာခဲ့တာပဲ။ငါ လုပ်ပေးနိုင်တဲ့တစ်ခုတည်းက မင်းကို ကူညီပေးပြီး သူမကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ပြန်ထည့်သွင်းပေးနိုင်တယ်…”
ဝမ်လင်းသည် နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။သူ့မျက်နှာက ဖြူရောနေ၏။သူက သွေးပင်အန်ထုတ်ကာ ခါးသီးစွာ ပြုံးမိသည်။သူက သူ့လက်ထဲရှိ လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ကြည့်နေမိသည်။
လီမူဝမ်နှင့် ပတ်သတ်သည့် သူ့မှတ်ဉာဏ်များသည် သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် မြင်ယောင်နေမိသည်။သူ့နှလုံးသားသည် နာကျင်နေရသည်။ဝမ်လင်း၏မျက်လုံးထောင့်ကနေ မျက်ရည်စီးကြောင်းနှစ်ခုပင် ကျဆင်းလာရ၏။သူ့တစ်ဘဝလုံးတွင် မျက်ရည်ကျဖူးသည့် အရေအတွက်သည် လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်နိုင်ပေ၏။
လီမူဝမ်ကို ကြည့်နေရင်း အညံ့မခံ၊အာခံသည့် မီးတောက်တစ်ခုသည် ဝမ်လင်း၏စိတ်နှလုံးထဲတွင် ထွန်းငြှိလာသည်။
“ကောင်းကင်နဲ့မြေကြီးက နင့်ကို သေစေချင်ရင်တောင် ငါက ပြန်ဆောင်ယူမယ်…။ဝမ်အာ…ဒါက ငါ နင့်အပေါ်မှာထားတဲ့ ကတိကဝတ်ပဲ…”
ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ဆွဲယူ၏။ချိပ်တံဆိပ်သည် ကျုံ့သွားပြီးနောက် အလုံးငယ်တစ်ခုအဖြစ်သို့ နောက်တစ်ဖန် ပြောင်းလဲသွားသည်။
အဘိုးအိုရှောင်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။အချိန်အတန်ကြာပြီးမှ သူက ရုတ်တရက် ပြောလာ၏။ “ဒါက လုံးဝ နည်းလမ်းမရှိသေးတာတော့ မဟုတ်ဘူး…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်သွားသည်။ဤအခိုက်၌ သူ့စွမ်းအားအားလုံးသည် သူ့မျက်လုံးထဲ၌ စုစည်းလာကာ သူက အဘိုးအိုရှောင်ကိုသာ ကြည့်နေတော့သည်။
“ဒါပေမဲ့လည်း ဒီနည်းလမ်းအတွက် တန်ဖိုးက ကြီးမားလွန်းလှတယ်။ ဒီအမျိုးသမီး ဘာကြောင့် မရှင်သန်နိုင်ရတဲ့ သော့ချက်ဟာ သူမရဲ့ သက်တမ်းဟာ ကုန်ဆုံးသွားခဲ့လို့ပဲ။ မင်းက သူမရဲ့ သက်တမ်းကို ဆန့်ထုတ်ပေးနိုင်ရင် အခွင့်ရေးတစ်ခု ရှိလာနိုင်တယ်။ဒီမန္တာန်ကိုတော့ ချီရှီမန္တာန်လို့ခေါ်တယ်။ ဒါပေမဲ့လည်း ငါက ဒါကို အသုံးပြုနိုင်စွမ်း မရှိဘူး။ တံခါးပိတ်ကျင့်ကြံနေတဲ့ ရှေးဟောင်းဘိုးဘေးကသာ ဒီမန္တာန်ကို အသုံးပြုနိုင်လိမ့်မယ်…”
“ရှုမူ…ဒီချီရှီမန္တာန်ကို အသုံးပြုဖို့အတွက် လိုအပ်ချက်က ဒီအမျိုးသမီးနဲ့ နီးကပ်လွန်းလှတဲ့လူရဲ့ အသက်ဓာတ်အားပဲလို့ သတိပေးလိုတယ်။ ဒီလူဟာ သူ့ရဲ့ အသက်ဓာတ်ကို ပေးရမှာ ဖြစ်တယ်။မင်းရဲ့အသက်ဓာတ်(၉၀)ရာခိုင်နှုန်းလောက်ပေးမှသာ ဒီအမျိုးသမီး ပြန်ကောင်းလာဖို့ အခွင့်အရေးလေး တစ်စွန်းတစ ရနိုင်လိမ့်မယ်…”
“ဒါပေမဲ့…ဒါက အခွင့်အရေးဟာ ကောက်ရိုးမျှင်လောက်သာ ရှိတယ်နော်။မအောင်မြင်ရင်လည်း မင်းရဲ့ သက်တမ်းကတော့ ပြန်ကောင်းမွန်မလာနိုင်တော့ဘူး။ဒါက သေချာ တွေးပါ။မင်း သဘောတူရင်တော့ ငါက မင်းရဲ့ တောင်းဆိုမှုအတွက် ဘိုးဘေးဆီ တစ်ကြိမ် ခေါ်သွားပေးနိုင်မယ်…”
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်လွန်းနေ၏။ ရှောင်မိသားစုဘိုးဘေး၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။သည်အခိုက်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူအားလုံးသည် အဘိုးအိုရှောင်၏စကားကို ကြားလိုက်ရပေသည်။
“အမျိုးသမီး ရှင်သန်ဖို့ ကောက်ရိုးမျှင်လောက်သာ ရှိတဲ့ အခွင့်အရေးတစ်ခုအတွက်…သူက သူ့သက်တမ်းအတော်များများကို ပေးဆပ်မယ်။ဒါက တကယ်ကော ထိုက်တန်ပါရဲ့လား…”
ထိုမေးခွန်းသည် ကျင့်ကြံသူတိုင်း၏ စိတ်ထဲ၌ ရှိနေကြသည်။
အဘိုးအိုရှောင်က ဝမ်လင်းကို အမှန်ပင် လေးစားမိနေသည်။
ဝမ်လင်းသည် သူ့လက်ထဲရှိ အတားအဆီးအလုံးကို ကြည့်သည်။သည့်နောက် သူက ဖြည်းဖြည်းချင်း ဆိုလာ၏။ “ငါ သဘောတူပါတယ်…”
သူ့အသံသည် ရှတနေ၏။ဝမ်းနည်းမှုအငွေ့အသက်သည် သည်ဧရိယာတွင် ပြည့်နေသည်။လီမူဝမ်သည် သူ့အသံကို ကြားမိသည့်အလား သူမ၏ခန္ဓာကိုယ်သည် ညင်သာစွာ မသိမသာလေး တုန်ယင်သွားကာ မျက်လုံးဖွင့်ရန် ကြိုးစားသည်။သို့သော် သူမတွင် မည်သည့်ခွန်အားမှ ရှိမနေပါ။သူမက ဝမ်လင်းမှုကိုသာ ခံစားနေနိုင်သည်။
ဝမ်လင်းသည် သူ့သက်တမ်းမှာ ရှင်သန်ခြင်းအသက်ဓာတ်ကနေ လာမှန်း သိထား၏။ အသက်ဓာတ်ပိုအားကောင်းလေလေ သက်တမ်းပိုရှည်လေလေပင်။ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်တိုးလာသည်နှင် သူတို့၏ ရှင်သန်ခြင်းအသက်ဓာတ်သည်လည်း တိုးလာမည်သာ ဖြစ်သည်။ ထို့အတွက်ကြောင့် စွမ်းအားကောင်းသော ကျင့်ကြံသူများ ဘာကြောင့် ကြာကြာရှင်သန်နိုင်သနည်း ဟူ၍ပင်။
အဘိုးအိုရှောင်က ခေါင်းညိမ့်ကာ ပြောသည်။ “မင်း သဘောတူမှတော့ ကောင်းကင်နှင်းအပ်ခြင်း ပြီးဆုံးတာနဲ့ ငါနဲ့ တန်လင်းဂြိုဟ်ကို လိုက်ခဲ့ပါ…”
ချင်းရွှေ၏မျက်လုံးထဲ၌ အတိတ်ကိုလွမ်းဆွတ်တောင့်တမှုတို့ ရှိနေဆဲပင်။ သူက ညင်သာစွာ ဆိုလာ၏။ “ရှုမူ…ငါ မင်းနဲ့ အတူ လိုက်ပေးမယ်…”
ဝမ်လင်းသည် ချင်းရွှေကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကြည့်မိသည်။သူက ခေါင်းငြိမ့်ပြ၏။ သူက ချင်းရွှေသည် တန်လင်းဂြိုဟ်ပေါ်၌ သူ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေသည်ကို သိပေ၏။ချင်းရွှေသည် ယခုကိစ္စ ချောချောမွတ်မွတ် ဖြစ်လာစေရန် သူနှင့်အတူ အဖော်လိုက်ပေးမည်။
သည့်နောက် ကျန်သည့်လူများသည် ဆက်၍ တောင်းဆိုကြသည်။လောက်လောက်လားလား ထုတ်ဖော် ပြောလောက်သည့် တောင်းဆိုမှုသည် ရှုထင်နှင့်နန်ကုန်ဟန်တို့၏ တောင်းဆိုမှုပင်။ သူတို့နှစ်ယောက်လုံးက ရတနာခန်းမသို့ ဝင်ရောက၍ ကောင်းကင်ဘုံမန္တာန်များကို သင်ကြားချင်သည်ဟု တောင်းဆိုခဲ့ကြပေ၏။လူတိုင်းသည် သူတို့၏ ဆုလဒ်များကို ရရှိပြီးသည့်နောက် ကောင်းကင်နှင်းအပ်ခြင်းသည် ပြီးဆုံးသွားခဲ့လေပြီ။
ထိုနှင်းအပ်ခြင်း အဆုံးသပ်သွားသည့်အခိုက်၌ အရှင်မီးတောက်၏ ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာတော့သည်။သူက သူ့မြက်ဖျာပေါ်၌ လွင့်မြောရင်း သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းသည်။သူ့မျက်လုံးက တောက်ပနေ၏။သူက အော်ပြောလာသည်။
“ရောင်းရင်းကျင့်ကြံသူတို့…မဟာမိတ်ကြယ်အဖွဲ့အစည်းလမ်းကြောင်းကို ဖွင့်ဖို့ ငါ့ကို ကူညီပေးကြပါ။ စစ်ပွဲ…စတင်ပြီ…”
***