← Chapters

တန်လင်းဂြိုဟ်

Vol. 019 Ch. 934

တန်လင်းဂြိုဟ်

Vol. 019 Ch. 934

မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် လမ်းကြောင်းဖွင့်သည့်အခိုက်တွင် အက်ကြောင်းထဲမှ လှိုင်းတွန့်များ ရုတ်တရက် ထွက်ပေါ်လာ၏။၎င်းက ကြယ်ရောင်စုံကောင်းကင်အနှံ့သို့ အလျင်အမြန် ပြန့်ကားသွားသည်။

ဤအခိုက်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံးသည် အနီးကပ် ကြည့်နေကြသည်။သူတို့အားလုံး၏အကြည့်ထဲ၌ လောဘတရားတို့ ပြည့်နေသည်။ထိုအကြည့်များက အသံလွှင့်ကျောက်တုံးများမှ တဆင့်ထွင်းဖောက်ကာ မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ ရောက်ရှိသွားကြတော့သည်။

“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနဲ့မဟာမိတ်ကြယ်အဖွဲ့အစည်းတို့ကြား တိုက်ပွဲတစ်ခု စတင်ပြီ…” အရှင်မီးတောက်က ပြုံးနေ၏။ သူ့အသံက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအနှံ့တွင် ပျံ့နှံ့ကုန်သည်။

အရှင်မီးတောက်၏ အသံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။ “အရှေ့၊အနောက်၊တောင်၊မြောက် ကျင့်ကြံခြင်းမဟာတပ်တော်တွေ မဟာမိတ်ကြယ်အဖွဲ့စည်းထဲမှာ မင်းတို့ရဲ့ လမ်းတစ်လျှောက် သတ်ဖြတ်ကြလော့။ သုံးရက်အတွင်း ငါတို့ရဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ အထိုင်အုတ်မြစ်အနေနဲ့ အသုံးပြုဖို့ ကျင့်ကြံခြင်းဂြိုဟ်သုံးခုကို သိမ်းပိုက်ကြ…”

သူ့အသံ ထွက်ပေါ်လာသည်နှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အရှေ့ဘက်ရှိ ကျင့်ကြံသူတစ်သောင်းကျော် ပါဝင်သော စစ်တပ်သည် တိတ်ဆိတ်စွာ မော့ကြည့်ကြ၏။ ချပ်ဝတ်နှင့်လူ၏ အမိန့်အောက်၌ သူတို့အားလုံးသည် အက်ကြောင်းထဲသို့ တိုးဝင်သွားကြတော့သည်။

သူတို့အားလုံးထံ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပြည့်နှက်နေကြလေ၏။

မြောက်ပိုင်းရှိ ကျင့်ကြံသူတစ်သောင်းကလည်း ထိုနည်းတူ လှုပ်ရှားလာကြတော့သည်။

အနောက်နှင့်တောင်ခြမ်းရှိ ကျင့်ကြံသူစစ်တပ်နှစ်ခုကလည်း အတူ ဆောင်ရွက်လာကြ၏။ မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ သွားရောက်သည့် သူတို့၏ လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်နေတော့သည်။ကောင်းကင်မှာလည်း ဓားစွမ်းအင်များနှင့် ခြုံလျွမ်းနေချေသည်။

“မိုးကြိုးကောင်းကင်ဘုံသား၊ဒုမိုးကြိုးကောင်းကင်ဘုံသား၊နဲ့ ကောင်းကင်ဘုံသား (၁၀၈)ယောက်တို့။ မင်းတို့အားလုံး မင်းတို့ရဲ့ အမိန့်ပေးအလံကို ယူပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းထဲ ဝင်ရောက်ကြချေ…”

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အတွင်းမှ ကောင်းကင်ဘုံသားတစ်ရာ့ရှစ်ယောက်သည် ကောင်းကင်ထက်ရှိ အက်ကြောင်းထဲသို့ အလျင်အမြန် ဝင်ရောက်ကြကုန်သည်။

“သတ်…” မည်သူက စ၍ အော်လိုက်မှန်း မသိသည့် ထိုစကားကြောင့် ကျင့်ကြံသူများ၏ တိုက်ပွဲဝင်လိုစိတ်သည် အထွတ်အထိတ်သို့ ရောက်ရှိလာကြတော့သည်။

“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း…တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကြီး ဖွင့်လှစ်မယ်…” အရှင်မီးတောက်က ထိုသို့ အော်လိုက်သည်နှင့် ကျင့်ကြံခြင်းဂြိုဟ်များပေါ်ရှိ အသံလွှင့်ကျောက်တုံးများသည် ပျက်စီးကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်သည် သူတို့၏ဘိုးဘေးများ၏ ဦးဆောင်မှုအောက်၌ အစီအရင်ထဲသို့ လှမ်းလျှောက်ဝင်ကုန်ကြသည်။သူတို့ ပြန်ပေါ်လာသည်နှင့် မဟာမိတ်ကြယ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်မည့် အက်ကြောင်းဘေးနားသို့ ရောက်နေကြလေပြီ။

သူတို့က ပေါ်လာသည်နှင့် အက်ကြောင်းထဲသို့ ချက်ခြင်း ဝင်ရောက်ကြသည်။သူတို့၏မျက်လုံးထဲ၌လည်း လောဘနှင့် ပြည့်နေ၏။

ပိုပိုများပြားသော ကျင့်ကြံသူများသည် မဟာမိတ်ကြယ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်နေကြ၏။ ကပ်ဘေးတစ်ခုသည် ဖြည်းဖြည်းချင်း စတင်လေပြီ။

အရှင်မီးတောက်က ပြုံးနေရင်း အက်ကြောင်းထဲသို့ ခြေချကာ မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ ရောက်ရှိသွားတော့သည်။သူက ရောက်ရှိသွားသည်နှင့် သူ့မျက်နှာပေါ်၌ အမုန်းတရားတစ်ခု ပေါ်လာတော့သည်။

“ကျုံးရွှမ်ဇီ…ဒီအဘိုးအို ပြန်လာပြီ…”

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ခြမ်းတွင် ပေတစ်သောင်းလောက် ရှိသည့် အက်ကြောင်းကြီး တစ်ခု ပေါ်လာသည်။ယင်းအက်ကြောင်းထဲမှ အဆုံးမဲ့အေးစိမ့်ခြင်းကို ထုတ်လွှတ်နေ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ၎င်းအက်ကြောင်းအတွင်းကနေ ထွက်လာကာ ကောင်းကင်ထက်၌ ပြည့်နှက်လို့နေသည်။

ဤအရာက ကြယ်အဖွဲ့အစည်းနှစ်ခုကြား တိုက်ပွဲပင်။

အကွာအဝေးတစ်ခု၌ ကျင့်ကြံခြင်းစစ်တပ်တစ်ခုသည် ဖြတ်သန်းသွားလာနေ၏။သူတို့က အဆင့်ခြောက် ကျင့်ကြံခြင်းနိုင်ငံတစ်ခု ဖြစ်လာဖို့အတွက် အသိအမှတ်ပြုမှု ရရှိခဲ့ခြင်း ဖြစ်သည်။သူတို့က သူတို့၏ ကျင့်ကြံခြင်းဂြိုဟ်ကို အဆင့်ခြောက်ကျင့်ကြံခြင်းနိုင်ငံအဖြစ် ကြေငြာရန် ဦးတည်လာနေခြင်းပင်။

သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မဟာမိတ်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအုပ်စု၏အသွင်သည် အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။

ထိုအုပ်စုထဲမှ ခေါင်းဆောင်က သက်လတ်ပိုင်းအရွယ်ရှိသူပင်။သူ့အသွင်က သုန်မှုန်နေ၏။သူက ချက်ခြင်းပင် အော်ဟစ်သည်။ “လူခွဲကြ…လူတိုင်း မင်းတို့ဘာသာ ရွှမ်ထင်ဂြိုဟ်ကို ပြန်ဆုတ်ကြချေ…” ထို့နောက် သူက နောက်သို့ အမြန် ပြန်ဆုတ်တော့သည်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူအားလုံးသည် သုန်မှုန်နေ၏။သို့သော် သူတို့၏ မျက်နှာပေါ်၌ အလွန်အမင်းကြောက်လန့်မှု အရိပ်အယောင် လုံးဝ ရှိမနေပေ။ထိုအရာက မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတို့ကြား ကွာခြားမှု ဖြစ်သည်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၌ သတ်ဖြတ်မှုများသည် သာမန်သာ ဖြစ်သည်။သူတို့အားလုံးသည် လှည့်ဖျားဉာဏ်များတက်ကြသူများပင်။

သည်အခိုက်အတန့်၌ သူတို့က သုန်မှုန်နေသော်လည်း တည်ငြိမ်ကြပေ၏။သက်လတ်ပိုင်းလူကြီး၏ အမိန့်ပေးမှု မရှိလျှင်ပင် သူတို့သည် ရပ်တန့်ကာ အလျင်အမြန် လူစုခွဲကြ၏။ ကျင့်ကြံသူတစ်ယောက်စီသည် မိမိရှင်သန်ဖို့သာ အာရုံစိုက်၍ အခြားလူများကို ထည့်မတွက်ကြတော့ပေ။

သူတို့က ရှောင်ပြေးနေရင်းနှင့် တန်ပြန်တိုက်ခိုက် သတ်ဖြတ်နိုင်ရန် ခေါင်းထဲ၌ အကြံအစည်များ ရှိနေကြ၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများအဖို့ ထိုအခြင်းအရာကို သိရှိနိုင်ကြခြင်း မရှိပေ။ သူတို့ထဲက အချို့က ထွက်ပြေးသော မဟာမိတ်အဖွဲ့အစည်းမှ ကျင့်ကြံသူများနောက်သို့ အလျင်အမြန် လိုက်တော့၏။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူတစ်ယောက်သည် နောက်က လိုက်နေရင်း မန္တာန်တစ်ခုကို အသုံးပြုကာ ထွက်ပြေးသော မဟာမိတ်မှ ကျင့်ကြံသူကို သွေးအန်ထွက်စေ၏။ ထိုကျင့်ကြံသူက အရှိန်လျော့ကျသွားကာ သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့ခြင်းနှင့် ပြည့်လာတော့သည်။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူသည် ရယ်မောရင်း ရှေ့သို့ တိုးလာကာ မဟာမိတ်ကျင့်ကြံသူနှင့် နီးကပ်လာ၏။သို့သော် သူ နီးကပ်လာသည့်အခိုက်၌ မဟာမိတ်ကျင့်ကြံသူ၏ မျက်လုံးသည် ဖျပ်ခနဲ တောက်ပကာ ချက်ခြင်း တုံ့ပြန်လာတော့သည်။

တစီစီအသံများ ထွက်ပေါ်သွားပြီးနောက် အဆုံးသပ်၌ မဟာမိတ်မှ ကျင့်ကြံသူသည် အကွာအဝေးတစ်ခုသို့ သိုလှောင်အိတ်တစ်ခုအား ကိုင်ထားရင်း အမြန် ပြေးတော့၏။သူ့နောက်တွင်မူ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပျက်စီး ပျောက်ကွယ်သွားတော့သည်။

ထိုသို့သော မြင်ကွင်းကို အခြားနောက်မှ လိုက်လံသည့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများထံ၌လည်း ဖြစ်ပွားသွား၏။

ဝမ်လင်းသည် အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည့် ကျင့်ကြံသူများကို ကြည့်နေ၏။သို့သော် သူကတော့ မလှုပ်ရှားသေးပေ။အဘိုးအိုရှောင်က အက်ကြောင်းကို အေးစက်စွာ မော့ကြည့်၏။ သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် ကွင်းပြင်ပေါ်သို့ ရောက်ရှိလာပြီး ဝမ်လင်းကို ပြောလာသည်။ “ရှုမူ…ငါ့နောက်လိုက်ခဲ့ချေ။ မင်းက ပထမအသုတ်တိုက်ခိုက်မှုမှာ မပါဝင်သေးဘူးလို့ ငါ ယူဆတယ်…”

သူက ထိုသို့ပြောလိုက်ရင်း သူ့ခြေထောက်အောက်၌ တိမ်တိုက်တစ်ခု ပေါ်လာသည်။သူက အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့၏။ဝမ်လင်း၏မျက်လုံးတို့က တည်ငြိမ်နေ၏။လီမူဝမ်၏ ကိစ္စမပေါ်လာခဲ့လျှင်ပင် သူက ဦးဆုံးအသုတ်၌ ဝင်ရောက်မတိုက်ခိုက်မည်မှာ အမှန်ပင်။ကြယ်အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲအတွက် သူက သတိထားနေသည် မဟုတ်လား။

သူက ချင်းရွှေကို လှမ်းကြည့်သည့်အခါ၌ ချင်းရွှေသည် မတ်တပ်ထရပ်ကာ ဖျပ်ခနဲ ဝမ်လင်းနားသို့ ရောက်လာ၏။သူက ဝမ်လင်းကို ခေါ်ဆောင်ကာ အဘိုးအိုရှောင်နောက်သို့ လိုက်ပါသွားလေသည်။

လီယွမ်ဇီက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ အနည်းငယ် ချီတုံ့ချတုံ့ ဖြစ်နေ၏။ထို့နောက် သူ့အကြည့်က အထက်ရှိ အက်ကြောင်းထံသို့ ရောက်ရှိသွားသည်။

အဘိုးအိုရှောင်၏ ကျင့်ကြံမှုက အားကောင်းလွန်းလှ၏။ထို့ကြောင့် သူက မြန်ဆန်လှသည်မှာ သိသာသည်။ ခြေလှမ်းအနည်းငယ်ဖြင့်ပင် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကနေ ထွက်ခွာကာ အရှေ့ပိုင်းနယ်မြေသို့ ဦးတည်သွားတော့၏။ ချင်းရွှေကလည်း သူ့နောက်ကနေ လိုက်လာသည်။

လမ်းတစ်လျှောက်၌ အဘိုးအိုရှောင်က စကားတစ်ခွန်းမှ မဆိုပေ။ ခုနစ်ရက်ခန့် ကြာပြီးနောက် သူတို့သည် တန်လင်းဂြိုဟ်နှင့် နီးကပ်လာ၏။ထိုအခါ သူက စကားပြောလာသည်။ “ရှုမူ…မင်းအတွက် မင်းရဲ့ အခု ကျင့်ကြံမှုအဆင့်ကို ရောက်ဖို့ မလွယ်လှဘူး။ မင်းက ဒီအတွက် ထိုက်တန်အောင် လုပ်ရမယ်။ ဒါ့အပြင် ငါ့ဘိုးဘေးက မင်းကို ကူညီပေးဖို့ဆိုတာ ငါ့အတွက် မသေချာဘူး။ ဒါ့ကြောင့် မင်း ကြိုပြင်ဆင်ထားသင့်တယ်…”

ဝမ်လင်းက တည်ငြိမ်စွာပင် ဆိုသည်။ “ဂျူနီယာ…နားလည်ပါတယ်…”

အဘိုးအိုရှောင်က ထိုစကားကို ကြားပြီးသည့်နောက် ထပ်၍ စကားမဆိုတော့ပေ။

တန်လင်းဂြိုဟ်သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ဆန်းကြယ်လှသော တည်ရှိမှုတစ်ခု ဖြစ်လေ၏။ထိုဂြိုဟ်သည် နေရာအတိအကျ မဟုတ်ဘဲ ဆက်တိုက် ရွှေ့လျားနေတက်သည်။ အဘိုးအိုရှောင်က ပျံသန်းနေရင်း ရံဖန်ရံခါ အနီရောင်ကျောက်စိမ်းပြားကို ထုတ်ကာ တစ်ခုခုကို ရှာကြည့်သလို ပြုလုပ်သည်။

သည်နေ့တွင် အဘိုးအိုရှောင်၏ လမ်းညွှန်မှုဖြင့် ဝမ်လင်းသည် အကွာအဝေးတစ်ခုမှ အလွန်မျက်စိဖမ်းစားနိုင်သော ဂြိုဟ်တစ်လုံးကို တွေ့မြင်သွားသည်။

ထိုဂြိုဟ်မှာ ကြီးမားလှ၏။ထျန်ယွမ်ဂြိုဟ်ထက်ပင် အနည်းငယ် ကြီးနိုင်သည်။ ထိုဂြိုဟ်ပေါ်၌ တွင်းပေါက်များစွာလည်း ရှိနေကာ ထိုတွင်းပေါက်များက အဝါရင့်ရောင် ရှိ၏။ အကွာအဝေးတစ်ခုကနေ ကြည့်နေရင်းပင် ပြင်းထန်သောအော်ရာတစ်ခုသည် သူ့ထံသို့ ကျရောက်နေ၏။

ထိုဂြိုဟ်မှာ တန်လင်းဂြိုဟ်ပင်။ ၎င်းဂြိုဟ်ကို လှည့်ပတ်နေသည့် ဂြိုဟ်ငယ်ပေါင်း ဆယ့်နှစ်ခုလောက် ရှိနေ၏။

တန်လင်းဂြိုဟ်ထံမှ အတားအဆီးအလင်းများ တလက်လက် တဖျပ်ဖျပ် ပေးစွမ်းနေသည်။ သည်နေရာ၌ အားကောင်းလှသောအတားအဆီးများ ရှိနေသည်မှာ ထင်ရှားပေ၏။ လူတစ်ယောက်သည် ချိုးဖျက်ရန် နည်းလမ်းတစ်ခု မရှိဘဲ ဝင်ရောက်ပါက ချက်ခြင်း သေဆုံးရပေလိမ့်မည်။

အဘိုးအိုရှောင်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လက်ညွှန်၏။ တန်လင်းဂြိုဟ် ပတ်လည်ရှိ ဂြိုဟ်ငယ်များထဲမှတစ်ခုသည် ၎င်း၏ ဝင်ရိုးကနေ ထွက်ခွာ၍ အဘိုးအိုရှောင်ထံသို့ ပျံသန်းလာသည်။

၎င်းက နီးကပ်လာသည့်အခါ အလင်းတစ်ချက် လင်းလက်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ဖြစ်ပေါ်သည်။

“ကောင်းကင်ဘုံအရှင် ချင်းရွှေ…ရှုမူ…ငါ့နောက်လိုက်ခဲ့ပါ…” သူက ထိုသို့ပြောနေရင်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခြေချသည်။ချင်းရွှေသည် ဝမ်လင်းနှင့်အတူ လိုက်ဝင်၏။ သူတို့သုံးယောက် အစီအရင်ထဲသို့ ဝင်ရောက်သွားသည်နှင့် ချက်ခြင်း ပျောက်ကွယ်သွားကြတော့သည်။

သူတို့ပြန်ပေါ်လာသည့်အခါ၌ တန်လင်းဂြိုဟ်ပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။လေပြင်းညင်းက သွေးရနံ့ကို သယ်ဆောင်လာ၏။ဂြိုဟ်တစ်ခုလုံးသည် ရုန်းကြွပြင်းထန်မှုအာရုံကို ပေးစွမ်းနေသည်။

တန်လင်းဂြိုဟ်ပေါ်တွင် မတ်တပ်ရပ်နေရင်း ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိ၏။ သည်နေရာရှိအော်ရာသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အခြားကျင့်ကြံခြင်းဂြိုဟ်များနှင့် လုံးဝခြားနားနေပေသည်။

အဘိုးအိုရှောင်က သူတို့ကို မိသားစုအိမ်ယာသို့ ခေါ်ဆောင်မသွားပေ။ထိုအစား သူက အနောက်ဘက်သို့ ဦးတည်သွား၏။ ထိုအနောက်ဘက်စူးစူးဧရိယာသည် ကီလိုမီတာထောင်ချီရှိကာ အုတ်ဂူများနှင့် ပြည့်နှက်လို့နေသည်။

မြေပြင်ရှိ မြေကြီးသည် အနီရင့်ရောင်ရှိကာ သွေးနံ့လှိုင်နေ၏။ထိုဧရိယာ၌ ခြေဆံလက်ဆံများ ရှိနေကြကာ အထက်၌ လင်းတများက ဝဲနေ၏။၎င်းတို့က တစ်ခါတစ်ရံ အောက်သို့ ဆင်းသက်ကာ အသွေးအသားတို့ကို ဆုတ်ဖြဲကြသည်။၎င်းတို့၏ အကြည့်က လူအများကို ကြောက်ရွှံဟန်မရဘဲ အေးစက်နေသည်။

လူတစ်ယောက်က အထဲသို့ ပို၍ ဝင်သွားလေလေ ခြေဆံလက်ဆံများက နည်းလာလေပင်။အတွင်းပိုင်း၌ အုတ်ဂူများ တွဲစပ်ကာ ရှိိနေကြသည်။ဝမ်လင်း၏အသွင်သည် တည်ငြိမ်သော်လည်း သူ့စိတ်ထဲ၌ တုန်လှုပ်မိနေ၏။

သူက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ နည်းလမ်းကို ကျင့်ကြံခဲ့ပြီးသူ ဖြစ်၏။ထို့အတွက်ကြောင့် သူက စိတ်ဝိညာဉ်များနှင့် ပတ်သတ်၍ အာရုံခံကောင်းမွန်း၏။ သည်နေရာ၌ အပျက်အစီးစိတ်ဝိညာဉ်များစွာ ရှိနေချေသည်။ စိတ်ဝိညာဉ်တစ်သန်းအလံရှိ စိတ်ဝိညာဉ်များပင် သည်နေရာနှင့် ယှဉ်ပါက အလွန်နည်းပါးပေလိမ့်မည်။

“ငါသာ ဒီနေရာမှာ ရှိတဲ့ စိတ်ဝိညာဉ်တွေကို စုပ်ယူနိုင်ရင် စိတ်ဝိညာဉ်အလုံကို ချက်ခြင်း ပြန်ပြင်ဆင်နိုင်မှာ…” ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေသည်။

“တန်လင်းဂြိုဟ်ရဲ့ အနောက်စွန်းစွန်းနေရာဟာ တားမြစ်နေရာဖြစ်ပြီး အပြင်လူတွေ ဝင်ရောက်ခွင့် မရှိဘူး။ ဒီနေရာမှာ ငါတို့ ရှောင်မိသားစုရဲ့ နောက်ဆုံးဘိုးဘေးတွေထဲက တစ်ယောက် တံခါးပိတ်ကျင့်ကြံနေတယ်…”

အဘိုးအိုရှောင်၏အသံက တည်ငြိမ်နေ၏။သို့‌သော် ထိုအသံထဲ၌ လေးစားမှုတို့ ပါဝင်နေသည်။

ချင်းရွှေသည် သူ့ပတ်လည်သို့ ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သို့သော် သူက စကားမဆိုပေ။

သူတို့က ဆက်သွားနေရင်း သူတို့သုံးယောက်သည် အုတ်ဂူများ၏ အတွင်းဘက်နေရာသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။မြေကြီးမှာလည်း အနီရင့်ရောင်ကနေ လုံးဝ မဲနက်လာ၏။

မြေပြင်သည် မဲနက်နေကာ မည်သည့်အသက်ဓာတ်အရိပ်အယောင်မှ ရှိမနေပေ။သည်နေရာသည် သေဆုံးခြင်းနယ်မြေသပ်သပ် ဖြစ်နေ၏။

သည်နေရာတွင် ရပ်နေရင်း ဝမ်လင်းသည် အလွန်အားနည်းမှုကို ခံစားရ၏။ မြေကြီးသည် သူ့အသက်ဓာတ်ကိုပါ စုပ်ယူနေသည့်အလား။သူက သည်နေရာတွင် ကြာကြာရပ်နေပါက သူ့အသက်ဓာတ်ပင် ပျောက်ကွယ်သွားမည့်အလား။

သည်မြေနက်များပေါ်၌ မည်သည့်အဆောက်အဦမှ ရှိမနေပေ။ မြေပြန့်တစ်ခုလိုသာ ဖြစ်နေ၏။ သို့သော် ဝမ်လင်း၏ စိတ်ကို တုန်ခါစေသည့် တစ်စုံတစ်ခု ရှိနေ၏။ထိုအရာက သေဆုံးခြင်းအော်ရာတစ်ခုပင်။

အဘိုးအိုရှောင်က အသက်ဝဝရှုသွင်း၏။သူက အလွန်လေးစားသည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။ “ရှောင်မိသားစုဝင် ရှောင်ယွန်တန်က ဘိုးဘေးနဲ့ တွေ့ဖို့ တောင်းဆိုပါတယ်…”

***

All Chapters