အခန်း ၁၃၃၁
Vol. 117 Ch. 1331
အခန်း ၁၃၃၁
ကျူးဝူ၏ စကားကို နားထောင်ပြီးနောက် ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စိတ်ကူးကောင်းပဲ။ ငါ မင်းကို ကူညီပေးနိုင်တယ်။”
ခဏမျှ ရပ်တန့်ပြီးနောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က နေရာအကန့်အသတ် ရှိတယ်။ ဂတ်စ်တွေအများကြီး သိုလှောင်ထားလို့ ရမှာမဟုတ်ဘူး။”
“ကျွန်တော် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ဆက်ပြီး ချဲ့လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော့်မှာ အနက်ရောင်ရွှေတွေ အများကြီးရှိနေတာပဲ။”
ကျူးဝူက ပြန်ပြောလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်သည်။
“ငါ့အမြင်အရတော့ မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အရမ်းကြီးမချဲ့ဖို့ အကြံပြုချင်တယ်။ အကယ်၍ မင်းက ကြယ်တံခွန်နဲ့ မင်းရဲ့ယာဉ်ကြားထဲက ဒြပ်ဆွဲအားညီမျှမှုကို ပျက်ပြားအောင်လုပ်မိရင် ပြဿနာတက်သွားလိမ့်မယ်။”
ကျူးဝူ အနည်းငယ် ကြောင်အသွား၏။
“ဟုတ်သားပဲ။ ကျွန်တော် အဲဒါကို တကယ်မစဉ်းစားမိလိုက်ဘူး။ ထားလိုက်ပါတော့..။ ဒါဆိုရင် လက်ရှိယာဉ်ရဲ့ ဆံ့ဝင်အားအတိုင်းပဲ သိုလှောင်ထားလိုက်တော့မယ်။”
“ငါ့ရဲ့စက်က အာကာသယာဉ်တစ်စီးလုံးရဲ့ အောက်ဆီဂျင်သုံးစွဲမှုကို ထောက်ပံ့ပေးနေရတာဆိုတော့ မင်းကို ငှားပေးလို့မရတာ ကံဆိုးတာပဲ။”
ရှောင်းယီက ကူကယ်ရာမဲ့နေသည့်လေသံဖြင့် ပြောလိုက်သည်။
“ဒီလောက်အရေးကြီးတဲ့ ပစ္စည်းကိရိယာကို ကျွန်တော့်ကို မငှားပေးပါနဲ့။ ဒါက ကျွန်တော့်ရဲ့ စိတ်ကူးသက်သက်ပါ။ သူဌေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ ထိခိုက်စေလို့မရဘူး။”
ကျူးဝူက အလျင်အမြန် ပြောလိုက်သည်။
“သူဌေးလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့အားလုံးက သူဌေး အားကောင်းဖြစ်လာပြီး ကျွန်တော်တို့ကို လာခေါ်မယ့်အချိန်ကို စောင့်နေကြတာ။”
“ငါ အကောင်းဆုံး ကြိုးစားသွားမှာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ဒီနေ့ ငါ့ကံက အရမ်းဆိုးတယ်။ ဒီနေ့ရတဲ့ ရိက္ခာသေတ္တာ နှစ်လုံးစလုံးက အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေချည်းပဲ။ တခြားဘာမှ မရဘူး။”
“သူဌေးရဲ့ ကံတွေ အရင်ကတည်းက ကုန်သွားလို့နေမှာပေါ့။ မဟုတ်ရင် ဒီလောက်အဆင့်မြင့်စက်ပစ္စည်းတွေ အများကြီး ဘယ်လိုရှိမလဲ။”
ကျူးဝူက ရယ်မောကာ ပြောလိုက်သည်။
“ကံတွေကုန်မသွားတာ ကောင်းမှာပဲ။ ငါ နေ့စဉ်ရတဲ့ ရိက္ခာသေတ္တာတွေဆီကနေ အံ့သြစရာတွေ လိုချင်သေးတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် လုမေယွီက ရှောင်းယီထံ သီးသန့်စာတစ်စောင် ပို့လာခဲ့သည်။
“သူဌေး ကျွန်တော် အစ်ကိုကျူး ပြန်ရောက်လာတာ တွေ့တယ်။ ကျွန်တော့်ကိုသူနဲ့ မိတ်ဆက်ပေးလို့ ရမလား။”
ရှောင်းယီသည် လုမေယွီ၏ အင်တာနက်လိုင်းမှာ မကောင်းသလို အမြဲခံစားနေရသည်။ အကြောင်းမှာ သူသည် အရာရာကို တစ်ချက်နှေးပြီးမှ တုံ့ပြန်တတ်သောကြောင့်ပင်။
“ရတာပေါ့။ မင်း သူ့ကို သူငယ်ချင်း တန်းအပ်လိုက်လို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီက ကျူးဝူထံ သီးသန့်စာလှမ်းပို့လိုက်သည်။
“သခင်ကြီးလုလို့ခေါ်တဲ့လူက မင်းကို သတင်းစကားပါးခိုင်းဖို့ ဖြစ်လိမ့်မယ်။ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အခုထိတော့ အဆင်ပြေပါတယ်။ အဲဒါကြောင့် သတင်းစကားပါးခကို သူ့ဆီကနေ နည်းနည်းလျှော့ယူလိုက်ဦး။”
“လက်ခံရရှိပါပြီ။”
ကျူးဝူက တုံ့ပြန်သည်။
နည်းနည်းလျှော့ယူခိုင်းခြင်းမှာ အလကားလုပ်ပေးရမည်ဟု မဆိုလိုပေ။ ထို့ကြောင့် သခင်ကြီးလုနှင့် သူဌေးတို့၏ ဆက်ဆံရေးသည် သာမန်စီးပွားဖက်အဆင့်မျှသာ ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
အဲဒီလိုဆိုရင်တော့ ငါ သူ့ကို ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးပေးလိုက်မယ်။
“မင်္ဂလာပါ အစ်ကိုကျူး။”
ကျူးဝူကို သူငယ်ချင်းအဖြစ် အောင်မြင်စွာ အပ်ပြီးနောက် လုမေယွီက နှုတ်ဆက်လိုက်သည်။
“သခင်ကြီးလု ငါ မင်းအကြောင်းကို သူဌေးဆီက ကြားနေရတာ ကြာပါပြီ။ မင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်လေး အဆင်ပြေနေတယ် မဟုတ်လား”
ကျူးဝူက ပြန်ပြောလိုက်သည်။
“အဆင်ပြေတယ်ဆိုတာ ဘာကိုပြောတာလဲ။ သာမန်အသက်ရှင်ကျန်ရစ်သူတွေနဲ့ ယှဥ်ရင်တော့ ဟုတ်ပါတယ်။၊ ဒါပေမဲ့ သူဌေးနဲ့ယှဥ်ရင်တော့ မိုင်ပေါင်းများစွာ နောက်ကျကျန်နေပါသေးတယ်။”
လုမေယွီက ခါးသက်သက်အပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။ ကျူးဝူက ရယ်မောလိုက်၏။
“ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူဌေးနဲ့ သွားပြီးမနှိုင်းယှဉ်ပါနဲ့။ သခင်ကြီးလု မင်း ငါ့ကို ရှာတာ ကိစ္စရှိလို့လား။”
“ဟုတ်တယ်။ မင်း အသက်ရှင်ကျန်ရစ်သူတွေရှိတဲ့ တခြား ဂလက်ဆီတစ်ခုဆီ ရောက်သွားတယ်ဆိုတာ အမှန်ပဲလား။”
လုမေယွီက အဖြေကို သိလျက်နှင့် မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ ခရီးက တကယ်ကို ခက်ခဲခဲ့တယ်။”
ကျူးဝူက သက်ပြင်းချကာ ပြောလိုက်သည်။
“ငါနားလည်ပါတယ်။ ဂလက်ဆီတွေကို ဖြတ်ကျော်ရတာ တကယ် ခက်ခဲမှာပဲ။ မင်း ငါ့အတွက် လူတစ်ယောက်ကို ရှာပေးပြီး သတင်းစကားတစ်ခု ပါးပေးလို့ ရမလား။”
လုမေယွီက မေးလိုက်သည်။
“ရတာပေါ့”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“မင်းက သူဌေးနဲ့ အကြိမ်ပေါင်းများစွာ ကုန်သွယ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုကလည်း တော်တော်လေး အဆင်ပြေတယ်လို့ ငါကြားထားတယ်။”
“ဟုတ်တယ်။ တကယ် အဆင်ပြေပါတယ်။ အဲဒါ... အဖိုးအခကိစ္စက...”
လုမေယွီက ဆိုသည်။
“ဒါဆိုရင် ငါ မင်းကို ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်။ သတင်းစကားတစ်စောင် ပါးခအတွက် အနက်ရောင်ရွှေ တစ်ယူနစ်ပဲ ယူမယ်။”
ကျူးဝူက ချက်ချင်းပြောလိုက်သည်။
“ကျေးဇူးပဲ ညီအစ်ကိုကျူး။”
လုမေယွီက ချက်ချင်းပင် ကုန်သွယ်မှုကို စတင်လိုက်သည်။
“အနက်ရောင်ရွှေ ၁ - အခမဲ့လဲလှယ်ခြင်း။”
ကျူးဝူက ကုန်သွယ်မှုကို သဘောတူလိုက်သည်။
“မင်းရှာနေတဲ့ လူရဲ့နာမည်နဲ့ မင်းပါးချင်တဲ့ သတင်းစကားကို ပို့လိုက်ပါ။”
“ကောင်းပြီ။ ကျေးဇူးပါ ညီအစ်ကိုကျူး။”
လုမေယွီက ပြန်ပြောလိုက်ပြီး အချက်အလက်များကို ကျူးဝူထံသို့ ပို့ပေးလိုက်သည်။
ကျူးဝူသည် ထိုသတင်းစကားပါးခိုင်းသည့် တောင်းဆိုချက်များကို သေချာအာရုံစိုက်မကြည့်မိပေ။ အကြောင်းမှာ ပို့ထားသည်များက များလွန်းလှသောကြောင့် ဖြစ်သည်။
ထို့အပြင် သူကြည့်လျှင်ပင် ထိုလူများကို သိမည်မဟုတ်ပေ။
၎င်းတို့၏ သတင်းစကားများမှာ လျှို့ဝှက်ချက်မရှိသော သာမန်နှုတ်ဆက်စကားများသာဖြစ်ပြီး အာရုံစိုက်နေစရာ မလိုသည့်အရာများ ဖြစ်သည်။
အချိန်သည် ညနေ ၇:၀၀ နာရီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရှောင်းယီက ကျူးဝူထံသို့ စာတစ်စောင်ပို့လိုက်၏။
“ဒီနေ့ ပူပူနွေးနွေး အစားအစာ တစ်ခုခု စားလိုက်ဦး။”
ရှောင်းယီထံမှ ထိုစာကို မြင်လိုက်ရသောအခါ ကျူးဝူ၏ နှုတ်ခမ်းထောင့်များ တွန့်သွား၏။
ပူပူနွေးနွေး အစားအစာ စားရမယ်ဟုတ်လား။ နည်းနည်း တစ်မျိုးကြီး ဖြစ်နေသလိုပဲ။
နောက်တစ်စက္ကန့်တွင် ရှောင်းယီက ကုန်သွယ်မှုတောင်းဆိုချက်တစ်ခု ပို့လာခဲ့သည်။
“ငါးရနံ့ ဝက်သားမျှင်ကြော် ၂၅၀ ဂရမ်၊ ပေါင်မုန့်ကင် ၅၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
“မင်းဆီမှာ S အဆင့် ရေ ရှိသေးတယ်မလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့...အများကြီးရှိပါသေးတယ်။”
ကုန်သွယ်မှုကို လက်ခံပြီးနောက် ကျူးဝူက ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင်လည်း ကောင်းပြီ။ သွားစားတော့။ အကယ်၍ မင်းဘက်မှာ အပူပေးဖို့လိုတဲ့ အရာတစ်ခုခုရှိရင် ငါ့ဆီ ပို့လိုက်လို့ရတယ်။”
“ဟုတ်ကဲ့ပါ။”
ငါးရနံ့ ဝက်သားမျှင်ကြော်နှင့် ပေါင်မုန့်ကင်တို့ကို ရရှိပြီးနောက် ကျူးဝူသည် ထုပ်ပိုးမှုကို ဂရုတစိုက် ဆုတ်ဖြဲကာ အတွင်းမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး အားပါးတရ စတင်စားသောက်လိုက်တော့သည်။
ပူပူနွေးနွေး အစားအစာနှင့် ပူပူနွေးနွေး ပေါင်မုန့်ကို စားလိုက်ရသည့်အခါ ကျူးဝူသည် ပျော်ရွှင်မှုလှိုင်းလုံးတစ်ခု တက်ကြွလာသလို ခံစားလိုက်ရသည်။
“ဒါကမှ ဘဝရဲ့ စစ်မှန်တဲ့အရသာပဲ။”
ကျူးဝူက အငွေ့တထောင်းထောင်း ထနေသော အစားအစာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
သည်မတိုင်ခင်ကမူ သူသည် နေ့တိုင်း အေးစက်စက် အစားအစာများကိုသာ စားခဲ့ရပြီး စားကြွင်းစားကျန်များကို စားနေရသကဲ့သို့ ခံစားခဲ့ရသည်။
ညစာစားပြီးနောက် ကျူးဝူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် မျောလွင့်နေရင်း အများသုံးချန်နယ် ရှိ စကားပြောများကို စတင်ဖတ်ရှုနေခဲ့သည်။
“စောစောက အဆင့်မြှင့်တင်ရေးကတ် ရသွားတဲ့ အစ်ကိုကြီး...အနက်ရောက်ရွှေတွေ လုံလုံလောက်လောက် စုမိပြီလား။”
“ချီးကို စုမိ...။ ဒါက အချိန်တိုအတွင်းမှာ စုလို့ရတဲ့အရာ မဟုတ်ဘူးကွ ဟုတ်ပြီလား။ ဒါကြောင့်မို့လို့ မင်းတို့ကို အခုကတည်းက အနက်ရောက်ရွှေတွေနဲ့ အုတ်မြစ်ကျောက်တွေကို စပြီးစုဆောင်းထားပါလို့ ပြောနေတာပေါ့။”
“ဟူး... ကမ္ဘာ့စည်းမျဥ်းတွေက ငါတို့ကို အနက်ရောင်ရွှေတွေ အများကြီး သိမ်းကျုံးယူခွင့်ရမယ့် အခွင့်အရေးမျိုး ဘယ်တော့ပေးမလဲမသိဘူး။”
“ငါတို့ ကိုယ့်ကိုယ်ကိုယ် သေချာဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ထားဖို့ လိုသေးတယ်။ မဟုတ်ရင် အခွင့်အရေး ရောက်လာရင်တောင် ဆုပ်ကိုင်နိုင်စွမ်း မရှိရင် အရှက်ကွဲရလိမ့်မယ်။”
“ဟုတ်တယ်။ ဒါပေမဲ့ အခုက တစ်နေ့ကို ရိက္ခာသေတ္တာ နှစ်လုံးပဲ ရတော့တာ။ ပြီးတော့ အမြဲတမ်း အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေချည်းပဲ။ အပို ရိက္ခာနည်းနည်းပဲ ပါတယ်။ ငါက ဖွံ့ဖြိုးတိုးတက်ချင်ပါတယ်။ ဒါပေမဲ့ တခြားအခွင့်အရေးက လုံးဝမရှိဘူး ဖြစ်နေတယ်။”
“အတိအကျပဲ။ ဒါပေမဲ့ ငါ ဒီနေ့ရတဲ့ ရိက္ခာသေတ္တာထဲကနေ လက်နက်တစ်ခု ရခဲ့တယ်။ လေကြောင်းရန်ကာကွယ်ရေး အမြောက်တဲ့။ ဟိုတစ်ယောက် ရခဲ့တဲ့ အမြောက်မျိုးပဲ။”
“တိုက်ဆိုင်လိုက်တာ။ ငါလည်း တစ်လက် ရထားတယ်။”
“ဟင်... ငါလည်း တစ်လက် ရတယ်။ အန္တရာယ်တစ်ခုခု လာတော့မှာများလားလို့ ငါ တွေးမိနေပြီ။ မဟုတ်ရင် လက်နက်တွေက ဒီလောက် မြင့်မားတဲ့ နှုန်းထားနဲ့ ပေါ်လာစရာ အကြောင်းမရှိဘူး။”
“မဖြစ်နိုင်တာ...ငါ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ ဘာလက်နက်မှ မရှိသေးဘူး။ အကယ်၍ အခု အန္တရာယ်လာရင် ငါတော့ သွားပြီပဲ။”
“ဘယ်အန္တရာယ်မှ ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းတယ်။”
“ကျေးဇူးပြုပြီး မလာပါနဲ့ဦး။ ငါက သာမန်အဆင့် အာကာသချိတ်ပဲ ရထားသေးတယ်။ အနည်းဆုံးတော့ လက်နက်တစ်ခုခု ပေးပါဦး။”
“အာကာသချိတ် ရတာတောင် ကောင်းလှပြီ။ မင်းက ဘာထပ်လိုချင်သေးတာလဲ။”
“အတိအကျပဲ။ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ငါ့ရဲ့ ရိက္ခာသေတ္တာထဲမှာ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေချည်းပဲ။ တခြားဘာမှ မပါဘူး။”
“ငါ ရသမျှအရာတွေကတော့ ထူးဆန်းနေတာပဲ။ အဲဒါကို မပြောတာ ပိုကောင်းလိမ့်မယ်။”
“အပေါ်က ညီအစ်ကို... ပြောပြပါဦး။ ဘာပဲဖြစ်ဖြစ် ငါတို့လည်း ဘာမှလုပ်စရာမရှိဘဲ အားနေတာဆိုတော့ နားထောင်ကြည့်ရအောင်။”
“ဟုတ်တယ်။ ဘာတွေ အဲဒီလောက် ထူးဆန်းလို့လဲ။ တစ်ရှူးလိပ် ရလို့လား။”
“မဟုတ်ဘူး။ ကျွန်တော် ရထားတာက အရုပ်တစ်ရုပ်ပဲ။”
“ဘာ...အရုပ်တစ်ရုပ် ဟုတ်လား။”