← Chapters

အခန်း ၁၃၃၂

Vol. 117 Ch. 1332

အခန်း ၁၃၃၂

Vol. 117 Ch. 1332

အခန်း ၁၃၃၂

“အရုပ်လား။ မှုတ်ရတဲ့ဟာမျိုးလား။”

“မင်းတို့ ဘာတွေတွေးနေတာလဲ။ ဒါက ရိုးရိုး ပိတ်စနဲ့လုပ်ထားတဲ့ အရုပ်လေးပါဟ။”

“ဒီကောင်က တကယ်ရော အသုံးဝင်လို့လား။”

“ကဲ... ငါတော့ ကားပေါ်က ဆင်းပြီ။ မင်းတို့ပဲ အဝေးပြေးလမ်းမပေါ်မှာ ဆက်မောင်းကြတော့။”

“တံခါးတွေကို သံဂဟေဆော်ပြီး ပိတ်လိုက်ပြီ။ မင်း ဆင်းလို့မရတော့ဘူး။”

“တကယ်တော့ ငါ ပိုသိချင်တာက အားလုံးက မတူညီတဲ့ ဂြိုဟ်တွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကနေ လာကြတာ ဖြစ်လျက်နဲ့ ဒီလိုကိစ္စမျိုးကျတော့ ဘာလို့ အားလုံးက တစ်ထေရာတည်း တူနေကြတာလဲ။”

“၁၈+ ဟာသတွေ ပြောတာကတော့ စကြဝဠာတစ်ခုလုံးမှာ အတူတူပဲလေ။”

“ငါက အဲဒီဟာသတွေအကြောင်းတင် ပြောနေတာမဟုတ်ဘူး။ အရုပ်တွေအကြောင်းကိုပါ ပြောနေတာ။”

“ဟေ့ ညီအစ်ကို....မင်း အဲဒါကို မကြိုက်ရင် ငါ့ကို ပြန်ရောင်းမလား။”

“ရွံစရာကောင်းတဲ့ အမျိုးသား တိရစ္ဆာန်တွေ...နင်တို့ရဲ့ အဲဒီ ညစ်ပတ်တဲ့ အတွေးတွေကို ချက်ချင်းရပ်လိုက်ကြစမ်းပါ။”

“ငါတို့က ဘာလို့ ညစ်ပတ်ရမှာလဲ။ အားလုံးကို သိမ်းကျုံးပြီး နာမည်မဖျက်စမ်းပါနဲ့။ ငါတို့က အရုပ်တစ်ရုပ်ရဲ့ အသုံးဝင်ပုံကို သာမန်အတိုင်း ဆွေးနွေးနေကြရုံပဲ။”

“ဟုတ်တယ်။ ကမ္ဘာ့စည်းမျဥ်းတွေက ငါတို့ကို အရုပ်တစ်ရုပ် ပေးတယ်ဆိုကတည်းက ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိရမယ်။ အားလုံးပဲ...အရုပ်တစ်ရုပ်ရတာက ဘာကိုဆိုလိုလဲဆိုတာ ဆွေးနွေးသင့်တယ်။”

“ငါတို့ အရမ်းအထီးကျန်မှာစိုးလို့ ညတိုင်း အိပ်ရင် ဖက်အိပ်ဖို့ အရုပ်တွေ ပေးတာများလား။”

“ချီး... ငါတို့က ကလေးတွေမှ မဟုတ်တော့တာကွ။ ဘယ်သူက အရုပ်ကို ဖက်ပြီး အိပ်မှာလဲ။”

“အတိအကျပဲ။”

ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီ ခဏမျှ ကြောင်အသွားပြီးနောက် ကျူးဝူထံ သီးသန့်စာတစ်စောင် ပို့လိုက်သည်။

“မင်းက မကြာခင် အမှောင်ထုထဲမှာ အသံတိတ်ဖြတ်သန်းရမယ့် ကာလတစ်ခုကို ရောက်တော့မှာမလား။ ငါ အဲဒီ ပိတ်စရုပ်လေးကို ဝယ်ပြီး မင်းကို ပေးရင်ရော ဘယ်လိုလဲ။ ဒါဆိုရင် မင်း ဘာမှလုပ်စရာမရှိဘဲ အားနေတဲ့အချိန်ကျရင် အဲဒီအရုပ်နဲ့ စကားပြောလို့ရတာပေါ့။”

“မလုပ်ပါနဲ့။”

ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော် သရဲကားတွေ အများကြီး ကြည့်ဖူးတယ်။ ပိတ်စရုပ်လို အရာတွေကိုတော့ ထားလိုက်ပါတော့။ အဲဒါသာ အနားမှာရှိရင် ကျွန်တော် လုံးဝအထီးကျန်မှာ မဟုတ်တော့ဘူး။ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်ခုလုံး လူတွေနဲ့ ပြည့်နေသလို ခံစားရလိမ့်မယ်။ ကျွန်တော် လန့်ပြီးတောင် သေဦးမယ်။”

ကျူးဝူ ထိုသို့ပြောသည်ကို ကြားသောအခါ ရှောင်းယီလည်း သရဲကားတစ်ခုကို ပြေးမြင်လိုက်မိပြီး ကြက်သီးထသွားခဲ့သည်။

“ဟုတ်သားပဲ။ ဒါဆိုရင်လည်း ထားလိုက်ပါတော့။”

“ဒါပေမဲ့ တကယ့်လူနဲ့တူတဲ့ ရာဘာအရုပ်မျိုးဆိုရင်တော့ ကျွန်တော် စဉ်းစားပေးလို့ရပါတယ်။”

ကျူးဝူက တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။

“သွားစမ်းပါ မင်း...။”

ရှောင်းယီက ဆဲဆိုလိုက်သည်။

“တကယ့် ရည်းစားအစစ်တစ်ယောက် ရှာလိုက်တာက ပိုမကောင်းဘူးလား။”

“ကောင်းတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ ရှာလို့မှ မရသေးတာလေ။”

ကျူးဝူက ကူကယ်ရာမဲ့နေဟန်ဖြင့် ပြန်ပြောလိုက်သည်။ ရှောင်းယီသည်လည်း ဆက်ပြီး ငြင်းခုံမနေတော့ဘဲ သီးသန့်ချတ်ကို ပိတ်ကာ အများသုံး ချန်နယ်သို့ ပြောင်းလိုက်သည်။

ထိုအချိန်တွင် ပိတ်စရုပ်ရထားသော အသက်ရှင်ကျန်ရစ်သူသည် ထိုအရုပ်ကို ထုတ်ပြလိုက်ပြီဖြစ်သည်။

“ချစ်စရာ ပိတ်စရုပ်လေး ၁။”

ရှောင်းယီသည် ၎င်း၏ ဖော်ပြချက်ကို စစ်ဆေးရန် အရာဝတ္ထုပေါ်သို့ အလျင်အမြန် နှိပ်လိုက်သည်။

“၎င်းနှင့်အတူ သင်သည် ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်နိုင်လိမ့်မည်။”

အလွန်ရိုးရှင်းသော ရှင်းလင်းချက် ဖြစ်သော်လည်း အလွန်အမင်း အသုံးဝင်လှသည်။ ဤဒြပ်ဆွဲအားကင်းမဲ့သော ပတ်ဝန်းကျင်တွင် လေထဲ၌ မျောလွင့်ရင်း အိပ်စက်ရသည်မှာ မည်သူမျှ ကောင်းကောင်းမအိပ်နိုင်ကြပေ။

သို့သော် ဤပိတ်စရုပ်လေးရှိလျှင် ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်နိုင်မည်ဖြစ်သည်။ ဤစွမ်းရည်က ကာလတန်ဖိုးအားဖြင့် ရွှေထက်ပင် တန်ဖိုးရှိလှသည်။

ရှင်းလင်းစွာပင် လူတိုင်းသည် ထိုစွမ်းရည်ကို မြင်တွေ့သွားကြပြီး ချက်ချင်းပင် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။

“ဒီပိတ်စရုပ်လေးမှာ တကယ်ကြီး စွမ်းရည်တွေ ပါနေတာလား။”

“ဒါက ပစ္စည်းကောင်းပဲ။ ညီအစ်ကို ငါ့ကို ပြန်ရောင်းမလား။”

“နင်တို့လို ယောက်ျားရင့်မာကြီးတွေက ဒါကို မလိုချင်စမ်းပါနဲ့။ ငါ့ကိုပဲ ရောင်းလိုက်ပါ။ ငါလို ချစ်စရာကောင်းတဲ့ ကောင်မလေးကပဲ ဒီချစ်စရာ ပိတ်စရုပ်လေးနဲ့ ထိုက်တန်တယ်။”

“အပေါ်ကလူက မိန်းမလျာ အယောင်ဆောင်ထားတဲ့ ယောက်ျားကြီးပဲ။ ဟန်ဆောင်မနေစမ်းနဲ့... ငါ့ကိုယုံ...မင်း ဒါကို မလိုဘူး။”

ထိုစွမ်းရည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် လုံးဝတုံ့ဆိုင်းမနေဘဲ ထိုလူကို စတင်ဆက်သွယ်လိုက်သည်။

“ဒီပိတ်စရုပ်လေးကို ရောင်းမလား။”

ရှောင်းယီက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

“လုပ်ငန်းရှင်ကြီး...သူဌေးလည်း ဒါကို လိုချင်လို့လား။”

ယီရန်ပင်းက မိမိထံ သီးသန့်စာပို့လာသည်ကို မြင်သောအခါ ထိုလူက အံ့အားသင့်စွာ မေးလိုက်သည်။

“ငါ့သူငယ်ချင်းတစ်ယောက်အတွက် ဒီပစ္စည်းလေး လိုအပ်လိမ့်မယ်လို့ ခံစားရလို့ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အို...သူငယ်ချင်းတစ်ယောက်ပေါ့။ ကျွန်တော် သဘောပေါက်ပါပြီ။”

ထိုလူက ချက်ချင်း ဆိုလာသည်။

ထိုတုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီ ခဏမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ ထိုလူသည် သူ့ကိုယ်သူ ကာကွယ်ရန် သူငယ်ချင်းတစ်ယောက်အကြောင်း။ရှေ့တန်းတင်ပြီး ဖန်တီးပြောဆိုနေသည်ဟု သေချာပေါက် ထင်မှတ်သွားခြင်းဖြစ်သည်။

သို့သော် ရှောင်းယီ ဂရုမစိုက်ပါချေ။ သူထင်ချင်သလို ထင်ပါစေ...ထိုအရာက သူနှင့် မသက်ဆိုင်ပါချေ။

“ရောင်းမှာလား၊ မရောင်းဘူးလား။”

ရှောင်းယီက ထပ်မေးလိုက်သည်။

“လုပ်ငန်းရှင်ကြီးကိုယ်တိုင်က လိုချင်နေမှတော့ ကျွန်တော် သေချာပေါက် ရောင်းမှာပါ။”

ထိုလူက ပြောလိုက်သည်။

“သူဌေးဘက်က ဘယ်လောက်အထိ အရင်းအမြစ်တွေ ပေးဖို့ အဆင်သင့်ရှိလဲ။”

“ရေသန့် ၁ ကီလိုဂရမ်။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“သူဌေး မင်း လာနောက်နေတာ....”

“S အဆင့်နော်။”

တစ်ဖက်လူ စကားမဆုံးခင်မှာပင် ရှောင်းယီက ဖြတ်ပြောလိုက်သည်။

“ဘာ...။ S အဆင့် ရေသန့်လား။ ၁ ကီလိုဂရမ်တောင်လား။”

ထိုလူက အံ့အားသင့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ ရောင်းမှာလား၊ မရောင်းဘူးလား။”

ထိုလူသည် ရင်ထဲမှ တုန်လှုပ်မှုများကို ထိန်းချုပ်ရင်း ခဏမျှ စဉ်းစားပြီးနောက် မေးလာခဲ့သည်။

“အောက်ဆီဂျင် ၂၀ လီတာပါ ထပ်ပေါင်းပေးရင် အဆင်ပြေမလား။”

ရှောင်းယီက လုံးဝတုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။

“သဘောတူတယ်။ ကုန်သွယ်မှုကို စတင်လိုက်တော့။”

S အဆင့် ရေသန့်နှင့် အောက်ဆီဂျင်မှာ ရှောင်းယီအတွက် အရင်းအနှီး လုံးဝမရှိသလောက်ဖြစ်ရာ သူ စျေးဆစ်ပြီး အချိန်မဖြုန်းတော့ပေ။

“ချစ်စရာ ပိတ်စရုပ်လေး ၁ - ရေသန့် (S အဆင့်) ၁ ကီလိုဂရမ်၊ အောက်ဆီဂျင် ၁၀ လီတာ။”

ထိုလူသည် မိမိဘက်က စျေးနည်းနည်းနည်းသွားသည်ဟု ခံစားမိသော်လည်း ကတိမဖျက်ဘဲ ကုန်သွယ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ကုန်သွယ်မှုကို သဘောတူပြီးနောက် ချစ်စရာ ပိတ်စရုပ်လေးတစ်ရုပ်မှာ ရှောင်းယီ၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။

“ကြည့်ရတာတော့ ထင်သလောက်လည်း ကြောက်စရာမကောင်းပါဘူး။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ထိုပိတ်စရုပ်ကို ကျူးဝူထံ ပို့ပေးလိုက်သည်။

“ချစ်စရာ ပိတ်စရုပ်လေး ၁ - အခမဲ့လဲလှယ်ခြင်း။”

ထိုကုန်သွယ်မှုကို မြင်သောအခါ ကျူးဝူ ကြောင်အသွားခဲ့သည်။

“သူဌေး ကျွန်တော်တို့ သဘောတူထားပြီးပြီ မဟုတ်လား။ ကျွန်တော် ပိတ်စရုပ်ကို မလိုချင်ပါဘူးဆိုဗျာ။”

ကျူးဝူ မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

“မင်း စောစောက ဒီပိတ်စရုပ်ရဲ့ စွမ်းရည်ကို မမြင်လိုက်ဘူးလား။ ဒီစွမ်းရည်က မင်း အနားယူဖို့အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“စွမ်းရည် ဟုတ်လား။ ဒီပိတ်စရုပ်မှာ စွမ်းရည် ပါတာလား။”

ကျူးဝူ အံ့အားသင့်သွားခဲ့သည်။

သူသည် စောစောက ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် ရှိမနေခဲ့ပေ။ ထိုအချိန်က အရင်းအမြစ်စုဆောင်းစက်ကိစ္စ ပြီးဆုံးသွားခါစဖြစ်၍ သူသည် ရရှိလာသော အရင်းအမြစ်များကို စီစဉ်နေခြင်းဖြစ်သည်။

“မင်းက ပုံမှန်ဆို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာပဲ ရှိနေတတ်တာ မဟုတ်ဘူးလား။ ဒီတစ်ခေါက်မှ ဘယ်လိုဖြစ်ပြီး လွတ်သွားရတာလဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ပိတ်စရုပ်ရဲ့ စွမ်းရည်ကို မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့။”

ကျူးဝူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ ဖော်ပြချက်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“ဒီပိတ်စရုပ်မှာ တကယ်ကြီး အိပ်စက်ခြင်း အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင် ရှိတာလား။”

ကျူးဝူ တီးတိုးရေရွတ်ရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီအား ပြန်ဖြေလိုက်သည်။

“သူဌေး... ဒီပစ္စည်းက အရမ်းကောင်းလွန်းတယ်။ သူဌေးပဲ သိမ်းထားလိုက်ပါ။”

ကျူးဝူက ကုန်သွယ်မှုကို တိုက်ရိုက်ငြင်းပယ်ရင်း ပြောလိုက်သည်။

“ငါ့ရဲ့ နေထိုင်မှုအခြေအနေက မင်းထက် အများကြီး ပိုကောင်းတယ်။ ဒါကြောင့် ငါ့အတွက် မလိုဘူး။ ပြီးတော့ ငါ့မှာ ဒါရှိတယ်။”

ရှောင်းယီက ပြန်ပြောလိုက်ပြီး သီးသန့်ချတ်တွင် ပစ္စည်းလင့်ခ်တစ်ခုကို ပို့ပေးလိုက်သည်။

“အာကာသ အသိဉာဏ်တု စက်ရုပ် - (SSS အဆင့်) ၁။”

ထိုပစ္စည်းကို မြင်လိုက်ရသောအခါ ကျူးဝူ၏ မျက်လုံးများမှာ ထပ်မံပြူးကျယ်သွားရပြန်သည်။

“သောက်ကျိုးနည်း... သူဌေးကတော့ တကယ်ကို သူဌေးကြီးပဲ။ SSS အဆင့် ပစ္စည်း နောက်တစ်ခု ထပ်ရထားပြန်ပြီ။ တကယ့် လက်ထောက်ကောင်းလေးပဲ။”

ယခုတစ်ကြိမ်တွင်မူ ကျူးဝူ ဆက်ပြီး မငြင်းတော့ပေ။ သူသည် ကုန်သွယ်မှုကို တိုက်ရိုက်သဘောတူလိုက်ပြီး ချစ်စရာ ပိတ်စရုပ်လေးကို ရယူလိုက်တော့သည်။

ကျူးဝူ ထိုပိတ်စရုပ်လေးကို မြင်လိုက်ရသောအခါ သူ၏ ပထမဆုံးအတွေးမှာ ‘ငါ့ရင်ထဲက မိန်းကလေးဆန်တဲ့ စိတ်အာရုံတွေ အရည်ပျော်ကျသွားပြီ’ ဟူ၍ ဖြစ်သည်။

သူသည် အရုပ်လေးကို ရင်ခွင်ထဲသို့ မချီဘဲမနေနိုင်ဖြစ်သွားပြီး ထူးဆန်းသော လုံခြုံမှုခံစားချက်တစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။

အကယ်၍ သူသည် ၈ နာရီ သို့မဟုတ် ၉ နာရီကြာမြင့်မည့် ထိုအမှောင်ထုကာလကို ထပ်မံဖြတ်သန်းရဦးမည်ဆိုလျှင် ဤပိတ်စရုပ်လေးရှိနေခြင်းက အများကြီး ပို၍သက်သာသွားနိုင်ပေလိမ့်မည်။

ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ အမှီသဟဲပြုစရာ တစ်ခုခု ဖြစ်နိုင်၏။ မှီခိုအားထားရာတစ်ခုခု ရှိနေပါက လူတစ်ယောက်အနေဖြင့် အလွယ်တကူ စိတ်ဓာတ်ပြိုလဲသွားလိမ့်မည် မဟုတ်ပေ။

“ဘယ်လိုလဲ။ မဆိုးဘူး မဟုတ်လား။”

ရှောင်းယီက မေးလိုက်သည်။

“အရမ်း မိုက်တယ်။”

All Chapters