အခန်း ၁၃၃၃
Vol. 117 Ch. 1333
အခန်း ၁၃၃၃
မျှော်လင့်ထားသည့်အတိုင်း မည်သူမျှ “နောက်ဆုံးတော့လည်း ကြိုက်သွားတာပဲ” ဆိုသည့် နိယာမကနေ မလွတ်မြောက်နိုင်ကြပေ။
ယောက်ျားရင့်မကြီးတစ်ယောက်အနေဖြင့် ကျူးဝူသည် ရှောင်းယီက သူ့ကို ပိတ်စရုပ်လေး ပေးချင်သည်ဟု ပြောတုန်းက စိတ်ထဲမှ တွန်းလှန်နေခဲ့မိသည်။
သို့သော် ယခုအခါတွင်မူ ကျူးဝူသည် ဤပိတ်စရုပ်လေးကို လက်ကနေ လုံးဝမချနိုင်တော့ချေ။
ရှောင်းယီ ခေါင်းခါယမ်းလိုက်ပြီး အများသုံး ချန်နယ်ကိုသာ ဆက်လက်ကြည့်ရှုနေလိုက်သည်။
“လူတိုင်းပဲ... အဲဒီပိတ်စရုပ်လေးကို လာပြီး စျေးမမေးကြပါနဲ့တော့။ ငါ သူဌေးကို ရောင်းလိုက်ပြီ။”
“သောက်ကျိုးနည်း... သူဌေးကြီးက တကယ်ကို စကားနည်းပြီး အလုပ်ဖြစ်တဲ့လူပဲ။”
“သူဌေးက ပိတ်စရုပ်တွေ ကြိုက်တာလား။ ဒါဆို ယီရန်ပင်းဆိုတဲ့ သူဌေးကြီးက အမျိုးသမီးတစ်ယောက် ဖြစ်နေမလား။”
“အဲဒါတော့ ပြောရခက်တယ်။ တကယ်လည်း အမျိုးသမီးတစ်ယောက် ဖြစ်နေနိုင်တာပဲ။”
“သူဌေးကြီး... ကျွန်တော် ဖဲချပ်တွေအကုန် ဖွင့်ပြလိုက်မယ်။ ကျွန်တော်က ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်ပါ။ ပြီးတော့ ပင်ပင်ပန်းပန်းလည်း အလုပ်မလုပ်ချင်တော့ဘူး။”
“သေစမ်း... အပေါ်ကလူ...မင်းကတော့ တကယ့်ကို သူများအနား ကပ်စားဖို့ သန္နိဋ္ဌာန်ချထားတာပဲ။”
“မတတ်နိုင်ဘူးလေ။ ငါ့သွားတွေက မကောင်းတော့ မိန်းမထဘီနားပဲ ခိုစားရတော့မှာပေါ့။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီ မနေနိုင်တော့ဘဲ ဂရုထဲတွင် စာလှမ်းပို့လိုက်သည်။
“ငါက ယောက်ျားကွ။ မိန်းကလေးပဲ ကြိုက်တယ်။ ပြီးတော့ အိမ်ထောင်လည်းရှိပြီးသား။ လာမနှောင့်ယှက်ကြနဲ့။”
“ဟာဟားဟား... ငါပြောသားပဲ သူဌေးက ယောက်ျားလေးပါဆို။ မင်းတို့တွေ ဘာတွေလျှောက်တွေးနေကြတာလဲ။”
“အတိအကျပဲ။ ဒါပေမဲ့ နှမြောစရာကြီး။ သူဌေးက စစ်မှန်တဲ့အချစ်ဆိုတာ ယောက်ျားအချင်းချင်းကြားမှာပဲ ရှိတယ်ဆိုတာကို မသိတာလား။”
“သေစမ်း... အပေါ်ကလူ...မင်းကတော့ အရမ်းရွံစရာကောင်းလွန်းတယ်။”
ဂရုထဲတွင် အသုံးဝင်မည့် အချက်အလက်များ မရှိတော့သည်ကို မြင်လိုက်ရသည့်အခါ ရှောင်းယီသည် လူနေခန်းသို့ တိုက်ရိုက်ပြန်လာကာ တံခါးပိတ်ပြီး သူ၏ အာကာသအိပ်စက်ခြင်းအိတ်ထဲသို့ ဝင်လိုက်တော့သည်။
ဉာဏ်ရည်တုစက်ရုပ် ရှိနေသဖြင့် ရှောင်းယီသည် နောက်ဆုံးတွင် တံခါးကို စိတ်ချလက်ချပိတ်ကာ ကောင်းကောင်းမွန်မွန် အနားယူနိုင်ခဲ့ပြီ ဖြစ်သည်။
သာမန် ဥက္ကာခဲများကို ရှောင်ကွင်းသည့် လုပ်ငန်းစဉ်များအတွက်မူ သူသည် ခုန်းခုန်း ၁ ကို လွှဲထားလိုက်ရုံပင်။
အလွန်ပြင်းထန်သည့် ပုံမှန်မဟုတ်သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလျှင်ပင် ခုန်းခုန်း ၁က လာနှိုးပေးနိုင်၏။ ထို့ကြောင့် ရှောင်းယီတစ်ယောက် အလွန်အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။
ထိုအချိန်တွင် ကျူးဝူသည်လည်း ထပ်တူထပ်မျှ စိတ်အေးလက်အေး ရှိနေခဲ့လေသည်။ သူသည် ပိတ်စရုပ်လေးကို ဖက်ထားရင်း အာကာသအိပ်စက်ခြင်းအိတ်ထဲသို့ ဝင်အိပ်နေခဲ့ပြီဖြစ်သည်။
ရှောင်းယီသည် ယနေ့ ကိုယ့်ဘာကိုယ် နိုးလာမည့်အချိန်အထိ ကောင်းကောင်းမွန်မွန် အိပ်စက်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။
သို့သော် မကြာမီမှာပင် ရှောင်းယီသည် စိုးရိမ်ရေမှတ် အရေးပေါ်နှိုးစက်သံများကြောင့် လန့်နိုးလာခဲ့ရသည်။
သူသည် စနစ်က ပြသနေသော အချိန်ကို သံသယဖြင့် ကြည့်လိုက်ရာ မနက်အစောပိုင်း နှစ်နာရီ ဖြစ်နေသည်။
“ကျွန်းပိုင်ရှင် ကျွန်တော်တို့ဆီကို ဦးတည်ပျံသန်းလာတဲ့ အသေးစား ဥက္ကာခဲ အမြောက်အမြားကို သတိပြုမိထားပါတယ်။”
အခန်းတွင်းရှိ စကားပြောစက်ထဲမှ ခုန်းခုန်း ၁၏ အသံ ထွက်ပေါ်လာခဲ့သည်။
ထိုသတင်းကို ကြားလျှင်ကြားချင်း ရှောင်းယီသည် အာကာသအိပ်စက်ခြင်းအိတ်ထဲမှ ချက်ချင်းတွားထွက်ကာ မောင်းနှင်ခန်းသို့ မျောလွင့်သွားခဲ့သည်။
“ကျွန်းပိုင်ရှင်...ဟိုမှာကြည့်လိုက်ပါ။”
ခုန်းခုန်း ၁က အာကာသထဲက လမ်းကြောင်းတစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ရှောင်းယီသည် မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုမြင်ကွင်းကြောင့် သူ၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထသွားရတော့သည်။
ထိုလမ်းကြောင်းတွင် အလွန် ထူထပ်သပ်သည်းသော ဥက္ကာခဲအပြုံလိုက်ကြီးသည် သူရှိရာ အရပ်ဆီသို့ တဟုန်ထိုး တိုက်ခိုက်လာနေခြင်း ဖြစ်သည်။
ရှောင်းယီသည် အလင်းမျက်နှာပြင် ရှာဖွေရေးကိရိယာဆီသို့ ချက်ချင်းမျောလွင့်သွားပြီး စစ်ဆေးကြည့်လိုက်ရာ အာကာသယာဉ်သည် ဥက္ကာခဲမိုးကျရောက်ရာ ဘေးတစ်ဖက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“တစ်...မင်း ငါတို့အာကာသယာဉ်ကို ရွှေ့လိုက်တာလား။”
ရှောင်းယီက စစ်ဆေးရင်း မေးလိုက်သည်။
“ရွှေ့ပြီးပါပြီ “
ခုန်းခုန်း ၁က ပြန်ဖြေလိုက်သည်။
“စောစောက ကျွန်တော်တို့ ရှိနေခဲ့တဲ့ နေရာက ဒီနေရာပါ။”
ခုန်းခုန်း ၁ က အလင်းမျက်နှာပြင် ရှာဖွေရေးကိရိယာပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ရှောင်းယီ အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ ယခင်နေရာသည် ဤဥက္ကာခဲမိုး ဖြတ်သန်းသွားမည့် ရှောင်လွှဲ၍မရသော လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ သူတို့အကြောင်းကို နောက်ကျမှ သိရှိခဲ့ရပါက သူ၏ အာကာသယာဉ်သည် အပေါက်ဗရပွဖြစ်ပြီး ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ ချက်ချင်းသွားကာ အများသုံး ချန်နယ်တွင် ပြောလိုက်သည်။
“အားလုံး သတိထားကြပါ။ ဥက္ကာခဲမိုးတစ်ခု ပေါ်လာပြီ။”
အခြားသော အသက်ရှင်ကျန်ရစ်သူများ မြင်တွေ့နိုင်စေရန် မျှော်လင့်ချက်ဖြင့် သူသည် ထိုစာကို သုံးကြိမ်ဆက်တိုက် ပို့လိုက်၏။
ရှောင်းယီသည် ရုတ်တရက်ကြီး စိတ်ကောင်းဝင်သွား၍ မဟုတ်ချေ။ အကယ်၍ ဤဂလက်ဆီထဲရှိ အသက်ရှင်ကျန်ရစ်သူများ အမြောက်အမြား သေကျေပျက်စီးသွားပါက သူ၏ နောင်လာမည့် အဆင့်မြှင့်တင်မှုများအတွက် အလွန်အမင်း အဆင်မပြေဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှ အသေးစားအာကာသယာဉ်အဆင့်သို့ မြှင့်တင်ရန်အတွက်ပင် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေ သန်းနှင့်ချီ၍ လိုအပ်နေပြီဖြစ်သည်။ နောက်တစ်ဆင့် မြှင့်တင်မှုတွင်မူ ပို၍ပင် များပြားသော အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများ သေချာပေါက် လိုအပ်လာလိမ့်မည်။ ထိုမျှ များပြားသော အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို ရှောင်းယီတစ်ဦးတည်းနှင့် စုဆောင်းရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ရှောင်းယီ ထိုစာကို သုံးကြိမ် ပို့ပြီးသွားသည်နှင့် တစ်ပြိုင်နက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားစာ စတင်ထွက်ပေါ်လာတော့သည်။
“စာများကို ထပ်ခါတလဲလဲ ပို့ခြင်းမပြုရ။ အများသုံး ချန်နယ်တွင် စကားပြောဆိုခွင့်ကို တစ်နာရီကြာ ပိတ်ပင်လိုက်သည်။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြောင်းကြားစာကို မတတ်သာသလို ကြည့်လိုက်မိ၏။
“ငါက အခြားအသက်ရှင်ကျန်ရစ်သူတွေကို သတိပေးဖို့၊ စကြဝဠာထဲက အသက်တွေကို ကယ်တင်ဖို့ လုပ်နေတာကို မင်းက ငါ့ကို စကားပြောခွင့် ပိတ်လိုက်တယ်ပေါ့။ ဒါက နည်းနည်းတော့ မတရားလွန်းရာ မကျဘူးလား။”
ရှောင်းယီ တီးတိုးရေရွတ်လိုက်ပြီး သီးသန့်ချန်နယ်သို့ ပြောင်းလိုက်သည်။
“သခင်ကြီးလု သတိထား...။ ဥက္ကာခဲမိုး ကျလာနေတယ်။”
“သူဌေး အများသုံး ချန်နယ်မှာ သတိပေးထားတာကို ကျွန်တော် မြင်လိုက်ပါတယ်။”
လုမေယွီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ဘက်မှာတော့ ဥက္ကာခဲမိုးကို မမြင်ရသေးဘူး။”
“ငါ့ဘက်မှာတော့ အခုတင် မြင်လိုက်ရတယ်။ ငါရှိနေတဲ့နေရာက ဘယ်နားလဲဆိုတာ မသိပေမဲ့ မင်းကို သတိပေးထားတာပဲ။ မင်းတို့ သတိထားကြပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် သူဌေး။”
လုမေယွီက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် စကားပြောခန်းမျက်နှာပြင်ကို အများသုံး ချန်နယ်သို့ ပြန်ပြောင်းလိုက်၏။
“ဘာတွေဖြစ်နေတာလဲ။ ငါက အိပ်ပျော်ခါနီးကို ဘာလို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက်ကြီး လာနှိုးရတာလဲ။”
“ဟုတ်တယ်။ သူဌေး ပြောတဲ့ ဥက္ကာခဲမိုးက ဘယ်လိုအခြေအနေကြီးလဲ။”
“ငါတော့ ဘာမှမမြင်ရသေးသလိုပဲ။”
“အဟမ်း... မင်းတို့ရဲ့ ပြတင်းပေါက်က သေးလွန်းလို့ မြင်ရမှာမဟုတ်ဘူး။”
“အာ... ငါ တစ်ပတ်ပတ်ပြီး ကြည့်ပြီးပြီ။ တကယ် ဘာမှမတွေ့ဘူး။”
“ဒါဆိုရင် မင်းတို့ဘက်ကို မရောက်သေးလို့ ဖြစ်လိမ့်မယ်။ ငါ့ဘက်မှာတော့ မြင်နေရပြီ။”
“အဲဒါကြီးက ငါတို့ကို လာမှန်မှာလား။”
“ဘာပဲဖြစ်ဖြစ် ငါ့ကိုတော့ သေချာပေါက် လာမှန်တော့မယ်။ သူဌေးရဲ့ သတိပေးချက်သာ မရှိရင် ငါ အိပ်ပျော်နေတုန်း အဲဒီဥက္ကာခဲတွေ မှန်သွားလိမ့်မယ်လို့ ငါထင်တယ်။”
“ဥက္ကာခဲမိုးလို့ ခေါ်ရလောက်အောင် ဥက္ကာခဲတွေက ဘယ်လောက်တောင် များလို့လဲ။”
“အများကြီးမှ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ငါ ရေတွက်လို့တောင် မရဘူး။ တစ်ခုတည်းသော ဝမ်းသာစရာကတော့ အဲဒီဥက္ကာခဲမိုးရဲ့ အရှိန်က သိပ်ပြီးမမြန်တာပဲ။ အကြိုသိထားရင်တော့ ရှောင်ကွင်းလို့ ရနိုင်သေးတယ်။”
“သိပ်မမြန်ဘူးဆိုတာ ဘယ်လောက်အရှိန်လဲ။”
“ငါ့မှာလည်း အရှိန်တိုင်းတဲ့ ကိရိယာ မရှိဘူးလေ။ ဒါပေမဲ့ အရင်က ကြုံခဲ့ရတဲ့ ဥက္ကာခဲတွေနဲ့ ယှဥ်ရင်တော့ နည်းနည်း ပိုနှေးတယ်။ အနည်းဆုံးတော့ မြင်ရတဲ့အချိန်မှာ တုံ့ပြန်ဖို့ အချိန်ရသေးတယ်ပေါ့ကွာ။”
“ဒါဆိုရင်တော့ နည်းနည်းနှေးတာ ဟုတ်ပုံပဲ။ အရင်တုန်းက ဘာမှမတုံ့ပြန်နိုင်ခင် ချက်ချင်း လာမှန်တာ။ ဒီတစ်ခါတော့ တုံ့ပြန်ဖို့ အချိန်ပေးသားပဲ။”
“ဒါပေမဲ့ ဒီလိုဒီဇိုင်းမျိုးက သဘာဝကျပါတယ်။ အကယ်၍ ဥက္ကာခဲမိုး ကျလာပြီး တုံ့ပြန်ဖို့ အချိန်မပေးရင် လူအများစု သေချာပေါက် သေသွားကြမှာပဲ။”
“ဟုတ်တယ်။ ဒါဟာ ကမ္ဘာ့စည်းမျဥ်းတွေက ငါတို့ကို ချန်လှပ်ပေးထားတဲ့ ရှင်သန်ခွင့် အလင်းတန်းလေး ဖြစ်မှာပါ။”
“သေစမ်း... ငါ့ကို ဥက္ကာခဲတစ်ခု လာမှန်သွားပြီ။”
“မဖြစ်နိုင်တာ...ညီအစ်ကို... မင်းအတွက် သုံးစက္ကန့်လောက် ငြိမ်သက်ပြီး ဝမ်းနည်းပေးလိုက်ပါတယ်ကွာ။”
“မလိုပါဘူး။ ပျက်စီးမှုက သိပ်မကြီးဘူး။ ငါ ဥက္ကာခဲမိုး ကျရောက်တဲ့ ပတ်ဝန်းကျင်ကနေ အပြင်ကို မောင်းထွက်ခဲ့ပြီ။”
“အမ်... အမှန်ခံရတာတောင် ပျက်စီးမှု သိပ်မကြီးဘူး ဟုတ်လား။ ပြီးတော့ အပြင်ကိုပါ ပျံသန်းထွက်လို့ ရသေးတယ်ပေါ့။”
“ဟုတ်တယ်။ ငါ့ကို လာမှန်တဲ့ ဥက္ကာခဲကိုပါ တစ်ပါတည်း သယ်လာခဲ့သေးတယ်။”
“ညီအစ်ကို... မင်းကတော့ တကယ် လန်းတာပဲ။”
ရှောင်းယီ ထိုအရာကို မြင်လိုက်ရသောအခါ ရုတ်တရက် တစ်စုံတစ်ခု တွေးမိသွားပြီး ကျူးဝူထံသို့ ချက်ချင်း သီးသန့်စာ ပို့လိုက်သည်။
“ကျူးဝူ မင်း နိုးပြီလား။”
“နိုးတာ ကြာပြီ။ ကျွန်တော် ခုနစ်နာရီလောက် အိပ်လိုက်ရတယ်။ အရမ်း လန်းဆန်းသွားတာပဲ။”
ကျူးဝူက ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“ဒါဆိုရင် မင်း အများသုံး ချန်နယ်မှာ စာတစ်စောင် သွားပို့လိုက်။ စောစောက ဥက္ကာခဲ အမှန်ခံရတဲ့ လူကို အရင်းအမြစ်စုဆောင်းစက်ထုတ်ပြီး အဲဒီဥက္ကာခဲကို သိမ်းခိုင်းလိုက်။”
ရှောင်းယီက ပြောလိုက်သည်။ ကျူးဝူ ခဏမျှ ကြောင်အသွား၏။
“ကောင်းပါပြီ။”
ထို့နောက် ကျူးဝူသည် အများပြည်သူသုံး ချန်နယ်သို့ ပြောင်းကာ စာစပို့လိုက်သည်။
“ဟေး ညီအစ်ကို အဲဒီဥက္ကာခဲထဲမှာ ပစ္စည်းကောင်းတွေ ပါနိုင်တယ်။ မင်းရဲ့ အရင်းအမြစ်စုဆောင်းစက်ကို ထုတ်ပြီး စမ်းပြီး သိမ်းခိုင်းကြည့်ပါလား။”
ကျူးဝူ၏ ပြောစကားကို မြင်သောအခါ လူတိုင်း ခဏမျှ ကြောင်အသွားကြပြီးနောက် ထပ်မံ၍ ဝိုင်းဝန်းဆွေးနွေးကြတော့သည်။