← Chapters

အခန်း ၁၃၃၄

Vol. 117 Ch. 1334

အခန်း ၁၃၃၄

Vol. 117 Ch. 1334

အခန်း ၁၃၃၄

“ညီအစ်ကိုကျူးပြောတဲ့ စကားက ဘာကို ဆိုလိုတာလဲ။”

“အစ်ကိုကျူး... တစ်ခုခု သိထားတာ ရှိရင်လည်း ကျွန်တော်တို့ကို တိုက်ရိုက်ပဲ ပြောပြလိုက်ပါဗျာ။ ဒီလို ပဟေဠိဆန်ဆန် ပုံစံမျိုးနဲ့ဆို ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။”

“ဟုတ်တယ်...။ ပဟေဠိလုပ်တဲ့လူတွေကို လူတိုင်းက ဝိုင်းပြီး အော့နှလုံးနာကြလိမ့်မယ်။”

ကျူးဝူက ပြုံးလိုက်သည်။

“အဲဒီညီအစ်ကိုအတွက် အပြင်ထွက်ပြီး သွားသိမ်းလိုက်ရုံပဲ။ ဒါဆိုရင် သူသိသွားလိမ့်မယ်။ ငါတို့ ထိုင်ပြီး ရလဒ်ကိုပဲ စောင့်ကြည့်ကြရအောင်။”

ထိုအချိန်တွင် ဉာဏ်ပြေးသော လူအချို့မှာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကြပြီ ဖြစ်သည်။

“ဒါက ငါတို့ကို အနက်ရောင်ရွှေတွေ အမြောက်အမြား ပေးမယ့် အခွင့်အရေးမျိုး ဖြစ်နေမလား။”

“အဲဒီလိုသာဆိုရင် ငါတို့ ပုန်းနေစရာ မလိုတော့ဘူးပေါ့။ ရှောင်ကွင်းလိုက်မယ်ဆိုရင် အနက်ရောင်ရွှေတွေ ရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားရမှာ မဟုတ်ဘူးလား။”

“မပုန်းနဲ့ ဟုတ်လား။ မင်းမှာ ပြန်လည်ပြင်ဆင်ဖို့အတွက် အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေ အလုံအလောက်ရှိရင်တော့ တစ်မျိုးပေါ့။ အရင်က တုံ့ပြန်ချက်တွေအရ ဒီဥက္ကာခဲတွေရဲ့ အရှိန်က အရင်ကထက် အများကြီး ပိုနှေးတာ အမှန်ပဲ။ ဒါပေမဲ့ သူတို့က အရေအတွက် အရမ်းများလွန်းတယ်။ တစ်ခုပြီးတစ်ခု လာမှန်မယ်ဆိုရင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ချေမှုန်းပစ်ဖို့ လုံလောက်တယ်။”

“ဟုတ်တယ်... ပုန်းနေတာက ပိုကောင်းပါတယ်။ ဒါမှမဟုတ်ရင် တခြားနည်းလမ်းတွေ သုံးပြီး နည်းနည်းလောက် တားဆီးနိုင်ရင်တော့ ပိုကောင်းတာပေါ့။”

လူတိုင်း ဝိုင်းဝန်းဆွေးနွေးနေကြစဉ်မှာပင် ရှောင်းယီသည် သူ၏ အာကာသယာဉ်အနီးမှ ဖြတ်သန်းသွားသော ဥက္ကာခဲများကို စတင်ကြားဖြတ်ဖမ်းယူနေခဲ့ပြီ ဖြစ်သည်။

ထိုဥက္ကာခဲများထဲတွင် အနက်ရောင်ရွှေ အမြောက်အမြား ပါဝင်နိုင်သောကြောင့် ရှောင်းယီသည် သဘာဝအတိုင်း ပို၍ကြီးမားသော ဥက္ကာခဲများကိုသာ ပသ်မှတ်ထားလိုက်သည်။

တကယ်တော့ သူသည် အလွန်အမင်း ကြီးမားသော ဥက္ကာခဲများကိုမူ ပစ်မှတ်မထားရဲချေ။ မဟုတ်ပါက သူ၏ အာကာသယာဉ်ပါ ထိုဥက္ကာခဲနောက်သို့ ဆွဲခေါ်ခြင်း ခံရနိုင်ပေသည်။

သူသည် အလတ်စား ဥက္ကာခဲတစ်ခုကို ချိန်ရွယ်ပြီး အာကာသချိတ်ကို ချက်ချင်း ပစ်လွှတ်လိုက်ရာ ပစ်မှတ်ဥက္ကာခဲကို တိကျစွာ ဖမ်းမိသွားခဲ့သည်။

အရှိန်ပြင်းစွာ ပျံသန်းနေသော ဥက္ကာခဲသည် အာကာသချိတ်ဖြင့် ဖမ်းဆီးခြင်း ခံလိုက်ရပြီး ၎င်း၏ပြင်းထန်သော ရုန်းကန်လှုပ်ရှားမှုကြောင့် ရှောင်းယီသည် သူ၏ အာကာသယာဉ်ပါ ထိုဥက္ကာခဲနောက်သို့ ဆွဲခေါ်သွားခြင်း ခံနေရသည်ဟု ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် အာကာသချိတ်မှာ SSS အဆင့် ဖြစ်နေ၍သာ တော်တော့သည်။ မဟုတ်ပါက ထိုမျှ ပြင်းထန်သော ရုန်းကန်မှုကြောင့် သာမန်ကြိုးတစ်ခုသာဆိုလျှင် လုံးဝ ပြတ်တောက်သွားလောက်ပြီ ဖြစ်သည်။

“ဆန့်ကျင်ဘက် လမ်းကြောင်းကို မောင်းနှင်လိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ခုန်းခုန်း ၁ သည် အာကာသယာဉ်ကို နောက်ပြန်ဆုတ်ရန် ချက်ချင်းပင် မောင်းနှင်လိုက်၏။

အာကာသယာဉ်သည် နောက်သို့ ပြန်ဆုတ်ရန် ရုန်းကန်လှုပ်ရှားခဲ့ရပြီး မိနစ်နှစ်ဆယ်ခန့် အချိန်ယူပြီးမှသာ ဥက္ကာခဲ၏ အရှိန်ကို မနည်းရပ်တန့်သွားစေကာ အာကာသယာဉ်အနီးသို့ ဆွဲခေါ်နိုင်ခဲ့သည်။ ထို့နောက် ရှောင်းယီသည် နောက်ထပ် ပစ်မှတ်တစ်ခုကို ဆက်လက်ရှာဖွေလိုက်သည်။

တစ်ချိန်တည်းမှာပင် အရင်းအမြစ်စုဆောင်းစက် လေးလုံးစလုံးကို ထုတ်လွှတ်လိုက်ပြီး ထိုဥက္ကာခဲပေါ်မှ အရင်းအမြစ်များကို စတင်စုဆောင်းစေခဲ့သည်။

ထိုအချိန်တွင် အများသုံး ချန်နယ်၌ ဥက္ကာခဲ အမှန်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူက ဂရုထဲတွင် သတင်းကောင်းများကို စတင်တင်ပြနေပြီ ဖြစ်သည်။

“မိုက်တယ်ဟေ့။ ငါ နာရီဝက်လောက်ပဲ စုဆောင်းရသေးတယ်။ အနက်ရောင်ရွှေ ၃၀ ယူနစ်တောင် ရနေပြီ။”

“သေစမ်း... မင်းရဲ့ နာရီဝက်က ငါတို့ ငါးရက်စာ ရိက္ခာသေတ္တာတွေ ဖွင့်လို့ရမယ့် အနက်ရောင်ရွှေ ပမာဏပဲ။”

“မျှော်လင့်ထားတဲ့အတိုင်း လူတိုင်းရဲ့ အရင်က ခန့်မှန်းချက်က မှန်နေတာပဲ။ ဒီဥက္ကာခဲမိုးက ငါတို့ကို အနက်ရောင်ရွှေတွေ လာပို့ပေးတာပဲ။”

“အရမ်းမိုက်တယ်။ ဒီတစ်ခါ ဥက္ကာခဲတွေ အရမ်းများတယ်လို့ ငါ ကြားထားတယ်။ ဒါဆိုရင် အနက်ရောက်ရွှေတွေ အမြောက်အမြား ရနိုင်တယ်ဆိုတဲ့ သဘောပေါ့။”

“အနက်ရောင်ရွှေတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ ငါတို့ ကြားဖြတ်ဖမ်းယူပြီး တားဆီးနိုင်မလားဆိုတာကတော့ တခြားကိစ္စတစ်ခုပေါ့။”

“ဟုတ်တယ်။ အခုအချိန်မှာ ငါ့ဆီမှာ ငါးဖမ်းပိုက်တစ်ခုသာ ရှိရင် တစ်ချက်တည်းနဲ့ အကုန်လုံးကို သိမ်းကျုံးဖမ်းပစ်လိုက်မှာ။”

“မင်းက အများကြီး လျှောက်တွေးနေတာပဲ။ အဲဒီပိုက်ကိုသာ ပစ်လိုက်ရင် မင်းလည်း ညီအစ်ကိုကျူးလိုမျိုး အဲဒီဥက္ကာခဲတွေနောက်ကို မျောပါသွားလိမ့်မယ်။”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ ခံစားရသလောက်တော့ ဖြစ်နိုင်ခြေအများဆုံးက ငါးဖမ်းပိုက်က ချက်ချင်း ပြတ်သွားပြီး တစ်ခုမှ ကျန်ခဲ့မှာ မဟုတ်ဘူး။”

“လူတိုင်းပဲ... မြန်မြန် စဉ်းစားကြစမ်းပါ။ အဲဒီဥက္ကာခဲတွေ ပျံသန်းမသွားအောင် ကိုယ့်ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ ပိတ်ဆို့တာကလွဲရင် တခြားနည်းလမ်းတွေ ရှိသေးလား။”

“စက်ရုပ်လက်တံနဲ့ ဖမ်းရင်ကော။”

“မဖြစ်နိုင်ဘူး။ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ရဲ့ အသုံးမကျတဲ့ စက်ရုပ်လက်တံနဲ့ဆိုရင် အရှိန်ပြင်းပြင်း ပျံသန်းနေတဲ့ ဥက္ကာခဲတွေကို ဖမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

“မင်းတို့ဆီမှာ လက်နက်တွေရှိရင် အဲဒါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြည့်လို့ရတယ်။ အနည်းဆုံးတော့ နည်းနည်းလောက် တားဆီးထားနိုင်လိမ့်မယ်။”

“စိတ်ကူးကောင်းပဲ။ လက်နက်နဲ့ပစ်ခတ်ပြီး ဥက္ကာခဲတွေရဲ့ ရှေ့ကိုဦးတည်နေတဲ့ အရွေ့စွမ်းအင်ကို လျှော့ချပစ်မယ်ဆိုရင် သူတို့ကို တကယ်ပဲ ရပ်တန့်သွားစေနိုင်တယ်။”

“မနေ့က အသက်ရှင်ကျန်ရစ်သူတစ်ယောက် အာကာသချိတ်တစ်ခု ရထားတယ်ထင်တယ်။ အခု အဲဒါကို အသုံးချလို့ရပြီပေါ့။”

“ဟာဟားဟား... အာကာသချိတ်ရတုန်းက ကံဆိုးလိုက်တာလို့ ငါ တွေးမိနေတာ။ ဒီလိုပစ္စည်းကောင်း ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”

“ကမ္ဘာ့စည်းမျဥ်းတွေက ငါတို့ကို အသုံးမဝင်တဲ့အရာတွေ ပေးမှာမဟုတ်ဘူး။ ရလာပြီဆိုကတည်းက အသုံးဝင်လို့ပဲဖြစ်ရမယ်။ အရင်က ပိတ်စရုပ်လေးလိုမျိုးပေါ့။ သူဌေးကိုယ်တိုင်တောင် လူကိုယ်တိုင် လာဝယ်သွားသေးတာပဲ။ အဲဒါက အသုံးဝင်တယ်ဆိုတာ သေချာနေတာပဲ။”

“ဒါနဲ့ စကားမစပ်... ဥက္ကာခဲမိုးက မင်းတို့ဘက်ကို ရောက်ပြီလား။”

“မရောက်သေးဘူး။ ဒါပေမဲ့ ငါ့ရဲ့ အာကာသချိတ်ကတော့ ဆာလောင်မွတ်သိပ်ပြီး မစောင့်နိုင်ဖြစ်နေပြီ။”

“မစိုးရိမ်ပါနဲ့။ နောက်ဆုံးတော့ ရောက်လာမှာပါ။ လူတိုင်း ကြုံတွေ့ရမှာပဲ။ အဲဒါကို ထိန်းသိမ်းထားနိုင်မယ့် စွမ်းရည် မင်းတို့မှာ ရှိမရှိပေါ်မှာပဲ မူတည်တယ်။”

ရှောင်းယီသည် ထိုဥက္ကာခဲများကို ဖမ်းယူနေရင်း အများသုံး ချန်နယ်ကိုလည်း စောင့်ကြည့်နေခဲ့သည်။

လက်နက်များကို အသုံးပြု၍ ဤဥက္ကာခဲများကို တားဆီးထားနိုင်ကြောင်း မြင်လိုက်ရသောအခါ သူသည် မိမိနဖူးကို ပြန်ရိုက်လိုက်မိပြီး သူ၏ အာကာသယာဉ်ပေါ်ရှိ အသေးစားလေဆာအမြောက်ကို ချက်ချင်း အသက်သွင်းကာ ရှေ့ရှိ ထူထပ်သိပ်သည်းနေသော ဥက္ကာခဲအုပ်ကြီးကို စတင်ပစ်ခတ်တိုက်ခိုက်တော့သည်။

လေဆာအမြောက်သည် လေဆာတန်းများကို ပစ်လွှတ်ကာ ထိုဥက္ကာခဲများကို တိုက်ရိုက်ပင် ချေမှုန်းဖျက်ဆီးပစ်လိုက်ပြီး ဖြစ်ပေါ်လာသော အပိုင်းအစများသည် ဥက္ကာခဲမိုးထဲတွင် လွင့်စင်သွားကာ အခြားဥက္ကာခဲများနှင့် သွားရောက်ရိုက်ခတ်မိသွားကြတော့သည်။

ထိုသို့ ရိုက်ခတ်မိခြင်းကြောင့် ထိုဥက္ကာခဲများ၏ ရွေ့လျားမှုလမ်းကြောင်းများနှင့် ရွေ့လျားရာ ဦးတည်ချက်များပါ ပြောင်းလဲသွားစေခဲ့သည်။

ပစ်ခတ်မှု တစ်ကြိမ်ပြုလုပ်ပြီးနောက်တွင် ဥက္ကာခဲအချို့မှာ အမှန်တကယ်ပင် နှေးကွေးသွားပြီး အချို့မှာ လုံးဝရပ်တန့်သွားကြောင်း ရှောင်းယီ သတိပြုမိလိုက်သည်။

“တကယ်ပဲ အလုပ်ဖြစ်တာပဲ။”

ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်သည်။

ကျန်ရှိသော အချိန်များတွင် ရှောင်းယီသည် လက်နက်များဖြင့် ဥက္ကာခဲများကို ပစ်ခတ်တိုက်ခိုက်သည့်အပြင် အာကာသချိတ်ကို အသုံးပြု၍ ကြီးမားသော ဥက္ကာခဲအချို့ကိုလည်း ဖမ်းယူခဲ့သည်။

ခြောက်နာရီ ကြာပြီးနောက်တွင် ဥက္ကာခဲမိုးမှာ လုံးဝဥဿုံ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။

ရှောင်းယီသည် အာကာသချိတ်ကို အသုံးပြု၍ အတော်အတန်ကြီးမားသော ဥက္ကာခဲ ၁၅ ခုကို ဖမ်းယူနိုင်ခဲ့ပြီး လေဆာအမြောက်ဖြင့် သူတားဆီးထားခဲ့သော ဥက္ကာခဲအပိုင်းအစ အမြောက်အမြားလည်း ပတ်ပတ်လည်တွင် ရှိနေသေးသည်။

မည်သို့ပင်ဆိုစေ အရေအတွက်က အလွန်အမင်း အထင်ကြီးစရာ ကောင်းလှသည်။ ယခုတစ်ကြိမ်တွင်မူ အနက်ရောင်ရွှေ အမြောက်အမြား သေချာပေါက် ရိတ်သိမ်းရရှိပေလိမ့်မည်။

ထိုအချိန်တွင် အာကာသချိတ် ပိုင်ဆိုင်ထားသော အသက်ရှင်ကျန်ရစ်သူသည်လည်း နောက်ဆုံးတွင် ကျရောက်လာသော ဥက္ကာခဲမိုးကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

“ဟာဟားဟား... ဥက္ကာခဲမိုး ရောက်လာပြီ။ အနက်ရောင်ရွှေတွေအားလုံးကို ငါ့အိတ်ကပ်ထဲ ဘယ်လိုသိမ်းကျုံးထည့်မလဲဆိုတာ စောင့်ကြည့်ထားလိုက်။”

“အစ်ကို... ငါ့ကိုပါ တစ်ပါတည်း ခေါ်သွားပါ။ ငါ အစ်ကို့အတွက် ရေနွေးကြမ်းနဲ့ ရေ ခပ်ပေးနိုင်ပါတယ်။ အချိန်တန်ရင် ငါ့ကို အနက်ရောင်ရွှေ နည်းနည်းလောက်ပဲ ပြန်ရောင်းပေးပါ။”

“ဟုတ်တယ်... ငါ့ကိုလည်း နည်းနည်းလောက် ရောင်းပေးပါဦး။ ငါ့မှာ လက်နက်လည်းမရှိ၊ နဂါးလက်သည်းလည်း မရှိဘူး။ အရမ်း သနားစရာ ကောင်းတာပဲ။”

“ငါလည်း တူတူပဲ။ ဥက္ကာခဲတစ်ခုကို တားဖို့အတွက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကိုပဲ သုံးရတော့မယ် ထင်တယ်။”

“ဟေး... အပေါ်ကလူ...မင်း အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ ဥက္ကာခဲကို သွားတားမယ်ဆိုရင် ရိုက်ခတ်မယ့်နေရာကို သေချာသတိထားရမယ်။”

“အပေါ်က အစ်ကိုကြီး... ဘာဖြစ်လို့လဲဗျ။”

“ဥက္ကာခဲတစ်ခုက ငါ့ရဲ့ ရေချိုးခန်းကို လာမှန်သွားလို့။ အခု အညစ်အကြေးတွေက အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်ခုလုံး ပျံဝဲနေပြီ။”

“အား... ဒါက နံစော်နေတဲ့ သတင်းပဲ။ ငါ အခု မနက်စာ စားနေတာဟ။ အန်တောင် အန်ချင်သွားပြီ။”

“ငါလည်း မနက်စာ စားနေတာ။ အဲဒီလူကို အခုချက်ချင်း အနက်ရောင်စာရင်းထဲ ထည့်လိုက်ပြီ။”

“သွားပါပြီ။ ငါက အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ အဲဒီဥက္ကာခဲတွေကို တကယ်ပဲ တားဆီးနိုင်မယ်လို့ ထင်နေတာ။ တကယ်တော့ ငါ အများကြီး လျှောက်တွေးနေမိတာပဲ။”

“အခု ဘာဖြစ်သွားပြန်ပြီလဲ။ မင်းဆီမှာလည်း အညစ်အကြေးတွေ ပျံဝဲနေလို့လား။”

“မဟုတ်ဘူး။ ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က အက်ကွဲပျက်စီးသွားပြီ။ ပြန်ပြင်ဖို့ အနက်ရောင်ရွှေ မလုံလောက်ဘူး။ ငါ့မှာ နောက်ဆုံး ဆယ်မိနစ်ကျော်ပဲ အချိန်ကျန်တော့တယ်။ ညီအစ်ကိုတို့... နှုတ်ဆက်ခဲ့ပါတယ်။”

“ဆယ်မိနစ်ကျော်ပဲ ဟုတ်လား။ ဒါဆို မင်း အနက်ရောင်ရွှေ ဘယ်လောက်အထိ လိုနေသေးလို့လဲ။”

“၄၀ ယူနစ်။ ငါ့လက်ထဲမှာ ၁၀ ယူနစ်ပဲ ရှိတယ်။ လုံးဝကို မလုံလောက်ဘူး ဟူး...”

“ညီအစ်ကို...ငါ့ရဲ့ အရင်းအမြစ်စုဆောင်းစက်ကို မင်းဆီ မိနစ်နှစ်ဆယ်လောက် ငှားပေးမယ်။ မင်း ငါ့ကို အနက်ရောက်ရွှေ ၄ ယူနစ်ပဲ ပေး...ဘယ်လိုလဲ။”

“ဒီလိုအချိန်မျိုး ရောက်နေတာတောင် မင်းက ငါ့ရဲ့ အနက်ရောက်ရွှေတွေကို အမြတ်ထုတ်ချင်သေးတာလား။”

“ညီအစ်ကို... အရင်းအမြစ်စုဆောင်းစက် တစ်လုံးထပ်ရှိရင် မင်းရဲ့ စုဆောင်းမှုစွမ်းရည်က နှစ်ဆ တက်လာမှာလေ။ မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ လာညှပ်နေတဲ့ ဥက္ကာခဲထဲမှာ အနက်ရောင်ရွှေတွေ ပါနေတာပဲ။”

All Chapters