← Chapters

အခန်း ၁၃၃၅

Vol. 117 Ch. 1335

အခန်း ၁၃၃၅

Vol. 117 Ch. 1335

အခန်း ၁၃၃၅

ထိုအသက်ရှင်ကျန်ရစ်သူ၏ ရှင်းပြချက်ကို မြင်လိုက်ရသောအခါ ဥက္ကာခဲမှန်၍ အရေးပေါ်ကယ်ဆယ်ရေးယာဉ် ပျက်စီးလုနီးပါးဖြစ်နေသော လူသည် နောက်ဆုံး၌ အခြေအနေကို သဘောပေါက်သွားတော့သည်။

“သေစမ်း... ဟုတ်သားပဲ။ ငါ အဲဒီဥက္ကာခဲထဲက အနက်ရောင်ရွှေတွေကို အကုန်သိမ်းကျုံးစုဆောင်းလို့ရတာပဲ။ အဲဒါဆိုရင် ငါ့ယာဉ်ကို ပြန်ပြင်ဖို့ အမက်ရောင်ရွှေတွေ အများကြီး ရလာမှာပေါ့။”

“အတိအကျပဲ။ မင်းအနေနဲ့ အနက်ရောင်ရွှေတွေကို အမြန်ဆုံးနဲ့ အများဆုံး စုဆောင်းနိုင်သရွေ့တော့ အသက်ရှင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။”

“ငါ့ဘက်ကနေလည်း မင်းဆီကို အရင်းအမြစ်စုဆောင်းစက်တစ်လုံး ငှားပေးလို့ရတယ်။”

“တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။”

ထိုလူသည် အရင်းအမြစ်စုဆောင်းစက် နှစ်လုံးကို ငှားရမ်းလိုက်၏။ သူ၏ ကိုယ်ပိုင်စက်တစ်လုံးနှင့်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း သုံးလုံးဖြစ်သွားပြီး ၎င်းတို့ကို အနက်ရောင်ရွှေတစ်ခုတည်းသာ သီးသန့်စုဆောင်းရန် သတ်မှတ်ကာ အပြင်သို့ အကုန်ထုတ်လွှတ်လိုက်တော့သည်။

“ဒီဥက္ကာခဲထဲမှာ အနက်ရောင်ရွှေတွေ အလုံအလောက် ပါပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။”

ထိုလူသည် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။

ဆယိယ်မိနစ်ကျော် ကြာပြီးနောက်တွင် သူသည် ဆက်၍ မစောင့်နိုင်တော့ဘဲ အရင်းအမြစ်စုဆောင်းစက် သုံးလုံးစလုံးကို ပြန်လည်သိမ်းဆည်းလိုက်သည်။

စုဆောင်းစက်များထဲမှ အနက်ရောင်ရွှေအားလုံးကို စုစည်းလိုက်သောအခါ သူသည် အနက်ရောင်ရွှေ ၄၅ ယူနစ်အထိရှိနေသည်ကို အံ့ဩဖွယ် တွေ့ရှိလိုက်ရသည်။

“အခုချက်ချင်း ပြန်ပြင်မယ်။”

ထိုလူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြန်လည်ပြင်ဆင်ခြင်းကို ချက်ချင်း ရွေးချယ်လိုက်၏။

မူလက အက်ကွဲပျက်စီးနေသော အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ ကျန်ရှိသော အနက်‌ရောင်ရွှေများဖြင့် သူသည် ဈေးကွက်ခန်းမမှ အောက်ဆီဂျင်အချို့ကိုပင် ဝယ်ယူကာ သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲသို့ ဖြည့်တင်းနိုင်ခဲ့သေးသည်။

“ဟူး... တကယ်ကို ရင်တထိတ်ထိတ်နဲ့ အသက်လုခဲ့ရတာပဲ။”

ထိုလူက မှတ်ချက်ပေးလိုက်သည်။ စုဆောင်းစက်များ၏ ငှားရမ်းခွင့်သက်တမ်း မကုန်သေးသဖြင့် သူသည် ၎င်းတို့ကို အပြင်သို့ နောက်တစ်ကြိမ် ထပ်မံထုတ်လွှတ်လိုက်၏။

ယခုအချိန်တွင် သူသည် လုံးဝ စိတ်အေးလက်အေး ဖြစ်သွားခဲ့ပြီဖြစ်၍ အများသုံး ချန်နယ်တွင် ဝင်ပြောလိုက်သည်။

“စောစောက သတိပေးခဲ့တဲ့ ညီအစ်ကိုကို တကယ်ကျေးဇူးတင်ပါတယ်။ မင်းရဲ့သတိပေးချက်သာ မရှိရင် ငါ သေနေလောက်ပြီ။ အနက်ရောက်ရွှေတွေ စုဆောင်းလို့ပြီးတာနဲ့ မင်းဆီကို အနက်ရောက်ရွှေ ၅၀ ပို့ပေးပါ့မယ်။ ပြီးတော့ ငါ့ကို စုဆောင်းစက် ငှားပေးတဲ့ တခြားညီအစ်ကိုကိုလည်း အပိုဆောင်း အနက်ရောင်ရွှေ ၂၀ ပို့ပေးပါ့မယ်။”

“မင်းရဲ့ယာဉ်ကို ပြန်ပြင်နိုင်သွားပြီပေါ့။ ဂုဏ်ယူပါတယ်။”

“သူဌေး အရမ်း သဘောထားကြီးတာပဲ။ ဒါက အန္တရာယ်ကနေ လာတဲ့ လာဘ်လာဘပဲ ဖြစ်လိမ့်မယ်။”

“ဟုတ်တယ်။ အရင်က အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပြောခဲ့သလိုပဲ။ အခြေခံအားဖြင့်တော့ စုဆောင်းစက်တစ်လုံးက တစ်မိနစ်ကို အနက်ရောက်ရွှေ တစ်ယူနစ်နှုန်းလောက် ရနိုင်တာပဲ။”

“အနက်ရောင်ရွှေတွေ ရိတ်သိမ်းရတဲ့ အရှိန်က အရမ်း မြန်လွန်းတယ်။”

“မြန်တယ် ဟုတ်လား။ ဒါက မလုံလောက်သေးဘူး။ မင်း စဉ်းစားကြည့်လိုက်...တစ်နာရီမှ ၆၀ ယူနစ်ပဲ ရတာ။ တစ်ရက်လုံးမှ စုစုပေါင်း ၁၄၄၀ ယူနစ်ပဲ ရှိတယ်။ ဒါက သန်းဂဏန်းအထိ လိုအပ်ချက်နဲ့ယှဥ်ရင် အဝေးကြီး လိုပါသေးတယ်။”

“အာ... ညီအစ်ကိုရာ၊ ငါတို့တွေ ရောင့်ရဲတင်းတိမ်တတ်ဖို့လည်း လိုသေးတယ်လေ။ အရင်တုန်းကဆို တစ်ရက်မှာ ရိက္ခာသေတ္တာတစ်လုံးကနေ အနက်ရောင်ရွှေ ၁၀ ယူနစ်လောက် ရရင်ကို တော်တော်ကောင်းနေပြီ။ အခုက တစ်ရက်ကို ထောင်ကျော်ရနေတာတောင် မကျေနပ်သေးဘူးလား။”

“ဒါက လောဘနဲ့ မဆိုင်ယဘူး။ အကယ်၍ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အဆင့်မြှင့်ဖို့ ဒီပစ္စည်းတွေသာ မလိုဘူးဆိုရင် ငါ တစ်ယူနစ်တောင် လိုချင်မှာမဟုတ်ဘူး။ ဒါက ကမ္ဘာ့စည်းမျဥ်းတွေက အတင်းအကျပ် ဖိအားပေးနေလို့ မဟုတ်ဘူးလား။”

“ဟုတ်ပတ်... ဆယ်သန်းဆိုတာ... ကျစ်၊ကျစ်၊ကျစ်... တစ်ရက်ကို ထောင်ကျော်နှုန်းနဲ့ဆိုရင် အားလုံးစုမိဖို့ ရက်ပေါင်း တစ်သောင်းနီးပါး ကြာလိမ့်မယ်။ အဲဒါက ၂၇ နှစ်တောင် ရှိတယ်။”

“ဘာ... ပထမဆုံးအဆင့်မြှင့်ဖို့တင် နှစ် ၃၀ နီးပါး ကြာမယ် ဟုတ်လား။ ငါ ပထမအဆင့်တစ်ခုလုံးမှာတောင် အချိန် အနှစ် ၂၀ မကုန်ခဲ့ဘူး။”

“အားလုံးပဲ အဲဒီလောက်အထိ စိတ်ဓာတ်မကျကြပါနဲ့။ အကယ်၍ လူတိုင်းက ဒီလိုပစ္စည်းမျိုး ရနိုင်မယ်ဆိုရင်တော့ ဒီလောက်နှစ်အကြာကြီး စောင့်စရာ လိုမှာမဟုတ်တော့ပါဘူး။အရင်းအမြစ်စုဆောင်းစက် (C အဆင့်) ၁။”

“C အဆင့် စုဆောင်းစက်က သာမန်စုဆောင်းစက်ထက် စွမ်းရည် နှစ်ဆ ပိုကောင်းတာလား။”

“ဒါပေါ့။ မဟုတ်ရင် အဆင့်ပိုမြင့်ရတဲ့ အဓိပ္ပာယ်က ဘာရှိတော့မလဲ။”

“နှစ်ဆတောင်လား။ အကယ်၍ မင်းသာ ဥက္ကာခဲတွေကို အလုံအလောက် ကြားဖြတ်တားဆီးနိုင်မယ်ဆိုရင် ရလာမယ့် အနက်ရောင်ရွှေက နှစ်ဆ တက်လာမှာပေါ့။ ဒါက တကယ် အထင်ကြီးစရာပဲ။”

“အကယ်၍ ငါတို့သာ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ စုဆောင်းစက်မျိုး ရနိုင်ရင် ချက်ချင်း သူဌေးဖြစ်သွားမှာမဟုတ်ဘူးလား။”

“ဒီထက်အဆင့်မြင့်တာ ဟုတ်လား။ ငါတော့ အိပ်မက်တောင် မမက်ရဲဘူး။ အခုအချိန်မှာ C အဆင့် ပစ္စည်းအချို့ ရနိုင်တာတင် အတော်လေး ကောင်းလှပြီ။ ပိုမြင့်တဲ့အဆင့်တွေကို ဘယ်လိုလုပ် တွေးရဲပါ့မလဲ။”

“လူဆိုတာ အိပ်မက်တော့ ရှိရမှာပေါ့။ တကယ်လို့ အဲဒီအိပ်မက်က တကယ်ဖြစ်လာရင်ရော...။”

အများသုံး ချန်နယ်ရှိ ဆွေးနွေးမှုများကို စောင့်ကြည့်နေရင်း ရှောင်းယီသည်လည်း C အဆင့် စုဆောင်းစက် ရရှိသွားသော အသက်ရှင်ကျန်ရစ်သူကို အလွန်ပင် အားကျမိနေခဲ့သည်။

ရှောင်းယီသည် ဥက္ကာခဲများကို အလုံအလောက် ကြားဖြတ်ဖမ်းယူထားပြီးဖြစ်ရာ ယခုကျန်ရှိသည်မှာ စုဆောင်းရန်သာ ဖြစ်သည်။ အကယ်၍ သူ့တွင် စွမ်းရည်မြင့်မားသော စုဆောင်းစက်သာ ရှိနေပါက ဤဥက္ကာခဲများပေါ်မှ အရင်းအမြစ်များကို အလွန်လျင်မြန်စွာ စုဆောင်းပြီးစီးနိုင်မည် ဖြစ်သည်။

ဥက္ကာခဲများကို ကြားဖြတ်ဖမ်းယူထားနိုင်ခဲ့သော်လည်း အပြည့်အဝ စုဆောင်းမပြီးမချင်း သူ စိတ်အေးနိုင်မည်မဟုတ်ပေ။

စကားပုံတစ်ခုရှိသည်အတိုင်း ကိုယ့်အိတ်ကပ်ထဲရောက်မှသာ ကိုယ့်ပစ္စည်းဖြစ်သည်ဟူသော သဘောတရားပင်။

ထိုအချိန်တွင် ကျူးဝူက သီးသန့်စာတစ်စောင် ပို့လာခဲ့သည်။

“သူဌေး...သူဌေးဘက်မှာလည်း ဥက္ကာခဲတွေ တော်တော်များများ ကြားဖြတ်ဖမ်းထားနိုင်မှာပဲ။ ကျွန်တော့်ရဲ့ စုဆောင်းစက်ကိုပါ သူဌေးဆီ ငှားပေးပါရစေ။”

“ကောင်းပြီ။”

ရှောင်းယီ မငြင်းပယ်ခဲ့ချေ။ လက်ရှိတွင် ရေအရင်းအမြစ်များ လုံလောက်နေသဖြင့် ကျူးဝူအနေဖြင့် စုဆောင်းမှု ယာယီရပ်နားထားခြင်းက ပြဿနာအကြီးအကျယ် ရှိမည်မဟုတ်ပေ။

ကျူးဝူ စတင်လိုက်သော ငှားရမ်းခြင်းတောင်းဆိုချက်ကို လက်ခံပြီးနောက် ရှောင်းယီသည် သူ၏စုဆောင်းစက်ကို ရရှိသွားပြီး အပြင်သို့ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

ယခုအခါ ဤစုဆောင်းစက်များက ဥက္ကာခဲများပေါ်မှ အရာအားလုံးကို ဘယ်အချိန်တွင် စုဆောင်းပြီးစီးမလဲဆိုသည်ကိုသာ စောင့်ကြည့်ရန် ကျန်တော့သည်။

ထိုအချိန်ကျမှသာ ရှောင်းယီသည် မိမိ ယနေ့အတွက် လက်မှတ်ထိုးမဝင်ရသေးသည်ကို သတိရသွားတော့သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အချက်ပြထုတ်လွှတ်မှု ခွဲခြမ်းစိတ်ဖြာစက် (SSS အဆင့်) ၁။”

ရှောင်းယီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန်မှာ သူ့အတွက် အဆင့်မြင့် စုဆောင်းစက်တစ်လုံးကို အလွန်အမင်း လိုအပ်နေခြင်း ဖြစ်သည်။

အခုလို ဆုလာဘ်မျိုး ပေးရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။

“အချက်ပြထုတ်လွှတ်မှု ခွဲခြမ်းစိတ်ဖြာစက် (SSS အဆင့်) - အမျိုးအစားစုံလင်လှသော အချက်ပြလှိုင်းများကို ဖမ်းယူကာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပုံစံမျိုးစုံဖြင့်လည်း အချက်ပြလှိုင်းများကို ပြန်လည်ထုတ်လွှတ်ပေးနိုင်သည်။”

ရှောင်းယီသည် ထိုကိရိယာကို စနစ်၏သိုလှောင်ခန်းထဲမှ ထုတ်လိုက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ အကြောင်းကြားစာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။

“သင်သည် အချက်ပြထုတ်လွှတ်မှု ခွဲခြမ်းစိတ်ဖြာစက် (SSS အဆင့်) ၁ ကိုခုရရှိထားကြောင်း တွေ့ရှိထားသည်။ ၎င်းကို ဤအသေးစားအာကာသယာဉ်ပေါ်တွင် တပ်ဆင်ရန်အတွက် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို အသုံးပြုလိုပါသလား။”

“အသုံးပြုမယ်။”

ရှောင်းယီ ရွေးချယ်လိုက်သည်။

ထို့နောက် သူ့လက်ထဲရှိ အချက်ပြကိရိယာ ပျောက်ကွယ်သွားပြီး တပ်ဆင်မှုမှာ ချက်ချင်း ပြီးဆုံးသွားခဲ့သည်။ ယာဉ်မောင်းခန်းရှိ ထိန်းချုပ်ခလုတ်ခုံဘေး၌ မျက်နှာပြင်တစ်ခု ပေါ်လာတော့သည်။

ရှောင်းယီ မျောလွင့်၍ သွားလိုက်၏။ သူ ထိုကိရိယာဆီသို့ မရောက်ခင်မှာပင် ၎င်းက အကြိုအကြောင်းကြားချက်တစ်ခု အရင် ထုတ်ပေးလိုက်သည်။

“ရေဒီယိုအချက်ပြလှိုင်း တစ်ခုကို ရှာဖွေတွေ့ရှိရသည်။ ဖမ်းယူပြီး ဘာသာပြန်ဆို လိုပါသလား။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက် ပြန်ဖြေလိုက်သည်။

“ဖမ်းယူပြီး ဘာသာပြန်လိုက်။”

“ဖမ်းယူနေဆဲ... ဘာသာပြန်ဆိုခြင်း လုပ်ဆောင်နေပါသည်။ ကြာမြင့်မည့် ခန့်မှန်းခြေအချိန် - မိနစ်နှစ်ဆယ်။”

ရှောင်းယီ အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ သူ ယခုလေးတင် တပ်ဆင်လိုက်သော ဤအချက်ပြထုတ်လွှတ်မှု ခွဲခြမ်းစိတ်ဖြာစက်က အချက်ပြလှိုင်းတစ်ခုကို အမှန်တကယ် ဖမ်းယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

မိနစ်နှစ်ဆယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရှောင်းယီသည် ခွဲခြမ်းစိတ်ဖြာစက်ဆီသို့ သွားကာ ဘာသာပြန်ဆိုပြီးသား ရလဒ်များကို စတင်ဖတ်ရှုလိုက်သည်။

“မင်္ဂလာပါ။ ငါတို့က ဂမ္မာဂလက်ဆီထဲမှာရှိတဲ့ ခေးအော့စ်ဂြိုဟ်က အသိဉာဏ်ရှိသော သက်ရှိတွေပါ။”

ဘာသာပြန်ဆိုချက် ရလဒ်ကို ကြည့်ပြီး ရှောင်းယီ ကြောင်အသွားခဲ့၏။

ဒီစာတစ်ကြောင်းတည်းလား။

“တစ်ဖက်လူရဲ့ အချက်ပြလှိုင်းမှာ ဒီစာတစ်ကြောင်းပဲ ပါဝင်ပါတယ်။”

အချက်ပြထုတ်လွှတ်မှု ခွဲခြမ်းစိတ်ဖြာစက်က တုံ့ပြန်လိုက်သည်။

ရှောင်းယီ မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။ သို့သော် ထိုကိရိယာက မမျှော်လင့်ဘဲ ထပ်မံမေးမြန်းလာသည်။

“တစ်ဖက်လူကို နှုတ်ဆက်စကား ပြန်လှမ်းပို့လိုပါသလား။”

“မပို့ဘူး ”

ရှောင်းယီ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

သူ ခြေကုပ်သေချာမယူနိုင်သေးချေ။ အကယ်၍ သူက နှုတ်ဆက်စကား ပြန်ပို့လိုက်လို့ တစ်ဖက်လူမှာ အဆင့်မြင့်နည်းပညာတွေ ရှိနေခဲ့ရင် သူ့ဆီ တိုက်ရိုက်လာပြီး သိမ်းပိုက်သွားနိုင်သည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသွားပေလိမ့်မည်။

ရှောင်းယီ၏ ပြတ်သားသော ငြင်းပယ်မှုကို လက်ခံရရှိပြီးနောက် အချက်ပြထုတ်လွှတ်မှု ခွဲခြမ်းစိတ်ဖြာစက်မှာ လောလောဆယ် ငြိမ်သက်သွားခဲ့သည်။

လုံလောက်သော ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်များ မရှိသေးခင်မှာ ထိုဒေသခံများကို သွားမဆွခြင်းက ပိုကောင်းပေလိမ့်မည်။

“ခုန်းခုန်း ၂ ငါ့အတွက် မနက်စာ နည်းနည်းလောက် အပူပေးပြီး ယူခဲ့ပေးပါဦး။”

ရှောင်းယီက လှမ်းအော်လိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။ ခဏလောက် စောင့်ပေးပါ။”

ခုန်းခုန်း ၂ က တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် မျောလွင့်နေရင်း အများသုံး ချန်နယ်ရှိ စကားပြောများကို ဖတ်ရှုနေခဲ့သည်။

“သေစမ်း... ဘယ်လိုဖြစ်ရတာလဲ။ ငါ့ရဲ့ အာကာသချိတ်က တစ်ခါတည်း ပြတ်ထွက်သွားပြီ။”

“အဲဒီဥက္ကာခဲတွေရဲ့ အရှိန်က အရမ်းမြန်နေတုန်းပဲ။ ဒီအတိုင်း တိုက်ရိုက်ကြီး သွားဖမ်းဖို့ ကြိုးစားရင်တော့ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။”

All Chapters