အခန်း ၁၃၃၆
Vol. 117 Ch. 1336
အခန်း ၁၃၃၆
“အာ... ဘာလို့ အစောကြီးကတည်းက မပြောတာလဲ။ ငါ့ရဲ့ အာကာသချိတ်က ပြတ်ထွက်သွားပြီ။”
“ဒါက အခြေခံဗဟုသုတလို့ ငါ ထင်ထားတာလေ။ ဒီလို ဖမ်းဆီးတဲ့ လုပ်ဆောင်ချက်မျိုးမှာ ဖမ်းဖို့ အဆင်ပြေဆုံး အခြေအနေကတော့ နှိုင်းရငြိမ်သက်ခြင်းပဲ။ လူတိုင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အရှိန်က အကန့်အသတ်ရှိလို့ ဒီဥက္ကာခဲတွေရဲ့ အရှိန်ကို မမှီနိုင်ဘူးဆိုရင်တောင် ဖမ်းမိတဲ့ အခိုက်အတန့်မှာ ဥက္ကာခဲနဲ့အတူ ခဏလောက် လိုက်ပျံပေးရမယ်။ ဥက္ကာခဲက ကိုယ့်ကို ဆွဲခေါ်သွားတာကို ခွင့်ပြုလိုက်ပြီးမှ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ရဲ့ အင်ဂျင်တွေကို နှိုးပြီး ဆန့်ကျင်ဘက် လမ်းကြောင်းဆီကို တဖြည်းဖြည်းချင်း ပြန်ဆွဲရမှာ။”
“ဒါက ငါးကြီးတစ်ကောင်ကို မျှားချိတ်မိလို့ ငါးမျှားကြိုး လျှော့ပေး တင်းပေး လုပ်ရသလိုမျိုးပေါ့။”
“အဲဒါနဲ့ တော်တော်တူတယ်။ အားအလွန်အကျွံ သုံးလို့မရဘူး။ အတင်းအဓမ္မ ဆွဲရင်တော့ လွယ်လွယ်လေး ပြတ်သွားလိမ့်မယ်။”
“မင်းပြောပုံနဲ့ဆို ငါ့ပေါင်ကြားထဲကဟာတောင် ကျိမ်းသွားသလိုပဲ။”
“မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဝါရင့်ယာဉ်မောင်းတွေက စကြဝဠာတစ်ခုလုံးမှာ အတူတူပဲ။ ဘယ်လမ်းမှာမဆို အရှိန်ပြင်းပြင်း မောင်းနိုင်ကြတယ်။”
“၁၈+ ဟာသတွေ ပြောတာ ရပ်ကြပါဦး။ ငါ အနက်ရောင်ရွှေ တစ်ခုမှတောင် မရသေးဘူး။ အာကာသချိတ်ကို ပြန်ပြင်ဖို့အတွက် အနက်ရောင်ရွှေတွေ သုံးနေရပြီ။ တကယ်ကို ဝမ်းနည်းစရာပဲ။”
အနတ်ရောက်ရွှေ၏ အရေးကြီးသော အသုံးဝင်ပုံများကို သိရှိသွားကြပြီဖြစ်၍ ဈေးကွက်ခန်းမရှိ ကုန်ပစ္စည်း ကိုးဆယ်ရာခိုင်နှုန်းကျော်ကို အနက်ရောင်ရွှေနှင့်သာ အရောင်းအဝယ် ပြုလုပ်နေကြသည်။
အကယ်၍ မိမိ၏ ပစ္စည်းများကို ထုတ်လုပ်ရန် သို့မဟုတ် ပြန်လည်ပြင်ဆင်ရန်အတွက် အချို့သော အရင်းအမြစ်များ လိုအပ်ပါက အများစုမှာ ဝယ်ယူရန် အနက်ရောင်ရွှေလိုအပ်သည်။
သို့မဟုတ်ပါက လူတိုင်းလိုအပ်နေသော အောက်ဆီဂျင်၊ လျှပ်စစ်ဓာတ်အား သို့မဟုတ် လောင်စာဆီကဲ့သို့သော အရင်းအမြစ်များ မိမိထံတွင် ရှိနေလျှင် ထိုအရင်းအမြစ်များကို အသုံးပြု၍ မိမိလိုအပ်သောအရာနှင့် လဲလှယ်နိုင်သည်။
လက်ရှိတွင် အခြားသော အသက်ရှင်ကျန်ရစ်သူများ၌ ထိုအရာများ ကြွယ်ဝစွာ မရှိကြသေးသဖြင့် အခြေခံအားဖြင့် လူတိုင်းသည် ရှောင်းယီထံမှ အနည်းငယ်စီ ဝယ်ယူနေကြရသည်။
“တွန့်ဆုတ်မနေနဲ့။ မြန်မြန် ပြန်ပြင်လိုက်။ အာကာသချိတ် ရှိနေတာက အရေးပေါ်ကယ်ဆယ်ရေးယာဉ်ရဲ့ အသားနဲ့ သွေးကို သုံးပြီး ဥက္ကာခဲတွေကို သွားတိုက်နေရတဲ့ ငါတို့လို လူတွေထက် အများကြီး ပိုကောင်းတယ်။”
“ဒါတော့ အမှန်ပဲ။ အရင်းအနှီးတစ်ခုလို့ပဲ သဘောထားလိုက်တော့မယ်။ အနက်ရောင်ရွှေတွေ ပိုပြီး ရိတ်သိမ်းနိုင်ဖို့ မျှော်လင့်ရတာပဲ။”
“မစိုးရိမ်ပါနဲ့။ မင်း သေချာပေါက် အရှုံးမရှိပါဘူး။ ဒါနဲ့ စကားမစပ်... ဒီတစ်ခေါက် ဥက္ကာခဲတွေထဲမှာ ပါတဲ့ အနက်ရောင်ရွှေ ပမာဏက တကယ် မြင့်တာပဲ။”
“အတိအကျပဲ။ အခြေခံအားဖြင့် တစ်မိနစ်ကို အနက်ရောင်ရွှေ တစ်ယူနစ်နှုန်းလောက် စွမ်းရည်နဲ့ ထွက်နေတာ။ တကယ်မိုက်တယ်။”
“ငါကတော့ သိပ်မကြီးတဲ့ ဥက္ကာခဲတစ်ခုပဲ ကြားဖြတ်ဖမ်းထားနိုင်လိုက်တယ်။ လက်ရှိ စုဆောင်းမှုအခြေအနေအရဆိုရင် ပြီးဖို့ ငါးနာရီလောက် ကြာမယ်ထင်တယ်။”
“ဒီတစ်ခေါက်ကတော့ မင်း ဘယ်နှခုလောက် ကြားဖြတ်ဖမ်းနိုင်လဲဆိုတာပေါ်မှာပဲ အဓိက မူတည်နေပုံရတယ်။”
“လူတိုင်းရဲ့ လက်ရှိ ကိရိယာတွေအရဆိုရင် တစ်ခုလောက် တားဆီးထားနိုင်ရင်ပဲ တော်တော်ကောင်းနေပါပြီ။”
“မဟုတ်ဘူး။ အကယ်၍ မင်းမှာ ငါ့လိုမျိုး လေကြောင်းရန်ကာကွယ်ရေး အမြောက်ရှိရင် အများကြီး ကြားဖြတ်တားဆီးနိုင်တယ်။ အမြောက်ကျည် နည်းနည်း ကုန်တာကလွဲရင်ပေါ့။”
“မင်းက အမြောက်ကျည်တွေကို ဘယ်ကနေ ရတာလဲ။”
“အဲဒီတုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး လုပ်ထားတာလေ။ ပထမအဆင့်တုန်းက မင်း အမြောက်ကျည် ပုံစံခွက် တစ်ခုတောင် မရခဲ့ဘူးလို့တော့ မပြောနဲ့နော်။”
“အာ... ငါ တကယ် မရခဲ့ဘူး။”
“ဒါဆိုရင် မင်းက တကယ် အသုံးမကျတဲ့လူပဲ။ ပထမအဆင့်ကို ပုံမှန်အတိုင်း ဖြတ်ကျော်လာခဲ့တဲ့ ဘယ် အသက်ရှင်ကျန်ရစ်သူမဆို ဒီလို ပုံစံခွက်မျိုး မရှိဘဲ မနေဘူး။”
“ဟုတ်တယ်။ ငါ အစက ပထမအဆင့် ပုံစံခွက်တွေက အခုအချိန်မှာ လုံးဝ သုံးလို့မရတော့ဘူးလို့ ထင်နေတာ။”
“ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းနိုင်သရွေ့တော့ ပထမအဆင့်တုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ ရခဲ့တဲ့ ပုံစံခွက်အချို့ကို အခုထိ အသုံးချလို့ ရပါသေးတယ်။”
“ဟုတ်တယ်။ ငါကတော့ အကြီးစားဒူးလေးတစ်ခု ထုတ်လုပ်ပြီး ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ တပ်ဆင်လိုက်တယ်။ ဥက္ကာခဲအချို့ကို ထပ်ပြီး ဖမ်းနိုင်မလားတော့ မသိဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသွားတာပေါ့။”
“ဟုတ်သားပဲ၊ ငါ ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ။ ငါ မြန်မြန် ကုန်ကြမ်းပစ္စည်းအချို့ သွားစုဆောင်းရမယ်။”
အများသုံး ချန်နယ်ရှိ ဆွေးနွေးမှုများကို မြင်တွေ့ရသောအခါ လက်နက်အေးများ ထုတ်လုပ်ရန် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ၏ စျေးနှုန်းများမှာ မျက်စိတစ်မှိတ်အတွင်း ထိုးတက်သွားခဲ့သည်။
“မင်းတို့အားလုံး ဒီလောက်တောင် လောဘကြီးရလား။ စျေးနှုန်းတွေကို ဒီလောက်အလောတကြီး မမြှင့်ကြပါနဲ့ဟ။”
“ဟုတ်ပါ့ကွာ... ငါ ကုန်ကြမ်းပစ္စည်း ဝယ်မလို့ လုပ်နေတုန်းပဲ ရှိသေးတယ်။ အရင်က အရမ်းစျေးပေါတဲ့ ပစ္စည်းတွေက အခု နှစ်ဆ...မဟုတ်ဘူး၊ မူလစျေးထက် ဆယ်ဆလောက် ဖြစ်သွားပြီ။”
“ဒါတော့ အရမ်းလွန်လွန်းသွားပြီ။ ဒီလိုကြည့်မယ်ဆိုရင် ယီရန်ပင်းသူဌေးကမှ တော်တော်လေး ကောင်းသေးတယ်။ သူက အဲဒီရင်းမြစ်တွေရဲ့ စျေးနှုန်းကို တစ်ကြိမ် မြှင့်ခဲ့ရင်တောင် ဒီလောက်အထိ လွန်လွန်ကျူးကျူးကြီး မဟုတ်ခဲ့ဘူး။”
“မင်းတို့တွေ သူဌေး ဘယ်လောက်ကောင်းလဲဆိုတာ အခုမှ သဘောပေါက်ကြတယ်ပေါ့။”
ကျူးဝူက အများသုံး ချန်နယ်တွင် မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“အသက်ရှင်းကျန်ရစ်သူတွေ ပိုပြီး အသက်ဆက်နိုင်ဖို့အတွက် သူဌေးက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် ပင်ပန်းခံနေလဲဆိုတာ ကြည့်လိုက်စမ်း။ ဒါကို မင်းတို့လို ကျေးဇူးကန်းတဲ့ ဝံပုလွေတွေက စျေးနှုန်းတွေကို ကိုယ့်သဘောနဲ့ကိုယ် အဆမတန် မြှင့်တင်နေကြတယ်။ တကယ်ကို ရင်နာစရာပဲ။”
“ဟုတ်ပါတယ်။ ငါတော့ ဒီနေ့ကစပြီး ယီရန်ပင်းသူဌေးရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ပြတ်ပြတ်သားသား ထောက်ခံအားပေးဖို့ ဆုံးဖြတ်လိုက်ပြီ။”
“ဟူး... အချို့လူတွေကိုတော့ ငါ ပြောရဦးမယ်။ လူသေတွေကို အမြတ်ထုတ်ပြီး စီးပွားရှာရတာ တကယ်ပဲ စိတ်အေးချမ်းရဲ့လား။”
“အတိအကျပဲ။ ငါတို့က မတူညီတဲ့ ဂြိုဟ်တွေကနေ လာကြတာဆိုပေမဲ့ အခုတော့ အားလုံးက ဂလက်ဆီတစ်ခုတည်း၊ စမ်းသပ်ကွင်းတစ်ခုတည်းမှာ ရှိနေကြတာလေ။ ဘာဖြစ်လို့ ဒီလိုမျိုး သူတစ်ပါး အကျပ်ရိုက်နေတဲ့အချိန်ကို အခွင့်ကောင်းယူရတာလဲ။”
“ထားလိုက်ပါတော့...နိုင်ငံရေး ကပ်ဘေးတွေ၊ လူသေတွေအပေါ်မှာ အမြတ်ထုတ်ပြီး စီးပွားရှာတဲ့ လူမျိုးတွေက အမြဲရှိနေမှာပဲ။ အဲဒီလိုလူမျိုးတွေက အသက်တိုကြလိမ့်မယ်။”
“အသက်တိုမယ် ဟုတ်လား။ ဒါက မင်းဘာသာမင်း ဖြေသိမ့်နေတာပဲ။ ‘လူကောင်း အသက်မရှည်၊ လူဆိုး အသက်ရှည်’ ဆိုတဲ့ စကားပုံကို မင်းမကြားဖူးဘူးလား။”
“အပေါ်က ပြောတဲ့ကောင်က အရင်တုန်းက သူဌေးကို နောက်ကွယ်မှာ အတင်းပြောပုတ်ခတ်နေတဲ့ လူတွေထဲက တစ်ယောက်ပဲ။”
“သေစမ်း... မင်းက တကယ်ကြီး မျက်နှာပြရဲသေးတယ်ပေါ့။ မင်းရဲ့ စိတ်နှလုံးက အရမ်းကို မည်းမှောင်နေတာပဲ။ အဲဒါကြောင့်လည်း အဲဒီတုန်းက သူဌေးအပေါ် အဲဒီလို စကားမျိုးတွေ ပြောနိုင်ခဲ့တာပေါ့။”
“ဒီလိုလူမျိုးကို အမြဲတမ်းအတွက် အနက်ရောင်စာရင်းထဲ ထည့်ထားလိုက်စမ်းပါ။ ငါ သူ့မျက်နှာကို နောက်တစ်ခါ မမြင်ချင်တော့ဘူး။”
“မှန်တယ်...လူတိုင်းပဲ သူ့ကို ဘလော့ခ်လိုက်ကြစမ်းပါ။ အရောင်းအဝယ်ပါ တစ်ပါတည်း ဘလော့ခ်လိုက်။ ဒီလိုလူမျိုးကို မြင်ရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်။ သူ့ကို ဆဲနေလို့လည်း သူ့ဆီက ဆံပင်တစ်ပင်တောင် ကျွတ်သွားမှာမဟုတ်ဘူး။ မောခံရတာပဲ အဖတ်တင်လိမ့်မယ်။”
“ငါဆို အစကတည်းက ဘလော့ပြီးသားပါ။ ဒီလို လေလှိုင်းပေါ်က အမုန်းပွားသူတွေနဲ့ ကီးဘုတ်သူရဲကောင်းတွေနဲ့ ဖက်ပြီး ငြင်းခုံမနေချင်တော့ဘူး။ တကယ် လူပင်ပန်းတယ်။”
အုပ်စုထဲရှိ လူများ၏ ဆွေးနွေးမှုများကို စောင့်ကြည့်နေရင်း ရှောင်းယီသည် ဤဖြစ်ရပ်ကြောင့် သူ၏ဂုဏ်သတင်းမှာ မမျှော်လင့်ဘဲ တောမီးပမာ ပြန့်နှံ့သွားလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
“အားလုံးပဲ သတိထားကြပါ။ ဒီဥက္ကာခဲမိုးက အန္တရာယ်မရှိတာ မဟုတ်ဘူး။ ငါ အခုလေးတင် သိခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက် ပြိုင်ပွဲကနေ ထွက်သွားရပြီ ထင်တယ်။ သူ့ရဲ့ အိုင်ဒီ ပျောက်သွားပြီ။”
“ဟူး... ဒါကတော့ လွှဲရှောင်လို့မရဘူး။ အကယ်၍ မင်းက ဥက္ကာခဲမိုးရဲ့ ဗဟိုချက်ကနေ အချိန်မီ မရှောင်တိမ်းနိုင်ဘူးဆိုရင် ဥက္ကာခဲ အမြောက်အမြားရဲ့ ထိမှန်ခြင်းကို ခံရလိမ့်မယ်။ ဒီလောက်အထိ ပြင်းထန်တဲ့ ရိုက်ခတ်မှုမျိုးနဲ့ဆိုရင် အခြေခံအားဖြင့်တော့ အသက်ရှင်ဖို့ အခွင့်အရေး လုံးဝမရှိဘူး။”
“အားလုံးပဲ ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်သင့်တယ်။ အနက်ရောင်ရွှေက အရေးကြီးတယ်ဆိုပေမဲ့ အသက်မရှိရင်တော့ ရှာထားတာတွေကို သုံးနိုင်မှာ မဟုတ်ဘူးလေ။”
“ဒါဆိုရင်တော့ ငါ မြန်မြန် ရှောင်တိမ်းပြီး ဥက္ကာခဲ တစ်ခုလောက်ကိုပဲ ဖမ်းထားနိုင်ဖို့ အခွင့်အရေး ရှိမလားဆိုတာ ကြည့်ရတော့မယ်။”
ဤဥက္ကာခဲမိုးသည် ရှောင်းယီ၏ ကြိုတင်သတိပေးချက် ရှိခဲ့သည့်တိုင်အောင် အသက်ရှင်ကျန်ရစ်သူများ၏ ဆယ်ပုံတစ်ပုံခန့်ကို တိုက်ရိုက် သုတ်သင်ရှင်းလင်းသွားခဲ့သည်။
အကယ်၍ ရှောင်းယီ၏ သတိပေးချက်သာ မရှိခဲ့လျှင် အသက်ရှင်ကျန်ရစ်သူ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်အထိ သေဆုံးသွားနိုင်သည်ဟု ခန့်မှန်းရသည်။
ဥက္ကာခဲမိုးကို ဖြတ်ကျော်ပြီးနောက်တွင် လူတိုင်းသည် မိမိတို့၏ အရင်းအမြစ်စုဆောင်းစက်များကို ဥက္ကာခဲများဆီ ထုတ်လွှတ်၍ ရိတ်သိမ်းစေရင်း မိမိတို့ ရရှိခဲ့သော အကျိုးအမြတ်များကို စတင်ဆွေးနွေးကြတော့သည်။
“ဟာဟားဟား... တော်တော်လန်းတယ်ဟေ့။ ငါတော့ ကံကောင်းထောက်မစွာနဲ့ ဥက္ကာခဲကြီးတစ်ခုကို ဖမ်းထားနိုင်ခဲ့တယ်။ အခု အဲဒါရဲ့ အစိတ်အပိုင်း အနှစ်နှစ်ဆယ်ပုံ တစ်ပုံလောက်ပဲ စုဆောင်းရသေးတာတောင် အနက်ရောက်ရွှေ ၄၀၀ ယူနစ်တောင် ရနေပြီ။”
“ဟုတ်တယ်။ ငါ့ရဲ့ ဥက္ကာခဲက မင်းထက် သေးပေမဲ့ အခု စုဆောင်းရရှိတာတင် ၃၀၀ ယူနစ်ကျော်နေပြီ။ တစ်ခုလုံးသာ အကုန်စုဆောင်းပြီးသွားရင် ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲ ဆန့်ပါ့မလားတောင် မသိဘူး။”
“မဆန့်ဘူး ဟုတ်လား။ ဒါဆိုရင် ငါနဲ့ အရောင်းအဝယ်လုပ်မလား။”
“ချီး... မင်းက ငါ့ကို ငတုံးလို့ ထင်နေတာလား။ ငါ ဘာလို့ မင်းဆီ လာရောင်းရမှာလဲ။ အခုအချိန်မှာ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေ ပေါများနေပြီ။ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ချဲ့ထွင်လိုက်ရင် မရဘူးလား။ ဒါဆိုရင်အနက်ရောင်ရွှေတွေ အကုန်လုံး အေးအေးဆေးဆေးဆန့်သွားမှာပေါ့။”
“အတိအကျပဲ။ အခု အနက်ရောင်ရွှေတွေ အလုံအလောက် ရှိနေပြီဆိုတော့ ယာဉ်ကို ချဲ့ထွင်ပြီးရင် အောက်ဆီဂျင် ပြတ်လပ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။ ဈေးကွက်ခန်းမကို သွားပြီး အနက်ရောင်ရွှေတွေနဲ့ လဲလှယ်လိုက်ရုံပဲ။ ငါ ယီရန်ပင်းသူဌေးကို ထပ်ပြီး ချီးကျူးရဦးမယ်။ ငါတို့ဆီမှာ အနက်ရောင်ရွှေတွေ ပိုများလာတာကို သိနေတာတောင် သူက စျေးနှုန်းတွေကို ဆက်ပြီး မမြှင့်ခဲ့ဘူး။”