အခန်း ၁၃၃၇
Vol. 117 Ch. 1337
အခန်း ၁၃၃၇
“ဟုတ်တယ်။ သူဌေးက တကယ် အံ့ဩဖို့ကောင်းတာ။ အခုကစပြီး သူဌေးကို ကွယ်ရာမှာ အတင်းတုပ်ပုပ်ခတ်ရဲရင် ငါ သူဌေးဘက်ကနေ ပြတ်ပြတ်သားသား ကာကွယ်ပေးသွားမယ်။”
“အတိအကျပဲ။ ကပ်ဘေးဆိုးကြီးကြုံနေတာတောင် အမြတ်မထုတ်ဘဲနေတဲ့ သူဌေးမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒါပထမဆုံးအကြိမ်ပဲ။”
“ဒါနဲ့ စကားမစပ်... သူဌေးကို ကျေးဇူးတင်တာအပြင် ညီအစ်ကိုကျူးကိုလည်း ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား။”
“ညီအစ်ကိုကျူးကို ဘာလို့ ကျေးဇူးတင်ရမှာလဲ။”
“မင်းတို့ မေ့သွားကြပြီလား။ အဲဒီဥက္ကာခဲတွေပေါ်မှာ ပစ္စည်းကောင်းတွေ ရှိတယ်ဆိုတာ ငါတို့ကို အရင်ဆုံး သတိပေးခဲ့တာ အစ်ကိုကျူးလေ။ ပြီးတော့ ဥက္ကာခဲအမှန်ခံလိုက်ရတဲ့ ပထမဆုံး အသက်ရှင်ကျန်ရစ်သူကိုလည်း စုဆောင်းစက်သုံးပြီး ရိတ်သိမ်းဖို့ ပြောခဲ့တာလည်း သူပဲဥစ္စာ။”
“ဟုတ်သလိုပဲ။ အစ်ကိုကျူး... မြန်မြန်ထွက်လာပြီး မင်း ဒါကို ဘယ်လိုသိလဲဆိုတာ ပြောပြပါဦး။”
“ဟုတ်တယ်။ အကယ်၍ အစ်ကိုကျူးသာ သတိမပေးခဲ့ရင် ငါတို့ ဒါကို ရှာဖွေတွေ့ရှိခဲ့ရင်တောင် အချိန်အတော်ကြာသွားလောက်ပြီ။ ပြီးတော့ ဒါကို လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်။”
“@ကချေသည်တက်... ထွက်လာပြီး စကားပြောပါဦး။”
ကျူးဝူသည် တစ်ယောက်ယောက်က သူ့ကို ခေါ်နေသည်ကို မြင်လိုက်ရသဖြင့် အများသုံး ချန်နယ်တွင် ပြုံးကာ ဝင်ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင် မင်းတို့ လူမှားပြီး ကျေးဇူးတင်နေကြတာပဲ။ ငါ အုပ်စုထဲမှာ လာပြောတာက သူဌေးခိုင်းလို့ပဲ။”
“သူဌေးခိုင်းလို့ ဟုတ်လား။ ဒါဆိုရင် သူဌေးက ဒါကို စတင်ရှာဖွေတွေ့ရှိခဲ့တာလား။”
“ဒါပေါ့...။”
ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ငါက ကြယ်တံခွန်နဲ့အတူ ပျံသန်းနေတာလေ။ ဥက္ကာခဲမိုးကို ဘာလို့ ဂရုစိုက်နေမှာလဲ။ အဲဒီအစား အသာလေး လှဲအိပ်နေတာက ပိုမကောင်းဘူးလား။”
“ငါ သဘောပေါက်သွားပြီ။ သူဌေးက ငါတို့ကို ဥက္ကာခဲမိုးအကြောင်း သတိပေးချင်လို့ သတင်းစကားကို သုံးကြိမ်ဆက်တိုက် ပို့ခဲ့တယ်။ စခရင်တစ်ခုလုံး စာတွေနဲ့ ပြည့်သွားလို့ ကမ္ဘာ့စည်းမျဥ်းတွေရဲ့ ပိတ်ပင်ခြင်းကို ခံလိုက်ရတာပဲ။ အဲဒါကြောင့် သူက အစ်ကိုကျူးဆီကိုပဲ သီးသန့်စာကနေတစ်ဆင့် ပြောနိုင်ခဲ့ပြီး အစ်ကိုကျူးက အုပ်စုထဲမှာ လာပြီး ရှင်းပြခဲ့တာပေါ့။”
“ဟုတ်တယ်...အတိအကျ အဲဒီလိုပဲ။ အဲဒီအချိန်တုန်းက ငါက အိပ်လို့ကောင်းနေတုန်း။”
ကျူးဝူက အပိုစကားများ စတင်ပြောဆိုလိုက်သည်။
“အကယ်၍ သူဌေးက မင်းတို့ကို သတိပေးဖို့ ငါ့ကို မတောင်းဆိုခဲ့ရင် ငါ အိပ်ရာထဲကနေ ထလာမှာတောင် မဟုတ်ဘူး။”
“သူဌေးကတကယ့်ကို အံ့ဩစရာပဲ။ သူကိုယ်တိုင် စာပို့ခွင့် အပိတ်ခံထားရတာတောင် ငါတို့ကို တွေးပေးနေတုန်းပဲ။ သူက ဒီလောက်များပြားတဲ့ အနက်ရောင်ရွှေတွေကို လက်လွတ်မခံရအောင် သတိပေးခဲ့သေးတယ်။ ဒါက ဘယ်လိုမျိုး စရိုက်လက္ခဏာနဲ့ စိတ်ဓာတ်မျိုးလဲ။”
“ယီရန်ပင်းသူဌေးက မေတ္တာတရားကြီးမားတာပဲ။”
“ငါ သူဌေးရဲ့ အပြုအမူကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်။”
အုပ်စုထဲရှိ မြှောက်ပင့်ပြောဆိုနေကြသည့် စကားများကို ရှောင်းယီ မြင်လိုက်ရသောအခါ စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်မိသည်။
“မေတ္တာတရားကြီးမားတယ် ဟုတ်လား။ မင်းတို့တွေ အများကြီး လျှောက်တွေးနေတာပဲ။ ငါက နောင်တစ်ချိန်မှာ မင်းတို့ဆီက အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေကို ပြန်လည်သိမ်းဆည်းတဲ့အခါ အခြေခံပမာဏ ပိုပြီး များများစားစား ရှိစေချင်ရုံသက်သက်ပဲ။”
ရိုးရိုးရှင်းရှင်း ပြောရလျှင် ရှောင်းယီသည် သူတို့အနေဖြင့် အနက်ရောင်ရွှေများကို ပိုမိုချန်ထားနိုင်ရန် ကူညီပေးခြင်းမျှသာ ဖြစ်သည်။ အကြောင်းပြချက်က ထိုမျှလောက် ရိုးရှင်းပါသည်။
ဤအသက်ရှင်ကျန်ရစ်သူများ၏ လက်ထဲရှိ အနက်ရောင်ရွှေ အစိတ်အပိုင်း အတော်များများမှာ နောင်တစ်ချိန်တွင် ရှောင်းယီ၏ လက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။
အသက်ရှင်းရန်အတွက် သူတို့သည် ရှောင်းယီ ပံ့ပိုးပေးသော အောက်ဆီဂျင်၊ လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အားများကို လိုအပ်နေသည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူတို့သည် ရှောင်းယီ မရှိ၍ မဖြစ်ချေ။
ပြိုင်ပွဲအဆင့် တိုးတက်လာသည်နှင့်အမျှ နောင်တစ်ချိန်တွင် လူတိုင်း၌ ထိုအရာများကို ထုတ်လုပ်ရန် စက်ပစ္စည်းကိရိယာများ ရှိလာနိုင်သော်လည်း ၎င်းက နောက်ပိုင်းကိစ္စသာ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ထိုအချိန်ရောက်လျှင် ရှောင်းယီ၌ သူတို့ မဝယ်ဘဲ မနေနိုင်သော အခြားအရာများ ရှိနေဦးမည် ဖြစ်သည်။ ဤအချက်အပေါ်တွင် ရှောင်းယီမှာ တော်တော်လေး ယုံကြည်ချက် ရှိနေသည်။
အခုအချိန်မှာပင် ရှောင်းယီ၌ သူတို့ မဝယ်မဖြစ် ဝယ်ယူရမည့်အရာများ ရှိနေပြီ ဖြစ်သည်။
ဥပမာအားဖြင့်... အာကာသအထူးသီးသန့်နှစ်ထပ်မှန် ကဲ့သို့သော အရာမျိုး ဖြစ်သည်။
ဤကဲ့သို့သော SSS အဆင့် မှန်မျိုးကို ကာလတိုအတွင်း သို့မဟုတ် ရေရှည်အထိပင် မည်သူမျှ ထုတ်လုပ်နိုင်ဦးမည် မဟုတ်ချေ။
ဖြစ်နိုင်ခြေကို သေချာမသိသော်လည်း SSS အဆင့် ပစ္စည်းများ ရရှိနိုင်မည့် အခွင့်အလမ်းမှာ အလွန်အမင်း နည်းပါးလှသည်မှာ သေချာသည်။ SSS အဆင့် ပုံစံခွက်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။
ယခုအချိန်အထိ ရှောင်းယီသည် ဥက္ကာခဲများကို စုဆောင်းခြင်းဖြင့် ရိတ်သိမ်းရရှိခဲ့သော အနက်ရောင်ရွှေမှာ အမှန်တကယ်ပင် ၂၆၀၀ ယူနစ် ရှိနေပြီ ဖြစ်သည်။
မနက်အစောပိုင်း နှစ်နာရီတွင် ကြုံတွေ့ခဲ့ရသော ဥက္ကာခဲမိုးကို ရှောင်းယီသည် ခြောက်နာရီကြာအောင် ကြားဖြတ်ဖမ်းယူကာ ဥက္ကာခဲမိုး ဖြတ်သန်းသွားသည်အထိ စောင့်ဆိုင်းခဲ့ရသည်။
သူသည် မနက် ၈ နာရီဝန်းကျင်တွင် စတင်ရိတ်သိမ်းခဲ့ပြီး ယခုအခါ ညနေ ၅ နာရီနီးပါး ရှိနေပြီဖြစ်ရာ စုစုပေါင်း ကိုးနာရီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စုဆောင်းစက် ငါးလုံးကို အတူတကွ အသုံးပြုထားခြင်းဖြစ်၍ ဤမျှလောက်များပြားသော ပမာဏကို ရိတ်သိမ်းနိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
၎င်းအပြင် ရှောင်းယီ ဈေးကွက်ခန်းမတွင် တင်သွင်းထားသော အရောင်းအဝယ်များမှာ ပိုမိုရေပန်းစားလာခဲ့ပြီး ၎င်းက မည်မျှအထိ ဖြစ်သွားသနည်းဆိုလျှင် ရှောင်းယီအနေဖြင့် ကျူးဝူအား ကြယ်တံခွန်မှ ရေအရင်းအမြစ်များကို ဆက်လက်ရိတ်သိမ်းနိုင်ရန်အတွက် အရင်းအမြစ်စုဆောင်းစက် တစ်လုံးကို ပြန်လည်ပေးအပ်လိုက်ရသည်အထိပင် ဖြစ်သည်။
အကယ်၍ ဤနေရာတွင် အောက်ဆီဂျင်နှင့် လောင်စာဆီ အရောင်းအဝယ်များက အရမ်းမြန်ဆန်နေပါက ရေအရင်းအမြစ် သုံးစွဲမှုသည်လည်း ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
ကျူးဝူသည် စုဆောင်းစက်ကို ယူပြီးသည်နှင့် ရေအရင်းအမြစ်များကို ချက်ချင်းပင် စတင်ရိတ်သိမ်းလိုက်တော့သည်။
အသက်ရှင်ကျန်ရစ်သူ အားလုံး၏လက်ထဲတွင် အနက်ရောင်ရွှေများ ရှိနေကြပြီဖြစ်ရာ အောက်ဆီဂျင်ကဲ့သို့သော အရင်းအမြစ်များကို ဝယ်ယူရန် ဝန်မလေးကြတော့ချေ။ လူအများစုမှာ တစ်ကြိမ်တည်းဖြင့် အောက်ဆီဂျင် လီတာရာချီ၍ ဝယ်ယူနေကြသည်။
မိမိ၏ စီးပွားရေး လုပ်ငန်း ယခုကဲ့သို့ အဆင်ပြေချောမွေ့နေသည်ကို မြင်ရသောအခါ ရှောင်းယီသည်လည်း အလွန်အမင်း ဝမ်းသာပီတိ ဖြစ်ရသည်။ သူသည် အသက်ရှင်းကျန်ရစ်သူအားလုံးကို ထိုမျှလောက် အပင်ပန်းခံ၍ ကြိုတင်အကြောင်းကြားခဲ့သည်မှာလည်း အနက်ရောင်ရွှေများ ပိုမိုရရှိရန်အတွက် မဟုတ်ပါလော။
ယနေ့တစ်ရက်တည်း အရောင်းအဝယ်ပြုလုပ်မှုမှတင် ရှောင်းယီသည် အနက်ရောင်ရွှေ ၃ သန်း ယူနစ်အထိ ရိတ်သိမ်းရရှိခဲ့သည်။
သို့သော် ဤအရာသည် လုံးဝ ပြီးဆုံးသွားခြင်းမဟုတ်ဘဲ အစပျိုးခြင်းမျှသာ ဖြစ်သည်ကို ရှောင်းယီ သိသည်။ လူတိုင်း အနက်ရောင်ရွှေများကို ပိုမိုတူးဖော်ရရှိလာသည်နှင့်အမျှ သူ၏ အရောင်းအဝယ်မှာလည်း ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။
ဂလက်ဆီတစ်ခုတည်းရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ အနည်းဆုံး သန်းဂဏန်းအထိ ရှိရမည်။ အကယ်၍ လူတစ်ယောက်လျှင် ပျမ်းမျှ အနက်ရောင်ရွေီ တစ်ယူနစ်နှုန်းဖြင့် ရှောင်းယီ၏ ရိက္ခာများကို ဝယ်ယူမည်ဆိုပါက ရှောင်းယီသည် အနက်ရောင်ရွှေ သန်းနှင့်ချီ၍ ရိတ်သိမ်းရရှိမည် ဖြစ်သည်။
၎င်းအပြင် လူတစ်ယောက်သည် အနက်ရောင်ရွှေ တစ်ယူနစ်ထက်မက ပိုမိုသုံးစွဲကြသည် မဟုတ်ပါလော။
ထို့ပြင် ဤဂလက်ဆီထဲတွင် အသက်ရှင်ကျန်ရစ်သူ မည်မျှရှိသည်ကိုလည်း တိတိကျကျ မသိရသေးချေ။ ရှောင်းယီအနေဖြင့် အရောင်းအဝယ်ပြုလုပ်မှုများမှတစ်ဆင့် အကြမ်းဖျင်းသာ ခန့်မှန်းနိုင်သည်။
လက်ရှိ အခြေအနေအရဆိုလျှင် အနည်းဆုံး လူဦးရေ တစ်သန်းကျော် ရှိနေ၏။
ရှောင်းယီသည် ထိုအနက်ရောင်ရွှေ ယူနစ်များကို သိမ်းဆည်းခြင်းမပြုဘဲ ဈေးကွက်ခန်းမ၌သာ ထိုအတိုင်း တင်ထားလိုက်သည်။ အနက်ရောင်ရွှေ အားလုံးကို သည်အတိုင်း သိမ်းဆည်းလိုက်မည်ဆိုပါက နှမြောစရာ ကောင်းလှသည် မဟုတ်ပါလော။
လေးဆတိုး ရိတ်သိမ်းခွင့် ပေါ်ပေါက်ခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဖြစ်နိုင်ခြေအရဆိုလျှင် မကြာမီ ပြန်လည်ပေါ်ပေါက်လာရမည် ဖြစ်သည်။
ရှောင်းယီသည် ဤသန်းနှင့်ချီသော အနက်ရောင်ရွှေ ယူနစ်များကို လေးဆတိုး ရိတ်သိမ်းခွင့်နှင့် ကြုံတွေ့စေချင်သည်။
“ညစာစားရမယ့် အချိန်ပဲ။”
ရှောင်းယီ တွေးလိုက်ပြီး ခုန်းခုန်း ၂ ကို လှမ်းခေါ်လိုက်သည်။
“နံပါတ်နှစ်... ငါ့အတွက် စားစရာ နည်းနည်းလောက် အပူပေးပေးပါဦး။”
“ဟုတ်ကဲ့ပါ။”
ခုန်းခုန်း ၂ က ပြန်လည်တုံ့ပြန်လိုက်ပြီး အာကာသ မီးဖိုချောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ရှောင်းယီသည် အများသုံး ချန်နယ်ကို စစ်ဆေးကြည့်လိုက်ရာ မြှောက်ပင့်ပြောဆိုနေကြသည့် စကားများသာ အများအပြား ရှိနေပြီး အသုံးဝင်သော အချက်အလက်များ မရှိချေ။ ထို့ကြောင့် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်ခွာလာခဲ့ပြီး စိုက်ပျိုးရေးခန်းဆီသို့ ရွှေ့လျားသွားခဲ့သည်။
စိုက်ပျိုးရေးခန်းဆီသို့ ရောက်ရှိလာသောအခါ ခရမ်းချဉ်သီးမှာ ရဲရဲနီနေပြီ ဖြစ်သည်။
“ဒီဉာဏ်ရည်တုစက်ရုပ်က စိုက်ပျိုးရေးအလုပ်နဲ့ သိပ်ပြီး မရင်းနှီးသေးပုံပဲ။”
ရှောင်းယီသည် ခရမ်းချဉ်သီးပင်တစ်ပင်ဆီသို့ မျောလွင့်သွားရင်း တီးတိုးရေရွတ်လိုက်ကာ ခရမ်းချဉ်သီးတစ်လုံးကို ဆွတ်ခူးလိုက်ပြီး လေထုထဲတွင် မျောလွင့်နေသော ရေလုံးလေးထဲ၌ ပွတ်တိုက်ဆေးကြောကာ စတင်စားသုံးလိုက်တော့သည်။
“အင်း... အရမ်း အရသာ ရှိတယ်။”
ရှောင်းယီ မျက်လုံးများ မှေးစင်းသွားခဲ့ရ၏။ ဤခရမ်းချဉ်သီး အမျိုးအစားမှာ အနည်းငယ် စိမ့်ပြီး ချိုမြသောအနံ့ အရသာ ရှိသည်။
ရှောင်းယီသည် လက်ထဲရှိ ခရမ်းချဉ်သီးကို လျင်မြန်စွာ စားသုံးပြီးနောက် နောက်ထပ် ခရမ်းချဉ်သီး ငါးလုံးကို ထပ်မံဆွတ်ခူးကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့လိုက်သည်။
“ခရမ်းချဉ်သီး (C အဆင့်) ၅ - အခမဲ့လဲလှယ်ခြင်း။”
“မြည်းကြည့်လိုက်။ ဒီခရမ်းချဉ်သီးတွေက အခုတင် မှည့်ထားတာ။ အရသာ တော်တော်ကောင်းတယ်။”
ရှောင်းယီက ကျူးဝူထံသို့ သီးသန့်စာတစ်စောင် ပို့ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့။ ကျေးဇူးပါ သူဌေး။”
ကျူးဝူက အရောင်းအဝယ်ကို ချက်ချင်း လက်ခံလိုက်သည်။
ရဲရဲနီနေသော ခရမ်းချဉ်သီး ငါးလုံးသည် ကျူးဝူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲတွင် ထွက်ပေါ်လာတော့သည်။
ကျူးဝူသည် တစ်လုံးကို ကောက်ယူကာ မဆေးကြောတော့ဘဲ တိုက်ရိုက်ပင် ကိုက်စားလိုက်သည်။
“ဒါက တကယ် အရသာ ရှိတာပဲ။”
ကျူးဝူက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“အာကာသထဲမှာ စိုက်ပျိုးထားတဲ့ အရာတွေအားလုံးက အရသာရှိမှု +၁ ဂုဏ်သတ္တိများ ပါဝင်နေတာလား မသိဘူး။”
ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ကျူးဝူ... မင်းရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က မြေပုံကို ဂရုစိုက်ပြီးကြည့်ထား။ မင်းရဲ့ ပျံသန်းမှု လမ်းကြောင်းအပေါ် အခြေခံပြီး တခြားဂလက်ဆီတစ်ခုထဲကို ဘယ်အချိန်မှာ ဝင်ရောက်မလဲဆိုတာ အကြမ်းဖျင်း ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ငါထင်တယ်။”
“ဟုတ်ကဲ့။ ကျွန်တော် စောင့်ကြည့်နေပါတယ်။ လက်ရှိ အခြေအနေအရဆိုရင် ကျန်ယွင်ထျန်းတို့ ရှိနေတဲ့ ဂလက်ဆီဆီ ရောက်ဖို့ အနည်းဆုံး ဆယ်ရက်လောက်တော့ လိုသေးတယ်။”
ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ ဒီကြယ်တံခွန်ရဲ့ အရှိန်ကလည်း အမြဲတမ်း ပုံမှန်ဖြစ်မနေဘူး။ ကျွန်တော် စက်ဝိုင်းတစ်ခုကိုတောင် အပြည့်အဝ မပြီးသေးဘူး ထင်တယ်။ ပတ်လမ်းကြောင်း တစ်ခုပြီးသွားတဲ့အထိ စောင့်ကြည့်ပြီးမှပဲ သိရတော့မယ်။”