အခန်း ၁၃၃၉
Vol. 117 Ch. 1339
အခန်း ၁၃၃၉
“မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ ဒီလောက် အရေးကြီးတဲ့ မြေပုံမျိုးကို သူများဆီ ဘယ်လိုလုပ် ပေးမလဲ။ ကိုယ့်ဘာသာကိုယ် တူးဖို့အတွက်ပဲ သိမ်းထားရမှာပေါ့။”
“ဒါဆိုရင်တော့... သူဌေးက သူ့ဘာသာသူ တစ်ခု ရှာဖွေတွေ့ရှိပြီး သွားတူးခဲ့တာ ဖြစ်ရမယ်...ဟုတ်တယ်မလား။”
“ဒီခန့်မှန်းချက်က တော်တော်လေး လက်တွေ့ကျတယ်လို့ ငါထင်တယ်။”
ရှောင်းယီသည် ထိုဆွေးနွေးမှုများကို မြင်သောအခါ စိတ်ထဲမှ မရေရွတ်ဘဲ မနေနိုင်တော့ချေ။
လက်တွေ့ကျတာလား...အဝေးကြီးပဲ။ ငါ့ရဲ့ ကံတရားက အမြဲတမ်း စုတ်ပြတ်သတ်နေတာ။ မနေ့က ရိက္ခာသေတ္တာထဲကနေ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေလို အခြေခံ ကုန်ကြမ်းပစ္စည်း နှစ်မျိုးပဲ ထွက်လာတယ်။
ရှောင်းယီသည် အုပ်စုထဲရှိ လူတိုင်းကို လိုက်လံရှင်းပြရန် သဘာဝအတိုင်း စိတ်မဝင်စားပါချေ။ အဘယ်ကြောင့်ဆိုသော် ရှင်းပြရန် မဖြစ်နိုင်သောကြောင့်ပင်။ သူတို့ဘာသာသူတို့ စိတ်ကူးယဉ်ခွင့် ပေးလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။
“ခုန်းခုန်း ၂... ငါ့အတွက် စားစရာ နည်းနည်းလောက် အပူပေးပြီး ယူလာပေးပါဦး။”
ရှောင်းယီက လှမ်းပြောလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အာကာသအထူးသီးသန့် အလွှာနှစ်ထပ်မှန်ကို စတင်ထုတ်လုပ်လိုက်တော့သည်။
“ရရှိသော ကုန်ပစ္စည်း - အာကာသအထူးသီးသန့် အလွှာနှစ်ထပ်မှန် (SSS အဆင့်) ၈၀၀၀၀၀။”
ကုန်ကြမ်းပစ္စည်းများသည် လေးဆတိုး ဆုလာဘ်ကို ခံစားခွင့်ရရှိပြီး ဖြစ်သောကြောင့် အချောထည် ပစ္စည်းများသည် လေးဆတိုး ဆုလာဘ်ကို ထပ်မံမရရှိတော့ချေ။
တစ်နည်းအားဖြင့် ပြောရလျှင် ရှောင်းယီသည် မှန်အချပ်ရေ ၂၀၀၀၀၀ အတွက်သာ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေးဆတိုး ရိတ်သိမ်းခွင့် ဆုလာဘ်ကြောင့် သူသည် မှန်အချပ်ရေ ၈၀၀၀၀၀ အထိ ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီက အုပ်စုထဲတွင် ပြောလိုက်သည်။
“ကုန်ကြမ်းပစ္စည်းတွေက အကန့်အသတ် ရှိတာကြောင့် မှန်ကို အရေအတွက် အကန့်အသတ်နဲ့ပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို တစ်ချပ်ပဲ ကန့်သတ်ထားပြီး ဈေးနှုန်းကတော့ အနက်ရောင်ရွှေ ၅၀ ယူနစ် ဖြစ်ပါတယ်။”
“ဘာ...အနက်ရောင်ရွှေ ၅၀ ယူနစ် ဟုတ်လား။ ဒါက အရမ်းဈေးကြီးတာပဲ။”
“ဟုတ်တယ် သူဌေး... ဒါက အရမ်းဈေးကြီးလွန်းတယ်။ ကျွန်တော်တို့ တစ်နာရီလုံး စုဆောင်းမှ အနက်ရောင်ရွှေ ၆၀ ယူနစ်ပဲ ရတာ။ ပြီးတော့ ကျွန်တော့်ရဲ့ ဥက္ကာခဲကလည်း အရမ်းသေးတယ်။ အကုန်စုဆောင်းပြီးသွားဖို့ သိပ်ပြီး ကြာမှာမဟုတ်ဘူး။”
“ဟုတ်တယ်။ ဒါက မှန်တစ်ချပ်တည်းပါပဲ။ နည်းနည်းလောက် ဈေးလျှော့ပေးလို့ မရဘူးလား။”
ယခင်က ဈေးနှုန်းမြှင့်တင်မှု ဖြစ်စဉ်အပြီးတွင် ဤအသက်ရှင်ကျန်ရစ်သူများသည် နောက်ဆုံးတွင် မောက်မောက်မာမာ မလုပ်ကြတော့ဘဲ ရှောင်းယီနှင့် ရိုးရိုးယဉ်ယဉ် ဈေးဆွေးနွေးရန် သိလာခဲ့ကြသည်။
“ငါရောင်းတဲ့ မှန်က ဒီဈေးနှုန်းနဲ့ ထိုက်တန်လို့ပဲ။ ဒါပေါ့... အရောင်းအဝယ်ကတော့ မိမိသဘောဆန္ဒအတိုင်းပဲ။ အကယ်၍ မင်းတို့က အရမ်းဈေးကြီးတယ်လို့ ခံစားရရင် မဝယ်ဘဲ နေနိုင်ပါတယ်။”
ရှောင်းယီမှာ မည်သို့မျှ ရွေ့လျား၍မရ ကြောင်း မြင်လိုက်ရသောအခါ အခြားသော အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
“ဟူး... အခုအချိန်မှာ မှန်က ရှားပါးပစ္စည်း ဖြစ်နေတော့ ဈေးနှုန်းကလည်း သဘာဝအတိုင်း မြင့်မားနေမှာပဲ။ ဒါက နားလည်ပေးလို့ရပေမဲ့ အရမ်းဈေးကြီးလွန်းလို့ လောလောဆယ်တော့ စောင့်ကြည့်ရဦးမယ်။”
“ဟုတ်တယ်။ အနက်ရောင်ရွှေကလည်း အရမ်းအရေးကြီးတဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုပဲ။ ဒါကို ဒီအတိုင်း အလွယ်တကူ အလဟဿ မဖြုန်းတီးနိုင်ဘူး။”
“မှန်တယ်...နောင်ကျရင် ငါလည်း မှန်ထုတ်လုပ်မှုပုံစံ သေချာပေါက် ရလာလိမ့်မယ်လို့ ငါယုံကြည်တယ်။ လောလောဆယ်တော့ အောင့်အည်းသည်းခံလိုက်ဦးမယ်။”
သူတို့သည် ရှောင်းယီ၏ ကုန်ပစ္စည်းများကို အတူတကွ သပိတ်မှောက်ရန် မပြောရဲကြသဖြင့် ယခုကဲ့သို့သာ ဆွေးနွေးနိုင်ကြရှာသည်။
ရှောင်းယီက အနည်းငယ် ပြုံးလိုက်ပြီးနောက် SSS အဆင့် မှန်အချပ်ရေ ၈၀၀၀၀၀ အားလုံးကို ဈေးကွက်ခန်းမတွင် တင်လိုက်ပြီး လူတစ်ဦးလျှင် တစ်ကြိမ်သာ ဝယ်ယူခွင့်အဖြစ် ကန့်သတ်ထားလိုက်သည်။
“အာကာသအထူးသီးသန့် အလွှာနှစ်ထပ်မှန် (SSS အဆင့်) ၁ - အနက်ရောင်ရွှေ ၅၀။
မှတ်ချက် - အကောင့် တစ်ခုလျှင် တစ်ကြိမ်သာ ဝယ်ယူခွင့် ကန့်သတ်ထားသည်။”
ထိုအရောင်းအဝယ်ကို တင်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် အများသုံး ချန်နယ်မှာ လုံးဝကို ဆူပွက်သွားခဲ့တော့သည်။
“အား...အား...အား...”
“ဟိုကောင်...မင်း ဘာဖြစ်နေတာလဲ။ ဘာလို့ ရူးကြောင်ကြောင် ထလုပ်နေတာလဲ။”
“မြန်မြန်... ဈေးကွက်ခန်းမကို သွားကြည့်လိုက်ဦး။ သူဌေးရဲ့ မှန်တွေ တင်လိုက်ပြီ။”
“ဘာဖြစ်လို့လဲ။ ဈေးကျသွားလို့လား။ ငါ အခုချက်ချင်း သွားကြည့်လိုက်မယ်။”
“သောက်ကျိုးနည်းပဲဟေ့...”
“ငါ့လခွမ်း...သူဌေးက သူ့မှန်က အနက်ရောင်ရွှေ ၅၀ ယူနစ်နဲ့ တန်တယ်လို့ ဘာလို့ပြောလဲဆိုတာ မဆန်းတော့ဘူး။ SSS အဆင့် မှန်ကြီးဟ။ ဒီဈေးနှုန်းက အမှန်တော့ နည်းတောင်နည်းသေးတယ်လို့ ငါခံစားရတယ်။”
“ဟုတ်တယ်...။ အုတ်မြစ်ကျောက် ၅၀ ယူနစ်တည်းနဲ့ SSS အဆင့် ပစ္စည်းကိရိယာတစ်ခု ရတာ။ မဟုတ်သေးပါဘူး... ငါ ထပ်ပြီး အများကြီး ဝယ်ချင်သေးတယ်။”
“မင်း အများကြီး လျှောက်တွေးနေတာပဲ။ လူတစ်ယောက်ကို တစ်ချပ်ပဲ ကန့်သတ်ထားတာလေ။”
“ဘာလို့ ဝယ်ယူမှုကို ကန့်သတ်ထားရတာလဲ။ ငါ့မှာ အနက်ရောင်ရွှေတွေ အများကြီး ရှိပါတယ်ဆိုမှ။”
“မင်းခုနတင်ပဲ မင်းဆီမှာ အနက်ရောင်ရွှေတွေ သိပ်မရှိဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။ အခုကျတော့ ဘယ်လိုဖြစ်လို့ လောက်ငှသွားရတာလဲ။”
“မင်း မဝယ်ဘူးလို့ ခုနလေးတင် ပြောထားတာလေ။ ဒါပေမဲ့ အဲဒီအရောင်းအဝယ်အောက်မှာ မင်းရဲ့ အကောင့်ကို ငါမြင်လိုက်ပြီးပြီနော်။”
“ချီးပဲ... မင်းတို့တွေ မဝယ်ဖို့ ပြင်ဆင်ထားကြတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် ကုန်သွားရတာလဲ။”
“ငါ ချက်ချင်း တုံ့ပြန်ရုံပဲ ရှိသေးတယ်လေ။ မှန်က ကုန်သွားပြီလား။ ငါ မှန်လိုချင်လို့ပါ။ တစ်ယောက်ယောက် တစ်ချပ်လောက် ပြန်ရောင်းပေးနိုင်မယ့်လူ မရှိဘူးလား။”
“အပေါ်ကလူ မင်း အများကြီး လျှောက်တွေးနေပြီ။ လူတိုင်းကို တစ်ချပ်ပဲ ကန့်သတ်ထားတာလေ။ အကယ်၍ မင်းသာ ဝယ်နိုင်ခဲ့ရင် မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ရဲ့ မြင်ကွင်းကို မြှင့်တင်ဖို့အတွက်ပဲ အရင်ဆုံး သုံးမှာပေါ့။ လူ့ငတုံးတွေပဲ ဒါကို ပြန်ရောင်းမှာ။”
“သူဌေး... နောက်ထပ် အချပ်အနည်းငယ်လောက် ထပ်ပြီး ထုတ်ပေးလို့ ရမလား။ ကျွန်တော့်လက်ထဲမှာ ရှိတဲ့ မှန်ကုန်ကြမ်းပစ္စည်းအားလုံးကို သူဌေးဆီ လဲလှယ်ပေးပါ့မယ်။ ကျွန်တော့်အတွက် တစ်ချပ်လောက် ထုတ်ပေးပါ။”
“ဟုတ်တယ်။ ဝယ်ယူမှု ကန့်သတ်ချက်ကို ဖျက်သိမ်းပေးလို့ ရမလား။ ကျွန်တော် နောက်ထပ် နှစ်ချပ်လောက် ထပ်ဝယ်ချင်လို့ပါ။ အနက်ရောင်ရွှေက လုံးဝ ပြဿနာမဟုတ်ပါဘူး။”
ထိုအခါ ရှောင်းယီက အများသုံး ချန်နယ်တွင် ဝင်ပြောလိုက်သည်။
“လောလောဆယ် ကုန်ကြမ်းပစ္စည်းတွေက အကန့်အသတ်ရှိနေလို့ ငါလည်း ဘာမှမတတ်နိုင်ပါဘူး။ လူတိုင်း မျှမျှတတပဲ ခွဲဝေယူကြပါ။ လူတစ်ယောက်တည်းက အချပ်အများကြီး ဝယ်တာမျိုး မလုပ်ကြပါနဲ့။”
“သူဌေးပြောတာ မှန်တယ်။ အကယ်၍ မင်းက တစ်ချပ် ဝယ်ပြီးသားဆိုရင် ဆက်ပြီး မဝယ်ပါနဲ့တော့။ မဝယ်ရသေးတဲ့ ငါတို့လိုလူတွေကို အခွင့်အရေး ပေးပါဦး။”
“ဟုတ်တယ်။ စည်းစိမ်ကို မျှဝေခံစားရတယ်ဆိုတာ မကြားဖူးကြဘူးလား။ သူဌေးက သဘောထား အရမ်းပြည့်တယ်။ တခြားလူတွေကို အကုန်လုံး သိမ်းကျုံးယူခွင့် သေချာပေါက် ပေးမှာမဟုတ်ဘူး။”
“အားလုံးပဲ... ကိုယ့်လက်ထဲက ကုန်ကြမ်းပစ္စည်းတွေကို သူဌေးဆီ မြန်မြန်သွားပြီး လဲလှယ်ကြ။ သူဌေးကလည်း ဒီမှန်တွေကို လေထဲကနေ ဒီအတိုင်း ဖန်တီးလို့ရတာ မဟုတ်ဘူး။”
ရှောင်းယီ ခေါင်းခါလိုက်မိသည်။
သူက သဘောထားပြည့်တယ် ဟုတ်လား။ သဘောထားပြည့်တာက အဝေးကြီးပဲ။
သူ ယခုလိုလုပ်ခြင်းက လူတိုင်း ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ဖို့၊ အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေများ၏ အခြေခံပမာဏကို တိုးပွားစေဖို့အတွက် ဖြစ်သလို တစ်ဖက်မှာလည်း လူတိုင်း၌ SSS အဆင့်ပစ္စည်းကိရိယာများ အများကြီး ရှိမနေအောင် ကန့်သတ်ချင်၍ပင် ဖြစ်သည်။ ထို့ကြောင့် ရှောင်းယီက ဝယ်ယူမှု ကန့်သတ်ချက်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မျက်နှာပြင်ကို ဈေးကွက်ခန်းမသို့ ပြောင်းလဲလိုက်ပြီး ထိုမှန်အရောင်းအဝယ် အားလုံးကို ပေါင်းစည်းလိုက်သည်။
“အရောင်းအဝယ် အောင်မြင်ပါသည်။ ရရှိသော...၊ လေးဆတိုး ရိတ်သိမ်းခွင့်ကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ကုန်ပစ္စည်း - အနက်ရောင်ရွှေ သန်း ၁၆၀။”
ဤအနက်ရောင်ရွှေများသည် အသစ်ရရှိသော ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြပြီး ၎င်းတို့၌ လေးဆတိုး ရိတ်သိမ်းခွင့် အချက်အလက် မပါဝင်သေးသဖြင့် အသက်ဝင်နိုင်ခြင်း ဖြစ်သည်။
လေးဆတိုး ရိတ်သိမ်းခွင့်... ဒါက အကောင်းဆုံးထက် ပိုနေပြီ။
ထိုအချိန်တွင် ခုန်းခုန်း ၂ က ခရမ်းချဉ်သီးအနှစ်ဖြင့် ချက်ထားသော ခရမ်းချဉ်သီးအနှစ်ချက်တစ်အိတ်နှင့် ပေါင်မုန့်များကို ယူဆောင်လာခဲ့သည်။
ရှောင်းယီက ၎င်းကို လှမ်းယူကာ စတင်စားသုံးလိုက်တော့သည်။ စားသောက်နေရင်းဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သီးသန့်ချန်နယ်မှတစ်ဆင့် လှမ်းမေးလိုက်သည်။
“ကျူးဝူ... မင်းဆီမှာ အပူပေးဖို့ လိုတဲ့ စားစရာတွေ ရှိလား။ လဲလှယ်ပြီး ပို့လိုက်လေ။ ငါ ဒီဘက်ကနေ မင်းအတွက် အပူပေးပေးမယ်။”
“ဟုတ်ကဲ့။ ကျွန်တော် အခုချက်ချင်း ပို့လိုက်ပါ့မယ်။”
ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်ပြီး ငါးရနံ့ဝက်သားမျှင်ကြော် တစ်အိတ်ကို လဲလှယ်ပို့ဆောင်ပေးလာခဲ့သည်။
ရှောင်းယီသည် အရောင်းအဝယ်ကို လက်ခံပြီးနောက် ထိုအရာကို ခုန်းခုန်း ၂ အား အပူပေးခိုင်းလိုက်သည်။
“သူဌေး...သူဌေး SSS အဆင့် မှန်တွေကို တကယ်ကြီး ရောင်းချလိုက်တာလား။”
ကျူးဝူက အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူသည်လည်း အများသုံး ချန်နယ်နှင့် ဈေးကွက်ခန်းမထဲရှိ အခြေအနေများကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်မှာ သေချာသည်။
“ဟုတ်တယ်။ ငါတို့ စျေးကွက်ကို ကြီးထွားအောင် လုပ်ချင်ရင် ငါတို့ နှစ်ယောက် သုံးယောက်တည်းကို အားကိုးနေလို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့အားလုံး အတူတကွ ကူညီပေးဖို့ လိုအပ်တယ်။”
ရှောင်းယီက ပေါင်မုန့်တစ်ကိုက် ကိုက်ရင်း ပြန်ဖြေလိုက်သည်။ ကျူးဝူ ခေါင်းညိတ်လိုက်၏။
“ဒါလည်း ဟုတ်တာပါပဲ။”
“ငါမှတ်မိသလောက်တော့ မင်း အရင်တုန်းက ဒီလောက်အစောကြီး မထတတ်ဘူး မဟုတ်လား။”
ရှောင်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
အရင်တုန်းကဆိုလျှင် ကျူးဝူသည် ပုံမှန်အားဖြင့် မနက် ရှစ်နာရီဝန်းကျင်အထိ အနားယူတတ်သော်လည်း အခုတော့ မနက် ခုနစ်နာရီကျော်ရုံသာ ရှိသေးသည်။
“ဒါတွေအားလုံးက အဲဒီပိတ်စအရုပ်ကြောင့်ပဲ။”
ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အဲဒီအရုပ် ရှိကတည်းက ကျွန်တော့်ရဲ့ အိပ်စက်ခြင်းအရည်အသွေးက အရမ်းကောင်းလာတယ်။ ပဲဒါကြောင့် စောစော နိုးလာတာပါ။”
“အခု အဲဒါ ဘယ်လောက်ကောင်းလဲဆိုတာ မင်းသိသွားပြီမလား။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ အရင်တုန်းက အဲဒီအရုပ်က ဒီလောက်ကောင်းမှန်း ကျွန်တော် မသိခဲ့ဘူး။ အခုတော့ သိသွားပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
ကျူးဝူက ထပ်ပြောလိုက်သည်။
“ရပါတယ်။ မြန်မြန် မနက်စာ စားလိုက်ဦး။ ငါ မင်းဆီကို စုဆောင်းစက် နှစ်လုံး လဲလှယ်ပြီး လွှဲပေးလိုက်မယ်။ ငါ့အတွက် ရေအရင်းအမြစ်တွေ ပိုပြီး စုဆောင်းပေးဖို့ လိုအပ်တယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။