← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အပိုင်း ၁၂၁ - သဲလွန်စများ

နှစ်သစ်ကူးနီးလာပြီဖြစ်၍ ပိုင်ချီမင်သည် လင်းစုယွိီကို ဟောင်ကောင်မှ ထွက်ခွာပြီး ပင်လယ်အော်ပြည်နယ်သို့ သွားခွင့်မပြုနိုင်ပေ။ သူက သဘောတူလျှင်တောင် ကျန်သည့်မိသားစုဝင်များက ခွင့်ပြုကြမည်မဟုတ်ပါ။

"မသွားပါနဲ့ဦး။ နှစ်သစ်ကူးဖို့က နီးနေပြီ၊ ဟိုဟိုဒီဒီ သွားမနေပါနဲ့တော့။ အားကွမ်းက လျန်ကျစ်ယင်းကို စောင့်ကြည့်နေတာပဲ၊ သူ ဘယ်မှ ထွက်ပြေးလို့မရပါဘူး။ တစ်ကယ်လို့ နင်သာ ပင်လယ်အော် ပြည်နယ်ကို တကယ်သွားမယ်ဆိုရင် အဖွားနဲ့ ငါ့မိဘတွေက ငါ့ကို အသေ ဆူကြမှာ"

အကယ်၍ ဝမ်းကွဲညီမလေး စုယွိီသာ ပင်လယ်အော် ပြည်နယ်တွင် တစ်ခုခုဖြစ်သွားပါက သူ့မှာ ဆူပူကြိမ်းမောင်းခံရရုံတင်မကဘဲ ခြေထောက်ပါ အရိုက်ခံရနိုင်ချေရှိသည်။ မိသားစုအေးချမ်းရေးနှင့် သွေးစည်းမှုကို ငဲ့ကွက်၍ သူသည် စုယွိီကို မရရအောင် ဖျောင်းဖျရမည်ဖြစ်ပြီး ပင်လယ်အော် ပြည်နယ်သို့ လုံးဝပေးမသွားနိုင်ပေ။

"လျန်ကျစ်ယင်းက အကွက်တွေ အရမ်းများတာ၊ အားကွမ်း တစ်ယောက်တည်း ထိန်းနိုင်ပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်။ ဝမ်းကွဲအစ်ကို... ကျွန်မ အခုတလော စိတ်ညှို့ပညာကို လေ့လာနေတာ တိုးတက်မှုတချို့ ရှိနေပြီ။ အကယ်၍ လျန်ကျစ်ယင်းကိုသာ တွေ့ခွင့်ရရင် သူမဆီကနေ ကျွန်မအမေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျိန်းသေပေါက် ရအောင်ယူနိုင်မှာပါ"

မိမိ၏ စိတ်ဝိညာဉ်စွမ်းအား အတွက် သင့်တော်သော အကြောင်းပြချက်တစ်ခုပေးနိုင်ရန် လင်းစုယွိီသည် ဟောင်ကောင်သို့ ရောက်ရှိကတည်းက စိတ်ညှို့ပညာဆိုင်ရာ စာအုပ်များကို ရှာဖွေလေ့လာနေခဲ့ခြင်း ဖြစ်သည်။

"စုယွိီ၊ စိတ်မပူပါနဲ့။ အားကွမ်းကို လျန်ကျစ်ယင်းကို ဟောင်ကောင်ကို ပြန်ခေါ်လာဖို့ နည်းလမ်းရှာခိုင်းလိုက်မယ်။ ဝမ်းကွဲညီမလေး ကိုယ်တိုင် ပင်လယ်အော်ပြည်နယ် အထိ သွားနေဖို့ မလိုပါဘူး။ အခုချိန်မှာ ပင်လယ်အော်ပြည်နယ်က ဟောင်ကောင်ထက်တောင် ပိုပြီး ရှုပ်ထွေးနေတာ"

ပိုင်ချီမင်သည် အကြောင်းပြချက်အမျိုးမျိုးပေးကာ လျန်ကျစ်ယင်းကို ဟောင်ကောင်သို့ ခေါ်ဆောင်လာပြီး သူမလက်ထဲ အပ်ပါမည်ဟု ကတိပေးခဲ့သည်။ ထိုအခါကျမှသာ လင်းစုယွိီက သူမကိုယ်တိုင် သွားရောက်မည့် အစီအစဉ်ကို လက်လျှော့လိုက်လေသည်။

လင်းစုယွိီကို ပြန်လွှတ်ပြီးနောက် ပိုင်ချီမင်သည် နဖူးမှ ချွေးစေးများကို သုတ်ကာ ဆရာကြီး ရွှမ်ဖုန်း၏ နေအိမ်သို့ အပြေးအလွှား သွားခဲ့သည်။ ဖြစ်နိုင်လျှင် ဆရာကြီးရွှမ်ဖုန်း၏ အကူအညီကို သူ မရရအောင် တောင်းရမည်ဖြစ်သည်။

"ဆရာကြီး... ဒီမှာနေရတာ အသားကျပြီလား။ စဉ်းစားကြည့်တော့မှ ကျွန်တော် ဆရာကြီးဆီ ပထမဆုံးအကြိမ် လာလည်တာပဲ။ ဆရာကြီး စိတ်တိုင်းမကျတာရှိရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါနော်"

ပိုင်ချီမင် တံခါးခေါက်လိုက်ချိန်တွင် ရွှမ်ဖုန်းသည် သားရေဆိုဖာပေါ်တွင် ခွေနေပြီး တစ်နေရာကို ငေးကြောင်ကြည့်နေသည်။ တံခါးဝတွင် ပိုင်ချီမင်ကို မြင်လိုက်ရသောအခါ သူပြင်ဆင်ထားသော ယဉ်ကျေးပျူငှာသည့် စကားလုံးများမှာ လည်ချောင်းဝတွင်ပင် ပြန်ရပ်သွားသည်။ ယခုကဲ့သို့ အကူအညီတောင်းခံရန်မှာ အချိန်အခါ မသင့်သေးပေ။

ရွှမ်ဖုန်းသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးမှ ခပ်အေးအေးပင် "သခင်လေးချီမင်၊ တစ်ခုခု အရေးကိစ္စရှိလို့လား" ဟု မေးလိုက်သည်။

ပိုင်ချီမင်သည် တံခါးဝတွင် ရပ်နေဆဲဖြစ်သည်။ ရွှမ်ဖုန်းက သူ့ကို အထဲသို့ ဖိတ်ခေါ်ရန် အစီအစဉ်မရှိသည်ကို မြင်သောအခါ ထိုင်ပြီး အေးအေးဆေးဆေး စကားပြောရန် အကြံကို လက်လျှော့လိုက်ရသည်။ သူသည် ကိုယ်ဟန်ကို ပြင်လိုက်ပြီး မတ်မတ်ရပ်လိုက်သည်။ ရွှမ်ဖုန်းအပေါ်တွင် ပိုင်ချီမင်သည် အမြဲတမ်းပင် လေးစားကြောက်ရွံ့စိတ် အလိုလို ဖြစ်ပေါ်နေတတ်သဖြင့် မည်သည့်အခါမှ မလေးမစား မပြုဝံ့ပေ။

"အားကွမ်းက ကျွန်တော့်အဒေါ်ရဲ့ သတင်းကို ရထားတယ်။ စုယွိီက လျန်ကျစ်ယင်းကို တွေ့ဖို့ ပင်လယ်အော်ပြည်နယ်ကို ကိုယ်တိုင်သွားချင်နေတာ။ ဒါပေမဲ့ အခုတလော ပင်လယ်အော်ပြည်နယ်က အရမ်းရှုပ်ထွေးနေတော့ စုယွိီသွားဖို့က လုံးဝမသင့်တော်ဘူးလေ"

သူက စကားကို ခေတ္တရပ်လိုက်ပြီး ရွှမ်ဖုန်းကို စိုက်ကြည့်နေသည်။

ရွှမ်ဖုန်းသည်လည်း ထက်မြက်သူပီပီ ပိုင်ချီမင် မပြောဘဲ ချန်ထားသည့် စကားကို နားလည်သည်။ သူက စကားကို ဆက်ပြောပေးလိုက်သည်။

"ဆိုလိုတာက မိန်းကလေးစုယွိအတွက် ငါ့ကို ပင်လယ်အော်ပြည်နယ်ကိုသွားပြီး လျန်ကျစ်ယင်း ဘာတွေ ကြံစည်နေလဲဆိုတာ သွားကြည့်ပေးစေချင်တာပေါ့ ဟုတ်လား"

'ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ အချိန်ကုန် သက်သာလိုက်တာ၊ ဆရာကြီးရွှမ်ဖုန်းကတော့ နာမည်ကျော်ကြားတဲ့အတိုင်း အနာဂတ်ကို ကြိုမြင်နိုင်သူပီသပါပေတယ်' ဟု ပိုင်ချီမင် စိတ်ထဲက ချီးကျူးမိသွားသည်။

"ဟုတ်ကဲ့... အဲဒါ ဆရာကြီး ဘယ်လိုသဘောရပါလဲ"

ရွှမ်ဖုန်းသည် တံခါးဘောင်ကို မှီလိုက်ပြီး ခေတ္တမျှ စဉ်းစားနေသည်။ ထို့နောက် နှုတ်ခမ်းအစုံကို အနည်းငယ် ကွေးညွှတ်ကာ ပြုံးလိုက်သည်။

"အကယ်၍ ငါသာ ပင်လယ်အော်ပြည်နယ်ကို သွားပေးမယ်ဆိုရင် ဒီအလုပ်ပြီးတာနဲ့ ငါ့ကို မိန်းကလေးစုယွိီရဲ့ ကိုယ်ရံတော်အဖြစ် ခန့်အပ်ပေးစေချင်တယ်"

သူ၏ ကံကြမ္မာသည် နှစ်ပေါင်းများစွာကြာအောင် နာလန်မထူနိုင်ခဲ့သော်လည်း လင်းစုယွိီနှင့် တွေ့ဆုံပြီးနောက်တွင်မူ စီးပွားလာဘ်လာဘ ယိုဖိတ်စေသည့် သူ၏ ထူးဆန်းသော ကံဇာတာ အပေါက်အပြဲလေးများမှာ တဖြည်းဖြည်း ပြန်လည်စေ့စပ်လာသကဲ့သို့ ခံစားရသည်။

ဆိုလိုသည်မှာ သူမအနားတွင် နေမှသာ သူ၏ ကံကြမ္မာက ပြောင်းလဲသွားမည်လား။ မည်သို့ပင်ဆိုစေ သူ၏ဘက်မှ နစ်နာစရာမရှိသဖြင့် စမ်းကြည့်ခြင်းက ပိုကောင်းပေမည်။

"သဘောတူပါတယ်၊ ကတိပေးတယ်"

ပိုင်ချီမင်က တစ်ခွန်းတည်းနှင့်ပင် သဘောတူလိုက်သည်။ ဤတောင်းဆိုချက်မှာ မခက်ခဲသည့်အပြင် ရွှမ်ဖုန်းသာ စုယွိီအနားမှာရှိနေလျှင် သူမအတွက် အကာအကွယ်တစ်ခု ပိုရမည်ဖြစ်သောကြောင့် ငြင်းစရာ အကြောင်းမရှိပေ။

ပင်လယ်အော်ပြည်နယ်၏ မငြိမ်မသက်မှုများမှာ ယခုမှ စတင်ခဲ့ခြင်းမဟုတ်ပေ။ ဒေသခံဂိုဏ်းစတားများအကြား အားပြိုင်မှုများ၊ အစိုးရအတွင်းမှ ရှုပ်ထွေးလှသော ဆက်နွယ်မှုများကြားတွင် လမ်းမပေါ်မှ သာမန်လူထုမှာ ကြောက်ရွံ့ထိတ်လန့်နေကြရသည်။ သို့သော်လည်း ထိုမငြိမ်သက်မှုများကြားတွင်ပင် အထက်တန်းလွှာတို့၏ ဟန်ပန်အငွေ့အသက်များမှာ ပျံ့လွင့်နေဆဲဖြစ်သည်။

ရွှမ်ဖုန်းသည် လမ်းထောင့်ရှိ သစ်ပင်တစ်ပင်အောက်တွင် ရပ်နေပြီး သူ၏ မျက်နှာအများစုကို ဦးထုပ်အနားစွန်းဖြင့် ဖုံးကွယ်ထားသည်။ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားကာ မျက်လုံးများက ဘေးပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့်နေသည်။

"ဆရာကြီးရွှမ်ဖုန်း၊ လျန်ကျစ်ယင်းဆိုတဲ့ မိန်းမ အခု (၁၃) လမ်းမှာ ရှိနေတယ်။ ကျွန်တော်က အရှေ့ကနေ တိုက်မယ်၊ ဆရာကြီးက အနောက်ကနေ ပိတ်ထားပေး။ သူ့ရဲ့ ခြေထောက်နှစ်ဖက်လုံးကို ရိုက်ချိုးပြီး တစ်ခါတည်း အပြတ်ရှင်းကြတာပေါ့"

အားကွမ်းသည်လည်း သာမန်လူတစ်ယောက်မဟုတ်ပေ။ သူသည် ပြတ်သားရက်စက်သူဖြစ်ပြီး လုပ်နည်းလုပ်ဟန်များမှာလည်း ခန့်မှန်းရခက်လှရာ ရွှမ်ဖုန်းပင်လျှင် သူ့ကို အထင်ကြီးလေးစားမိသွားသည်။ သူသည် လက်ရှိတွင် ရွှမ်ဖုန်း၏ အနားတွင် ရပ်နေပြီး လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို နားထောင်ရင်း သူ၏ အစီအစဉ်ကို ရွှမ်ဖုန်းအား ပြောပြနေခြင်းဖြစ်သည်။

အကယ်၍သာ လျန်ကျစ်ယင်းသည် ပင်လယ်အော်ပြည်နယ်သို့ ရောက်ရှိပြီးနောက် သူမ၏ နောက်ကွယ်မှ အင်အားစုများနှင့် ဆက်သွယ်ပြီး သူ့ကို အဖတ်မလုပ်သကဲ့သို့ မပြုမူခဲ့လျှင် အားကွမ်းသည် ဤမျှအထိ အားစိုက်ထုတ်ပြီး သူမကို ပြန်ပေးဆွဲနေစရာ မလိုပေ။

ရွှမ်ဖုန်းသည် အစီအစဉ်ကို ကြားသောအခါ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် အားကွမ်း၏ အစီအစဉ်နှင့်အညီ လျန်ကျစ်ယင်းရှိရာသို့ အသံတိတ် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလေသည်။

လမ်းထောင့်တစ်ခုဝယ် လူနှစ်ယောက်၊ သွေးစွန်းမှု၊ အနက်ရောင် ကားတစ်စီးနှင့် စက်အင်ဂျင်သံ ဟိန်းထွက်လာမှု။ ထိုမျှနှင့်ပင် လျန်ကျစ်ယင်းမှာ သတိလစ်သွားပြီး ပြန်ပေးဆွဲခံလိုက်ရကာ ပင်လယ်အော် ပြည်နယ်မှ ဟောင်ကောင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

လျန်ကျစ်ယင်း ဟောင်ကောင်ဆေးရုံတစ်ခုတွင် ရောက်ရှိနေပြီဖြစ်ကြောင်း လင်းစုယွီ သိလိုက်ရချိန်တွင် နှစ်သစ်ကူး၏ အစောပိုင်းရက်များသို့ ရောက်ရှိနေပြီဖြစ်သည်။

ဤသည်မှာ လင်းစုယွိီအတွက် ဟောင်ကောင်တွင် ပထမဆုံးအကြိမ် ဖြတ်သန်းရသော နှစ်သစ်ကူးဖြစ်ပြီး ပိုင်မိသားစုက အလွန်တန်ဖိုးထားသည့် မိသားစုစုံညီပွဲတော်လည်း ဖြစ်သည်။ ဟောင်ကောင်၏ နှစ်သစ်ကူးမှာ ကွမ်တုံးဒေသ၏ ထူးခြားသော ဓလေ့စရိုက်တချို့မှအပ တရုတ်ပြည်မကြီးနှင့် သိပ်ပြီး ကွာခြားမှုမရှိလှပေ။

ဆွေမျိုးမိတ်သင်္ဂဟများကြားတွင် စည်ကားနေစဉ် လင်းစုယွိီသည် ကွမ်တုံးစကားကို တဖြည်းဖြည်း တတ်မြောက်လာသည်။ သူမသည် ပြုံးရွှင်စွာဖြင့် သွားလာလှုပ်ရှားနေကြသော လူများကို ကြည့်နေတတ်သည်။ တစ်ခါတစ်ရံတွင်မူ သူမသည် တွေးတောနေမိသည် - 'အကယ်၍ ငါသာ ဒီကိုမလာဘဲ ကျင်းမန်မြို့မှာပဲ ဆက်ရှိနေခဲ့ရင် အခုချိန်မှာ လောကကြီးက ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ' ဟူ၍ဖြစ်သည်။

"မမလေးစုယွိီ၊ လျန်ကျစ်ယင်းက ဒီဆေးရုံမှာ ရှိပါတယ်။ သခင်လေးချီမင်က မမလေးကို တန်းပြီး တက်သွားလို့ရတယ်လို့ မှာထားပါတယ်"

ဘေးမှ ကိုယ်ရံတော်က ခေါင်းငုံ့ကာ ရိုရိုသေသေ ပြောလိုက်သည်။ ပိုင်ချီမင်၏ လေ့ကျင့်ပေးမှုအောက်တွင် ပိုင်မိသားစု၏ ကိုယ်ရံတော်များသည် ပိုစည်းကမ်းရှိလာပြီး ကျွမ်းကျင်ပိုင်နိုင်လာကြသည်။

လင်းစုယွိီက အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး ရွှမ်ဖုန်းကိုခေါ်ကာ အပေါ်ထပ်သို့ တက်ခဲ့သည်။ လျန်ကျစ်ယင်းရှိရာ အခန်းမှာ သီးသန့်အခန်းဖြစ်ပြီး ပြုစုစောင့်ရှောက်သူတစ်ဦးလည်း ရှိသည်။ ပိုင်ချီမင်က သူမကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရန် ကိုယ်ရံတော်အများအပြားကိုလည်း အထူးတာဝန်ပေးထားသည်။

လျန်ကျစ်ယင်း၏ ကျိုးသွားသော ခြေထောက်များမှာ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ဆေးရုံထဲတွင်သာ ငြိမ်ငြိမ်လေး နေနေရပြီး အပြင်သို့ ခြေတစ်လှမ်းမျှ ထွက်ခွင့်မရှိပေ။ ရွှမ်ဖုန်းက လင်းစုယွိီအတွက် တံခါးဖွင့်ပေးလိုက်သည်။ သူမသည် လျန်ကျစ်ယင်းဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး သူမ၏ မျက်လုံးထဲတွင်လည်း အေးစက်မှုများ ပြည့်နှက်နေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လူနာပြုစုစောင့်ရှောက်သူက လင်းစုယွိီရှေ့သို့ အပြေးအလွှား လာခဲ့သည်။ လင်းစုယွီ ထိုင်လိုက်သည်နှင့် ပြုစုစောင့်ရှောက်သူက ငိုက်မြည်းနေသော လျန်ကျစ်ယင်းကို အတင်းအကျပ် နှိုးလိုက်ပြီး လင်စုယွိီဘက်သို့ မျက်နှာမူစေသည်။

"စိတ်မပူပါနဲ့၊ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မကြာခင်မှာ ရှင်လွတ်လပ်ခွင့် ပြန်ရမှာပါ"

လင်းစုယွိီ၏ အသံမှာ အေးဆေးတည်ငြိမ်နေသည်။ စကားပြောနေစဉ်မှာပင် သူမသည် ဝိညာဉ်အာရုံကို ဖွင့်လိုက်ပြီး လျန်ကျစ်ယင်း၏ မှတ်ဉာဏ်များကို စစ်ဆေးရန် ပြင်ဆင်လိုက်သည်။

လျန်ကျစ်ယင်းမှာ ဘာဖြစ်နေမှန်း မသိဘဲ သူမ၏ စိတ်ထဲတွင် ရုတ်တရက် ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမရှေ့ရှိ အမျိုးသမီးကို ရင်ဆိုင်ရင်း သူမ၏ မှတ်ဉာဏ်အားလုံးကို ဖွင့်ထုတ်ပေးလိုက်ရသည်။ ၎င်းမှာ အမိဝမ်းထဲမှ စတင်ခဲ့သော အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ အကာအကွယ်မဲ့သည့် ခံစားချက်မျိုး ဖြစ်သည်။

လင်းစုယွိီသည် လျန်ကျစ်ယင်း သို့မဟုတ် အခန်းထဲရှိနေသူများ၏ တုံ့ပြန်မှုကို အာရုံစိုက်ရန် အားအင်မရှိပေ။ သူမသည် စိတ်ကို စုစည်းပြီး လျန်ကျစ်ယင်း၏ မှတ်ဉာဏ်ပင်လယ်ထဲမှ သူမလိုအပ်သော သက်သေများကိုသာ ရှာဖွေနေသည်။

'ဒါလည်း မဟုတ်ဘူး... ဟိုဟာလည်း မဟုတ်ဘူး... ဘယ်မှာများပါလိမ့်'

သို့သော်လည်း လျန်ကျစ်ယင်း၏ မှတ်ဉာဏ်ထဲတွင် သူမ၏ မိခင်နှင့်ပတ်သက်သော အချက်အလက် ဘာမျှမရှိပေ။ သူမ၏မိခင်နှင့် ဆက်စပ်၍ သိရသည်မှာ 'အိုးရန်ကျင့်ယွိီ' ဆိုသော အမည်တစ်ခုသာ ဖြစ်သည်။ ထိုအမည်ရှိသူသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ပိုင်ဝမ်ချင်းကို ပြည်ပသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုအချိန်မှစ၍ မည်သည့်သတင်းမျှ မရရှိတော့ခြင်းဖြစ်သည်။

အိုးရန်ကျင့်ယွိ... လင်းစုယွိီသည် ဝိညာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး လျန်ကျစ်ယင်း၏ မှတ်ဉာဏ်ထဲမှ ထွက်လာခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် လျန်ကျစ်ယင်း၏ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ သူမသည် ဘာစကားမျှမပြောဘဲ မျက်နှာကြက်ကိုသာ စိုက်ကြည့်နေတော့သည်။

ရွှမ်ဖုန်းသည် ဘေးမှနေ၍ ဤဖြစ်ရပ်အားလုံးကို အသံတိတ် စောင့်ကြည့်နေသည်။ သူသည် လင်းစုယွိီ၏ လုပ်ဆောင်ချက်အပေါ် နားလည်မှုရှိသည်။ လင်းစုယွိီကို ထူးဆန်းသူ သို့မဟုတ် စိတ်ဖောက်ပြန်သူဟု သူ မယူဆပေ၊ သူ၏ တစ်ဦးတည်းသော ကံပါသူလေးမှာ ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာသည်ဟုသာ တွေးနေမိသည်။

"သွားကြစို့"

သူမက ရွှမ်ဖုန်းကို ပြောလိုက်ပြီး မတ်တပ်ရပ်ကာ လက်ဆွဲအိတ်ကိုယူ၍ အခန်းထဲမှ ထွက်လာခဲ့သည်။ လင်းစုယွိီသည် အနည်းငယ် အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူမမိခင်၏ သဲလွန်စမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယခုရရှိသည့် သဲလွန်စမှာလည်း အမည်တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ သမုဒ္ဒရာထဲတွင် အပ်ရှာနေရသကဲ့သို့ပင်။

"အောက်ကလူတွေကို အဲဒီတုန်းက အိုးရန်မိသားစုရဲ့ သတင်းကို ရှာခိုင်းလိုက်။ မိသားစုဝင်အားလုံးကို စုံစမ်း၊ ဆွေမျိုးနီးစပ်တွေရော မိသားစုဝင်ရင်းတွေကိုရောပေါ့။ ပြီးတော့ ထျန်းကျင်းမှာရှိတဲ့လူတွေကိုလည်း ခရီးသွားမှတ်တမ်းတွေ စစ်ဆေးခိုင်းလိုက်"

သူမသည် သဲလွန်စတစ်ခုမှ လွတ်မသွားစေရန် 'လူမှားစစ်ဆေးမိတာက သဲလွန်စလွတ်သွားတာထက် ပိုကောင်းတယ်' ဟူသော စိတ်ဖြင့် စီစဉ်လိုက်သည်။

ဆေးရုံအောက်ထပ်ရှိ ကားမှာ မူလနေရာ၌ပင် ရှိနေဆဲဖြစ်သည်။ လင်းစုယွိ ကားပေါ်တက်ရန် အဆင်ပြေစေရန် ကားဆရာမှာ ကားဘေးတွင် ရပ်စောင့်နေသည်။ လင်းစုယွိီကို မြင်သည်နှင့် ကားဆရာက ကားတံခါးကို ဖွင့်ပေးလိုက်ပြီး "ကြွပါ မမလေး" ဟု ရိုသေစွာ ပြောလိုက်သည်။

"သခင်လေးချီမင်ဆီကို မောင်းပါ"

လင်းစုယွိီတွင် သံသယများစွာ ရှိနေဆဲဖြစ်သည်။ ထိုမေးခွန်းများကို ပိုင်ချီမင်တစ်ယောက်သာ ဖြေနိုင်ပေလိမ့်မည်။ နေရောင်ခြည်နုနုမှာ ကားမှန်ပြတင်းမှတစ်ဆင့် လင်းစုယွိီ၏ လှပသော မျက်နှာအသွင်အပြင်ပေါ်သို့ ဖြာကျနေပြီး ခရီးသစ်တစ်ခုကို စတင်တော့မည့် သူမအား လိုက်ပါပို့ဆောင်နေသကဲ့သို့ပင် ရှိတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters