အခန်း ၁၂၂
Vol. 13 Ch. 122
အပိုင်း ၁၂၂ - အိုးရန်မိသားစု
ပိုင်ချီမင်သည် အလုပ်သဘောအရ လူပေါင်းစုံ၊ အလွှာစုံနှင့် ထိတွေ့ဆက်ဆံရသူ ဖြစ်သည်။ ၎င်းတို့ထဲတွင် နောက်ကြောင်းမရှင်းသူများလည်း ပါဝင်သဖြင့် ပိုင်မိသားစု၏ အိမ်မကြီးသို့ အဝင်အထွက်လုပ်ရန် မသင့်တော်ပေ။ ထို့ကြောင့် ပိုင်ချီမင်သည် တခြားတစ်နေရာတွင် ဝယ်ယူထားသော အနောက်တိုင်းစတိုင် ဗီလာအိမ်လေးတစ်လုံးသို့ ခေတ္တပြောင်းရွှေ့နေထိုင်နေခြင်း ဖြစ်သည်။
ဗီလာလေးက မြို့နှင့် အတန်ငယ်ဝေးသော်လည်း ပတ်ဝန်းကျင်က လတ်ဆတ်ပြီး တိတ်ဆိတ်အေးချမ်းခြင်းမှာ အားသာချက်တစ်ခုပင်။ လင်းစုယွီကလည်း ဤကဲ့သို့ သီးခြားခွဲနေရခြင်းသည် မဆိုးလှဟု ခံစားရသည်။ အဓိကမှာ လွတ်လပ်မှုကြောင့်ပင် ဖြစ်၏။
နောင်တစ်ချိန်တွင် သူမ၏ မှတ်ပုံတင်ထဲက အသက်အရွယ်က အနည်းငယ် ကြီးရင့်လာပြီး သူမ၏ စီးပွားရေးအင်အားကို ပြသနိုင်သည့်အချိန်ရောက်လျှင်၊ သူမ၏ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်အဖြစ် ကျင်းရှာကျွေ့ တွင် ဗီလာလေးတစ်လုံး မဖြစ်မနေ ဝယ်ရမည်ဟု သူမ တေးမှတ်ထားလိုက်သည်။
(Tsim Sha Tsui (ကျင်းရှာကျွေ့)- ဟောင်ကောင်မြို့၏ ကော့လွန်းကျွန်းဆွယ်တောင်ဘက်အစွန်းဆုံးရှိ အလွန်စည်ကားပြီး နာမည်ကြီးသည့် မြို့ပြရပ်ကွက်ကြီးတစ်ခု)
ကားလေး ဗီလာရှေ့တွင် ဆိုက်ရပ်လိုက်သည်နှင့် အိမ်တွင်းရှိ အစေခံများမှာ အဆင့်မြင့်လက်ဖက်ရည်ကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကာ လင်းစုယွီအတွက် တံခါးဖွင့်ပေးရန် ရိုသေစွာ စောင့်ကြိုနေကြသည်။
ရွှမ်ဖုန်းက လင်းစုယွီ ကားပေါ်မှ ဆင်းလာသည်ကို ကြည့်နေမိသည်။ သူမသည် ကုတ်အင်္ကျီနှင့် လက်ကိုင်အိတ်ကို အစေခံထံသို့ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်ပြီး အိမ်စီးဖိနပ်သို့ လဲစီးလိုက်သည်။ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူတစ်ဦး၏ သဘာဝကျပြီး ကျော့ရှင်းသော ဤဟန်ပန်ကို မြင်လိုက်ရသောအခါ ရွှမ်ဖုန်း၏ မျက်တောင်များ မသိမသာ လှုပ်ခတ်သွားရသည်။
သူမသည် အမှန်တကယ်ပင် လူ့လောကထဲက ချမ်းသာခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ဘယ်နေရာကိုပဲရောက်ရောက် အလိုအလျောက် အလုပ်အကျွေးပြုခံရမည့် အရှိန်အဝါမျိုး ရှိနေသည်။ သူသည် သူမကို အမှန်တကယ်ပင် လူမမှားခဲ့ကြောင်း တစ်ဖန်ပြန်၍ အံ့ဩမိသွားသည်။
ပိုင်ချီမင် လှေကားပေါ်မှ ဆင်းလာသည့်အခါ သူမြင်လိုက်ရသည့် မြင်ကွင်းမှာ ဤသို့ဖြစ်သည်။
လင်းစုယွီသည် လက်တစ်ဖက်မှ ကြွေဖြူခွက်ကလေးကို ကိုင်ထားပြီး သူမ၏ မျက်ဝန်းရှေ့တွင် ရေနွေးငွေ့များ ဝေဝေဖြာလျက် ရှိသည်။ အခြားလက်တစ်ဖက်ကမူ အဖိုးတန်သစ်သား စားပွဲပေါ်တွင် ကျော့ရှင်းစွာ တင်ထား၏။ သူမ၏ လျော့ရဲရဲနှင့် သက်တောင့်သက်သာရှိလှသော ပုံစံမှာ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် လုံးဝ မတူညီပေ။
ထိုမိန်းကလေးငယ်သည် မျက်တောင်များကို ပင့်မလိုက်ပြီး ခရုပတ်လှေကားပေါ်တွင် ရပ်နေသော သူ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။ ထိုခဏချင်းမှာပင် သူမ၏ ပျင်းရိရိ အမူအရာများမှာ ပျောက်ကွယ်သွားရာ ပိုင်ချီမင်မှာ သူအခုနက မြင်လိုက်ရသည်မှာ စိတ်အာရုံချောက်ခြားမှုများလားဟုပင် ထင်မှတ်သွားရသည်။
"ဝမ်းကွဲညီမလေး စုယွီ ရောက်လာပြီပဲ၊ ဆရာကြီး ရွှမ်ဖုန်းလည်း ပါတာကိုး"
သူက လှေကားမှ အပြေးဆင်းလာရင်း အနားရှိ အိမ်ထိန်းကို လက်ဖက်ရည် နောက်တစ်ခွက် ထပ်ယူလာရန် အချက်ပြလိုက်သည်။
အစေခံအသစ်များမှာ လူအကဲခတ် မတတ်ကြသေးသည်မှာ သိသာလှသည်။ ဆရာကြီးကိုပင် လျစ်လျှူရှုမိထားကြရာ ၎င်းတို့ကို ထပ်မံလေ့ကျင့်ပေးရန် ဦးလေးပိုင်ကို သူ ပြောရဦးမည်။
ဗီလာ၏ အိမ်ထိန်းမှာ အစေခံများထက် ပို၍ လည်သူဖြစ်ရာ သူကိုယ်တိုင် အပြေးအလွှားလာပြီး ရွှမ်ဖုန်းအနားတွင် လက်ဖက်ရည်ခွက်ကို လာချပေးသည်။
ရွှမ်ဖုန်းက လက်ဖက်ရည်ခွက်ကို မကိုင်ဘဲ ပိုင်ချီမင်ကိုသာ ပြုံးပြုံးလေး ကြည့်နေခဲ့သည်။ပိုင်ချီမင်မှာ အရှက်ရသွားပြီး နောင်တွင် သူ့လူများကို သေချာသတိပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။
"ဝမ်းကွဲအစ်ကိုကြီး ချီမင်၊ ဒီရက်ပိုင်းမှာ ဝမ်းကွဲအစ်ကိုကြီးကို အကူအညီတောင်းစရာတစ်ခု ထပ်ရှိလာပြန်ပြီ"
သူမသည် လက်ထဲက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် ယဉ်ကျေးစွာ စုထားလိုက်သည်။ သူမ၏ မျက်ခုံးကြားတွင် အားနာရိပ် အနည်းငယ် ယှက်သန်းသွားရင်း "ညီမ ခုလေးတင် ဆေးရုံမှာ လျန်ကျစ်ယင်းကို သွားတွေ့ခဲ့တယ်" ဟု ဆိုလိုက်သည်။
လင်းစုယွီသည် အပိုစကားများ အကြာကြီး မပြောနေတော့ဘဲ ဝတ်ကျေတမ်းကျေ အနည်းငယ် ပြောဆိုပြီးနောက် ယနေ့လာရင်းကိစ္စကို တိုက်ရိုက်ပင် စပြောတော့သည်။
"ဒါဆို တစ်ခုခု သိလာရပြီလား။ အဒေါ်နဲ့ ပတ်သက်တဲ့ သတင်းရော"
လင်းစုယွီက လျန်ကျစ်ယင်းနှင့် တွေ့ခဲ့သည်ဟု ဆိုသဖြင့် တစ်စုံတစ်ခု ထူးခြားလာပြီဖြစ်ကြောင်း ပိုင်ချီမင် သိလိုက်သည်။ မဟုတ်လျှင် သူမသည် ဆေးရုံက ထွက်ထွက်ချင်း သူ့ဆီ တန်းလာလိမ့်မည် မဟုတ်ပေ။
"သဲလွန်စ အတိအကျတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့..."
လင်းစုယွီက စကားကို ခဏရပ်ပြီး တစ်ခုခု ကျန်ခဲ့ခြင်း ရှိ၊ မရှိ ပြန်စဉ်းစားလိုက်သည်။
"အဲဒီတုန်းက လျန်ကျစ်ယင်းနဲ့ ပူးပေါင်းခဲ့တဲ့သူက 'အိုးရန်ကျင့်ယွီ' ဆိုတဲ့သူပဲ"
ပိုင်ချီမင်သည် ထိုအမည်ကို ကြားလျှင်ကြားချင်း ဘာမှမမှတ်မိသော်လည်း တစ်နေရာရာတွင် ကြားဖူးသလိုလို ခံစားလိုက်ရသည်။ ဘယ်မှာလဲ... အိုးရန်... မျိုးရိုးအမည် နှစ်လုံးတွဲ အိုးရန်... ဩော်၊ မှတ်မိပြီ!
သူ၏ အရင်ဘဝ မှတ်ဉာဏ်များထဲတွင် သူသည် ပင်လယ်ရပ်ခြား၌ အိုးရန်မျိုးရိုးရှိသော မိသားစုတစ်ခုနှင့် စီးပွားရေး လုပ်ဖူးသည်။ ထိုမိသားစု၏ အိမ်ထောင်ဦးစီးမှာ အလွန်အိုမင်းနေပြီ ဖြစ်သော်လည်း မိသားစုစီးပွားရေးကို တစ်စက္ကန့်မျှ မနားဘဲ စီမံခန့်ခွဲနေသူ ဖြစ်သည်။ ထိုအချက်က ပိုင်ချီမင်ကို စွဲမြဲစွာ မှတ်မိစေခဲ့သည်။
နောက်ပိုင်း စကားစပ်မိကြတော့မှ ထိုမိသားစုခေါင်းဆောင်ကြီးတွင် ဘာမှအသုံးမကျသော အငယ်ဆုံးသားတစ်ဦး ရှိကြောင်း သူသိခဲ့ရသည်။ နောင်တစ်ချိန်တွင် သားဖြစ်သူက သစ်ပင်ကြီး၏ အရိပ်အောက်၌ အေးအေးလူလူ နေနိုင်ရန်အတွက် ယခုအချိန်တွင် သူက ဓနဥစ္စာများကို ကြိုးစားစုဆောင်းနေရခြင်း ဖြစ်၏။ ထိုသားအငယ်ဆုံး၏ နာမည်က... အိုးရန်ကျင့်ယွီ ဖြစ်သည်။
သို့သော် ဤသည်မှာ အရင်ဘဝက ကိစ္စဖြစ်ပြီး မှတ်ဉာဏ်များက ဝေဝါးနေပြီ ဖြစ်သည်။ ယခုဘဝတွင်မူ ဤအိုးရန်ကျင့်ယွီကို မည်သို့ရှာရမည်နည်း။
"ပထမဆုံးတော့ ဒီဟောင်ကောင်မှာရှိတဲ့ အိုးရန်မျိုးရိုးရှိတဲ့ မိသားစုတွေကို စုံစမ်းခိုင်းထားချင်တယ်။ ပြီးတော့ ကျင်းမန်မြို့က လျန်မိသားစုကိုလည်း ဒီအိုးရန်ကျင့်ယွီအကြောင်း စုံစမ်းခိုင်းရမယ်။ ပင်လယ်ရပ်ခြားမှာကျတော့ ဝမ်းကွဲအစ်ကိုကြီးတို့ ပိုင်မိသားစုမှာ စုံစမ်းပေးနိုင်မယ့် ယုံကြည်ရတဲ့လူတွေ ရှိမလားလို့ မေးချင်လို့ပါ"
"အမေ့သတင်းကို ရဖို့အတွက် ဘယ်လောက်ပဲ ကုန်ကုန်၊ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ညီမ အကုန်လုပ်မှာပါ။ ဘာသဲလွန်စမှ မရှိတော့ဘူးဆိုတာ ညီမ မယုံဘူး"
"ဟောင်ကောင်က နာမည်ကြီး မိသားစုတွေထဲမှာတော့ အိုးရန်မျိုးရိုး မရှိပါဘူး။ အရင်က ချမ်းသာလာပြီးမှ ပြန်ဆင်းရဲသွားတဲ့ မိသားစု တစ်ခုနှစ်ခုတော့ ရှိဖူးတယ်... ဒါပေမဲ့ သူတို့က လျန်ကျစ်ယင်းနဲ့ ပတ်သက်နိုင်မှာ မဟုတ်ဘူး..."
ထိုစဉ် ပိုင်ချီမင် တစ်ခုခုကို သတိရသွားပုံဖြင့် မျက်လုံးများ ဝင်းလက်သွားကာ "ဟုတ်ပြီ! အိုးရန်ရှုံ!" ဟု ရေရွတ်လိုက်သည်။
ပိုင်ချီမင်၏ ရုတ်တရက် အမူအရာပြောင်းလဲသွားမှုကြောင့် လင်းစုယွီ အနည်းငယ် လန့်သွားမိသည်။ 'ငယ်ရွယ်တဲ့သူတွေက တကယ်ပဲ စိတ်လှုပ်ရှားလွယ်ကြတာပဲ' ဟု သူမ စိတ်ထဲက တွေးလိုက်မိ၏။
"စုယွီ၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ ရုတ်တရက် ချမ်းသာလာတဲ့ အိုးရန်ရှုံကို သိလား။ သူတို့က ကြွေပြားနဲ့ မှန်သွင်းကုန်ထုတ်ကုန် လုပ်ငန်းလုပ်တာ။ သူတို့ အအောင်မြင်ဆုံးအချိန်မှာပဲ တစ်မိသားစုလုံး ပင်လယ်ရပ်ခြားကို ပြောင်းရွှေ့အခြေချသွားကြတာ"
"သူတို့ ချမ်းသာလာတဲ့အချိန်နဲ့ အဒေါ် ပျောက်သွားတဲ့အချိန်က တိုက်ဆိုင်လွန်းနေတယ်။ ပြီးတော့ သူတို့သွားတဲ့ နေရာကလည်း အတူတူပဲ။ ဒါကြောင့် သူတို့ ဒီလောက် ချမ်းသာလာတာ အဒေါ်နဲ့ ပတ်သက်နေမလားလို့ ငါ သံသယမဝင်ဘဲ မနေနိုင်ဘူး"
ပိုင်ဝမ်ချင်းသည် ပိုင်မိသားစု၏ သမီးတစ်ဦးသာ ဖြစ်သော်လည်း သူမ ပိုင်ဆိုင်သည့် အရာများမှာ အခြားသော မင်းစိုးရာဇာ မျိုးနွယ်စု သခင်လေးများထက်ပင် မလျော့နည်းသည်မှာ အမှန်ပင်။
လင်းစုယွီသည် ပိုင်ချီမင်၏ အတွေးနောက်သို့ လိုက်ပါတွက်ချက်ကြည့်လိုက်ရာ သူမ၏ အမြင်များမှာ ချက်ချင်းပင် ပွင့်လင်းသွားသည်။ သူမ ပြုံးလိုက်မိ၏။ နောက်ဆုံးတော့ သဲလွန်စအသစ် တစ်ခု ရလာခဲ့ပြီ။ သူမသည် အနားရှိ လောင်ကျွင်းရှန်း လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
"ဝမ်းကွဲအစ်ကိုကြီး ချီမင်၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမ ဒီဘက်ကို ပိုဂရုစိုက်ပြီး စုံစမ်းကြည့်လိုက်မယ်။ ဒါပေမဲ့... နောက်တစ်ခါ ညီမ လာရင် လောင်ကျွင်းရှန်းလက်ဖက်ရည် မဖျော်ပါနဲ့ဦး၊ ညီမ သိပ်မသောက်တတ်လို့"
(လောင်ကျွင်းရှန်းလက်ဖက်ရည်-တရုတ်နိုင်ငံရဲ့ သမိုင်းဝင်လူကြိုက်များသည့် ဝူလုံလက်ဖက်ရည် (Oolong Tea) အမျိုးအစားတစ်ခု)
ပိုင်ချီမင်၏ နှုတ်ခမ်းများ တွန့်သွားရပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ အသိပညာ ပိုများလေလေ ဇီဇာ ပိုကြောင်လေလေပဲ ဖြစ်ရမည်။ ဝမ်းကွဲညီမလေး စုယွီရဲ့ ဆရာတွေက သူမကို တကယ်ပဲ အားလုံး သင်ပေးလွန်းခဲ့ပုံရသည်။
သူသည် အချိန်အတော်ကြာ အောင့်ထားပြီးမှ ပြောလိုက်သည်။ "မင်း ကျောင်းတက်ရတော့မယ်မလား။ ဒီကိစ္စတွေကို ငါ သေချာ စောင့်ကြည့်ပေးထားမယ်၊ သတင်းရတာနဲ့ ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်"
သူ၏ စကားထဲတွင် လင်းစုယွီကို ကျောင်းတက်ရန် သေချာပြင်ဆင်စေလိုသည့် အဓိပ္ပာယ် ပါဝင်နေသည်။ ဟောင်ကောင်ရှိ သူဌေးသားကျောင်းများမှာ သာမန်မဟုတ်ပေ။ ၎င်းတို့မှာ မိသားစုကြီးများ၏ နောက်မျိုးဆက်များ အပြိုင်အဆိုင် ကြဲကြသည့် စစ်တလင်းများပင် မဟုတ်ပါလား။
"နားလည်ပါပြီ ဝမ်းကွဲအစ်ကိုကြီး ချီမင်။ ဒါဆို ညီမ သွားတော့မယ်နော်"
လင်းစုယွီက ဘေးတွင် ထိုင်နေသော ရွှမ်ဖုန်းကို လက်ဟန်ပြလိုက်ပြီး အိမ်ရှေ့တံခါးဆီသို့ သိမ်မွေ့သော ခြေလှမ်းများဖြင့် လှမ်းထွက်သွားသည်။
"ကောင်းပြီ၊ ကျောင်းအတွက် သေချာပြင်ဆင်ဦး"
ပိုင်ချီမင်သည် မူလက သူမကို လိုက်ပို့ရန် စိတ်မကူးထားသော်လည်း ရွှမ်ဖုန်း၏ မျက်နှာကို ကြည့်ပြီး လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ထရပ်ပြီး ထိုနှစ်ယောက်နောက်မှ လိုက်ပါလာကာ ဝတ်ကျေတမ်းကျေ စကားများ တစ်သီကြီး ပြောနေတော့သည်။
"ဆရာကြီး ရွှမ်ဖုန်းလည်း မကြာမကြာ ကြွခဲ့ပါဦး!"
ထိုစကားများ ထွက်သွားပြီးချင်းမှာပင် ပိုင်ချီမင် သူ့ကိုယ်သူ ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ သူ ပြောလိုက်ပုံက ပြည့်တန်ဆာအိမ်က မိန်းမပျက်တွေ ဧည့်သည်ခေါ်နေသလို ဖြစ်သွားသည် မဟုတ်ပါလား။
တော်သေးသည်မှာ ထိုနှစ်ယောက်က ဘာမှ သတိထားမိပုံမရခြင်းပင်။ သူတို့ လှည့်ထွက်သွားသည့်အခါမှ သူသည် သူ့ကိုယ်သူ ပြန်၍ ကျိန်ဆဲမိသည်။ သူသည် ပိုင်မိသားစု၏ သခင်လေးတစ်ဦး ဖြစ်ကြောင်းနှင့် ဤကဲ့သို့ သိက္ခာမရှိသော အပြုအမူမျိုး မလုပ်သင့်ကြောင်း မိမိကိုယ်မိမိ ပြန်သတိပေးလိုက်သည်။
အိုးရန်ရှုံနှင့် ပတ်သက်သည့် ကိစ္စအတွက်မူ သူ အရှိန်မြှင့် ဆောင်ရွက်ရတော့မည်။ အားကွမ်းကို ခရီးတစ်ခု လွှတ်ရမည်ဖြစ်ပြီး အိုးရန်ကျင့်ယွီကိုပါ တစ်ခါတည်း ခေါ်လာနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝမ်းကွဲညီမလေး စုယွီက ခန့်မှန်းရ အလွန်ခက်ခဲသူဖြစ်ကြောင်း သူ အမြဲခံစားရသည်။ သူမ နောက်ထပ် ဘယ်လို အန္တရာယ်များတဲ့ အကွက်တွေ ထပ်ရွှေ့ဦးမလဲဆိုတာကိုလည်း သူ အမြဲစိုးရိမ်နေရသည်။ ထို့ကြောင့် မတော်တဆမှုများ မဖြစ်ရလေအောင် သူကိုယ်တိုင်ပဲ တစ်လှမ်းချင်း သေချာပြင်ဆင်ထားရမည်။
ဤသို့တွေးရင်း ပိုင်ချီမင်သည် သူ့တပည့်များကို လက်ဟန်ပြခေါ်လိုက်ပြီး အားကွမ်းထံ သတင်းပါးခိုင်းလိုက်သည်။ အလုပ်တွေကတော့ ထပ်ပြီး ရှုပ်ဦးတော့မည်...
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း