← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အပိုင်း ၁၂၅ - နေရာလွတ်အတွင်း အပြောင်းအလဲများ

ကျားနဂါးတောင်ကြားမှ ထွက်ခွာလာပြီးနောက် လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့သည် ပိုင်အိမ်တော်သို့ တိုက်ရိုက်ပြန်လာခဲ့ကြသည်။ ကျန့်ဖိန့်ဖိန့်မှာ ညစာစားပြီးမှသာ ကျေနပ်အားရစွာဖြင့် အိမ်တော်မှ ပြန်သွားတော့သည်။

လင်းစုယွီနှင့် စီးပွားရေးလုပ်ငန်းများ စပ်တူလုပ်ကိုင်ပြီးကတည်းက ကျန့်ဖိန့်ဖိန့်သည် ပိုင်အိမ်တော်၌ မကြာခဏ အချိန်ဖြုန်းကာ ထမင်းလာစားလေ့ရှိပြီး ပိုင်အိမ်တော်၏ စားဖိုမှူးလက်ရာ မည်မျှကောင်းကြောင်းကိုလည်း အမြဲတစေ မြည်တမ်းပြောဆိုတတ်လေသည်။

အမှန်စင်စစ် ပိုင်အိမ်တော်၌ အသုံးပြုနေသော ဟင်းချက်စရာ ပါဝင်ပစ္စည်းများကို လင်းစုယွီက သူမ၏ နေရာလွတ်ထဲမှ ပစ္စည်းများနှင့် တိတ်တဆိတ် လဲလှယ်ထားမှန်း သူမ မည်သို့သိနိုင်ပါမည်နည်း။

နေရာလွတ် မှထွက်သော အရည်အသွေးမြင့် ပစ္စည်းများကြောင့်သာ ပိုင်အိမ်တော်၏ ထမင်းဝိုင်းမှာ ထူးကဲစွာ အရသာရှိနေခြင်းဖြစ်သည်။ မကြာသေးမီက ပိုင်မိသားစုဝင်အားလုံး ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နေရသဖြင့် လူတိုင်း၏ မျက်နှာအသားအရေမှာ သိသိသာသာ ကြည်လင်ဝင်းပလာကြသည်။

သူတို့အမြင်တွင်မူ လင်းစုယွီ အိမ်သို့ ပြန်ရောက်လာသည့်အတွက် နှစ်ရှည်လများ ရင်ထဲတွင် တနုံ့နုံ့ဖြစ်နေရသည့် စိုးရိမ်မှုများ ပြေပျောက်သွားကာ စိတ်ပေါ့ပါးသွားခြင်းကြောင့် ကိုယ်ခန္ဓာပါ ကျန်းမာလာခြင်းဖြစ်သည်ဟု ယူဆကြသည်။

နေရာလွတ် အကြောင်း ပြောရလျှင် မကြာသေးမီက ထိုနေရာသည် အနည်းငယ် ထူးခြားလာကြောင်း လင်းစုယွီ သတိထားမိသည်။ ပြီးခဲ့သည့်အကြိမ်က ပျက်စီးနေသောစနစ်ကို ဝါးမျိုလိုက်ပြီးကတည်းက နေရာလွတ်သည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအနေဖြင့် နေရာလွတ်ထဲရှိ စိတ်ဝိညာဉ်စမ်းရေတွင်းမှာ ရေများလျှံထွက်နေပြီး ရေထွက်နှုန်းလည်း ပိုကောင်းမွန်လာသည်။ လင်းစုယွီအတွက် အဆန်းကြယ်ဆုံးအချက်မှာ နေရာလွတ်သည် ခံစားချက်ရှိလာပုံရခြင်းပင်။ ညနေပိုင်းတွင် လင်းစုယွီသည် အဖွားပိုင်ကို ဂါရဝပြုပြီးနောက် မိမိအခန်းသို့ ပြန်လာခဲ့သည်။ တံခါးကို ဂျက်ပိတ်ပြီးနောက် သူမသည် နေရာလွတ်ထဲသို့ ချက်ချင်းဝင်လိုက်သည်။

နေရာလွတ်ထဲသို့ ဝင်ဝင်ချင်းတွင် သူမသည် တစ်စုံတစ်ခုကြောင့် ထိန်းချုပ်မှုလွတ်သွားပြီး မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားခဲ့သည်။ ဤသည်မှာ ယခင်က လင်းစုယွီ တစ်ခါမျှ မကြုံဖူးသော ကိစ္စဖြစ်သည်။ သူမသည် ကြောင်တောင်တောင်ဖြင့် ပြန်ထကာ အဝတ်အစားပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး လက်ပိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

စိမ်းစိုနေသော ဟင်းသီးဟင်းရွက်ခင်းများ၊ မြက်ခင်းပြင်ထဲတွင် အစာရှာနေကြသော ကြက်ကလေး၊ ဘဲကလေးများနှင့် တိရစ္ဆာန်ခြံထဲတွင် လှည့်လည်သွားလာနေကြသော ဝက်၊ သိုး၊ နွားများကို တွေ့ရသည်။ စမ်းချောင်းလေးမှာ မြေပြင်ကို ဝန်းရံကာ တသွင်သွင်စီးဆင်းနေပြီး စိတ်ဝိညာဉ်စမ်းရေမှာမူ အကောင်းစား မြကျောက်တုံးကြီးကဲ့သို့ ကြည်လင်တောက်ပနေဆဲပင်။

အလွန်လှပသော ကျေးလက်ရှုခင်းဟု ထင်ရသော်လည်း လင်းစုယွီ၏ မျက်လုံးထဲတွင်မူ ဤမြင်ကွင်းမှာ ကြောက်မက်ဖွယ် သားရဲကြီး သို့မဟုတ် ရေကြီးမှုကဲ့သို့ပင်။

"ကယ်ကြပါဦး! ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ ပြန်ရိတ်သိမ်းရမယ့်အချိန် ရောက်ပြန်ပြီလား! ငါ့မှာ နားချိန်ကို မရှိတော့ဘူးလား!"

သူမသည် ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်သော်လည်း လက်တွေ့တွင်မူ ဝီရိယရှိရှိဖြင့် ရိတ်သိမ်းခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကို စတင်ရတော့သည်။

မည်သို့ပင်ဖြစ်စေ ကြိုးစားလေ ကံကောင်းလေ မဟုတ်ပါလား။ သူမသည် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အချိန်မည်မျှကြာအောင် အလုပ်လုပ်ခဲ့သည်မသိသော်လည်း ဧရိယာတစ်ခုလုံးကို သပ်ရပ်သွားအောင် ရှင်းလင်းလိုက်သည်။ ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီးနောက် မြေဆီလွှာကို ပြုပြင်ကာ ရေသွင်းပြီး မျိုးစေ့များကို ပြန်လည်ချလိုက်သည်။

အလုပ်ရှုပ်ပြီးနောက်တွင် သူမသည် အနားယူသည့်ကုလားထိုင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်လိုက်ပြီး နေရာလွတ်၏ စည်ပင်လှပသော မြင်ကွင်းကို ကြည့်ရင်း စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနေမိသည်။

"နောက်တစ်ဆင့် အဆင့်တက်ဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး..."

သို့သော် နောက်တစ်နေ့နံနက် နိုးနိုးချင်းမှာပင် သူမ တစ်ခုခုမှားနေပြီဆိုသည်ကို သတိပြုမိလိုက်သည်။

သူမ၏ စိတ်ဝိဉာဉ်နတ်ဘုရားအာရုံမှာ ဘာကြောင့် ဤမျှ အစွမ်းထက်လာရသနည်း။ သူမ ပတ်ဝန်းကျင်ကို စမ်းသပ်ကြည့်ရာတွင် သူမ၏ အာရုံခံနိုင်စွမ်း နယ်ပယ် ကျယ်ပြန့်လာရုံသာမက လက်တွေ့လောကရှိ အရာဝတ္ထုများကိုပင် ပြောင်းလဲနိုင်စွမ်း ရှိလာကြောင်း တွေ့ရှိရသည်။

ဥပမာအားဖြင့် စားပွဲပေါ်ရှိ ကြွေပန်းကန်လုံးအဖြူလေးကို ကြည့်ကာ လင်းစုယွီက စိတ်ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်ပြီး အာရုံစိုက်လိုက်ရာ ပန်းကန်လုံးထဲ၌ အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်များ ပေါ်လာတော့သည်။

"ဘာလဲ... တစ်ညလေး ခွဲလိုက်တာနဲ့ ငါ့ကွယ်ရာမှာ ဒီလောက်တောင် တိုးတက်သွားတာလား!"

လင်းစုယွီ၏ မျက်နှာမှာ အနည်းငယ်မဲ့သွားသည်။ သူမ၏ နေရာလွတ်မှာ အခြားသူများ၏ အရာနှင့် ဘာကြောင့် ဤမျှ ကွာခြားနေရသနည်း။ အခြားသူများ၏ စနစ်များသည် လိမ္မာယဉ်ကျေးပြီး အဆင့်တက်တော့မည်ဆိုလျှင် သူတို့သခင်ကို အမြဲကြိုပြောတတ်ကြသည်။ သူမ၏ စနစ်မှာမူ စိတ်ထင်ရာလုပ်သည့်အပြင် သခင်ဖြစ်သူကိုပင် ပြန်မနှစ်မြို့သလို ရှိနေသည်။

စွမ်းရည်တွေပေးသည့်အခါတွင်လည်း သူတောင်းစားကဲ့သို့ ကပ်စေးနည်းသော်လည်း အပြင်ပန်း ပြသမှုမှာမူ လမ်းဘေးမျက်လှည့်ဆရာကဲ့သို့ ဟန်ကြီးပန်ကြီး ရှိလှသည်။

လင်းစုယွီသည် တစ်ယောက်တည်း တတွတ်တွတ် ညည်းညူနေပြီးနောက် နေရာလွတ်ထဲသို့ နောက်တစ်ခေါက် ထပ်ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထင်သည့်အတိုင်းပင်၊ ယခုတစ်ခေါက် ဝင်လိုက်သည့်အခါတွင်လည်း သူမ မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျပြန်သည်။

"ဒါက ဘာဖြစ်တာလဲ။ မနေ့က နည်းနည်းလေး ဆဲလိုက်မိလို့လား။ ဒီလောက်တောင် လုပ်ဖို့ လိုလို့လား"

သူမ ပြန်ထကာ ကိုယ်ကို တည့်တည့်မတ်မတ်ဖြစ်အောင် လုပ်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မြင်ကွင်းမှာ သိပ်မပြောင်းလဲသော်လည်း ယခင်က ရှိခဲ့သည့် နယ်နိမိတ်မျဉ်းများမှာ သိသိသာသာ ကျယ်ပြန့်သွားပြီဖြစ်သည်။

ယခင်က ပုခက်တစ်ခုကဲ့သို့ ဝန်းရံထားသည့် ဝေးလံသော တောင်တန်းကြီးများသည် တစ်ညတည်းနှင့် ပျောက်ကွယ်သွားပြီး အဝေးတွင် မြူခိုးပါးပါးလေးများသာ ကျန်ရစ်တော့သည်။ လင်းစုယွီသည် ထိုနေရာသို့ လမ်းလျှောက်သွားစဉ် စိတ်ထဲ၌ တစ်ခုခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

နေရာလွတ်ထဲမှ ပြန်ထွက်သည့်အခါ ထွက်မည့်နေရာကို သူမ စိတ်ကြိုက်ရွေးချယ်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ အကွာအဝေးမှာ မီတာ ၅၀၀ ခန့်သာ ရှိသော်လည်း ဤသည်မှာ အလွန်ကြီးမားသော အားသာချက်ပင်။ သူမသည် စောစောက ဆဲလိုက်မိသည့် စကားများကို စိတ်ထဲမှ ပြန်ရုတ်သိမ်းလိုက်ပြီး ပျော်ရွှင်စွာဖြင့် နေရာလွတ်ထဲမှ ပြန်ထွက်လာခဲ့သည်။

နေရာလွတ် အဆင့်တက်သွားခြင်းကြောင့် လင်းစုယွီ၏ စိတ်အခြေအနေမှာ အတော်ကြာအောင် ကောင်းမွန်နေခဲ့သည်။ အရာရာမှာ ချောမွေ့နေသဖြင့် သူမပင် မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

အထည်ချုပ်စက်ရုံကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး လက်ရှိတွင် အခြားတံဆိပ်များအတွက် ကန်ထရိုက်စနစ်(OEM) ဖြင့် ကုန်ပစ္စည်း အပ်ထည်လက်ခံထုတ်လုပ်ပေးတဲ့ စက်ရုံအဖြစ် အခြေချထားသည်။

(Original Equipment Manufacturer factory)

ဒီဇိုင်းပိုင်းကဲ့သို့သော ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္ကရပ်များကိုမူ ဈေးကွက်တွင် အခိုင်အမာ ခြေကုပ်ရယူပြီးမှသာ တိုးချဲ့သွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား ဤလုပ်ငန်းကြောင့် ကျန့်ဖိန့်ဖိန့်သည် ကျန့်မိသားစု၏ သင်္ဘောလုပ်ငန်း ပိုင်ဆိုင်မှုများကို အောင်မြင်စွာ လွှဲပြောင်းရယူနိုင်ခဲ့ပြီး စီးပွားရေးလောကထဲသို့ အရှိန်အဟုန်ဖြင့် စတင်ဝင်ရောက်နိုင်ခဲ့သည်။

လင်းစုယွီအတွက်မူ အထည်ချုပ်စက်ရုံသည် သူမ၏ ကြီးမားသော စီမံကိန်းကြီးတွင် ပထမဆုံးခြေလှမ်းမျှသာ ရှိသေးသည်။ နောင်အနာဂတ် အစီအစဉ်များတွင် ကျန့်ဖိန့်ဖိန့်၏ အရှိန်အဝါနှင့် အကူအညီမှာ မဖြစ်မနေ လိုအပ်လာမည်ဖြစ်သည်။ ဤတစ်ကြိမ်သည် သူတို့၏ နောင်အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အုတ်မြစ်ချရန် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

တစ်ဖက်တွင်မူ ပိုင်ဝမ်ချင်း၏ သတင်းမှာ အစအနပင် မရသေးပေ။ အားကွမ်းသည် သုံးလတစ်ကြိမ် ဟောင်ကောင်သို့ အခြေအနေများကို အစီရင်ခံသော်လည်း အကြိမ်တိုင်းတွင် စိတ်ပျက်စရာ ရလဒ်များသာ ရရှိခဲ့သည်။ သို့သော် နောက်ဆုံးပေးပို့လာသော စာတွင်မူ တိုးတက်မှုအချို့ ပါရှိလာသည်။

အိုးရန်ရှုံသည် သူ၏မိသားစုကို အမေရိကန်သို့ ခေါ်ဆောင်သွားပြီးနောက် နှစ်အနည်းငယ်အကြာတွင် စီးပွားရေး အပြောင်းအလဲများကြောင့် ဥရောပသို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။ သို့သော် လင်းစုယွီ၏ အမြင်တွင်မူ ဤသတင်းမှာ သတင်းကောင်းဟု မဆိုနိုင်ပေ။

အမေရိကန်ပြည်ထောင်စုမှာပင် အလွန်ကျယ်ပြောလှပြီဖြစ်ရာ ယခု ဥရောပသို့ ပြောင်းသွားသည်ဆိုပါက မည်သို့ ဆက်စုံစမ်းရပါမည်နည်း။ သို့သော် အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ အားကွမ်း၏ စွမ်းဆောင်ရည်ကိုသာ ယုံကြည်အားကိုးရတော့မည်ဖြစ်သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နှစ်သစ်သို့ မသိမသာ ရောက်ရှိလာခဲ့သည်။ ဤနှစ်တွင် လင်းစုယွီသည် အသက် ၁၅ နှစ်အရွယ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဟောင်ကောင်တွင် အလွန်အရေးကြီးသော အချိန်အခါဖြစ်သည်။ မိန်းကလေးတစ်ယောက် အသက် ၁၅ နှစ်ပြည့်လျှင် ခမ်းနားသော အခမ်းအနားနှင့် ဂုဏ်ပြုစားပွဲများ ကျင်းပပေးရလေ့ရှိသည်။

ပိုင်မိသားစုမှာ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသူများဖြစ်ရာ ထိုသို့သော အခမ်းအနားမျိုးကို ခမ်းနားထည်ဝါစွာ ကျင်းပမည်မှာ အမှန်ပင်။ ထို့ကြောင့် နှစ်စကတည်းက လင်းစုယွီအတွက် ပြင်ဆင်မှုများ စတင်ခဲ့ကြသည်။ ပုံမှန်အခမ်းအနားသုံး ပစ္စည်းများသာမက ပို၍အရေးကြီးသည်မှာ သေတ္တာအပြည့်ဖြင့် တန်ဖိုးကြီးမားလှသော တင်တောင်းပစ္စည်းများကို ပြင်ဆင်ရခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက် မွေးဖွားလာချိန်ကတည်းက ဤအရာများကို စုဆောင်းရသော်လည်း လင်းစုယွီမှာ မိသားစုနှင့် ပြန်လည်ဆုံစည်းရသည်မှာ မကြာသေးသဖြင့် အခြားသူများထက် နောက်ကျနေခဲ့သည်။ အဖွားပိုင်သည် သူမ၏ မြေးမလေးတွင် တစ်ခုခု လိုအပ်နေမည်ကို မကြည့်ရက်နိုင်ပေ။

မြေးမလေးအပေါ် ထားရှိသော သူမ၏ သနားဂရုဏာမှာ ထင်ရှားလှပြီး သူမ၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ အကောင်းဆုံး အဖိုးတန်ပစ္စည်းများကိုပင် ထုတ်ယူကာ လင်းစုယွီအတွက် ဖြည့်ဆည်းပေးခဲ့သည်။ ဤသို့ဖြင့် လင်းစုယွီ၏ ပိုင်ဆိုင်မှုများမှာ တဖြည်းဖြည်း တိုးပွားလာခဲ့ရာ ဟောင်ကောင်ရှိ လူကုံထံ အသိုင်းအဝိုင်းမှ အမျိုးသမီးငယ်များကြားတွင် သူမ၏ ကြွယ်ဝမှုမှာ ယှဉ်ပြိုင်သူမရှိ ဖြစ်လာတော့သည်။

ဟောင်ကောင် လူကုံထံလောကတွင် ကျန့်ဖိန့်ဖိန့်နှင့် ကောကျားရှင်းတို့၏ မသင့်မြတ်မှုမှာ အသစ်အဆန်းမဟုတ်တော့ပေ။ မွေးကတည်းက သူတို့နှစ်ဦးမှာ အမြဲနှိုင်းယှဉ်ခံခဲ့ရသည်။ နှစ်ဦးစလုံးမှာ မိသားစုကြီးမှ ဆင်းသက်လာသူများဖြစ်ပြီး အကြီးဆုံးမိသားစုလေးခု ထဲမှ ဖြစ်ခြင်း၊ နှစ်ဦးစလုံးမှာ မိန်းကလေးဖြစ်ပြီး အသက်ချင်းလည်း တူနေခြင်းကြောင့် ဖြစ်သည်။

ယခုအခါ လင်းစုယွီမှာလည်း ကောကျားရှင်းနှင့် အခြားသော အမျိုးသမီးငယ်များကို အပြတ်အသတ် ကျော်တက်ကာ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေပြီဖြစ်သည်။

ယနေ့သည် ပိုင်မိသားစု၏ မြေးမလေး ယွဲ့ယွဲ့ ၏ မွေးနေ့ဖြစ်ရာ ဤနှစ်ယောက်စလုံးမှာ မွေးနေ့ပွဲတွင် မဖြစ်မနေ တွေ့ဆုံရမည့်သူများ ဖြစ်နေကြသည်။

ကောကျားရှင်းသည် သူမ၏ ဂုဏ်ဒြပ်ကို ဒေါင်းတစ်ကောင်လို ကြွားကြွားဝါဝါ ပြသရင်း ရောက်ရှိလာသည်။ သူမသည် ရတနာများစွာဖြင့် တန်ဆာဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်ကာ ခါးလေးနွဲ့ကာ လမ်းလျှောက်ရင်း ကျန့်ဖိန့်ဖိန့်နှင့် လင်းစုယွီတို့ ဘေးမှ ဖြတ်သွားသည်။

"စုယွီ၊ ဟိုမှာကြည့်စမ်း။ သူက ကောမိသားစုရဲ့ သမီးဆိုတာ ဒီမှာရှိတဲ့သူတွေ မသိမှာကျနေတာပဲ" ဟု ကျန့်ဖိန့်ဖိန့်က လင်းစုယွီ၏ နားနားတွင် ကပ်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

ကျန့်ဖိန့်ဖိန့်သည် ကောကျားရှင်း၏ လှုပ်ရှားမှုများကို မျက်တောင်မခတ် ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ လင်းစုယွီကမူ ကောကျားရှင်းက မည်သည့်ပြဿနာ ရှာနိုင်မည်ကို ဂရုမစိုက်ပေ။ သို့သော် ကောကျားရှင်းသည် အရှိန်အဟုန် မရခင်မှာပင် သင်ခန်းစာတစ်ခုခု ပေးထားသင့်သည်ဟု သူမ ခံစားမိသည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ကိုင်တွယ်ရ ခက်ခဲလာနိုင်သောကြောင့် ဖြစ်သည်။

"အချို့လူတွေကတော့ ပြန်ရောက်လာခါစ မိသားစုက ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးနေတာကို အခွင့်ကောင်းယူပြီး ဟိုဟိုဒီဒီ ကြွားလုံးထုတ်ရင်း လူတွေကို အထင်သေးနေကြတယ်"

"အခုတော့ သူတို့နောက်မှာ အားကိုးစရာ ရှိနေပေမယ့် နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မစဉ်းစားကြဘူး။ ဒီလို တောကပြန်လာတဲ့ ကလေးမက ဘယ်ကနေ လွင့်စင်လာလဲဆိုတာ ဘယ်သူသိမှာလဲ!"

ယနေ့သည် သူမ၏ တူမလေး၏ မွေးနေ့ပွဲဖြစ်သဖြင့် ပွဲပျက်မည်ကိုလည်းကောင်း၊ မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် လင်းစုယွီသည် ကောကျားရှင်းကို ကိုင်တွယ်ရန် အစီအစဉ်မရှိခဲ့ပေ။

သို့သော် တစ်ဖက်လူက သေမင်းကို လက်ယပ်ခေါ်ကာ ကျည်ဆန်ရှေ့သို့ တည့်တည့်တိုးလာမှတော့... သူမကသာ ခလုတ်ကိုမဆွဲဘဲ အဆုံးမသတ်ပေးလိုက်လျှင် အတော်လေးကို အားနာစရာ ဖြစ်သွားပေလိမ့်မည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters