အခန်း ၁၂၇
Vol. 13 Ch. 127
အပိုင်း ၁၂၇ - တတိယဦးလေးထံမှ အကူအညီတောင်းခံခြင်း
ပိုင်ချီမင်နှင့် သွားရောက်မတွေ့ဆုံမီ ညတွင် လင်းစုယွီသည် သူမ၏ နေရာလွတ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်ခဲ့သည်။ လက်ရှိအခြေအနေကို စစ်ဆေးရင်း ရှေ့ဆက်ရမည့် လမ်းစဉ်ကို သေချာစွာ စဉ်းစားနေမိသည်။
နောက်ထပ် နှစ်ပေါင်းနှစ်ဆယ်နီးပါးအတွင်း ဟောင်ကောင်မြို့သည် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပြီး အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆုပ်ကိုင်နိုင်သူများအတွက် ရွှေခေတ်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ရောက်လာသည့်အခါတွင်မူ စီးပွားရေးယန္တရားကြီးတစ်ခုလုံး ပြိုလဲသွားပုံရပြီး ထိုအချိန်ကျလျှင် ဘာဆက်လုပ်ရမည်ကို လင်းစုယွီ မဝေခွဲနိုင်ဖြစ်နေသည်။
လက်ရှိ အခြေအနေများမှာ မူရင်းဝတ္ထုထဲကအတိုင်း မဟုတ်တော့ပေ။ ပိုင်မိသားစုသည် ဟောင်ကောင်တွင် အမြစ်တွယ်နေပြီဖြစ်ရာ သူမအနေဖြင့် အရင်ဘဝက လင်းရှင်းယောင် လုပ်ခဲ့သလိုမျိုး အလွယ်တကူ ထွက်ခွာသွား၍ မရနိုင်တော့ပါ။
အာရှစီးပွားရေး အကျပ်အတည်းပြီးမှ ပြန်လာပြီး နာမည်ကျော်ကြားအောင် လုပ်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။
သူမသည် ထိုစဉ်က "Inside Job" ရုပ်ရှင်ကို ကြည့်နေရင်း အိပ်ပျော်သွားခဲ့သဖြင့် ဇာတ်လမ်းဆုံးအောင် မကြည့်လိုက်ရသည်ကို သူမ နောင်တရနေမိသည်။
သို့သော် ထိုအရာများက အဝေးကြီး လိုပါသေးသည်။ ထိုအချိန် မတိုင်မီ သူမ၏ အခက်အခဲများကို ကျော်လွှားနိုင်မည့် ထူးခြားသည့် အရာတစ်ခုခုကို ဖန်တီးရန် အချိန်အလုံအလောက် ရှိသေးသည်။
ဥပမာအားဖြင့် ဤအရာမျိုးပေါ့။ ရေပူဖောင်းလေးကဲ့သို့ ကြည်လင်နေသော လုံးဝန်းသည့် အရာလေးတစ်ခုသည် လေထဲတွင် ဝဲပျံနေပြီး ပတ်ဝန်းကျင်မှ အလင်းရောင်ကို စုပ်ယူကာ တလက်လက် တောက်ပနေသည်။
ဤသည်မှာ အသစ်အဆန်းပင်။ လင်းစုယွီ ရှေ့တိုးကြည့်လိုက်ရာ ထိုအရာလေးတွင် မျက်စိနှင့် နှာခေါင်း ပါရှိနေသည်ကို တွေ့လိုက်ရသည်။
ဒါ... ဒါက ဝိညာဉ်သားရဲ တစ်မျိုးမျိုးများလား။
ဤကျောက်စိမ်းဆွဲသီးအတွင်းရှိ နေရာလွတ်နှင့် ပတ်သက်၍ ဝတ္ထုထဲတွင် ဖော်ပြချက် အနည်းငယ်သာ ပါရှိသည်။ ယခုအချိန်အထိ သူမသည် အပေါ်ယံ အင်္ဂါရပ်အချို့ကိုသာ သိသေးပြီး ပိုအဆင့်မြင့်သော လုပ်ဆောင်ချက်များကိုမူ တိုက်ဆိုင်မှုရှိမှသာ သိလာမည်ဖြစ်သည်။
တခြားသူတွေကျတော့ ကောင်းမွန်တဲ့ နေရာလွတ် တွေ၊ စနစ် တွေ ရကြပြီး သူမကျမှ ဘာမှပြန်မပြောတတ်သည့် ဤတစ်ပိုင်းသေ တစ်ပိုင်းရှင် အရာကြီးကို ရရသလားဟု တွေးကာ သက်ပြင်းချမိသည်။ သို့သော်လည်း သူမမှာ ဒါကိုပဲ သည်းခံပြီး အသုံးပြုရုံမှတစ်ပါး အခြားမရှိပေ။
လင်းစုယွီသည် နေရာလွတ်ထဲမှ အားနည်းစွာ ယိုင်တိုင်တိုင် ထွက်လာခဲ့ရာ သူမ သတိမထားမိခင်မှာပင် အိပ်ရာပေါ်တွင် ရှိမနေတော့သည်ကို တွေ့လိုက်ရသည်။ ဤနေရာလွတ်တွင် ယခုကဲ့သို့ သူ့ဖာသာသူ နေရာပြောင်းရွေ့ပေးသည့် လုပ်ဆောင်ချက်မျိုး ရှိနေသည်ကို သူမ လုံးဝ သတိမထားမိခဲ့ပေ။
"ဘယ်လို အခြေအနေမျိုးမှာ ဒါက အသက်ဝင်လာတာလဲ" ဟု တွေးကာ လင်းစုယွီ တစ်ယောက် ကောင်းကင်ကို မော့၍ အားရပါးရ အော်ဟစ်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။
သို့သော် သူမ၏ အော်သံကို လည်ချောင်းဝတွင် ရပ်တန့်သွားစေသည်မှာ သူမ၏ ယဉ်ကျေးပျူငှာမှုကြောင့် မဟုတ်ဘဲ နက်နဲလှသောရွှမ်ဖုန်း ကြောင့်ပင် ဖြစ်သည်။
"မိန်းကလေးစုယွီ ညဉ့်နက်သန်းခေါင် လေအေးတွေကြားထဲမှာ စဉ်းစားခန်း ဝင်နေရတာ တော်တော်လေး ပင်ပန်းနေမှာပဲနော်"
ရွှမ်ဖုန်းက ရှေ့သို့တိုးလာပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။ သူ့ပုံစံက ရိုသေဟန်ရှိသော်လည်း နှုတ်ခမ်းထောင့်စွန်းရှိ အပြုံးရိပ်ကလေးကမူ ခနဲ့တဲ့တဲ့နိုင်လှသည်။
လင်းစုယွီမှာ အရှက်ပြေစေရန် အော်ဟစ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ယ
"ဘာမှမဟုတ်ပါဘူး၊ လေညင်းခံရင်း လမ်းလျှောက်ထွက်လာတာပါ။ အခုပဲ ပြန်တော့မှာ"
"ဒါဆိုရင် မိန်းကလေးမှာ တကယ့်ကို အံ့မခန်းစွမ်းရည်တွေ ရှိတာပဲ။ ကျွန်တော့်ရှေ့တင် ဘာအစအနမှ မချန်ဘဲ ကိုယ်ယောင်ဖျောက်လိုက်၊ ပေါ်လာလိုက် လုပ်နိုင်တာကိုး"
ရွှမ်ဖုန်းက ပြုံးလျက် ပြန်ပြောသော်လည်း သူ၏ မျက်လုံးများကမူ စူးစမ်းမှုများဖြင့် ပြည့်နှက်နေသည်။
အရင်ကတော့ ဤမိန်းကလေးသည် ဤခေတ်က အမျိုးသမီးများနှင့် မတူဘဲ ထူးခြားသည့် ကံကြမ္မာပိုင်ရှင်မို့ သူကိုယ်တိုင်ပင် သူမကို အမှီပြုနေရသည်ဟု ထင်ခဲ့သည်။
သို့သော် ဟောင်ကောင်မြို့တွင် နာမည်ကျော် တစ်ဦးဖြစ်သည့် သူ့ရှေ့မှောက်တွင်ပင် သူမက ပျောက်ကွယ်သွားလိုက်၊ ပေါ်လာလိုက် လုပ်နိုင်နေသည်ဖြစ်ရာ သူမနှင့် ပတ်သက်သည့် သူ၏ ယခင်ယူဆချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပြီဖြစ်သည်။
"ဘယ်ကသာ၊ ဘယ်ကသာ... ကျွန်မရဲ့ အခြေခံပညာလေးတွေက ဆရာကြီးကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ အခုပဲ ပြန်တော့မှာမို့ ဆရာကြီးလည်း စောစောနားပါဦး"
လင်းစုယွီသည် ရွှမ်ဖုန်း၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ရှိနေသည်ကို မြင်သောအခါ၊ ထိုသူကလည်း တွက်ချက်မှုတွင် ဆရာတစ်ဆူ ဖြစ်နေပြန်ရာ လင်းစုယွီမှာ အမြန်ဆုံး လစ်ထွက်သွားခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။ သူမသည် ရွှမ်ဖုန်းကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီး အမြန်ပင် ထွက်လာခဲ့တော့သည်။
ရွှမ်ဖုန်း၏ မျက်လုံးအစုံမှာ တစ်ခုခုကို ကြံစည်နေသကဲ့သို့ နက်မှောင်နေလေသည်။
......
"မင်းတို့က အထည်ချုပ်စက်ရုံ နာမည်နဲ့ မယ်ဟောင်ကောင် ပြိုင်ပွဲကို စပွန်ဆာ ပေးချင်တယ် ဟုတ်လား"
လင်းစုယွီ လာရင်းကိစ္စကို ကြားရသောအခါ ပိုင်ချီမင် အနည်းငယ် အံ့အားသင့်သွားသည်။
သူတို့သည် ရာစုနှစ်တစ်ခုကြာ တည်တံ့လာသည့် ဂုဏ်သရေရှိ မိသားစုကြီး ဖြစ်သည်။ စင်ပေါ်တွင် လူမြင်ကွင်း၌ ကိုယ်လုံးကိုယ်ပေါက် ပြသနေသည့် အမျိုးသမီးများကို သူ၏ အမြင်တွင် အောက်တန်းကျသည်ဟုသာ မှတ်ယူထားသည်။
တတိယသခင်ကြီးပိုင်အတွက်မူ ဤသည်မှာ ဖျော်ဖြေရေးတစ်ခု ဖြစ်နိုင်သော်လည်း ပိုင်ချီမင်အတွက်မူ ယဉ်ကျေးမှု မရှိသော အပြုအမူများသာ ဖြစ်သည်။
"သူတို့က ကပြအသုံးတော်ခံတွေ၊ လောကကြီးရဲ့ အရုပ်တွေထက် မပိုပါဘူး။ မင်းသာ ဒါကို လုပ်မယ်ဆိုရင် မင်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးသလို ဖြစ်မနေဘူးလား"
ပိုင်ချီမင်၏ ခေတ်နောက်ပြန်ဆွဲသော အရင်းရှင်စကားများကြောင့် လင်းစုယွီမှာ သူ့ပါးကို အားရပါးရ ရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။
'အောက်တန်းကျတယ်'ဟုတ်လား။ 'အရုပ်တွေ' ဟုတ်လား။ သူကိုယ်သူ ဘယ်လောက်များ အထက်တန်းကျတယ် ထင်နေလို့လဲ။
"လူတိုင်းက ကိုယ့်လုပ်အားနဲ့ကိုယ် ပိုက်ဆံရှာနေကြတာပဲ။ အဆင့်အတန်း ခွဲခြားနေဖို့ မလိုပါဘူး။ ဝမ်းကွဲအစ်ကိုချီမင်ရဲ့ စကားတွေက နည်းနည်း လွန်နေပြီနော်။ သူများတွေဆီက ခိုးဆိုးလုယက်နေတာ မဟုတ်ရင် ဂုဏ်သိက္ခာ ညှိုးနွမ်းစရာ ဘာမှမရှိပါဘူး"
သူမသည် ဒေါသကို ထိန်းချုပ်ရင်း လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးထဲမှ အရောင်များက သူ စကားမှားသွားပြီ ဖြစ်ကြောင်း ပိုင်ချီမင်ကို သတိပေးနေသကဲ့သို့ပင်။
"ဝမ်းကွဲညီမလေး စုယွီ လုပ်ချင်တယ်ဆိုရင်လည်း လုပ်လေ"
ပိုင်ချီမင်သည် လင်းစုယွီ၏ ဒေါသကို မဆွရဲသဖြင့် အလျှော့ပေးလိုက်ရသည်။
သို့သော်လည်း ပိုင်မိသားစု၏ အမှောင်လောက အာဏာကို စတင် ကိုင်တွယ်နေသည့် ပိုင်ချီမင်သည် နာမည်ကျော် မင်းသမီးလေးများ၊ အလှမယ်များနှင့် အရင်းရှင်များကြားမှ မသန့်ရှင်းသော အရောင်းအဝယ်များကို မြင်တွေ့ဖူးနေသူဖြစ်ရာ စင်ပေါ်က အမျိုးသမီးများကို အထင်သေးမိခြင်းပင်။
သူ့စိတ်ထဲတွင်မူ သူ၏ ညီမများကို အများပြည်သူရှေ့တွင် အလှပြကာ အပြုံးရောင်းစားခိုင်းမည့်အစား သူကိုယ်တိုင် ပိုပင်ပန်းခံမည်ဟု ဆုံးဖြတ်ထားသည်။ သူ့ညီမများကို ထိုသို့ လုပ်ခိုင်းခြင်းက သူ့ကိုယ်သူ အရည်အချင်း မရှိသူတစ်ဦးကဲ့သို့ ခံစားရစေ၍ ဖြစ်သည်။
"ဝမ်းကွဲအစ်ကိုချီမင် သဘောတူပြီဆိုတော့၊ ကျွန်မရယ်၊ ဖိန့်ဖိန့်ရယ်၊ ဝမ်းကွဲအစ်ကိုရယ် အားလုံး တတိယဦးလေး ဆီ သွားကြရအောင်။ ဦးလေးကတစ်ဆင့် အဆက်အသွယ်လုပ်ရင် အားလုံး အဆင်ပြေသွားမှာပါ"
"ဒါက ပြဿနာမရှိပါဘူး"
ဤသည်မှာ လင်းစုယွီအနေဖြင့် တတိယဦးလေး ထံသို့ ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခြင်းဖြစ်သည်။ တတိယအဒေါ်က ကြင်နာတတ်သော်လည်း တတိယဦးလေးနှင့် တွေ့ဆုံဖို့တော့ သူမမှာ အနည်းငယ် စိတ်လှုပ်ရှား နေမိသည်။
"အို... စုယွီနဲ့ ဖိန့်ဖိန့်ပါလား။ ဘယ် လေတိုက်လို့ အလုပ်များတဲ့ လူနှစ်ယောက် ရောက်လာကြတာလဲ။ အဒေါ်က ဈေးဝယ်သွားဖို့ ခေါ်ရင်သာ လူမရှိတာ၊ ဒီနေ့တော့ ဒီလို အားနေတဲ့လူကို သတိရလာကြတယ်ပေါ့လေ"
ဟန်တုန်းရွှယ်သည် သူတို့သုံးဦးကို လူသွားလမ်းမှ မြင်လိုက်ရသည်။ စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာနေသော်လည်း ပါးစပ်ကမူ မနားတမ်း ပွစိပွစိ ပြောနေတော့သည်။
"ချီမင်လည်း ပါတာပဲ၊ တကယ့်ကို အလာထူးတဲ့ ဧည့်သည်ပဲ"
"နေကောင်းလား ဒေါ်လေးရွှယ်"
"နေကောင်းလား အဒေါ်"
မိန်းကလေးနှစ်ဦးမှာ ချိုချိုသာသာ နှုတ်ဆက်ရင်း ဒေါ်လေးရွှယ်၏ တစ်ဖက်တစ်ချက်စီတွင် တွဲကာ ချွဲနွဲ့လိုက်ကြသဖြင့် ဟန်တုန်းရွှယ်မှာ ပျော်ရွှင်ကြည်နူးသွားရသည်။
"ကဲပါ... တော်ကြပါတော့။ မင်းတို့ လုပ်နေတဲ့ အလုပ်ကြီးအကြောင်း အဒေါ် ကြားပြီးသားပါ။ ဒီလောက် ငယ်ငယ်လေးနဲ့ စက်ရုံထောင်နိုင်တာ တကယ့်ကို ချီးကျူးစရာပဲ"
သူမသည် မိန်းကလေးနှစ်ဦးကိုသာ အာရုံစိုက် စကားပြောနေပြီး ပိုင်ချီမင်ကိုမူ လုံးဝ လျစ်လျူရှုထားလေသည်။
ပိုင်ချီမင်က စိတ်မဆိုးဘဲ သူတို့နောက်မှ ဧည့်ခန်းမကြီးအတွင်းသို့ လိုက်ဝင်သွားသည်။
"ချီမင်... မင်း တတိယဦးလေးကို လာတွေ့တာ မဟုတ်လား။ သူ စာကြည့်ခန်းထဲမှာ ရှိတယ်"
ဟန်တုန်းရွှယ်သည် အလွန်ပင် ပါးနပ်သူဖြစ်ရာ ယခုကဲ့သို့ လူစုံတက်စုံ လာကြသည်မှာ သာမန် လာလည်ခြင်း မဟုတ်ကြောင်း သိလိုက်သည်။
"အစ်မရှို့... စာကြည့်ခန်းကို သွားပြီး သခင်ကြီးကို သွားခေါ်လိုက်ဦး"
ခဏအကြာတွင် ပိုင်ဟောင်နန် စာကြည့်ခန်းထဲမှ ထွက်လာသည်။
သူတို့ သုံးဦးစလုံးက အရိုအသေပေး နှုတ်ဆက်ကြပြီးနောက်၊ ပိုင်ဟောင်နန်က နေရာတွင် ထိုင်လိုက်ပြီး မေးစေ့ကို ပွတ်ရင်း ရယ်မောကာ ပြောလိုက်သည်။
"ကိစ္စရှိမှ ဘုရားကျောင်း ရောက်လာကြတယ်ပေါ့။ ချီမင်က ဖုန်းထဲမှာ နည်းနည်းတော့ ပြောပြထားပါတယ်။ ကဲ... ပြောကြပါဦး၊ မင်းတို့အတွက် ဦးလေး ဘာကူညီပေးရမလဲ"
ပိုင်ဟောင်နန်သည် မိန်းမလှလေးများကို နှစ်သက်သူဖြစ်သော်လည်း မိသားစုအပေါ်တွင်မူ အလွန်ပင် ရက်ရောသူဖြစ်သည်။ ယခုလည်း သူတို့ လိုအပ်သည်ကို ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်သည်။ လင်းစုယွီမှာ အားမနာတော့ဘဲ ရှေ့သို့တိုးကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
"တတိယဦးလေး... ကျွန်မတို့ စက်ရုံကနေ မယ်ဟောင်ကောင် ပြိုင်ပွဲကို စပွန်ဆာ ပေးချင်လို့ပါ။ အလှမယ်တွေကိုလည်း ကျွန်မတို့စက်ရုံက အင်္ကျီတွေ ဝတ်ပြီး ရှိုးလျှောက်ခိုင်းချင်ပါတယ်။ ဦးလေးက အဆက်အသွယ် ကောင်းတယ်လို့ ကြားထားလို့ အကူအညီ လာတောင်းတာပါ"
ပိုင်ဟောင်နန်သည် လူငယ်များအပေါ် အလွန် စိတ်ရှည်သဘောကောင်းသူ ဖြစ်သည်။ လင်းစုယွီကလည်း စကားပြော ချိုသာပြီး ဖိန့်ဖိန့်ကလည်း မိသားစုဝင် ဖြစ်နေသဖြင့် သူက မဆိုင်းမတွပင် သဘောတူလိုက်သည်။
"ရတာပေါ့! ဒီလို ကိစ္စလေးကို ငါ တတိယသခင်ကြီးပိုင်က အေးဆေး ဖြေရှင်းပေးနိုင်ပါတယ်။ ဘယ်လို လုပ်ချင်သလဲသာ ပြော၊ မင်းတို့ စိတ်တိုင်းကျ ဖြစ်စေရမယ်"
"ဒါဆို ကျေးဇူးတင်ပါတယ် ဦးလေး!"
လင်းစုယွီနှင့် ဖိန့်ဖိန့်တို့က ပျော်ရွှင်တက်ကြွစွာ ပြောလိုက်ကြသဖြင့် ပိုင်ဟောင်နန်နှင့် ဟန်တုန်းရွှယ်တို့မှာလည်း ကြည်နူးသွားရသည်။ သမီးမိန်းကလေးတွေ ရှိတာဟာ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းတာပဲဟု သူတို့ တွေးမိလေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း