အခန်း ၁၂၈
Vol. 13 Ch. 128
အပိုင်း ၁၂၈ - အခြေအနေက သိပ်မကောင်းလှဘူး
"စုယွီ... မြေးလေးနဲ့ဖိန့်ဖိန့်က အခု စက်ရုံတောင် တည်ထောင်နေကြပြီဆို၊ နောက်ရက်အနည်းငယ်အတွင်းမှာ ကျင်းပမယ့် မယ်ဟောင်ကောင် ပြိုင်ပွဲမှာတောင် စပွန်ဆာပေးဖို့ ပြင်နေတယ်လို့ ချီမင်ဆီက ကြားလိုက်ရတယ်... ဒါပေမဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်ဦးနော်၊ အလုပ်ရှုပ်နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်မထားနဲ့ဦး၊ တစ်ခုခု အကူအညီလိုရင်လည်း မောင်နှမတွေကိုသာ ပြောလိုက်"
အဖွားပိုင်က အရေးကြီးပုဂ္ဂိုလ်များအတွက် သီးသန့်နေရာတွင် ထိုင်ရင်း လင်းစုယွီကို ပြုံးပြုံးလေး ကြည့်ကာ မှာကြားနေသည်။ သူမဘေးတွင် ထိုင်ကာ တူဖြင့် အစားအသောက်များကို ခပ်ယူနေသော ကျန့်မင်ဖေးကလည်း ပြုံးလျက် ထောက်ခံလေသည်။
"ဟုတ်တာပေါ့၊ အဲဒီမိန်းကလေးနှစ်ယောက်က တကယ်ကို ချီးကျူးဖို့ကောင်းတာ၊ ဒီလောက်အရွယ်နဲ့ ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီး အထည်ချုပ်စက်ရုံကို အောင်အောင်မြင်မြင် လည်ပတ်နိုင်ကြတယ်ဆိုတာ မလွယ်ဘူးနော်"
"စိတ်မပူပါနဲ့ အဖွားရယ်၊ သမီး ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါဘူး၊ ဝမ်းကွဲအစ်ကိုချီမင်ကပဲ အပြင်မှာ အပင်ပန်းခံ လှုပ်ရှားပေးနေတာပါ၊ သမီးကတော့ သိပ်မပင်ပန်းပါဘူး... သမီးက ဖိန့်ဖိန့်နဲ့အတူ စီးပွားရေးလုပ်ငန်းကို စမ်းသပ်လုပ်ကိုင်ကြည့်နေတာပါ၊ မိသားစုထဲက လူကြီးတွေက စီးပွားရေးမှာ ပါရမီရှင်တွေဆိုတော့၊ ပိုင်မိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ အနာဂတ်မှာ ဘာမှဖြစ်မလာဘဲ မိသားစုမျက်နှာ အိုးမည်းသုတ်သလိုမျိုး မဖြစ်ရအောင် အခုကတည်းက ကြိုတင်လေ့လာထားရမှာပေါ့"
လင်းစုယွီသည် အဖွားပိုင်ကို ဟင်းခပ်ထည့်ပေးရင်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူမ၏ အောင်မြင်မှုများနှင့် အနာဂတ်အစီအစဉ်များကို နှိမ့်ချစွာ ပြောပြနေသည်။
"အခု အခြေအနေက ဘယ်လိုလဲ၊ အဆင်ပြေပြေ လည်ပတ်နိုင်ရဲ့လား" ဟု အဖွားပိုင်က မေးလိုက်သည်။
အဖွားပိုင် အနေဖြင့် မျိုးဆက်သစ်လူငယ်များ၏ လုပ်ဆောင်ချက်များကို စိတ်ဝင်တစား မေးမြန်းလေ့မရှိသော်လည်း သူ့မြေးမလေး၏ လုပ်ငန်းကိုတော့ စိတ်ဝင်တစား မေးခွန်းတစ်ချို့မေးလိုက်သည်။
"အဖွားရဲ့ မေတ္တာတွေကြောင့် အစစအရာရာ အဆင်ပြေပါတယ်၊ သမီး ပိုက်ဆံတွေအများကြီး ရှာနိုင်တဲ့အခါ အဖွားကို ကမ္ဘာပတ်ပြီး လိုက်ပို့ပေးမယ်၊ ဒါကြောင့် အဖွားက ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နေဖို့ပဲ လိုတယ်၊ သမီး နည်းနည်းလောက် ထပ်ပြီး အရွယ်ရောက်လာရင် အဖွားကို ခရီးတွေ လိုက်ပို့ပေးမယ်လေ"
လင်းစုယွီ၏ တက်ကြွလှသော အပြုံးနှင့် စကားများကြောင့် အဖွားပိုင်မှာ သဘောကျကာ ဟားတိုက်ရယ်မောလေတော့သည်။
ထမင်းစားဝိုင်းရှိ လူတိုင်းမှာလည်း သူမ၏စကားကြောင့် လိုက်ပါပြုံးရွှင်နေကြသည်။ မိသားစုကြီးတစ်ခုတွင် လူကြီးများ၏ စိတ်အခြေအနေမှာ တစ်မိသားစုလုံးအပေါ် သက်ရောက်မှုရှိပေသည်။ အဖွားပိုင်နှင့် နေ့လယ်စာ စားသောက်ပြီးနောက်၊ လင်းစုယွီနှင့်အဖွဲ့သည် ပိုင်ဟောင်နန်နှင့် ချိန်းဆိုထားသော စားသောက်ဆိုင်သို့ ကားဖြင့် ထွက်ခွာခဲ့ကြသည်။
ကျန့်ဖိန့်ဖိန့်မှာတော့ ယခုတစ်ခေါက် လိုက်မလာနိုင်ခဲ့ပေ၊ အကြောင်းမှာ သူမ၏မိသားစုက သူမကို ပညာသင်ရန် ပြည်ပသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြသဖြင့် လိုအပ်သည်များကို စီစဉ်နေရသောကြောင့် ဖြစ်သည်။ ထိုသတင်းကို စကြားကြားချင်းတွင် ပိုင်မိသားစု၏ လူကြီးများက သူမ၏ဆန္ဒကို မေးမြန်းခဲ့ကြသည်၊ ပြည်ပသို့သွားကာ ဗဟုသုတရှာရင်း ပညာသင်ယူချင်လားဟူ၍ ဖြစ်သည်။
သို့သော် လင်းစုယွီတွင်မူ သူမ၏ ကိုယ်ပိုင်အတွေးအခေါ်နှင့် အစီအစဉ်များ ရှိပြီးသားဖြစ်သည်။ သူမသည် ဟောင်ကောင်မြို့၌ စီးပွားရေးအခြေခိုင်အောင် လုပ်ဆောင်နိုင်သည်အထိ ဆက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ကျန့်ဖိန့်ဖိန့်က ဟောင်ကောင်ဇာတိဖြစ်သော်လည်း လင်းစုယွီမှာမူ မတူညီပေ၊ သူမကိုယ်သူမ နေရာတစ်နေရာရရန်အတွက် ခိုင်မာသော အောင်မြင်မှုများ လိုအပ်နေသေးသည်။
လောလောဆယ်တွင် ပြည်ပသို့သွားရန် မစဉ်းစားသေးဘဲ ဟောင်ကောင်တွင်သာ ပညာဆက်သင်ကြားရင်း၊ စီးပွားရေးကို စီမံခန့်ခွဲကာ မိသားစုဝင်များနှင့် အချိန်ပိုကုန်ဆုံးလိုသည်ဟု သူမက ဆိုသည်။ သူမ၏ ပြောဆိုပုံမှာ အပြစ်ပြောစရာမရှိသဖြင့် ပိုင်မိသားစု၏ အချစ်ကို ပိုရရှိစေခဲ့သည်။
သူမကို အကဲခတ်နေဆဲဖြစ်သော တစ်ဦးတည်းသောလူမှာ နာမည်ခံ သက်တော်စောင့် ရွှမ်ဖုန်းပင်ဖြစ်သည်။ သူက အလုပ်ကို အာရုံမစိုက်ဘဲ နေ့တိုင်း အချိန်ဖြုန်းနေတတ်သော်လည်း သူမကို ကြည့်သည့် အကြည့်များမှာ... တစ်မျိုးကြီးပင်။ သူမက ရွှေပုံကြီးလိုများ ဖြစ်နေလို့လား၊ သူ ဘာတွေတွေးနေမှန်း သူမ တကယ်ကို နားမလည်နိုင်ပေ။
ပိုင်မိသားစုတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့သော သူ၏ လက္ခဏာကြည့်ပညာသာ မရှိခဲ့လျှင် သူသည် နေအိမ်ဝင်းအတွင်းမှ နှင်ထုတ်ခံရသည်မှာ ကြာပြီဖြစ်သည်။ ထိုသို့ တွေးတောနေစဉ်အတွင်း ပိုင်ဟောင်နန်နှင့် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။ လင်းစုယွီနှင့် ပိုင်ချီမင်တို့ ရောက်သွားချိန်တွင် လူအတော်များများ ရောက်ရှိနေကြပြီဖြစ်သည်။
ဆိုင်အတွင်းရှိ ဟောင်ကောင်အလှမယ်များမှာ ပိုင်ချီမင်ကို မြင်လိုက်ရသည်နှင့် မျက်လုံးများ တစ်ပြိုင်နက်တည်း တောက်ပသွားကြသည်။ ဤခေတ်ကာလတွင် နာမည်ကြီး မိသားစုတစ်ခုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိထားခြင်းက ပြင်ပလောကတွင် အလုပ်လုပ်ရန် များစွာ လွယ်ကူစေသည်။ ထို့ပြင် ပိုင်ချီမင်မှာလည်း လူတိုင်းသိကြသည့်အတိုင်း ဟောင်ကောင်မြို့၏ အရည်အချင်းပြည့်ဝသောလူပျိုကြီး မဟုတ်ပါလား။
သူတို့ကိုယ်သူတို့ မည်မျှပင် သတိထားနေပါစေ၊ မျိုးရိုးကြီးမိသားစုမှ သခင်လေးတစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိခဲ့လျှင် မယ်ဟောင်ကောင်လောကတွင် ခေါင်းမော့ရင်ကော့ လမ်းလျှောက်နိုင်မည်ဖြစ်ပြီး မည်သူမှလည်း အထင်သေးဝံ့မည်မဟုတ်ပေ။ ထိုသို့ တွေးတောရင်း အလှမယ်များ၏ မျက်ဝန်းထဲတွင် လိုချင်တပ်မက်သည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားကြသည်။
ထိုအခြေအနေကို မြင်သောအခါ ပိုင်ချီမင်မှာ အံ့အားသင့်သွားရသည်။ အလှအပ၏ ဆွဲဆောင်မှုကို လက်ခံရသည်မှာ အခက်ခဲဆုံးဖြစ်ပြီး သူကိုယ်တိုင်မှာလည်း ထိုကဲ့သို့သော ဆွဲဆောင်မှုများကို စိတ်ဝင်စားသူ မဟုတ်ပေ။
လင်းစုယွီကမူ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီး ဆွဲဆောင်မှုရှိသော ဆုလာဘ် ဖြစ်သည့် ပိုင်ချီမင်ကို အသုံးချကာ သူမ၏ ကိုယ်ပိုင် အလှပြကွက် ဗျူဟာကို ခင်းရန် ကြံစည်လိုက်သည်။
"အားလုံးပဲ၊ အားမနာကြပါနဲ့၊ ထိုင်ကြပါ"
လင်းစုယွီက အရွယ်ငယ်သော်လည်း ခန့်ညားထည်ဝါသော အရှိန်အဝါရှိပေသည်။ သူမသည် ပိုင်ချီမင် ဆွဲပေးသော ကုလားထိုင်တွင် သဘာဝကျကျ ထိုင်လိုက်ပုံမှာ ကြည့်ရသူတိုင်းအတွက် သူမသည်သာ ဤဝိုင်း၏ အဓိကအရှင်သခင်ဖြစ်ကြောင်း သိသာလှသည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါ အလှမယ်များမှာ ပိုင်ချီမင်အပေါ် စိတ်ဝင်စားမှုရှိနေသော်လည်း ခေတ္တဘေးဖယ်ထားလိုက်ရသည်။ အကြောင်းမှာ ဤမိန်းကလေးငယ်မှာ ပိုင်မိသားစု၏ ဒုတိယသခင်လေးပင် ရိုသေလေးစားရသောသူ ဖြစ်ပုံရသောကြောင့်ပင်။
"ဒီမှာရှိတဲ့သူတွေအားလုံးက ဟောင်ကောင်ရဲ့ ထူးချွန်ထက်မြက်တဲ့ အလှမယ်တွေပါပဲ၊ ဒီနေ့ တတိယသခင်ကြီးပိုင်ရဲ့ အစီအစဉ်နဲ့ အားလုံးကို ဒီကို ဖိတ်ကြားရတာက အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပါ"
လင်းစုယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း နားထောင်နေသူများအဖို့မှာမူ မိုးကြိုးပစ်သံကဲ့သို့ပင်။
ပိုင်မိသားစုနဲ့... ပူးပေါင်းဆောင်ရွက်ရမယ် ဟုတ်လား။ ဒါဟာ တကယ့်ကို ကံထူးတာပဲ။ ဒါပေမဲ့ တကယ်ပဲ အဲဒီလောက် လွယ်ပါ့မလား။
အကယ်၍ ကောင်းကောင်းလုပ်နိုင်လျှင် အောင်မြင်သော အသက်မွေးဝမ်းကြောင်းနှင့် အနုပညာလောကတွင် လမ်းဖြောင့်ဖြောင့် လျှောက်နိုင်မည်ဖြစ်သော်လည်း၊ မအောင်မြင်ခဲ့ပါက မူလနေရာသို့သာ ပြန်သွားရမည်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ အချင်းချင်း သိကျွမ်းသူများမှာ တီးတိုးဆွေးနွေးလာကြသည်။ လင်းစုယွီကတော့ စိတ်မဆိုးပါ၊ ဤအရာသည် သူတို့၏ ဘဝတစ်သက်တာလုံးအတွက် အရေးကြီးသော ကိစ္စဖြစ်သည်ကို သူမ နားလည်သည်။ သူမအနေဖြင့် အဓမ္မ မတိုက်တွန်းလိုဘဲ နှစ်ဦးနှစ်ဖက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် သေချာစဉ်းစားစေချင်သည်။
"ကျွန်မတို့ရဲ့ အထည်ချုပ်စက်ရုံက ပိုင်မိသားစုနဲ့ ကျန်းမိသားစုတို့ရဲ့ လက်အောက်မှာရှိတာပါ၊ ကျွန်မတို့မှာ လုံလောက်တဲ့ အရင်းအနှီးရှိသလို စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိပါတယ်"
ဆွေးနွေးသံများ ငြိမ်ကျသွားချိန်တွင် လင်းစုယွီက ဆက်ပြောသည်။
"ဒါဟာ အဝတ်အထည်လောကထဲကို ကျွန်မတို့ ပထမဆုံး ခြေလှမ်းလှမ်းတာပါ၊ လူထုကြားမှာ နာမည်ရသွားအောင် နာမည်ကြီး မယ်ဟောင်ကောင်တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်၊ ရှေ့လျှောက် နှစ်အနည်းငယ်အတွင်းမှာ နေ့စဉ်ဝတ်၊ ပွဲတက်ဝတ်စုံနဲ့ လိုအပ်တဲ့ ဝတ်စုံတွေကို စိတ်ကြိုက်ရွေးချယ်နိုင်အောင် ကျွန်မတို့ဘက်က ပံ့ပိုးပေးသွားမှာပါ"
လင်းစုယွီ ဆိုလိုသည်မှာ စိတ်မမှန်ဘဲ ဟိုဘက်ဒီဘက် ကူးပြောင်းမည့်သူမျိုးကို မလိုချင်ဘဲ ရေရှည်လက်တွဲမည့်သူကိုသာ လိုချင်ခြင်းဖြစ်သည်။
"အခကြေးငွေကတော့ တကယ်ကို ရက်ရက်ရောရော ပေးမှာမို့ စိတ်မပူပါနဲ့" ဟု ပိုင်ချီမင်က ဘေးမှ ဝင်ပြောလိုက်သည်။ ထိုစကားကြောင့် အလှမယ်များမှာ ပိုစိတ်လှုပ်ရှားစွာ ဆွေးနွေးလာကြသည်။
မကြာမီတွင် လှပသော အမျိုးသမီးတစ်ဦးက အခြားသော မိန်းကလေးအချို့နှင့်အတူ ထရပ်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"မမလေးနဲ့ သခင်လေးတို့ရဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ 'ချင်းမန်' ကတော့ ကျွန်မကိုယ်ကျွန်မ အရည်အချင်း မပြည့်မီသေးဘူးလို့ ထင်ပါတယ်၊ ကျွန်မရဲ့ ညီမလေးတွေကလည်း မမလေးတို့ကို မျက်နှာပျက်အောင် လုပ်မိမှာ စိုးရိမ်ပါတယ်၊ ဒါကြောင့် အခုလောလောဆယ်တော့ ကျွန်မတို့ကို ချန်ထားခဲ့ပေးပါဦး" ဟု ဆိုကာ နောက်တစ်ကြိမ် ဦးညွှတ်ရင်း "ခွင့်ပြုမယ်ဆိုရင် ကျွန်မတို့ အရင်ပြန်ပါရစေ" ဟု ပြောလိုက်သည်။
ထိုအလှမယ် ချင်းမန်က ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသော်လည်း သူမစိတ်ထဲတွင်မူ ထိုသို့မဟုတ်ပေ။ သူမသည် လင်းစုယွီ၏ အထည်ချုပ်စက်ရုံအပေါ် လုံးဝ အကောင်းမမြင်ခဲ့ပေ။ သူမသည် မယ်ဟောင်ကောင် ပြိုင်ပွဲဝင်များထဲတွင် ထိပ်တန်းစာရင်းဝင် တစ်ဦးဖြစ်ပြီး ယခုလာရောက်ခြင်းမှာလည်း မျက်နှာသာပေးသည့်အနေဖြင့်သာ လာခြင်းဖြစ်သည်။
နာမည်မရှိသည့် စက်ရုံလေးတစ်ခုက သူမကို သူတို့အင်္ကျီတွေ ဝတ်ခိုင်းချင်နေတာလား၊ တကယ်ကို ရယ်စရာကောင်းလှသည်။
လင်းစုယွီသည်လည်း ထိုမိန်းကလေးမှာ မာနကြီးသူတစ်ဦးဖြစ်ကြောင်း သိလိုက်သဖြင့် သူမ၏ ကျော်ကြားမှုကို ဂရုမစိုက်ဘဲ ဆွဲမထားတော့ပေ။ သူမက ခေါင်းငြိမ့်ပြကာ ထွက်ခွာခွင့်ပြုလိုက်သည်။ သူတို့ ထွက်သွားပြီးနောက် လင်းစုယွီက ထပ်ပြောသည်။
"နောက်ထပ် ထွက်သွားချင်တဲ့သူ ရှိသေးလား၊ ရှိရင် တစ်ခါတည်း သွားလို့ရပါတယ်၊ ကျွန်မ လင်းစုယွီရဲ့ စီးပွားရေးမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုကိုပဲ အလေးထားပါတယ်"
ချင်းမန် ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသောသူများမှာ ပို၍ဝေခွဲမရ ဖြစ်လာကြသည်။ အထူးသဖြင့် နာမည်အသင့်အတင့် ရနေပြီးသား ပြိုင်ပွဲဝင်များပင် ဖြစ်သည်။ ပိုင်မိသားစုကို မှီခိုချင်ကြသော်လည်း လင်းစုယွီမှာ ငယ်လွန်းလှပြီး မြေးမလေးတစ်ဦးသာ ဖြစ်နေသဖြင့် ယုံကြည်ရပါ့မလားဟု သံသယဝင်နေကြသည်။
စက်ရုံဖွင့်ပြီး မကြာခင်မှာပဲ ပြိုလဲသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါကျရင် တခြား နာမည်ကြီး တံဆိပ်တွေနဲ့ စာချုပ်ချုပ်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးရမှာဖြစ်သလို၊ ဂုဏ်သိက္ခာလည်း ထိခိုက်နိုင်သည် မဟုတ်ပါလား။ ဒါဟာ တကယ်ကို ကြီးမားတဲ့ လောင်းကစားတစ်ခု ဖြစ်နေပေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း