← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အပိုင်း ၁၃၀ - အရွယ်ရောက်ခြင်း အခမ်းအနား

"ဒီနေ့မှာတော့ အလုပ်များနေတဲ့ကြားကနေ ကျွန်တော်တို့ ပိုင်မိသားစုရဲ့ စတုတ္ထမြောက်မျိုးနွယ်စုခွဲက သမီးပျိုလေး လင်းစုယွီရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားကို တက်ရောက်ပေးကြတဲ့ လူကြီးမင်းအပေါင်းကို ပိုင်မိသားစုကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်"

ပိုင်မိသားစု ပထမမျိုးနွယ်စုရဲ့ သားကြီးသြရသဖြစ်သူ ပိုင်ချီချန်က လင်းစုယွီရဲ့ အခမ်းအနားကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပပေးခဲ့သည်။ အခမ်းအနားပုံစံမှာ အနောက်တိုင်းဆန်သော်လည်း ရှေးရိုးစဉ်လာ ကောင်းချီးမင်္ဂလာ စကားများကိုမူ ချန်လှပ်ထားခြင်း မရှိပေ။

"ဒီလို မင်္ဂလာရှိတဲ့ နေ့ရက်နဲ့ အချိန်အခါသမယမှာ ပထမဆုံးအနေနဲ့ အရွယ်ရောက်ခြင်းဝတ်စုံကို အပ်နှင်းပါတယ်။ ကလေးဘဝက စိတ်ကူးယဉ်မှုတွေကို စွန့်ခွာပြီး လူကြီးတစ်ယောက်ရဲ့ ကျင့်ဝတ်သီလတွေကို စောင့်ထိန်းနိုင်ပါစေ။ သက်ရှည်ကျန်းမာ ဘေးရန်ကွာလို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေသတည်း"

"အခမ်းအနား အစီအစဉ်များ ပြီးမြောက်ပါပြီ။ ဒီကနေ့မှာ မင်းရဲ့ 'ကုရ်သီအမည်' (ငယ်မည်မဟုတ်သော ဂုဏ်ထူးဆောင်အမည်) ကို ကြေညာပေးပါမယ်။ ဒီအမည်ဟာ ထူးချွန်ထက်မြက်သူတစ်ယောက်နဲ့ အလွန်လိုက်ဖက်တဲ့ အမည်ကောင်းတစ်ခု ဖြစ်ပါတယ်။ မင်းနဲ့ ထာဝရထိုက်တန်ပါစေ၊ အမည်ကတော့ 'ချင်းချင်း' ပါပဲ"

'ချင်းချင်း' ဆိုသည်မှာ ပိုင်ဝမ်ချင်း အပျိုဘဝတုန်းက သူမ၏ အခန်းထဲတွင် သမီးလေးအတွက် ကြိုတင်စဉ်းစားထားခဲ့သည့် အမည်လေးဖြစ်သည်။ သူမ၏ ရင်သွေးကို လောကဓံ၏ အခက်အခဲများ လုံးဝမသိဘဲ ကျော့ရှင်းသိမ်မွေ့စွာ ရှင်သန်စေလိုသော ဆန္ဒဖြင့် မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုအမည်၏ အဓိပ္ပာယ်ကို ကြားရသောအခါ လင်းစုယွီ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ သူမသည် ယခင်ဘဝက အရာရာကို ပစ်စလက်ခတ် နေတတ်သူ ဖြစ်ခဲ့သော်လည်း သမီးအပေါ်ထားသည့် မိခင်မေတ္တာကမူ ပိုင်ဝမ်ချင်းကဲ့သို့ပင် အတိုင်းအဆမရှိ ကြီးမားခဲ့သည် မဟုတ်ပါလား။

"အစကတည်းက ဝမ်ချင်းဟာ သူမရဲ့ ကိုယ်ပိုင်အခန်းသော့ကို ငါ့ဆီမှာ အပ်ထားခဲ့တာ။ အခုတော့ စုယွီဟာ ဝမ်ချင်းရဲ့သမီးဖြစ်ပြီဆိုတော့ ဒီသော့ကို လွဲပေးလိုက်မယ်"

ပိုင်မိသားစု၏ အကြီးအကဲဖြစ်သူ ပိုင်ဟောင်ယွမ်က သော့ကို လင်းစုယွီလက်ထဲသို့ အမည်သစ်နှင့်အတူ အပ်နှင်းလိုက်သည်။ ထိုအချိန်မှစ၍ လင်းစုယွီသည် ထျန်းကျင်းမြို့မှ လင်းစုယွီ မဟုတ်တော့ဘဲ ဟောင်ကောင်မြို့၏ 'ပိုင်မိသားစု စတုတ္ထမြောက် သမီးပျိုလေး' ဖြစ်သွားခဲ့လေပြီ။

ဧည့်ခံပွဲပြီးနောက် လင်းစုယွီတစ်ယောက် ရေမိုးချိုးရန် အခန်းထဲသို့ ပြန်လာခဲ့သည်။ မတော်တဆ မော့ကြည့်လိုက်မိစဉ် သော့လေးမှာ ထူးခြားသော အလင်းတန်းများ ဖြာထွက်နေပြီး တစ်စုံတစ်ခုကို သွားရှာရန် သူမကို ဖိတ်ခေါ်နေသယောင် ထင်မှတ်ရသည်။

ထို့ကြောင့်ပင် စုန်းပူးသကဲ့သို့ သူမသည် သော့ကိုယူကာ မည်သူမျှ မဝင်ဖူးသည့် မိခင်ဖြစ်သူ၏ အခန်းထဲသို့ သွားရောက်ကာ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သည့် အတိတ်ကို တိတ်တဆိတ် ဖွင့်ဟလိုက်သည်။ တကယ်တော့ ၎င်းမှာ 'အတိတ်' သက်သက်သာ မဟုတ်ပေ။

ရေတွက်၍မရနိုင်သော မြေကွက်ပိုင်ဆိုင်မှု စာချုပ်များ၊ အိမ်ခြံမြေ စာရွက်စာတမ်းများ၊ စားသောက်ဆိုင်များ၊ ရွှေဆိုင်များနှင့် ပြည်ပငွေတိုက်စာချုပ်များ... သေသပ်စွာ စီထားသည့် ရွှေတုံး၊ ငွေတုံးများ။ ဘဏ်အပ်နှံလွှာများနှင့် ရှယ်ယာလက်မှတ်များကို မြင်လိုက်ရသောအခါ လင်းစုယွီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

မဖွင့်ရသေးသော သေတ္တာများကို သူမ၏ နေရာလွတ် ထဲသို့ ထည့်လိုက်ပြီးနောက်၊ ပထမဆုံးဖွင့်ထားသည့် သေတ္တာထဲတွင် အနုစိတ်ပန်းကွက်များ ဖော်ထားသည့် ဘူးလေးတစ်ဘူးကို တွေ့လိုက်ရသည်။ ထိုဘူးလေးကို ယူကြည့်လိုက်သောအခါ သော့ခတ်မထားသည်ကို တွေ့ရ၏။

ဘူးထဲမှ စာရွက်ကို ဖြန့်ကြည့်လိုက်ရာ စာလုံးများမှာ အားပါပြီး သပ်ရပ်လှပလှသည်။

"ချစ်ရတဲ့သမီးလေး၊ သမီး မေမေ့ကို လိုက်ရှာနေတာလား"

"တောင်ဘက်ကို ကြည့်လိုက်ပါ၊ တောင်တန်းတွေရဲ့ အဆုံး၊ ပင်လယ်ရဲ့ တစ်ဖက်ကမ်းမှာ ရိုမန်းတစ်ဆန်တဲ့ အပြာရောင်နဲ့ ခရမ်းရောင် ပန်းလေးတွေ ပွင့်နေတာကို တွေ့ရလိမ့်မယ်။ အဲဒီလယ်ကွင်းပြင်တွေထဲမှာ အလှပဆုံး ဘလူးဘယ်ရီသီးတွေကို သမီး ခူးဆွတ်နိုင်ပါတယ်"

တောင်ဘက်ကိုသွားမယ်၊ ပင်လယ်ကို ဖြတ်မယ်၊ ခရမ်းရောင်ပန်းတွေနဲ့ အလှပဆုံး ဘလူးဘယ်ရီသီး... ဒါဟာ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် ပရိုဗန့်စ်ဒေသ မဟုတ်ပါလား။

ကောင်းကင်က မုန့်ဖိုးတွေ ပေါလာသလို ခံစားချက်ကြောင့် လင်းစုယွီတစ်ယောက် ဝမ်းသာအားရ ရယ်မောလိုက်မိသည်။ သို့သော် စိတ်ဝိညာဉ်စမ်းရေတွင်းပေါ်တွင် ပေါလောပေါ်နေသည့် ရေလုံးလေး လှုပ်ရှားလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ထိုရေလုံးလေးသည် အရင်ကထက် ကြီးလာပြီး မျက်နှာပေါက်ပါ ပေါ်လာသည်။ ဒါ... နီကျား လား! ဟု သူမ တွေးလိုက်မိသည်နှင့် စမ်းရေများက လင်းစုယွီ တစ်ကိုယ်လုံး စိုရွှဲသွားအောင် "မတော်တဆ" လှမ်းပက်လိုက်လေတော့သည်။

"မိန်းကလေးက ဒီနေ့ စိတ်ကြည်နေပုံပဲ၊ ဥယျာဉ်ထဲမှာ ရေတောင် ဆော့နေသေးတယ်။ နွေရာသီ ပူပေမဲ့လည်း အအေးမိမှာတော့ သတိထားဦးနော်"

ထိုနောက်ပြောင်သော အသံကို ကြားရုံနှင့် လင်းစုယွီတစ်ယောက် လှည့်ကြည့်စရာမလိုဘဲ မည်သူမှန်း သိလိုက်သည်။

"ဆရာကြီးရွှမ်ဖုန်း၊ ကျွန်မ အလျင်စလို ထွက်လာလို့ ရေအိုင်ထဲ နင်းမိသွားတာပါ။ အခု ပုံစံမလှတာမို့ မျက်နှာချင်းမဆိုင်တော့ဘူးနော်၊ ခွင့်ပြုပါဦး!"

ရွှမ်ဖုန်းသည် မလှုပ်မယှက်ဘဲ သူမ ထွက်ပြေးသွားသည်ကို ကြည့်နေခဲ့သည်။ စောစောက အခိုက်အတန့်တွင် သူသည် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းများကို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုသော နေရာလွတ်ကို အတင်းအဓမ္မ ဖွင့်လိုက်သကဲ့သို့ပင်...။

"ကြည့်ကြသေးတာပေါ့၊ အမှန်တရားက လက်တစ်ကမ်းမှာပါပဲ" ဟု ရွှမ်ဖုန်းက ခပ်တိုးတိုး ပြောလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဥယျာဉ်ထဲမှ ပျောက်ကွယ်သွားလေတော့သည်။

All Chapters