အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း ၁၁၀ - ကောင်းမွန်သော အခြေအနေ။
ချန်ချွမ်တောင်။
ညနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး တစ်နေ့တာ ကုန်ဆုံးလုနီးပါး ဖြစ်နေသော်လည်း ဝေ့ကျင်းပေါ်နှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် ခန်းမဆောင်ကြီးအတွင်း၌ စိတ်မအေးနိုင်ဘဲ ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေခဲ့ကြသည်။
ရုတ်တရက် အပြင်ဘက်မှ တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ပိုင်မိသားစုရဲ့ ၁၉ ယောက်မြောက် အကြီးအကဲ ပိုင်ထိုက်လျဲ့လာရောက်လည်ပတ်ပါတယ်ခင်ဗျာ။"
နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြသည်။ သူတို့ အလျင်အမြန် ပြေးထွက်ကြည့်လိုက်ကြရာ ကောင်းကင်ယံထက်မှ ကြိုးကြာဖြူကျောက်စိမ်းရထားလုံးကို စီးနင်းကာ ဆင်းသက်လာသော ၁၉ ယောက်မြောက် အကြီးအကဲ ပိုင်ထိုက်လျဲ့ကို မြင်တွေ့လိုက်ရတော့သည်။
သူတို့ စိုးရိမ်ပူပန်နေစဉ်မှာပင်၁၉ ယောက်မြောက် အကြီးအကဲ ပိုင်ထိုက်လျဲ့က လက်အုပ်ချီ အရိုအသေပြုရင်းဆိုသည်။
"အရင်က ပြစ်မှားမိခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ကျင့်ကြံဖော် ဝေ့နဲ့ ဝေ့ဝူတို့ကို စကားစမြည်ပြောဆိုဖို့ ဖိတ်ခေါ်ချင်လို့ပါ။"
ဘိုးဘေး ဝေ့ချွမ်ဟဲနှင့် ဝေ့ကျင်းပေါ်တို့မှာ ဆွံ့အမှင်တက်သွားခဲ့ကြရသည်။
မကြာမီအချိန်အတွင်းမှာပင် ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် ဝေဟင်ထက်၌ ပျံသန်းနေသော ဆန်းကြယ်လှသည့် ကြိုးကြာဖြူကျောက်စိမ်းရထားလုံးပေါ်တွင် ထိုင်နေခဲ့ကြပြီ ဖြစ်သည်။
ဤကဲ့သို့သော ခမ်းနားစွာ ကြိုဆိုမှုကို မြင်တွေ့လိုက်ရသည့်အခါ ဘိုးဘေး ဝေ့ချွမ်ဟဲသည် ကျောက်စိမ်းပြားပေါ်က စကားလုံးများ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူကဝေ့ဝူကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
'ဒီကလေး ဘာတွေလုပ်လိုက်တာလဲ... ဒါမှမဟုတ် သူက တကယ်ပဲ အနာဂတ်ကို ကြိုတင်မြင်နိုင်တဲ့ စွမ်းရည် ရှိနေတာလား။'
မကြာခင်မှာပင် သူတို့ ပိုင်မိသားစုသို့ ရောက်ရှိလာခဲ့ကြသည်။ မဟာအကြီးအကဲ ပိုင်ဒူခွေကိုယ်တိုင် သူတို့ကို ဆီးကြို ဧည့်ခံခဲ့သည်။
ပိုင်မိသားစုသည် ဝေ့မိသားစုကို အကာအကွယ်ပေးရန် ဝမ်းမြောက်ဝမ်းသာ သဘောတူညီခဲ့ကြသည့်အပြင် သူတို့မိသားစု၏ လင်းထိုင်အဆင့်ရှိသော ဘိုးဘေးကြီးကိုယ်တိုင် ဝေ့မိသားစုအတွက် ကူညီတိုက်ခိုက်ပေးမည်ဟုပင် ကတိပြုခဲ့ကြသည်။
ဝေ့မိသားစု၏ နောက်ကွယ်တွင် ရှိနေသော အင်အားစုမှာ ပိုင်မိသားစုထက် သေချာပေါက် သာလွန်ပေလိမ့်မည်။ ယခုအချိန်တွင် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းက အနာဂတ်တွင် ကောင်းမွန်သော အကျိုးရလဒ်များ ရရှိလာနိုင်ပေသည်။
ဘိုးဘေး ဝေ့ချွမ်ဟဲမှာ အနည်းငယ် စိုးရိမ်ထိတ်လန့်နေမိပြီး အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျွန်တော်တို့ ဝေ့မိသားစုက အင်အားနိမ့်ပါးတယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဤကဲ့သို့သော ပရမ်းပတာခေတ်ကြီးထဲမှာ မိသားစုကို ဘေးကင်းအောင် ထိန်းရှိမ်းပြီး အသက်ရှင်သန်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ အင်အားစုကြီးတွေကြားက တိုက်ပွဲတွေထဲမှာ ပါဝင်ပတ်သက်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ အကယ်၍ မင်းတို့ရဲ့ အိမ်တော်က အကူအညီ လိုအပ်လာခဲ့ရင်လည်း ကျွန်တော်တို့ ဝေ့မိသားစုက သေချာပေါက် ငြင်းပယ်မှာ မဟုတ်ပါဘူး။"
သူက မြှောက်ပင့်သော လေသံဖြင့်ဆိုလိုက်သည်။
ဤစကား၏ ဆိုလိုရင်းမှာ ငါတို့က တည်ငြိမ်စွာနဲ့ပဲ ဖွံ့ဖြိုးတိုးတက်ချင်တာ ဖြစ်လို့ မင်းတို့ ခိုင်းဖတ်လို အမြဲ အစေခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့က ငါတို့ကို ကာကွယ်ပေးထားတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အခါမျိုးမှာတော့ တစ်တပ်တစ်အား ကူညီပေးပါ့မယ် ဟူ၍ ဖြစ်သည်။
"ကောင်းပြီ... ကောင်းပြီ။"
မဟာအကြီးအကဲ ပိုင်ဒူခွေက ပြုံးလျက်ဆိုသည်။
ယခုအခါတွင်မူ ထုံယွမ်ဂိုဏ်းက သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုကို ထိန်းချုပ်ပေးထားတော့မည် ဖြစ်ရာ ပိုင်မိသားစု၏ နေ့ရက်များမှာ များစွာ ပိုမိုလွယ်ကူလာတော့မည် ဖြစ်ပြီး တိုက်ခိုက်နေရတော့မည် မဟုတ်ချေ။
နောက်တစ်ဆင့်အနေဖြင့် ဘိုးဘေး ဝေ့ချွမ်ဟဲက ပိုင်မိသားစုအနေဖြင့် ပိုင်ရှန်းချိုင့်ဝှမ်းသို့မဟုတ် ကျားနီခန်းမ နယ်မြေဘက်သို့ လူလွှတ်ပေးရန် တောင်းဆိုခဲ့သည်။
ပထမဦးစွာဤနေရာနှစ်ခုမှာ ခေါင်းဆောင်မဲ့နေသဖြင့် တစ်စုံတစ်ယောက်က ကြီးကြပ်ကွပ်ကဲရန် လိုအပ်နေပြီးဒုတိယအနေဖြင့် ပိုင်မိသားစုက ကူယွန်းတောင်တန်းနှင့် ဤမျှနီးကပ်သောနေရာတွင် အခြေစိုက်ခြင်းဖြင့် ဝေ့မိသားစုနှင့် သူတို့ကြားရှိ နီးကပ်သော ဆက်ဆံရေးကို ပြသရာရောက်ပေသည်။
ဒါက ကိစ္စအသေးအဖွဲမျှသာ ဖြစ်သဖြင့် မဟာအကြီးအကဲ ပိုင်ဒူခွေက သဘောတူညီခဲ့ပြီး မန်ရှင်းအဆင့် ၇ရှိသော ကျင့်ကြံသူတစ်ဦးကို စေလွှတ်ပေးမည်ဟု ကတိပြုခဲ့သည်။
အထိမ်းအမှတ် သဘောမျိုးသာ ဖြစ်သဖြင့် ကျင့်ကြံခြင်းအဆင့် ကြီးကြီးမားမား လိုအပ်ခြင်း မရှိချေ။
ဤအတောအတွင်း မဟာအကြီးအကဲ ပိုင်ဒူခွေသည် ဝေ့မိသားစုနောက်ကွယ်မှ အင်အားစုများနှင့် ပတ်သက်ပြီး အခြေအနေကို အကြိမ်ကြိမ် စုံစမ်းထောက်လှမ်းရန် ကြိုးစားခဲ့သော်လည်း ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့က လိမ္မာပါးနပ်စွာဖြင့် ရှောင်လွှဲဖြေကြားခဲ့ကြသည်။
အချိန်အတော်ကြာ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုပြီးနောက် ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့ကြတော့သည်။
အိမ်အပြန်လမ်းတွင် ဘိုးဘေး ဝေ့ချွမ်ဟဲသည် ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။
သူသည် အသက် တစ်ရာကျော်တိုင်တိုင် နေထိုင်ခဲ့ရသော်လည်း ဤမျှလောက် ဂုဏ်သရေရှိလှသော နေ့ရက်မျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ တစ်နေ့တွင် မိမိကိုယ်တိုင် ပိုင်မိသားစု၏ ဂုဏ်ထူးဆောင်ဧည့်သည်တော် ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
"မင်း အတိအကျ ဘာနည်းလမ်းကို အသုံးပြုလိုက်တာလဲ။ ငါ တကယ်ကိုပဲ သိချင်နေပြီ။"
ဝေ့ဝူကတော့ အမှန်တရားကို ထုတ်ဖော်မပြောသေးချေ။
သို့သော်လည်း ရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းကိစ္စ ပိုမိုပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ဝေ့ကျင်းပေါ်နှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့လည်း အလိုလို သဘောပေါက်သွားကြမည် ဖြစ်သည်။
ဝေ့မိသားစုနှင့် ပိုင်မိသားစုတို့ အောင်ပွဲခံနေကြစဉ်မှာပင် ချင်းလုံဂိုဏ်း၏ ကျယ်ပြန့်လှသော အနောက်ဘက်နယ်မြေရှိ အိပ်မက်အရိပ်မျှော်စင်ပေါင်း တစ်ရာကျော်တို့သည် ရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းများကို အလုအယက် ရောင်းချနေကြရသည်။
ကျောက်စိမ်းတစ်ချပ်စီကို ဂိုဏ်းကြီးများမှ သခင်လေးများ တပည့်များနှင့် အလုပ်မရှိ အားနေသော တစ်ကိုယ်တော်ကျင့်ကြံသူများထံသို့ မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချနေရခြင်း ဖြစ်သည်။ ၎င်းက တကယ့်ကို ရူးသွပ်စရာ ကောင်းလှပေသည်။
ယွီချန့်ယန်သည် ဤနယ်မြေအတွင်း၌ တော်တော်လေး ကျော်ကြားမှု ရှိသောသူ ဖြစ်သည်။
သူမကိုယ်တိုင် ထူးချွန်ထက်မြက်ရုံသာမက သူမသည် ထုံယွမ်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးဌာနအကြီးအကဲတစ်ဦး၏ မြေးမတော်စပ်သူ ဖြစ်သောကြောင့်လည်း ဖြစ်သည်။
ဤအချိန်တွင်...
ထုံယွမ်ဂိုဏ်း၊ စည်းကမ်းထိန်းသိမ်းရေးဌာန။
ခြင်္သေ့တစ်ကောင်ကဲ့သို့ ဆံပင်များ ရှိနေသော အဖိုးအိုတစ်ဦးသည် သူ၏မျက်လုံးများအတွင်းမှ ဒေါသမီးများ တောက်လောင်လျက် လက်ထဲတွင် ရှိနေသော ရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းကို အမှုန့်ဖြစ်အောင် ဆုပ်ခြေပစ်လိုက်သည်။
သူ၏အမည်မှာ ယွီဝမ်ရှီဖြစ်သည်။ သူသည် ထုံယွမ်ဂိုဏ်း စည်းကမ်းထိန်းသိမ်းရေးဌာန၏ အကြီးအကဲတစ်ဦးဖြစ်ပြီး မန်ရှင်းအဆင့် ၉ ရှိကာ အသက် သုံးရာကျော်နေပြီဖြစ်သောကြောင့် ထုံယွမ်ဂိုဏ်းအတွင်း၌ သက်တမ်းအရင့်ဆုံး အကြီးအကဲတစ်ဦး ဖြစ်သည်။
သူသည် အသက် နှစ်ရာကျော်မှသာ သားတစ်ယောက် ရရှိခဲ့ခြင်းဖြစ်ပြီး သူ၏သားဖြစ်သူကလည်း အသက် ခုနစ်ဆယ်ရှစ်ဆယ်အရွယ်သို့ ရောက်ရှိမှသာယွီချန့်ယန်ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဤအဖိုးတန်လှသော မြေးမလေးကို လက်ထဲတွင် ထည့်ထားလျှင်ပင် ကွဲအက်သွားမည်ကို စိုးရိမ်ရပြီး ပါးစပ်ထဲတွင် ငုံထားလျှင်ပင် အရည်ပျော်သွားမည်ကို ပူပန်ရလောက်အောင် အလိုလိုက်ထားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် တစ်လခွဲခန့်က ညသန်းခေါင်ယံအချိန်တွင် ယွီချန့်ယန် သေဆုံးသွားခဲ့ရပြီး ၎င်းကို ချောင်ချောင်ဟုခေါ်သော လူတစ်ဦးက သတ်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများ ရုတ်တရက် ရောက်ရှိလာခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
သူသည် အလွန်အမင်း ဒေါသထွက်ခဲ့ရပြီး နေရာအနှံ့အပြားသို့ လူများလွှတ်ကာ ရှာဖွေခိုင်းခဲ့ပြီး ဆုလာဘ်အမြောက်အမြား ပေးခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။
လွန်ခဲ့သော ခဏကတင် တပည့်တစ်ဦးက စိုးရိမ်တကြီးဖြင့် ရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းတစ်ခုကို လာရောက်ပေးအပ်ခဲ့သည်။
၎င်းကို မြင်လိုက်ရသည့်အခါ သူသည် ဒေါသကြောင့် သတိလစ်မတတ် ဖြစ်သွားခဲ့ရတော့သည်။
ယခုအချိန်တွင် သူသည် သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုဆီသို့ ချက်ချင်း သွားရောက်ကာ အကုန်လုံးကို သတ်ဖြတ်ပစ်ချင်စိတ်များ ပြင်းပြနေခဲ့ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခဲ့ပြီး အခန်းအတွင်းမှ ပျောက်ကွယ်သွားခဲ့ကာ ဝေးလံလှသော တောင်မြင့်ကြီးတစ်လုံးဆီသို့ ပျံသန်းသွားခဲ့တော့သည်။
ထိုနေရာမှာ ထုံယွမ်ဂိုဏ်း၏ လင်းထိုင်အဆင့်ရှိသော မဟာအကြီးအကဲကြီး ကျင့်ကြံနေထိုင်ရာ နေရာ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုတို့သည်လည်း ဤရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းကို မြင်တွေ့လိုက်ရသည့်အခါ နှလုံးသားများ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
သူတို့ကိုယ်တိုင်ပင်လျှင် မိမိတို့၏ မျိုးဆက်သစ်လူငယ်များက ဤကဲ့သို့သော ကိစ္စရပ်မျိုးကို လုပ်ဆောင်ခဲ့ကြလိမ့်မည်ဟု မသိရှိခဲ့ကြချေ။
သူတို့သည် ထုံယွမ်ဂိုဏ်း၏ ပြင်းထန်လှသော အမျက်ဒေါသ မုန်တိုင်းကြီးကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။
"မူလက ငါတို့တွေ ပိုင်မိသားစုကိစ္စနဲ့ ပတ်သက်ပြီး အောင်မြင်ဖို့ ရာခိုင်နှုန်း ၇၀ နီးပါး ရှိနေခဲ့တာ ဒါပေမဲ့ အခု ဒီလိုဖြစ်သွားတော့... ဟူးးး"
"ဘယ်သူကများ ဒီမြင်ကွင်းကို မှတ်တမ်းတင်ပြီး အိပ်မက်အရိပ်မျှော်စင်ထံ သွားရောင်းလိုက်တာလဲ။"
"အိပ်မက်အရိပ်မျှော်စင်ကလည်း ဘာလို့ငါတို့ကို ကြိုတင်ပြီး တစ်ချက်လေးတောင် အကြောင်းမကြားခဲ့တာလဲ။"
"ဒါပေမဲ့... ငါတို့တွေ အိပ်မက်အရိပ်မျှော်စင်ကိုတော့ သွားပြီး မပြစ်မှားရဲဘူး..."
"အခုအချိန်မှာ ဒါတွေပြောနေလို့ ဘာထူးမှာလဲ။ မြန်မြန် နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါဦး။"
"ဘာနည်းလမ်း ရှိဦးမှာလဲ အခု တစ်လောကလုံးက ဒါကို သိသွားကြပြီ။ အကယ်၍ ထုံယွမ်ဂိုဏ်းက ငါတို့ကို လာပြီး ဒုက္ခမပေးရင် ငါကိုယ်တိုင်တောင် သူတို့ကို လှောင်ပြောင်မိလိမ့်မယ်။"
"အခုက ဘယ်လိုအချိန်လဲ... မင်းက အခုထိ ပါးစပ်ကောင်းနေတုန်းပဲလား။"
ကာလတစ်ခုအတွင်းမှာပင် လင်းထိုင်အဆင့်ရှိသော အင်အားစုကြီး လေးခုစလုံးမှာ လှုပ်ခတ်သွားခဲ့ရပြီး မတူညီသော ဝမ်းနည်းမှု၊ ဝမ်းသာမှုများ ဖြစ်ပေါ်နေခဲ့ကြသည်။
ချန်ချွမ်တောင်တွင် ဤကိစ္စရပ်၏ နောက်ကွယ်က တရားခံဖြစ်သော ဝေ့မိသားစုဝင်များမှာ ပျော်ရွှင်စွာ စုံစည်းနေခဲ့ကြသည်။
ဘိုးဘေး ဝေ့ချွမ်ဟဲသည် အပြင်ဘက်တွင် ကိစ္စရပ်များကို လုပ်ဆောင်နေကြသော ဝေ့ဇန်၊ ဒုတိယအကြီးအကဲ ဝေ့ဒုံချန်နှင့် အခြားသောသူများကိုပါ ပြန်လည်ခေါ်ယူခဲ့သည်။
"အခုအခါ ငါတို့ ဝေ့မိသားစုအတွက် ကျားအရေခွံ နှစ်ခုကို တည်ဆောက်ပြီးသွားပြီ။ တစ်ခုက ပိုင်မိသားစုဖြစ်ပြီး နောက်တစ်ခုကတော့ ပိုင်မိသားစုကိုယ်တိုင် ကြောက်ရွံ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကြီးပဲ။ ဒုတိယအချက်နဲ့ ပတ်သက်ပြီးတော့ ငါတို့ လူနည်းစုပဲ သိထားတာ အကောင်းဆုံးလို့ ထင်တယ်။ အောက်ခြေက မိသားစုဝင်တွေကိုတောင် အမှန်တရားကို အသိမပေးကြပါနဲ့။"
လူတိုင်းက ခေါင်းညိတ်ကြသည်။
"အခုထုံယွမ်ဂိုဏ်းက ဒေါသထွက်နေပြီဖြစ်လို့ ပိုင်မိသားစုက သေချာပေါက် အခွင့်အရေးကို အသုံးချပြီး သွေးမြစ်ဂိုဏ်းနဲ့ ကျိုးမိသားစုကို ထိန်းချုပ်ဖို့ သူတို့နဲ့ မဟာမိတ်ဖွဲ့လိမ့်မယ်။ ဒါကြောင့် ရှေ့ဆက်မယ့် နေ့ရက်တွေက လွန်ခဲ့တဲ့ လအနည်းငယ်ကထက် အများကြီး ပိုပြီး အေးချမ်းလိမ့်မယ်။ အလွန်ဆုံးရှိရင် ဒုက္ခသည် ကျင့်ကြံသူတွေ ပြဿနာရှာတာမျိုးပဲ ရှိလိမ့်မယ်။ လင်းထိုင်အဆင့် ကျွမ်းကျင်သူတွေ ဒါမှမဟုတ် စနစ်တကျ ဖွဲ့စည်းထားတဲ့ မန်ရှင်းအဆင့် ၉ ကျွမ်းကျင်သူတွေ မရှိသရွေ့ ငါတို့ ဘာမှ ကြောက်စရာမလိုတော့ဘူး။"
"ရှေ့လျှောက် အေးချမ်းမယ့် ကာလတစ်ခု ရှိလာမှာ ဖြစ်တဲ့အတွက် ငါတို့ အချိန်ကို အမိအရအသုံးချပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ မိမိကိုယ်ပိုင် အင်အားကသာ အားကိုးရဆုံးပဲ။"
ဘိုးဘေး ဝေ့ချွမ်ဟဲက ဆိုသည်။
"မှန်ပါတယ်။"
လူတိုင်းက ထပ်တူ ထောက်ခံကြသည်။
"ဤကဲ့သို့သော ကောင်းမွန်တဲ့ အခြေအနေက ကျင်းပေါ်နဲ့ ဝေ့ဝူတို့ရဲ့ ပံ့ပိုးမှုတွေကြောင့်ပဲ။ ကဲ... အားလုံးပဲ သူတို့အတွက် ခွက်မြှောက်လိုက်ကြရအောင်။"
"ဘိုးဘေး... ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ။ ကျွန်တော်က မရင့်ကျက်သေးတဲ့ အကြံဉာဏ်တစ်ခုကိုပဲ ပေးခဲ့တာပါ။ တကယ်ပဲ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာက ဝူအာပါပဲ။ အမှန်အတိုင်း ပြောရရင် ဝူအာရဲ့ နည်းလမ်းတွေကို သူ့အဖေဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်တောင် မခန့်မှန်းနိုင်ပါဘူး။ ဒါက သူ့အဖေဖြစ်တဲ့ ကျွန်တော့်ကိုတောင် အားငယ်စေပါတယ်။"
ဝေ့ဝူမှာ သူ၏ သားအရင်းဖြစ်သဖြင့် မည်မျှပင် ချီးကျူးပါစေ အပိုမဖြစ်ချေ။
ဝေ့မိသားစုဝင်များအားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြတော့သည်။
သောက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီးနောက် ဝေ့ဝူသည် သူ၏ မသေမျိုးဂူသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝေ့ကျင်းပေါ်သည် မိသားစု ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို တွေးတောနေခဲ့သလိုဝေ့ဝူတွင်လည်း သူ၏ ကိုယ်ပိုင် အတွေးအမြင်များ ရှိနေခဲ့သည်။
သူ၏ လက်ထဲတွင် မိသားစုဝင်များကို မပြောပြရသေးသော အရေးကြီးလှသည့် အရာတစ်ခု ရှိနေသေးသည်။ ၎င်းမှာ ရိုလက်စ်နာရီများ ဖြစ်သည်။
ရိုလက်စ်နာရီ တစ်သန်း၏ အချိန်စွမ်းရည် အပိုဆုကြောင့်ဝေ့မိသားစုအတွက် တစ်လတာ အချိန်ပေးခြင်းမှာ သာမန် ငါးလနှင့် ညီမျှပေသည်။
ယခုအခါ မျိုးရိုးဗီဇကျမ်း၏ အပိုဆုကြောင့်လည်း ဝေ့မိသားစု၏ ကျင့်ကြံခြင်းအရှိန်မှာ သာမန်ကျင့်ကြံသူများနှင့် လုံးဝ ကွာခြားလှပေသည်။ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလေလေ အပိုဆု ပိုမိုရရှိလေလေ ဖြစ်သည်။
အကယ်၍ ဝေ့ကျင်းပေါ်သာ ပေါက်စီများကို ခွဲဝေပေးပြီး မိသားစုဝင်များအားလုံးကို ချီသန့်စင်ခြင်းအဆင့် ၉သို့ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့လျှင်ဟမျိုးရိုးဗီဇကျမ်း၏ ကောင်းချီးပေးမှုနှင့်အတူ ဝေ့ဝူ၏ ကျင့်ကြံခြင်းအရှိန်မှာ အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ခုန်ပျံကျော်လွှားသွားမည် ဖြစ်သည်။
သူသည် တိုတောင်းသော အချိန်ကာလတစ်ခုအတွင်းမှာပင် ထပ်မံ၍ အဆင့်တက်လှမ်းကာ မန်ရှင်းအဆင့် ၃သို့ ရောက်ရှိရန်ပင် စိတ်ကူးရှိနေခဲ့သည်။
ထို့နောက် ကျောက်စိမ်းနန်းတော်၏ မွေးရာပါ အားသာချက်များနှင့်အတူ သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်မှာ မန်ရှင်းအဆင့် ၄ သို့ ရောက်ရှိသွားမည် ဖြစ်သည်။
မှော်လက်နက်၏ ပံ့ပိုးမှုများနှင့် ပူးပေါင်းလိုက်လျှင်မူ သူသည် မန်ရှင်းအဆင့် ၅ ရှိသော ကျွမ်းကျင်သူတစ်ဦးကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ချေ ရှိပေလိမ့်မည်။