စစ်ထူနန် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ခွာလာခြင်း
Vol. 019 Ch. 937
“ဒီကောင်းကင်ဘုံမူလစွမ်းအင်က အကန့်အသတ်တော့ ရှိတယ်။ ဒါကို ငါ့ရှိက ရတဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ လက်ဆောင်တစ်ခုလို့ ယူဆပါ။ မိုးဆင့်ခေါ်ခြင်းမန္တာန်နဲ့ဆိုရင် မင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ စွမ်းအားထောက်တိုင်ပုဂ္ဂိုလ်တွေနဲ့ မဆုံသ၍ မင်းကိုယ်မင်း ကာကွယ်နိုင်မှာပါ…”
သည်အခိုက်၌ ဝမ်လင်း၏စိတ်ထဲတွင် မိုးဆင့်ခေါ်ခြင်းနှင့်အံ့ဖွယ်လက်နက် မန္တာန်တို့ ပြည့်နေ၏။ သူက ၎င်းမန္တာန်နှစ်ခုထဲ၌ နစ်မြုပ်နေကာ အချက်အလက်များကို ဆက်တိုက် စုပ်ယူရင်း နားလည်အောင် လုပ်နေသည်။
ချင်းရွှေက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာမြင့်ပြီးသည့်နောက် သူက ဝမ်လင်းကို ကြည့်သည်။ သည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းက မင်းအသက်ဓာတ်အများကြီး ဆုံးရှုံးခဲ့ရတယ်။စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ဒီအတွက် ငါ မင်းကို အကူအညီ မပေးနိုင်ဘူး။ငါ့မန္တာန်တွေအားလုံးဟာလည်း တိုက်ခိုက်မှုအပေါ်မှာပဲ အာရုံစိုက်ထားခဲ့တာ။ ကုသတဲ့နေရာမှာ မရှိခဲ့ဘူး။ငါ့ဆရာရှိက သင်ယူခဲ့တဲ့ တစ်ခုတည်းသော တိုက်ခိုက်ခြင်းမန္တာန်မဟုတ်တဲ့အရာကတော့ ဝါးမြိုခြင်း မန္တာန်တစ်ခုသာ ရှိတယ်။အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ဒီမန္တာန်ကို ငါ အသုံးပြုခဲ့တာ မင်းတွေ့ခဲ့ဖူးပါတယ်…။ဒါ ဒီမန္တာန်ကို မင်းရှိ ပေးအပ်ခဲ့မယ်…”
ချင်းရွှေက ထိုသို့ ပြောနေရင်း သူ့ညာလက်ကို ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ နေရာချ၏။ ဝါးမြိုခြင်းနှင့် ပတ်သတ်သည့် အချက်အလက်များသည် ဝမ်လင်း၏စိတ်ထဲသို့ အရူးအမူး ဝင်ရောက်လာတော့သည်။
“ဒီမန္တာန်က အလွယ်တကူ အလွဲသုံးစား ဖြစ်သွားနိုင်တယ်…။ဆရာက ဒီမန္တာန် ငါ့ကို မသင်ပေးခင် တော်တော်လေး ချီတုံ့ချတုံ ဖြစ်ခဲ့သေးတယ်။ အခု မင်းက ဒါကို သင်ယူပြီးရင်တော့ ဒါကို မင်းရဲ့ နောက်ဆုံးဝှက်ဖဲအနေနဲ့ အသုံးပြုနိုင်မှာပါ…”
ချင်းရွှေက သက်ပြင်းချ၏။ ဝမ်လင်း၏အိုမင်းသည့် မျက်နှာကို ကြည့်ကာ သူ့ညာလက်ကို ပြန်ရုတ်သိမ်းသည်။ထို့နောက် သူက သူ့လျှာထိပ်ကို ကိုက်ကာ ထူးဆန်းသောစာလုံးတစ်လုံးအား သူ့သွေးဖြင့် ရေးဆွဲ၏။ထိုစာလုံးသည် အားကောင်းသော သွေးရနံ့ကို ပေးစွမ်းသည်။၎င်း ပေါ်လာသည်နှင့် ဟင်းလင်းပြင်ထဲရှိ အမှုန်အမွှားများသည် အလျင်အမြန် နောက်ဆုတ်သွားရသည်။
“မင်းရဲ့အသက်ဓာတ်ဆုံးရှုံးမှုက အတော်လေး ပြင်းထန်လှတယ်။ဒီစာလုံးက မင်းကို နည်းနည်းတော့ ကူညီပေးနိုင်မှာပါ…” ချင်းရွှေက သူ့ညာလက်ကို ဝှေ့ယမ်းသည်။ ထိုစာလုံးသည် ဝမ်လင်း၏ ရင်ဘက်ပေါ်သို့ ခပ်နှိပ်ပြီး ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ သူ့အသွင်က အလျင်အမြန် ပြန်ကောင်းမွန်လာသည်။ ခဏအကြာတွင် သူ့ဆံပင်ဖြူများသည် ပြန်လည်၍ မဲနက်လာ၏။ သူ့ခန္ဓာကိုယ်သည် အသက်ဓာတ်ဆုံးရှုံးထားသည့် အသွင်ဟန်ပန် ဆက်၍ ရှိမနေတော့ပေ။၎င်းအိုမင်းမှုက ဖုန်းကွယ်ထားသလို ဖြစ်သွားချေ၏။
“ဒီစာလုံးက အသက်ဓာတ်ကို ပြန်မစုဆောင်းပေးနိုင်ဘူး။ မဟုတ်ရင် မင်းက အခုလိုမျိုး ဖြစ်နေမှာ မဟုတ်တော့ဘူး…”
ချင်းရွှေက လှည့်၍ ကြယ်များကြားသို့ ခြေချကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ဂျူနီယာညီလေး…အခုကစပြီး ဂရုစိုက်ပါ….။ ဂျိနယ်ပယ် ပြန်ကောင်းမွန်စေတဲ့ နည်းလမ်းက နတ်ဘုရားပြစ်ဒဏ်နဲ့ ဆက်နွှယ်နေတယ်။ဒါပေမဲ့လည်း မင်းက နိဗ္ဗာနပြိုကွဲခြင်းအဆင့် မရောက်သေးခင် ဒီလမ်းကြောင်းကို မလျှောက်လှမ်းပါနဲ့။အဲ့အချိန်မတိုင်ခင်ထိ ဒီဂျိနယ်ပယ်ကို ရှောင်ကြဉ်ပါ…”
ချင်းရွှေသည် ထွက်ခွာသွားတော့၏။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သည့်နောက် သူက အသိစိတ်ပြန်ရလာသည်။ ချင်းရွှေပြောခဲ့သည့် အရာအားလုံးသည် သူ့နားထဲ၌ ကြားယောင်နေ၏။ သူက ချင်းရွှေ ထွက်ခွာသွားသည့်နေရာကို ကြည့်ကာ အချိန်အတန်ကြာ တိတ်ဆိတ်နေတော့သည်။
ဝမ်လင်းက ခပ်တိုးတိုး ဆိုသည်။ “ကျေးဇူးတင်ပါတယ်…” ဝမ်လင်းသည် သူ့စိတ်နှလုံးထဲ၌ မဖော်ပြုနိုင်စွမ်းသည့် ခံစားမှုကို ခံစားမိနေသည်။
သူက မဟာမိတ်ကြယ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်ရန် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ထံသို့ ပြန်မသွားတော့ပေ။ ထိုအစား သူက လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ အနီးစပ်ဆုံး လူသူကင်းမဲ့သည့် ဂြိုဟ်တစ်လုံးကို ရှာတော့၏။ လုံခြုံရန် သေချာစေပြီးမှ ဝမ်လင်းသည် လှိုဏ်ဂူတစ်ခု ပြုလုပ်ကာ ထိုင်ချသည်။
သူ့နတ်ဘုရားအာရုံသည် ပျံ့လွင့်နေ၏။ ထာဆန်သည် လှမ်းထွက်လာကာ လှိုဏ်ဂူကို စောင့်ကြပ်၏။ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ လီမူဝမ်ကို ကာရံပေးထားသည့် အတားအဆီးအလုံးကို ထုတ်ကာ သူ့လက်ပေါ်သို့ တင်၏။
ထိုအတားအဆီးလုံးကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ဖြစ်ပေါ်နေတော့သည်။သူက အတားအဆီးအလုံးကို ညင်သာစွာ ရိုက်ချက်တစ်ခု ဖြစ်ပေါ်စေရာ အတားအဆီးလုံးသည် ပွင့်လှစ်ကာ အသက်ဓာတ်အမျှင်တန်း ပါရှိသော လီမူဝမ်၏ စဦးစိတ်ဝိညာဉ်သည် ထွက်ပေါ်လာသည်။
“ဝမ်အာ…ငါ့သက်တမ်းအားလုံးနီးပါး ကုန်ဆုံးရမယ်ဆိုရင်တောင် မင်းအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ရှိမယ်ဆိုရင် ငါ ဆန္ဒရှိနေပါတယ်…”
ဝမ်လင်း၏အသံက တည်ငြိမ်နေသည်။သို့သော် သူ့အသံထဲ၌ နှလုံးသားနာကျင်မှုတို့ ပါဝင်နေပေသည်။
လီမူဝမ်၏စဦးစိတ်ဝိညာဉ်သည် အနည်းငယ် တုန်ခါသွား၏။ သူမသည် နိုးထာလာဖို့ ခွန်အား မရှိသော်လည်း သူမစဦးစိတ်ဝိညာဉ်၏ မျက်လုံးထံမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာသည်။ သို့သော် စဦးစိတ်ဝိညာဉ်များတွင် မျက်ရည်မရှိပေ။ မျက်ရည်စများသည် လွင့်ပြယ်သွားကာ တစ်စက်မှ ကျမလာခဲ့ပေ။ သို့သော် ၎င်းတို့က သည်ဧရိယာတွင် နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝမ်လင်းက လီမူဝမ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်ခုံးနှစ်ခုကြားတွင် အလင်းတစ်ခု ပေါ်လာ၏။ သည့်နောက် သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ အတွင်းသို့ စဦးစိတ်ဝိညာဉ်ကို နေရာချသည်။ သို့သော် ဝမ်လင်းသည် ဝမ်လင်း၏စဦးစိတ်ဝိညာဉ်ကို တွေ့မြင်သည့်အခါ ခုချိန်၌ အသက်ဓာတ်အငွေ့အသက် ရှိနေသော်လည်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ အတွင်း၌ လွင့်ပြယ်နေတုန်းပင်။
ထိုလွင့်ပြယ်ပျောက်ရှမှုသည် နှေးကွေးသော်လည်း ရပ်တန့်ခြင်း မရှိပေ။
ဝမ်လင်း၏မျက်နှာသည် ခါးသီးမှုနှင့် ပြည့်နေ၏။ သူက သူ့သိုလှောင်အိတ်ထဲမှ ကောင်းကင်ဖယ်ကြဉ်ခြင်း ခေါင်းတလားကို ထုတ်ယူ၏။ထိုသလင်းခေါင်းတလားသည် တောက်ပနေ၏။
ဝမ်လင်း၏လက်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲမှ လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ထုတ်ယူသည့်အခါ၌ တုန်ယင်နေ၏။ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားသော်လည်း ခုချိန်၌ ထပ်၍ စဉ်းစားနေမိပြန်သည်။
လီမူဝမ်၏ လွင့်ပါးနေသော စဦးစိတ်ဝိညာဉ်ကို ကြည့်နေရင်း ဝမ်လင်းသည် ၎င်းကို ခေါင်းတလားထဲသို့ ထည့်သွင်းလိုက်တော့သည်။ စဦးစိတ်ဝိညာည် ခေါင်းတလားထဲသို့ ကျရောက်သွားသည့်အခါ သူမသည ထိုင်လျက်ကနေ လှဲလျောင်းသွားသည်။
ဝမ်လင်းသည် စူးစိုက်ကြည့်နေ၏။ သူက သူ့ပတ်လည်ရှိ အရာအားလုံးကို မေ့နေသည်။ခုချိန်၌ လီမူဝမ်သာ တည်ရှိသည်။
လီမူဝမ်သည် လှဲလျောင်းသွားသည့်အခိုက်၌ ခေါင်းတလားထဲတွင် အံ့ဖွယ်အားတစ်ခုသည် ပြည့်နှက်လာသည်။ ထိုစွမ်းအားက ခေါင်းတလားတစ်ခုလုံးကို ဝန်းရံထားသည်။ ၎င်းက ဝေ့ခတ်သွားသည့်အခါ လီမူဝမ်၏စဦးစိတ်ဝိညာဉ်သည် တုန်ယင်ကာ ပျက်စီးမည့် အရိပ်အမြွက် ပြသလာ၏။
သို့သော် ထိုအခိုက်အတန့်၌ လီမူဝမ်၏စဦးစိတ်ဝိညာဉ်ထဲရှိ အသက်ဓာတ်အားအမျှင်တန်းသည် စတင်၍ ရွှေ့လျားလာကာ ပျက်စီးမှုကို နှေးကျစေသည်။ တဖြည်းဖြည်းဖြင့် ခေါင်းတလားထဲကနေ ငါးရောင်စုံအလင်းတစ်ခု ထွက်ပေါ်လာသည်။
သည်အခိုက်၌ ဝမ်လင်း၏နှလုံးသည် ပြောင်းလဲမှုကြီးကြီးမားမားကို တွေ့ကြုံနေသည်။သူက အသက်ဝဝရှုသွင်း၏။သူ့ဉာဏ်ရည်ဖြင့် သူသည် ချက်ခြင်း နားလည်သွားသည်။လီမူဝမ်တွင်သာ အသက်ဓာတ်အား မရှိပါက သူမသည် ဤခေါင်းတလားထဲ၌ ပျက်စီးသွားပေလိမ့်မည်။
“ဒီခေါင်းတလားက လူတွေရဲ့ အသက်ဓာတ်အားအပေါ်မှာ သက်ရောက်မှုတစ်ခု ရှိနေတယ်။ဒါက အသက်ဓာတ်အမျှင်တန်းတစ်ခု ဖြစ်နေရင်တောင်မှပေါ့…”
ခေါင်းတလားထဲရှိ ငါးရောင်စုံအလင်းသည် တလက်လက် ဖြစ်နေသည်။
သိပ်မကြာခင်တွင် အနီရောင်အမျှင်တန်းများသည် လီမူဝမ်၏စဦးစိတ်ဝိညာဉ် အပြင်ဘက်တွင် ပေါ်လာ၏။ ထိုအမျှင်တန်းများက သူများကို ထွေးပတ်ခြုံကာ သူမ၏ ခန္ဓာကိုယ်အပြင်ဘက်၌ အကြောင်းများ ဖြစ်စေသည်။ သည့်နောက် ငါးရောင်စုံအလင်းသည် ထိုအနီရောင်လိုင်းများတစ်လျှောက်တွင် သိပ်သည်းလာနေရင်း အမျိုးသမီးတစ်ဦး၏ အရိုးစု တစ်ခု ဖြစ်တည်လာသည်။
အသက်ရှုစာကြာချိန် အနည်းငယ် အတွင်း လီမူဝမ်၏ခန္ဓာကိုယ်သည် သူ့မျက်စိရှေ့တွင်ပင် ပြန်ဖြစ်ပေါ်လာသည်။ သူမသည် ခေါင်းတလားထဲ၌ အိပ်ပျော်နေသည့်အလား လှဲလျောင်းနေ၏။သူမက အသက်ရှုခြင်းပင် ရှိနေသည်။ဝမ်လင်းသည် ထိုအဖြစ်ကို ကြည့်ကာ မျက်ရည်များ စီးကျလာ၏။
“ဝမ်အာ…”
ထိုအကြည့်တစ်ချက်အတွက်ပင် ဝမ်လင်းသည် အရာအားလုံးမှာ ထိုက်တန်ပြီဟု ခံစားမိနေသည်။
သုံးရက်ကြာပြီးနောက် ဝမ်လင်းသည် လီမူဝမ်နှင့်အတူ သည်လူသူကင်းမဲ့သည့် ဂြိုဟ်ကနေ ထွက်ခွာလာပြီး မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ထံသို့ ဦးတည်လာသည်။
“ဝမ်အာ…ငါတို့ အိမ်ပြန်ကြစို့…”
ဝမ်လင်း၏ ဝမ်းနည်းမှုအပြည့်ပါသည့် အသံသည် ကြယ်များကြား၌ ပျံ့နှံ့၏။
သည်လဝက်တာ အချိန်တိုအတွင်း မဟာမိတ်ကြယ်အဖွဲ့အစည်း၌ သွေးလွှမ်းမှုများ စတင်ခဲ့လေပြီ။မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ခြမ်းမှ စတင်ခြင်းနှင့်အတူ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူစစ်တပ်သည် ကြယ်အဖွဲ့အစည်းအနှံ့ ဗြောင်းဆန်စေတော့၏။ အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအောက်၌ ကျင့်ကြံခြင်းဂြိုဟ် တစ်ခုပြီးတစ်ခုသည် ကျဆုံးကာ ထိုဂြိုဟ်များပေါ်ရှိ ကျင့်ကြံသူတော်တော်များများသည် နောက်ဆုတ်ကြသည်။
၎င်းက လောက အဆုံးသပ်အလား။ ပို၍ စိတ်ဝင်စားဖို့ ကောင်းသည့် အရာက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့သည် ဘာတစ်ခုမှ တန်ပြန် မပြုလုပ်သေးခြင်းပင်။သူတို့က ဖြစ်ပျက်သမျှ အပေါ်၌ စိုးရိမ်ပူပန်မှု မရှိသည့်အလား။
အလုံးစုံကောင်းကင်ဘက်ကမူ ထိုအခြင်းအရာကအတွက် သံသယအတော်ဝင် နေ၏။ သူတို့က မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို မဆုံးဖြတ်နိုင် ဖြစ်နေသည်။အရှင်မီးတောက်နှင် သူ့အပေါင်းအပါများပင် သံသယ ပြည့်နေကြသည်။
အလုံးစုံကြယ်အဖွဲ့အစည်း၌လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် တစ်ချိန်တည်းမှာ တန်ပြန်တိုက်ခိုက်မှုအတွက် စုစည်းထားကြ၏။ သူတို့က အခြားရန်သူ့ဘက်မှ ခြေကုပ်ရသွားရန် ဘယ်တော့မှ ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းက ငြိမ်သက်နေသည်သာမက အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုတစ်လေမှ ပေါ်ထွက်လာခြင်း မရှိသေးပေ။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း သိမ်းပိုက်ထားနိုင်သည့် ဂြိုဟ်များမှာ အဆင့်ခြောက်သာ ရှိ၏။သူတို့က အဆင့်ခုနစ်ဂြိုဟ်တစ်ခုကိုပင် ရှာတွေ့မိခြင်း မရှိသေးချေ။
ထိုထူးဆန်းသော ကိစ္စများက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို ပို၍ စိတ်ရှုပ်ထွေးစေ၏။ အပြင်ပိုင်း၌ အလုံးစုံကောင်းကင်သည် တောက်ပနေ၏။ သို့သော် သူတို့သည် မသိခြင်းနှင့် ရင်ဆိုင်နေရကာ အခြားရန်သူဘက်မှ လှုပ်ရှားမှုများကိုလည်း မခန့်မှန်းနိုင်ခြင်းသည် အလုံးစုံကောင်းကင်မှ မွန်းစတားအိုကြီးများကို မသက်မသာ ခံစားမိနေစေ၏။
ထိုအရာက အဓိကအချက် မဟုတ်သေးပေ။ သည်လဝက်တိုက်ခိုက်မှုများအတွင်း အဆင့်ခြောက်နိုင်ငံများ၏ တိုက်ပွဲစွမ်းရည်များသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို ကြီးစွာ တုန်လှုပ်စေခဲ့သည်။
သွေးဆာသောအကြည့်များ၊ လှည့်ဖျားသောအကြံအစည်များနှင့် ရင်ဆိုင်ရန်ခက်ခဲ့သည့် လက်နက်ရတနာများသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို ဆုံးရှုံးမှုများစေ၏။ ကျင့်ကြံမှုအဆင့်ခြင်း တူညီနေပါက အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် ရှုံးနိမ့်နိုင်ပေ၏။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို တုန်လှုပ်စေသည်က မဟာမိတ်မှ ကျင့်ကြံသူများသည် ပြတ်သားစွာ သတ်ဖြတ်ခြင်း၊ တိုက်ပွဲ အတွေ့အကြုံများခြင်းတို့ ရှိနေခြင်းပင်။အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် မဟာမိတ်မှ ကျင့်ကြံသူ တစ်ယောက်ချင်းစီသည် တန်လင်းဂြိုဟ်မှ လာသည့်အလား ခံစားမိနေ၏။
သည်အခိုက်၌ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ခြမ်း လူသူကင်းမဲ့သည့် ဂြိုဟ်တစ်ခုပေါ်တွင် ပြင်းထန်သောအော်ရာတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။သိပ်မကြာခင်တွင် ဂြိုဟ်တစ်ခုလုံး တုန်ဟီးလာသည်။
ကံကောင်းစွာဖြင့် သည်ဂြိုဟ်ပေါ်၌ မည်သူမျှ မနေထိုင်ကြခြင်းပင်။မဟုတ်ပါက မည်သူကမျှ သည်ကြမ်းတမ်းသော တုန်ဟီးမှုအောက်၌ ရှင်သန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။မြေကြီးထုသည် တုန်ခါကာ ပင်လယ်ပြင်သည် လှိုင်းထန်လေ၏။
ထိုဂြိုဟ်ထံမှ စိတ်လှုပ်ရှားနေသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံနှင့်အတူ ပိုမိုပြင်းထန်သော တုန်ခါမှုများ ဖြစ်စေ၏။
“ငါ ထွက်လာပြီ။ သေစမ်း….ဖန်လွမ်ဂြိုဟ်က မိန်းကလေးတွေ။ မင်းတို့အားလုံး စောင့်နေပါ။ မင်းတို့အားလုံးက ငါ့ကို ဒီလောက်အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံဖို့ အတင်း ဖြစ်စေခဲ့တယ်။ မင်းတို့က ငါ့ကို ရွေးချယ်စရာ မရှိ ဖြစ်စေခဲ့ပြီး ဒီအစုတ်အပြတ်ဂြိုဟ်မှာ ပုန်းကွယ်နေခဲ့ရတယ်။...”
မောက်မာလွန်းသည့် အသံသည် ဤဂြိုဟ်ပေါ်၌ ပျံ့လွင့်လာ၏။ တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုသည် ဂြိုဟ်၏အတွင်းဘက်ကနေ တဟုန်ထိုး ထိုးထွက်လာသည်။
ထိုပုံရိပ်၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် စုတ်ပြဲနေကာ သူ့အသားအရေသည် နက်မှောင် ညစ်ပေနေသည်။သူက အင်မတန် ရှုပ်ပွနေသည့်ပုံ ပေါ်နေ၏။ သို့သော် သူ့မျက်လုံးတို့မှာ တောက်ပလှသည်။ သူ့ထံမှ ထူးဆန်းသောအလင်းတစ်ခုကိုလည်း ပေးစွမ်းနေသေး၏။
သူက ထိုးထွက်လာသည်နှင့် အသံပေါက်ကွဲမှုများပါ ဖြစ်ပေါ်ကုန်၏။
“ငါက မွန်းကျပ်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ငါ ဘယ်လောက်ကြာအောင် တံခါးပိတ်ကျင့်ကြံခဲ့ရလည်းတောင် မမှတ်မိတော့ဘူး။ဒီအချိန်အတွင်းမှာ ငါ့မင်းသမီးလေးတွေအားလုံး သေဆုံးသွားရမှာ သနားစရာပဲ။ဖန်လွမ်ဂြိုဟ်…ဒီအကြိမ်တော့ ငါ တကယ် ဒေါသထွက်နေပြီ။ တစ်ချီတည်းနဲ့ ငါက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံခဲ့ပြီးပြီး…။အခု ငါ ဖန်လွမ်ဂြိုဟ်ပေါ်မှာ ဘုရင် လာလုပ်တော့မယ်…။ဟား..ဟား..”
ထိုပုံရိပ်သည် ကျယ်လောင်စွာ ကျိန်ဆဲရင်း လေထဲသို့ ထိုးတက်သွားတော့၏။
***