အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း (၂၃၁) - ရှေးဟောင်းဘုရားကျောင်း (၁)
တောင်ဘက်နယ်စပ်ဒေသသည် လူသူမနီးဘဲ အဆိပ်ရှိသော ပိုးမွှားများနှင့် ကြမ်းတမ်းသော သားရဲများ ပေါများလှသည်ဟု နာမည်ကြီးလေသည်။
အလယ်ပိုင်းလွင်ပြင်နှင့် ကွာခြားချက်မှာ တောင်ဘက်စွန်းတွင် ခန့်ညားထည်ဝါသော တောင်တန်းကြီးများ တည်ရှိနေပြီး မြေပြင်မှ ရုတ်တရက် ထိုးထွက်လာကာ တိမ်တိုက်များထဲသို့ တိုးဝင်နေသကဲ့သို့ တောင်နှင့် မြောက်ကို ပိုင်းခြားထားခြင်းပင် ဖြစ်၏။
ရှေးယခင်ကတည်းက အလယ်ပိုင်းလွင်ပြင်သည် မြေဆီလွှာ ကောင်းမွန်သဖြင့် တောင်ဘက်နယ်စပ်သို့ လူအရောက်အပေါက် မရှိသလောက်နည်းပါးလေသည်။
အကြောင်းမှာ လမ်းခရီးကြမ်းတမ်းခြင်း ၊ သားရဲနှင့် အဆိပ်ရှိပိုးမွှားများ ပေါများခြင်း ၊ အဆိပ်ငွေ့နှင့် ရေဆိုးများ ရှိခြင်းကြောင့်သာမက မြေရိုင်းများမှာလည်း စိုက်ပျိုး၍ မရသောကြောင့် ဖြစ်၏။
နောက်ပိုင်းတွင်မူ တောင်ဘက်ရှိ အဆုံးမရှိသော တောင်တန်းကြီးများထဲတွင် အသားစိမ်းစားကာ သွေးဆာတတ်သော လူရိုင်းမျိုးနွယ်စုများရှိနေပြီး ထိုထဲတွင် လူသားကို စားသောက်တတ်သည့် ကြောက်မက်ဖွယ် သတ္တဝါများ ရှိသည်ဟု ကောလာဟလများ ပျံ့နှံ့လာရာ လူသူအရောက်အပေါက် ပို၍ပင် နည်းပါးသွားတော့သည်။
တစ်နေ့တွင် ထိုလူရိုင်းများ တောင်ပေါ်မှ ဆင်းလာပြီး အလယ်ပိုင်းလွင်ပြင်ကို ကျူးကျော်ကာ ကမ္ဘာကြီးကို ဘေးဒုက္ခပေးမည်ကို လူတို့က နေ့ညမပြတ် စိုးရိမ်ခဲ့ကြလေသည်။
သို့သော် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်အတွင်း ထိုမျိုးနွယ်စုများက လူသားတို့ကို တိုက်ခိုက်သည်ဟူသော သတင်းများ မကြားရတော့ချေ။
တောင်ဘက်နယ်စပ်တွင် ထူးဆန်းသော သတ္တဝါများကို တစ်ခါတစ်ရံ မြင်တွေ့ရတတ်သော်လည်း လူတို့မှာမူ ထိုကောလာဟလများကို တဖြည်းဖြည်း မေ့လျော့လာကြပြီ ဖြစ်၏။
ယခုအခါတွင် တောင်ဘက်နယ်စပ်အနီး နေထိုင်သူများပင်လျှင် “နင် စကားနားမထောင်ရင် အဲဒီလူရိုင်းတွေ လာဖမ်းလိမ့်မယ်” ဟု ကလေးများကို ခြောက်လှန့်ရုံသာ ရှိတော့သည်။
ထိုမျိုးနွယ်စုများ တောင်နက်ထဲတွင် တကယ်ရှိ၊ မရှိကို မည်သူမျှ အလေးအနက် မစဉ်းစားကြတော့သလို မိုင်ပေါင်း ထောင်ချီဝေးသော အလယ်ပိုင်းလွင်ပြင်မှ လူများမှာမူ ပို၍ပင် ဂရုမစိုက်တော့ချေ။
ဆိုရလျှင် မြူနှင်းများ ဖုံးလွှမ်းနေသော ထိုတောင်တန်းကြီးများသည် လူတို့ မေ့လျော့ခြင်းကို ခံလိုက်ရသော နေရာတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။
သို့သော် သာမန်လူတို့ မေ့လျော့နေသော်လည်း တာအိုပညာရှင်များမှာမူ မမေ့ကြချေ။ လမ်းမှန်ဂိုဏ်းဖြစ်စေ ၊ မိစ္ဆာဂိုဏ်းဖြစ်စေ ၊ အတွေ့အကြုံရှိသူတိုင်း သိထားသည်မှာ တောင်ဘက်လူရိုင်းမျိုးနွယ်စုများ ကမ္ဘာကို မဖျက်ဆီးနိုင်ခြင်းမှာ လမ်းမှန်ဂိုဏ်းကြီး တစ်ခုဖြစ်သည့် ဖန်ရှန်းတောင်ကြားကြောင့်ပင် ဖြစ်သည်။
ခန့်ညားထည်ဝါသော တောင်တန်းကြီးများသည် တောင်နှင့်မြောက် ဆက်သွယ်ရေးကို ဖြတ်တောက်ထားလေသည်။ အလယ်ပိုင်းလွင်ပြင်မှ လူများမှာ တောင်ဘက်သို့ မသွားနိုင်သလို အရိုင်းအစိုင်း မျိုးနွယ်စုများမှာလည်း မြောက်ဘက်သို့ မလာနိုင်ကြချေ။
သို့သော် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က ကောင်းကင်ယံမှ ကပ်ဘေးကြီးတစ်ခု ကျရောက်ခဲ့ပြီး မိုင်ပေါင်း ထောင်ချီအတွင်းရှိ သာမန်လူသားများစွာ သေဆုံးခဲ့ရသည်။
ထိုကပ်ဘေးကြီးအပြီးတွင် တောင်တန်းကြီး၏ အလယ်တွင် မိုးကြိုးပစ်ချခဲ့သဖြင့် သုံးပေခန့်ကျယ်သော လမ်းကျဉ်းလေးတစ်ခု ပေါ်ပေါက်လာသည်ကို တစ်စုံတစ်ယောက်က တွေ့ရှိခဲ့လေသည်။
ထိုအချိန်မှစ၍ တောင်တန်းကြီးထဲတွင် ထူးဆန်းသော လူရိုင်းမျိုးနွယ်စုများ ပုန်းအောင်းနေပြီး သာမန်လူသားများကို ရံဖန်ရံခါ လာရောက် တိုက်ခိုက်သည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။
နယ်စပ်ရှိ သာမန်လူသားများသည် ဖန်ရှန်းတောင်ကြား ပေါ်မလာခင်အထိ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရလေသည်။
လမ်းမှန်ဂိုဏ်းဝင်များထဲတွင် ဖန်ရှန်းတောင်ကြား၏ မူလဇစ်မြစ်မှာ အနက်ရှိုင်းဆုံး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင့်ငါးရာခန့်က ဖန်ရှန်းတောင်ကြား ဂိုဏ်းသားများ လောကအနှံ့ လှည့်လည်သွားလာခဲ့သည်ဟူသော မှတ်တမ်းများ ရှိခဲ့သည်။
သမိုင်းကြောင်းအရ ဆိုလျှင်လည်း ချင်းယွင်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများကသာ ဖန်ရှန်းတောင်ကြားထက် သက်တမ်းပိုရှည်လေသည်။ ထျန်းယင်ကျောင်းတော်ပင်လျှင် သူတို့ထက် သက်တမ်းပိုတိုသေး၏။
သို့သော်လည်း ဤဂိုဏ်းသည် အမြဲတမ်းသိုသိုသိပ်သိပ်သာ နေထိုင်တတ်သည်။ ထူးချွန်သော တာအိုပညာရှင်များ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သော်လည်း လောကရေးရာများတွင် သူတို့၏ သြဇာမှာ သိပ်မကြီးမားခဲ့ချေ။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်တွင် တောင်ဘက်နယ်စပ်ရှိ ထိုလမ်းကျဉ်းလေးအနီးတွင် သူတို့သည် တောင်ကြားတစ်ခုကို တွေ့ရှိကာ အခြေချခဲ့ကြပြီး ထိုအချိန်မှစ၍ ဖန်ရှန်းတောင်ကြားဟု လူသိများလာခဲ့သည်။
ထိုနှစ်ပေါင်း ရှစ်ရာအတွင်း မယုံနိုင်လောက်အောင် ထူးချွန်သည့် ပညာရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး သူတို့၏ အင်အားမှာ တစ်နေ့တခြား ကြီးထွားလာကာ ယခုအခါတွင် ချင်းယွင်ဂိုဏ်း ၊ ထျန်းယင်ကျောင်းတော်တို့နှင့် ရင်ပေါင်တန်းနိုင်သော လမ်းမှန်ဂိုဏ်းကြီး သုံးခုအနက် တစ်ခု ဖြစ်လာခဲ့လေသည်။
ယခုလက်ရှိ ဖန်ရှန်းတောင်ကြား၏ ဂိုဏ်းချုပ် ယွင်ယီလန်သည် ချင်းယွင်ဂိုဏ်းချုပ် တာအိုရွှမ် ၊ ထျန်းယင်ကျောင်းတော်မှ ဖူဟုန်တို့နှင့်အတူ လမ်းမှန်ဂိုဏ်း၏ အဓိကဒေါက်တိုင်များ ဖြစ်ကြသည်။
သို့သော် ထိုသူမှာ အမြဲတမ်းသိုသိုသိပ်သိပ်နေတတ်သဖြင့် သူ၏ ကျော်ကြားမှုမှာ ကျန်နှစ်ဦးလောက် မကြီးမားချေ။
တည်နေရာကြောင့် ဖန်ရှန်းတောင်ကြားသည် “တွင်းနက်” ဟု လူသိများသော ထိုလမ်းကျဉ်းလေးကို စောင့်ကြပ်ရန် တာဝန်ယူခဲ့သည်။
ထိုအချိန်မှစ၍ လူရိုင်းမျိုးနွယ်စုများ သာမန်လူတို့ကို လာရောက် နှောင့်ယှက်သည်ဟူသော ကောလာဟလများ မရှိတော့ချေ။ ထို့ကြောင့် ဒေသခံများအဖို့ ဖန်ရှန်းတောင်ကြားမှာ အလွန်ကြည်ညိုလေးစားဖွယ် ကောင်းလှပြီး နတ်ဘုရားများကဲ့သို့ ကိုးကွယ်ကြလေသည်။
ဤအချက်အလက်များကို မိစ္ဆာဂိုဏ်းဖြစ်သော သရဲဘုရင်ဂိုဏ်းတွင် မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်အတွင်း ကွေ့လိက ဖတ်ရှုခဲ့ဖူးရာ ယခုအခါ စိတ်ထဲတွင် ပြန်လည် မြင်ယောင်နေမိသည်။
သူသည် ကျိုးယီရှန်ထံမှ ငါးမိစ္ဆာမျိုးနွယ်အကြောင်းကို မေးမြန်းခဲ့ပြီးနောက် တောင်ဘက်သို့ ခရီးနှင်လာသည်မှာ ယနေ့ဆိုလျှင် သုံးရက်မြောက် ရှိပြီ ဖြစ်၏။
ခရီးကို အလျင်အမြန် နှင်လာခဲ့သဖြင့် တောင်တန်းကြီးများ၏ အနီးသို့ ရောက်ရှိလာခဲ့လေပြီ။
ညမှာ နက်လာခဲ့ပြီ ဖြစ်၏။ ဤညတွင် လမင်းမှာ ကောင်းကင်ယံ၌ ထွန်းလင်းနေပြီး တိမ်တိုက်များမှာ အနည်းငယ် ထူထပ်နေကာ ကြယ်အနည်းငယ် ပျောက်ကွယ်နေသော်လည်း လရောင်မှာမူ ကြည်လင်နေဆဲ ဖြစ်သည်။
လရောင်သည် ကမ္ဘာမြေကို ဖြာကျနေပြီး သူ အခြေချနေသည့် တောင်ကုန်းလေးကို လင်းထိန်စေသည်။
ကွေ့လိသည် တောင်ကုန်းပေါ်တွင် ရပ်ကာ တောင်ဘက်သို့ လှမ်းကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ မျောက်ကလေး ရှောင်ဟွေးမှာ သူ၏ ပခုံးပေါ်တွင် ထိုင်ကာ ဘယ်ကရမှန်းမသိသော သစ်သီးတစ်လုံးကို မြိန်ရည်ယှက်ရည် စားနေ၏။
ဤခရီးတွင် ပထမ နှစ်ရက်အတွင်း သားသတ်ဘုန်းကြီး ချန်ထားခဲ့သည့် အမှတ်အသားများကို သူ တွေ့ရှိခဲ့သေးသည်။ သို့သော် ယနေ့တွင် ထိုဘုန်းကြီးမှာ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ မည်သည့်သဲလွန်စကိုမျှ မေတွ့ရတော့ပေ။
ယခင်ရက်များက ချန်ထားခဲ့သော သတင်းအချက်အလက်များအရ ခြေရာခံခြင်းတွင် ကျွမ်းကျင်သော သားသတ်ဘုန်းကြီးသည် ထူးဆန်းသော ငါးမိစ္ဆာမျိုးနွယ်စုဝင်များ တောင်ဘက်သို့ အလျင်အမြန် သွားနေကြကြောင်း အတည်ပြုခဲ့သည်။ သူတို့၏ ရည်မှန်းချက်မှာ တောင်ဘက်နယ်စပ်ရှိ သူတို့၏ ခိုအောင်းရာသို့ ပြန်ရန်ပင် ဖြစ်သည်။
သားသတ်ဘုန်းကြီးက ထိုငါးမိစ္ဆာများနှင့် ထိပ်တိုက် တွေ့နေပြီလား။
ကွေ့လိသည် အသာအယာ သက်ပြင်းချလိုက်မိပြီး သူ၏ မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ဖြတ်ပြေးသွားလေသည်။ လူရိုင်းမျိုးနွယ်စုများသည် အလယ်ပိုင်းလွင်ပြင်မှ လူများနှင့် အလွန်ကွာခြားကြောင်း သရဲဘုရင်ဂိုဏ်း မှတ်တမ်းများတွင် ဖော်ပြထားဖူးသည်။
ထိုလူများသည် ကျင့်စဉ်များအကြောင်းကို မသိကြသော်လည်း ထူးဆန်းသော မှော်အတတ်များကို တတ်ကျွမ်းကြသည်ဟု ဆို၏။
သားသတ်ဘုန်းကြီးသည် ငယ်ရွယ်ပြီး ဒေါသကြီးသော်လည်း သရဲဘုရင်ဂိုဏ်း၏ မျိုးဆက်သစ်များထဲတွင် ထူးချွန်သူတစ်ဦး ဖြစ်ကာ ကွေ့လိ၏ ဘေးတွင် အမြဲလိုက်ပါတတ်သော လက်ရုံးတစ်ဦးလည်း ဖြစ်သည်။
ယခုအခါ သူ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ကွေ့လိမှာ စိုးရိမ်နေမိသည်။ သူသည် အရှေ့သို့ လှမ်းကြည့်လိုက်ရာ မှောင်မည်းနေသော ညတွင် တောင်ဘက်အရပ်၌ အရိပ်များ လှုပ်ရှားနေသကဲ့သို့ ရှိနေ၏။
ကြီးမားသော သားရဲကြီးတစ်ကောင်က ခြိမ်းခြောက်နေသကဲ့သို့ ခံစားရသည်မှာ ထိုနေရာသည် ဒဏ္ဍာရီလာ တောင်တန်းကြီးများ တည်ရှိရာအရပ် ဖြစ်လေသည်။ ထိုတောင်တန်းများ၏ အောက်တစ်နေရာတွင်မူ ဒဏ္ဍာရီလာ ဖန်ရှန်းတောင်ကြား ရှိနေပေလိမ့်မည်။
တောင်ဘက်နယ်စပ်သည် ဖန်ရှန်းတောင်ကြား၏ နယ်မြေ ဖြစ်သဖြင့် မိစ္ဆာဂိုဏ်းသား တစ်ဦးတစ်ယောက်တည်း ဝင်ရောက်လာခြင်းမှာ အလွန်အန္တရာယ်များလှသည်။
ကွေ့လိ စဉ်းစားနေစဉ်မှာပင် သူသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လမင်းမှာ ကောင်းကင်ယံ၌ တစ်စုံတည်း ချိတ်ဆွဲထားသကဲ့သို့ ရှိနေသည်။ တိမ်မည်းများကြားမှ လရောင်မှာ ရုတ်တရက် ထူးဆန်းသွားလေသည်။
ညကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကြည်လင်သော လရောင်အောက်တွင် မိုးကုတ်စက်ဝိုင်းကို ဖြတ်ကာ တောင်ဘက်ရှိ တောင်တန်းများထဲသို့ ဆင်းသက်သွားသည်။
ကွေ့လိသည် ထိုထူးဆန်းသော အလင်းတန်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် သူသည် ဆုံးဖြတ်ချက် တစ်ခုချလိုက်ပြီး ပခုံးပေါ်မှ ရှောင်ဟွေးကို ပုတ်ကာ ဝိညာဉ်ဝါးမျိုတုတ်ကို အသုံးပြု၍ ထိုအလင်းတန်း နောက်သို့ လိုက်ပါသွားတော့သည်။
ညကောင်းကင်ယံတွင် တိမ်မည်းများ ထူထပ်လာပြီး လရောင်မှာလည်း မှိန်ဖျော့လာလေသည်။ တောင်ဘက်နယ်စပ်တွင်သာ ရှိနိုင်သည့် ထူးဆန်းသော အငွေ့အသက်များမှာလည်း ဤညတွင် ပို၍သိပ်သည်းလာသကဲ့သို့ ရှိနေ၏။
ထိုအလင်းတန်းမှာ ကွေ့လိ ပုန်းအောင်းနေသည့် နေရာနှင့် ဆယ်မိုင်ခန့်သာ ဝေးသော တောင်တန်းများကြားသို့ ဆင်းသက်သွားသည်။ တောင်ဘက်နယ်စပ်တွင် တောင်များစွာ ရှိပြီး သစ်ပင်တောအုပ်များမှာလည်း ထူထပ်လှသည်။
ထိုတောင်ကုန်းလေးပေါ်ရှိ တောအုပ်ထဲတွင်မူ အိုမင်းနေသော ရှေးဟောင်းဘုရားကျောင်းတစ်ခု ရှိနေ၏။
အလင်းတန်းမှာ ထိုဘုရားကျောင်းရှေ့တွင် ဆင်းသက်လိုက်ပြီးနောက် အနည်းငယ်တုန်ခါသွားကာ အရိုးပေါ် အရေတင်နေသော လူအိုကြီးတစ်ဦး ပေါ်ထွက်လာလေသည်။
သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး မည်သူမျှ မရှိကြောင်း သေချာစေပြီးမှ ဘုရားကျောင်းထဲသို့ ဝင်သွားတော့သည်။
တောနက်ထဲရှိ ပျက်စီးနေသော ဘုရားကျောင်းထဲသို့ ညသန်းခေါင်ယံတွင် လူတစ်ယောက် ရောက်လာသည်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။ ခဏအကြာတွင် ဘုရားကျောင်းပြင်ပရှိ တောအုပ်အရိပ်ထဲမှ ကွေ့လိ ပေါ်ထွက်လာ၏။
သူသည် ရှေးဟောင်းဘုရားကျောင်းကို ခဏမျှ စူးစမ်းကြည့်ပြီး ကောင်းကင်ကို ပြန်မော့ကြည့်လိုက်သည်။ တိမ်များမှာ ပို၍မှောင်လာပြီး လမင်းကို ဖုံးကွယ်သွားလေသည်။
သူ၏ ကိုယ်ဟန်မှာ လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး ဘုရားကျောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
ဤရှေးဟောင်းဘုရားကျောင်းမှာ ဟောင်းနွမ်းနေပြီ ဖြစ်၏။ နံရံများမှာ ပြိုပျက်နေပြီး အတွင်းရှိ ခန်းမဆောင်ကြီးမှာလည်း အပေါက်အပြဲများဖြင့် ပြည့်နှက်နေသည်။
အေးစက်သော ညလေညင်း တိုက်ခတ်လာတိုင်း ပြတင်းပေါက်ဟောင်းများမှာ တကျီကျီ မြည်ဟီးနေကာ ည၏ အမှောင်ထုထဲတွင် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ဖောက်...
မီးညှိလိုက်သကဲ့သို့ အသံအနည်းငယ် ထွက်ပေါ်လာပြီး ခန်းမဆောင်ကြီးထဲတွင် မှိန်ဖျော့သော အလင်းရောင်လေး တစ်ခု ပေါ်လာသည်။ သို့သော် ထိုအလင်းရောင်မှာ ခန်းမ၏ အလယ်ကိုသာ အနည်းငယ် လင်းစေပြီး ကျန်နေရာများမှာမူ မှောင်မည်းနေဆဲပင်။
ဂျီဂျီ ၊ ဂျီဂျီဂျီ...
ရုတ်တရက် ခန်းမထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ထိုအသံမှာ ညဘက်တွင် တစ္ဆေများ ငိုကြွေးနေသကဲ့သို့ ရှိရာ ကြားရသူကို ကြက်သီးထစေသည်။