← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) - ရှေးဟောင်းဘုရားကျောင်း (၂)

ကွေ့လိသည် အရိပ်ထဲတွင် ပုန်းကာ ခန်းမဆောင်ထဲသို့ လှမ်းကြည့်လိုက်၏။

မှိန်ဖျော့သော အလင်းရောင်အောက်တွင် စောစောက လူအိုကြီးအပြင် အခြားအမျိုးသားနှစ်ဦးကိုလည်း တွေ့လိုက်ရသည်။

တစ်ဦးမှာ အသက်သုံးဆယ်ခန့် ရှိပြီး သာမန်ကိုယ်လုံးကိုယ်ပေါက် ဖြစ်ကာ နောက်တစ်ဦးမှာမူ အရပ်ရှည်ပြီး တစ်ကိုယ်လုံးကို ဝတ်ရုံခြုံကာ ဖုံးကွယ်ထားသဖြင့် ခေါင်းကိုပင် မမြင်ရချေ။ ထိုထူးဆန်းသော အသံမှာ ထိုသူ၏ ဝတ်ရုံအောက်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အသံမှာ ဘုရားကျောင်းထဲတွင် ပဲ့တင်ထပ်နေပြီး မိစ္ဆာတစ်ကောင် နိုးထလာသကဲ့သို့ အေးစက်လှသည်။

ကွေ့လိသည် အေးစက်စွာ စောင့်ကြည့်နေမိသည်။ သူသည် ဤကဲ့သို့ ထူးဆန်းသော ဘာသာစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သဖြင့် မည်သည့်အရာကို ဆိုလိုမှန်း မသိချေ။

သို့သော် ကျန်နှစ်ဦး၏ မျက်နှာပေးကို ကြည့်ခြင်းဖြင့် တစ်စုံတစ်ခုကို သိနိုင်သည်။ ခဏအကြာတွင် ထိုဝတ်ရုံခြုံထားသူက စကားပြောခြင်းကို ရပ်လိုက်ရာ ဘေးမှ နားထောင်နေသော လူလတ်ပိုင်းက လူအိုကြီးကို လှည့်ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်က ပြောတာကတော့ ဒီတစ်ခါ ဘာမှ မအောင်မြင်တဲ့အပြင် လူတွေလည်း ဆုံးရှုံးရတယ်... သဲလွန်စလည်း ပေါ်သွားတယ်... ဒါတွေ အားလုံးက ခင်ဗျားပေးတဲ့ သတင်း အမှားတွေကြောင့်ပဲတဲ့။ သားရဲနတ်ဘုရားက ဒါကို သိသွားရင် အကြီးအကျယ် ဒေါသထွက်လိမ့်မယ်”

ထိုလူလတ်ပိုင်းက ‘သားရဲနတ်ဘုရား’ ဟူသော အမည်ကို ပြောလိုက်ချိန်တွင် သူ၏ အသံမှာ တုန်ယင်သွားပြီး ဝတ်ရုံခြုံထားသူမှာလည်း တုန်လှုပ်သွားသကဲ့သို့ ရှိသည်။

လူအိုကြီးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“ငါတို့ရဲ့ သဘောတူညီချက်က သားရဲနတ်ဘုရားကို နတ်ဘုရားဧကရာဇ် မင်ကျောက်တုံး ရှိတဲ့နေရာကို ပြောပြဖို့ပဲ။ ငါတို့ သိထားတာကတော့ အဲဒီ ကျောက်တုံးဟာ သေမင်းနွံတောထဲက နတ်ဘုရင် ရတနာတိုက်ထဲမှာ ရှိနေတယ် ဆိုတာပဲ။ ဘာဖြစ်လို့ ငါတို့ကို သတင်းအမှား ပေးတယ်လို့ အပြစ်တင်ရတာလဲ”

သူသည် ဝတ်ရုံခြုံထားသူကို ကြည့်ကာ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“မင်းတို့ အရည်အချင်း မရှိလို့ မရခဲ့တာ မဟုတ်ဘူးလား”

ထိုစကားကို ကြားသည်နှင့် ဝတ်ရုံခြုံထားသူမှာ ဒေါသတကြီးဖြင့် ပြန်လည် အော်ဟစ်တော့သည်။

ဂျီဂျီ.... ဂျီဂျီဂျီဂျီ...

ကွေ့လိမှာ ထိုစကားများကို နားမလည်သော်လည်း စူးရှပြီး အလျင်စလို ဖြစ်နေသော အသံကို နားထောင်ခြင်းဖြင့် ထိုသူ ဒေါသထွက်နေကြောင်း သိနိုင်သည်။

ထိုသူ အော်ဟစ်ပြီးနောက် ဘာသာပြန်ပေးနေသော လူလတ်ပိုင်း၏ မျက်နှာမှာလည်း ပျက်သွားလေသည်။ ထိုသူ စကားရပ်သွားသည်နှင့် လူလတ်ပိုင်းက အနည်းငယ် တုံ့ဆိုင်းကာ ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်က ပြောတာကတော့ သူတို့ သေမင်းနွံတောကို မရောက်ဖူးပေမဲ့ အဲဒီနေရာဟာ အမြဲတမ်းလူသူမနီးတဲ့ နေရာမှန်း သူတို့ သိတယ်တဲ့”

“ဒါပေမဲ့ ဒီတစ်ခါမှာတော့ အလယ်ပိုင်းလွင်ပြင်က ပညာရှင်တွေ အများကြီး အဲဒီကို ရောက်နေကြတယ်။ ဒါဟာ ခင်ဗျားတို့ သတင်းအမှား ပေးလို့ပဲတဲ့”

လူအိုကြီးသည် အံ့အားသင့်သွားလေသည်။ ဝတ်ရုံခြုံထားသူက အကြာကြီး ပြောခဲ့သော်လည်း ဤလူလတ်ပိုင်း ဘာသာပြန်သည်မှာ တစ်ကြောင်းတည်းသာ ရှိသည်။

ထိုဝတ်ရုံခြုံထားသူမှာ ရိုင်းစိုင်းသော စကားများကို ထည့်ပြောခဲ့ဟန် တူသဖြင့် ဤလူလတ်ပိုင်းက ချန်လှပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

လူအိုကြီးက ခဏမျှ စဉ်းစားပြီးနောက် ထိုသူကို မပြစ်မှားချင်ဟန်ဖြင့် ဆိုလိုက်သည်။

“ဒီတစ်ခါ နတ်ဘုရင်ရတနာတိုက် ပေါ်လာတာဟာ ထူးဆန်းတဲ့ နိမိတ်တွေ ပြခဲ့လို့ လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့တာ။ အလယ်ပိုင်းလွင်ပြင်က လူတွေ ဒါကို ကြားပြီး ရောက်လာကြတာဟာ ငါတို့ ထိန်းချုပ်လို့ ရတဲ့ အရာမှ မဟုတ်တာ”

ဝတ်ရုံခြုံထားသူမှာမူ ဒေါသမပြေသေးဘဲ ထပ်မံအော်ဟစ်ပြန်သည်။ လူလတ်ပိုင်းက ခေါင်းညိတ်ကာ လူအိုကြီးကို ပြန်ပြောပြသည်။

“မျိုးနွယ်စုခေါင်းဆောင်က ပြောတာကတော့ အဲဒီ နတ်ဘုရင်ဧကရာဇ် မင်ကျောက်တုံးဟာ သားရဲနတ်ဘုရားအတွက် အရမ်းအရေးကြီးတယ်တဲ့။ အခု လက်ချည်းသက်သက် ပြန်လာခဲ့ရလို့ သားရဲနတ်ဘုရားက စိတ်ဆိုးပြီး မျိုးနွယ်စုဝင်တစ်ချို့ကို သတ်ပစ်လိုက်ပြီတဲ့”

လူအိုကြီးသည် ထိုစကားကို ကြားသောအခါ မျက်နှာ ပျက်သွားသော်လည်း သူ၏ မျက်လုံးထဲတွင်မူ လှောင်ပြောင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို တွေ့ရသည်။

သက်လတ်ပိုင်းလူက ဆက်ပြောလေသည်။

“ဒါကြောင့် အခု အဲဒီကျောက်တုံး ဘယ်သူ့ဆီမှာ ရှိနေလဲ ဆိုတာကို အမြန်စုံစမ်းပေးပါဦး။ သူတို့ သွားလုပြီး သားရဲနတ်ဘုရားဆီကို ဆက်သရမှာမို့လို့ပါ”

ပုန်းအောင်းနေသော ကွေ့လိမှာ စဉ်းစားမိသွားသည်။ သူတို့ ပြောနေသော နတ်ဘုရားဧကရာဇ် မင်ကျောက်တုံး ဆိုသည်မှာ ရှောင်ဟွေး မျိုချလိုက်သော ထူးဆန်းသော ကျောက်တုံးများ ဖြစ်နေမလား။

လူအိုကြီးက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါကို ငါတို့ တာဝန်ယူလိုက်မယ်။ သုံးရက်အတွင်း မင်းတို့ကို အကြောင်းပြန်မယ်”

ဝတ်ရုံခြုံထားသူမှာ တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး ဂျီဂျီ ဂျီဂျီ ဟု အော်ပြောပြန်သည်။ သက်လတ်ပိုင်းလူက လူအိုကြီးကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်က သဘောတူပါတယ်။ သုံးရက်နေရင် ဒီမှာ ပြန်ဆုံကြမယ်တဲ့”

လူအိုကြီးက ခေါင်းညိတ်ပြသော်လည်း ထိုဝတ်ရုံခြုံထားသူမှာမူ နောက်ထပ် မစောင့်တော့ဘဲ လှည့်ထွက်သွားလေသည်။ သူတို့နှစ်ဦးကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အလွန်ရိုင်းစိုင်းလှ၏။

လူအိုကြီး၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး ထိုသူ၏ ကျောပြင်ကို ကြည့်ကာ မကျေမနပ် ဖြစ်နေသည်။ သက်လတ်ပိုင်းလူရွယ်က သူ့ကို အမြန်ဆွဲကာ ခေါင်းခါပြလိုက်မှ လူအိုကြီးမှာ စိတ်ကို ထိန်းလိုက်တော့သည်။

ထိုဝတ်ရုံခြုံထားသူ အမှောင်ထဲသို့ ပျောက်ကွယ်သွားမှ လူအိုကြီးက မြေကြီးပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်ပြီး ဆဲဆိုလိုက်သည်။

“ဒါက ဘယ်လို အကောင်မျိုးလဲ ၊ တကယ့်ကို ကောင်စုတ်တွေပဲ”

လူလတ်ပိုင်းက ပြုံးကာ ဆိုလိုက်သည်။

“ဦးလေး... စိတ်မဆိုးပါနဲ့။ သူတို့နဲ့ ယှဉ်ပြီး စိတ်တိုမနေပါနဲ့”

လူအိုကြီးက နှာခေါင်းရှုံ့ကာ ဆိုသည်။

“ငါ သူတို့ကို ဂရုမစိုက်ပါဘူး”

ထို့နောက် သူက လူလတ်ပိုင်းကို ကြည့်ကာ ဆက်ပြောသည်။

“ဒါနဲ့ စွန်းထု... မင်း ဒီကောင်တွေနဲ့ သုံးနှစ်လောက် အတူနေပြီး သူတို့ရဲ့ ငှက်ဘာသာစကားကို သင်ခဲ့ရတာ အတော်လေး ပင်ပန်းခဲ့မှာပဲ”

စွန်းထုဟုခေါ်သော လူလတ်ပိုင်းက ပြုံးကာ ဆိုလိုက်သည်။

“တပည့်က ဂိုဏ်းရဲ့ ကျေးဇူးတွေ အများကြီး ခံစားထားရတာပါ။ ဒါပေမဲ့ ပါရမီနည်းတော့ ဂိုဏ်းချုပ်နဲ့ ဦးလေးတို့ရဲ့ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲဆိုတာ အမြဲတွေးပူနေတာ။ အခုလို အခွင့်အရေး ရလာတော့ တပည့် အစွမ်းကုန် ကြိုးစားရမှာပေါ့”

ကွေ့လိသည် ‘ဂိုဏ်းချုပ်’ ဟူသော စကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ အေးစက်သွားလေသည်။

ဦးလေးဖြစ်သူက ခေါင်းညိတ်ကာ စွန်းထု၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူက လှောင်ပြုံးပြုံးကာ ဆိုပြန်သည်။

“ကံကောင်းတာက ဂိုဏ်းချုပ်က ထက်မြက်တယ်။ ငါက စိတ်အေးအေးထားတတ်မှန်း သိလို့ ဒီကောင်တွေနဲ့ တွေ့ဖို့ ငါ့ကို လွှတ်လိုက်တာ။ တကယ်လို့ ဟိုလူအိုကြီး ရှန်းကွမ်းချိုက်သာ လာရင်တော့ ချက်ချင်းကို အကုန်ဖျက်ဆီးပစ်မှာ သေချာတယ်”

စွန်းထုက ရယ်ရုံသာ ရယ်လိုက်ပြီး ရှန်းကွမ်းချိုက် အကြောင်းကိုမူ ဘာမှမဝေဖန်ဝံ့ဟန် ရှိ၏။

ကွေ့လိမှာမူ ယခုအခါ မည်သည့် သံသယမျှ မရှိတော့ချေ။ ရှန်းကွမ်းချိုက်သည် ဖန်ရှန်းတောင်ကြား၏ ထိပ်တန်း ပညာရှင်များအနက် တစ်ဦး ဖြစ်ပြီး လူသိမများသော်လည်း နာမည်မှာမူ ကျော်ကြားလှသည်။

အထူးသဖြင့် လွန်ခဲ့သော ဆယ်နှစ်က ချင်းယွင်ဂိုဏ်း တိုက်ပွဲတွင် သရဲဘုရင်က လှည့်ကွက် သုံးကာ ကျိုးယင်ကို ရှန်းကွမ်းချိုက်အဖြစ် ဟန်ဆောင်ခိုင်းပြီး ထျန်းယင်ကျောင်းတော်မှ ရဟန်းကို လုပ်ကြံခိုင်းခဲ့သည်။

ထိုအစီအစဉ်မှာ အောင်မြင်ခဲ့ပြီး ဂိုဏ်းကြီး နှစ်ခုကို ပြိုကွဲလုနီးပါး ဖြစ်စေခဲ့သည်။ ထိုအချိန်က ကွေ့လိသည် ကျန်းရှောင်ဖန်း အမည်ဖြင့် ချင်းယွင်ဂိုဏ်းသား တစ်ဦး ဖြစ်ခဲ့ရာ ထိုနာမည်ကို ကောင်းကောင်း မှတ်မိနေခြင်း ဖြစ်၏။

သူတို့နှစ်ဦးက ထိုထူးဆန်းသောသူကို ‘ကောင်စုတ်’ ဟု ခေါ်နေကြသဖြင့် ထိုသူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းနိုင်သည်။ လမ်းမှန်ဂိုဏ်းဟု ဆိုသော ဖန်ရှန်းတောင်ကြားမှာ ဤကဲ့သို့ မယုံနိုင်စရာ ကောင်းသည့် မိစ္ဆာအငွေ့အသက်များ ရှိနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

ကွေ့လိသည် ခန်းမထဲရှိ လူနှစ်ဦးကို အမှောင်ထဲမှ အေးစက်စွာ ကြည့်နေမိသည်။ သူ၏ နှုတ်ခမ်းတွင်လည်း မထီမဲ့မြင် ပြုံးတစ်ခု ပေါ်နေ၏။

ထိုလူနှစ်ဦးမှာ ခဏမျှ ထပ်မံ ဆွေးနွေးပြီးနောက် စွန်းထုက ဖယောင်းတိုင်ကို မှုတ်ကာ ငြှိမ်းသတ်လိုက်သည်။ သူတို့နှစ်ဦးမှာ ဘုရားကျောင်း အပြင်ဘက်သို့ ထွက်လာကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။

ကွေ့လိက အမှောင်ထဲတွင် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ဘုရားကျောင်း ပြင်ပမှ ထူးဆန်းသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာလေသည်။

ဘုရားကျောင်းထဲမှ လူနှစ်ဦးမှာ လန့်သွားကာ ရပ်တန့်လိုက်ကြ၏။

ထိုအသံမှာ စူးရှပြီး ဒေါသများ ပါဝင်နေသလို ထိတ်လန့်နေသည့် အသံလည်း ဖြစ်သည်။ လူအော်သံနှင့် မတူဘဲ တောသားရဲ တစ်ကောင်၏ အော်သံနှင့် တူလှသည်။

သို့သော် ကွေ့လိကမူ ထိုအသံမှာ စောစောက ဝတ်ရုံခြုံထားသူ၏ အသံ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ တစ်ချိန်တည်းမှာပင် လူအိုကြီးနှင့် စွန်းထုတို့လည်း သိလိုက်ကြသဖြင့် မျက်နှာများ ပျက်သွားကာ ဘုရားကျောင်း အပြင်ဘက်သို့ အမြန် ပြေးထွက်သွားကြလေသည်။

တောနက်ထဲတွင် ချုံခိုတိုက်ခိုက်မှု တစ်ခု ရှိနေသည်လော။

လရောင်မှာ အေးစက်နေပြီး ထူးဆန်းသော အငွေ့အသက်များမှာ ပို၍ပင် နက်ရှိုင်းလာသကဲ့သို့ ရှိနေတော့သည်။

ဘုရားကျောင်း အပြင်ဘက်ရှိ တောင်ကုန်းတစ်ခု၏ အနောက်ဘက်...

ခရမ်းရောင်အလင်းတန်း တစ်ခုသည် ညမှောင်ထဲတွင် ရုတ်တရက် ပွင့်ထွက်လာပြီး ကောင်းကင်ယံသို့ တိုးဝင်သွားကာ အောက်သို့ ပြန်လည် ထိုးဆင်းသွားသည်။

မိုင်အနယ်းငယ်အကွာမှပင် ကွေ့လိသည် စူးရှသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။ မျက်မှောင်ကျုံ့သွားပြီး ဤသည်မှာ မည်သည့်မှော်လက်နက် ဖြစ်ကြောင်းကို ချက်ချင်း သိလိုက်၏။

ဖန်ရှန်းတောင်ကြားမှ လူနှစ်ဦးမှာ ပျံသန်းလာကြသော်လည်း လူအိုကြီးမှာ စွန်းထုထက် ကျင့်စဥ်အဆင့်ပိုသာသဖြင့် ခဏချင်းပင် ရှေ့သို့ ရောက်သွားလေသည်။

သူ၏ လက်ထဲတွင်လည်း ဓားတစ်လက် ပေါ်လာပြီး ခရမ်းရောင်အလင်းတန်း ရှိရာသို့ ဦးတည်သွားသည်။

သို့သော် သူ တောင်ကုန်းပေါ်သို့ မရောက်ခင်မှာပင် ညမှောင်ထဲတွင် အသည်းခိုက်မတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

လူအိုကြီး၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားကာ ပို၍ အရှိန်တင်ကာ ပျံသန်းသွားတော့သည်။ ကွေ့လိကမူ တခြားတစ်ဖက်မှ တိတ်တဆိတ် လိုက်ပါသွား၏။

သွေးညှီနံ့မှာ နှာခေါင်းထဲသို့ ချက်ချင်း တိုးဝင်လာသည်။ နှစ်ပိုင်း ပြတ်နေသော ဝတ်ရုံမှာ မြေပြင်သို့ လွင့်ကျနေပြီး သွေးနီရဲရဲများမှာ နေရာအနှံ့ ပျံ့နှံ့နေ၏။ ဝတ်ရုံအောက်မှ ပေါ်ထွက်လာသူမှာ ငါးခေါင်းနှင့် လူကိုယ်လုံး ရှိသော ငါးမိစ္ဆာတစ်ဦး ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူ၏ ခေါင်းမှ ဆီးစပ်အထိ တစ်ချက်တည်းနှင့် နှစ်ပိုင်း ပိုင်းဖြတ်ခြင်း ခံထားရလေပြီ။ သူ၏ အလောင်းမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော်လည်း လူသတ်သမားမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

လူအိုကြီးမှာ ထိတ်လန့်သွားသလို ဒေါသလည်း ထွက်နေမိသည်။ ဤလူသတ်သမားမှာ ခဏချင်းအတွင်း သတ်ဖြတ်ပြီး ပျောက်ကွယ်သွားသဖြင့် ကျင့်စဥ်အဆင့်မှာ သူ့ထက်နိမ့်ကျမည်မဟုတ်ချေ။

သူသည် ဤငါးမိစ္ဆာများကို အလွန် မုန်းတီးသော်လည်း ဂိုဏ်းချုပ်က ထိုမျိုးနွယ်စုများနှင့် အရေးကြီးသော ကိစ္စများ ရှိနေကြောင်း သိသည်။ ယခုကဲ့သို့ သူ၏ မျက်စိရှေ့တွင် အသတ်ခံလိုက်ရသဖြင့် နောက်ပိုင်းတွင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

စွန်းထုလည်း ရောက်လာပြီး ထိုအလောင်းကို မြင်သောအခါ ဘာမှ မပြောနိုင်တော့ချေ။

လူအိုကြီး၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေပြီး သူသည် ကောင်းကင်သို့ ပျံတက်ကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ သို့သော် မှောင်မည်းနေသော တောအုပ်ကြီးထဲတွင် လူသတ်သမားကို မည်သို့ ရှာတွေ့နိုင်ပါမည်နည်း။

ရုတ်တရက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘယ်က ပညာရှင်လဲ... ထွက်ခဲ့စမ်းပါ။ ဖန်ရှန်းတောင်ကြားက လူရွှန်းက ပညာဖလှယ်ချင်လို့ပါ”

သူ၏ အသံမှာ တောတောင်များထဲတွင် ပဲ့တင်ထပ်သွားသည်။

“လူရွှန်းက ပညာဖလှယ်ချင်လို့ပါ... လူရွှန်းက ပညာဖလှယ်ချင်လို့ပါ...”

သို့သော် ထိုအသံမှတစ်ပါး အခြား မည်သည့် တုံ့ပြန်သံမျှ မကြားရချေ။

လူရွှန်း၏ မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေသည်။ ခဏအကြာတွင် သူသည် မြေသို့ ပြန်ဆင်းလာပြီး စွန်းထုကို အမြန် ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်ရဲ့ အလောင်းကို သိမ်းပြီး တောင်ကြားကို ပြန်ယူသွားလိုက်။ လူသတ်သမားက အနီးအနားမှာပဲ ရှိဦးမှာ။ မြေကြီးကို သုံးပေတူးရမယ် ဆိုရင်တောင် ငါ အဲဒီလူကို ရှာရမယ်”

စွန်းထုက အမြန်ခေါင်းညိတ်ကာ အလောင်းကိုပွေ့ချီသွားတော့သည်။

All Chapters