← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) - မိစ္ဆာအစီအရင် (၁)

ဟူချီတောင်။

သရဲဘုရင်ဂိုဏ်း၏ ဌာနချုပ် တည်ရှိရာနေရာ….

ခြောက်သွေ့တိတ်ဆိတ်လှသော တောင်တန်းကြီး၏ အောက်ခြေတွင် သရဲဘုရင်ဂိုဏ်း၏ ဌာနချုပ်ကို ခိုင်ခံ့လှသော ကျောက်ဂူကြီးအတွင်း၌ လျှို့ဝှက်စွာ တည်ဆောက်ထား၏။

ကွေ့ကောက်နေသော မြေအောက်ဥမင်လိုဏ်ခေါင်း၏ နက်ရှိုင်းတိတ်ဆိတ်လှသော တစ်နေရာတွင်မူ ကျောက်နံရံများ၌ အကွာအဝေး အနည်းငယ်စီခြားကာ ကြေးမီးအိမ်များကို ချိတ်ဆွဲထားပြီး မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်နေလေသည်။

မျက်နှာတွင် အနက်ရောင်မျက်နှာဖုံးစွပ်ထားသော ယိုကျီသည် သူမ၏သွယ်လျသော ကိုယ်လုံးလေးကို လှုပ်ရှားကာ မှောင်မိုက်သော လမ်းမထက်တွင် တစ်ဦးတည်း လျှောက်လှမ်းနေ၏။

အဝေးမှကြည့်လျှင် သူမသည် အမှောင်ထဲမှ ဝိညာဉ်တစ်ကောင်နှင့်ပင် တူလှပေသည်။

ဤနေရာသည် သရဲဘုရင်ဂိုဏ်း၏ ကန့်သတ်နယ်မြေဖြစ်ပြီး ပိယောင်ရှိနေသော ကျောက်ဂူနှင့်အတူ သရဲဘုရင်ဂိုဏ်း၏ အလွန်ဆန်းကြယ်သော နေရာတစ်ခုလည်း ဖြစ်ပေသည်။

သာမန်တပည့်များအားလုံးကို ဤနေရာသို့ လုံးဝဝင်ခွင့်မပြုချေ။ သို့သော် ယိုကျီသည် သရဲဘုရင်ဂိုဏ်း၏ အကြီးမြတ်ဆုံးသော သံတမန်လေးပါးအနက် တစ်ဦးဖြစ်သဖြင့် ဂိုဏ်း၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဤနေရာများသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခွင့် ရှိလေသည်။

သို့သော်လည်း အဆုံးမရှိသကဲ့သို့ နက်ရှိုင်းလှသော ဥမင်လိုဏ်ခေါင်းကြီးကို ကြည့်ကာ သူမ၏ခြေလှမ်းများ ရုတ်တရက် နှေးကွေးသွား၏။

သူမသည် တစ်စုံတစ်ခုကို တွန့်ဆုတ်နေသကဲ့သို့ ရှိသော်လည်း နောက်ဆုံးတွင်မူ ရှေ့သို့ ဆက်လက်လှမ်းလျှောက်သွားလေသည်။

ရှေ့ဘက်ရှိ မှောင်မိုက်လှသော အရိပ်များထဲမှ ထူးဆန်းပြီး တိုးညင်းလှသော အော်ဟစ်သံအချို့ ထွက်ပေါ်လာ၏။ ၎င်းသည် တောရိုင်းတိရစ္ဆာန်များက နာကျင်စွာအော်ဟစ် ဟိန်းဟောက်နေသကဲ့သို့ပင်။

ရှည်လျားသော နောက်ထပ်ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းပြီးနောက် နံရံနှစ်ဖက်ရှိ မီးအိမ်များ၏ အလင်းရောင်သည် ပိုမိုမှိန်ဖျော့လာ၏။

နောက်ဆုံးတွင်ယိုကျီသည် ဥမင်လိုဏ်ခေါင်း၏ အဆုံးသို့ ရောက်ရှိသွားပြီး သူမ၏ရှေ့တွင် ကျောက်တံခါးကြီးတစ်ချပ် ပေါ်လာလေသည်။ တံခါးအထက်တွင် စာလုံးသုံးလုံးကို ထွင်းထုထား၏။

နဂါးချုပ်မျှော်စင်…

ယိုကျီသည် ထိုစာလုံးသုံးလုံးကို အချိန်အတော်ကြာ စိုက်ကြည့်နေမိ၏။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မကြာသေးမီကမှ စတင်ထွက်ပေါ်လာသော ထူးဆန်းသည့် အော်ဟစ်သံများသည် တဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး လေထုထဲတွင်လည်း ညှီစို့စို့ သွေးနံ့များက ဖုံးလွှမ်းလာလေသည်။

ယိုကျီ၏မျက်နှာပေါ်ရှိ အနက်ရောင်မျက်နှာဖုံးမှာ အနည်းငယ်လှုပ်ရှားသွား၏။ သူမသည် ခေါင်းကိုညင်သာစွာ ခါယမ်းကာ သက်ပြင်းချလိုက်ပြီးနောက် ကျောက်တံခါးအတွင်းသို့ ဝင်ရောက်သွားလေသည်။

ကျောက်တံခါးအတွင်းသို့ ရောက်သည်နှင့် ကျယ်ပြောလှသော နေရာလွတ်ကြီးတစ်ခု ပေါ်လာလေသည်။

၎င်းသည် အမှန်တကယ်ပင် ဧရာမကျောက်ဂူကြီးတစ်ခုဖြစ်ပြီး ဘေးပတ်ပတ်လည်တွင် ထူးဆန်းလှသော ကျောက်ဆောင်ကြီးများက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တည်ရှိနေကြလေသည်။

ယိုကျီရှိနေသော ကျောက်တံခါး၏ ရှေ့တွင်မူ လေထဲတွင် လွင့်မျောနေသော ကျောက်လမ်းငယ်တစ်ခု ရှိနေပြီး ၎င်းသည် ကျောက်ဂူကြီး၏ အလယ်ဗဟိုကို ဖြတ်သန်းကာ ကွေ့ကောက်လျက် ရှေ့သို့ ဦးတည်နေ၏။

ယခုအချိန်တွင် သူမသည် ကျောက်ဂူကြီး၏ လေထုအထက်တွင် ရောက်ရှိနေခြင်းပင်။

ယိုကျီသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်ပေ။ သူမသည် ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ခြင်းမရှိဘဲ ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် ကျဉ်းမြောင်းလှသော ကျောက်လမ်းငယ်အတိုင်း လျှောက်လှမ်းသွားလေသည်။

ကျောက်ဂူကြီး၏ အပေါ်ပိုင်းတစ်ဝက်မှာ မှောင်မိုက်နေသော်လည်း ကျောက်လမ်း၏ အောက်ခြေတွင်မူ အနီရောင်အလင်းတန်းများ လင်းလက်နေပြီး အပေါ်သို့ ရောင်ပြန်ဟပ်နေသဖြင့် ကျောက်ဂူအပေါ်ပိုင်းရှိ ကျောက်ဆောင်များကို ပိုမိုကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်နေသကဲ့သို့ ရှိနေသည်။

လေထုထဲရှိ သွေးညှီနံ့မှာ ပိုမိုပြင်းထန်လာလေသည်။

ဧရာမဈကျောက်ဂူကြီး၏ လေထုထဲတွင် လွင့်မျောနေသော ကျောက်သားလမ်းလေးသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းလော သို့မဟုတ် လူတို့ပြုလုပ်ထားခြင်းလော မသိရချေ။

၎င်းသည် လေထဲတွင် အလျားလိုက် တည်ရှိနေပြီး အဝေးမှကြည့်လျှင် အောက်ခြေတွင် ထောက်ကန်ထားသော ကျောက်တိုင်တစ်တိုင်မျှ မရှိသဖြင့် အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။

ယိုကျီ၏ အနက်ရောင်ကိုယ်လုံးလေးသည် ကျောက်လမ်းအတိုင်း လျှောက်လှမ်းသွားရာ ခြေသံတစ်ချက်မျှ မထွက်ပေါ်သဖြင့် အလွန်ပင် ခြောက်ခြားဖွယ်ကောင်းလှ၏။

သို့သော် မကြာမီမှာပင် သူမသည် ရှေ့ဘက်၌ လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

သရဲဘုရင်ပင်။

ကျောက်လမ်း၏ အဆုံးတွင် ခုနစ်ပေခန့် ကျယ်ဝန်းသော ကျောက်စင်မြင့်တစ်ခု ရှိပြီး သရဲဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေ၏။

သူ၏ ကြီးမားကျယ်ပြန့်သောကျောပြင်ကို ကြည့်ရသည်မှာ တည်ငြိမ်ပြီး ခန့်ညားလှကာ ဤဧရာမ ကျောက်ဂူကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

ယိုကျီသည် သူ၏နောက်သို့ လျှောက်သွားပြီး တိုးညင်းစွာ ခေါ်လိုက်၏။

“ဂိုဏ်းချုပ်…”

သရဲဘုရင်က ခေါင်းကိုလှည့်ကာ ခေါင်းညိတ်ပြပြီး ပြုံးလျက် ပြောလိုက်သည်။

“မင်း ရောက်လာပြီပဲ…”

ယိုကျီ၏မျက်နှာပေါ်ရှိ အနက်ရောင်မျက်နှာဖုံးသည် ရုတ်တရက် တုန်လှုပ်သွားသကဲ့သို့ ငြိမ်သက်သွား၏။

ကျောက်လမ်းသည် ဤစင်မြင့်သို့ ရောက်သောအခါ အဆုံးသတ်သွားပြီး ရှေ့တွင် မည်သည့်အရာမျှ မရှိတော့ချေ။ ထို့ကြောင့် ကျောက်ဂူအောက်ခြေရှိ ဆန်းကြယ်လှသော အနီရောင်အလင်းတန်းများသည် ဤနေရာမှကြည့်လျှင် ပိုမိုတောက်ပနေ၏။

သရဲဘုရင် ခေါင်းလှည့်လိုက်သောအခါ ထိုအနီအလင်းတန်းသည် သူ၏မျက်နှာပေါ်သို့ ရောင်ပြန်ဟပ်သွားပြီး သူ၏မျက်နှာကို ဝေဝါးသွားစေကာ သူ၏မျက်လုံးများထဲတွင်ပင် နီရဲသောအလင်းတန်းများ ယှက်သန်းနေသကဲ့သို့ ရှိချေသည်။

သရဲဘုရင်သည် ဤအရာများကို သတိပြုမိပုံမရဘဲ ပြောလိုက်၏။

“ဒီကို လာခဲ့ဦး…”

ယိုကျီသည် လျှောက်သွားပြီး ညီညာသော စင်မြင့်ထက်တွင် ရပ်လိုက်ရာ ချက်ချင်းပင် သူမ၏မျက်လုံးများ ပြူးကျယ်သွား၏။

ကျောက်လမ်း၏ ကာကွယ်မှုမရှိတော့သဖြင့် ကျောက်ဂူအောက်ခြေရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

အောက်ခြေတွင်မူ ဧရာမ သွေးအိုင်ကြီးတစ်ခု ရှိနေပြီး လတ်ဆတ်သော သွေးများက ဧရာမကျောက်ဂူကြီး၏ အောက်ခြေတစ်ခုလုံးကို ဖုံးလွှမ်းနေလေ၏။

သရဲဘုရင်ဂိုဏ်းသည် ဤမျှများပြားလှသော သွေးများကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။ လေထုထဲရှိ ပြင်းထန်လှသော သွေးညှီနံ့များသည် အောက်ခြေမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

သွေးအိုင်ကြီးထဲတွင်မူ ဧရာမသားရဲကြီးနှစ်ကောင် နစ်မြုပ်နေ၏။ တစ်ကောင်မှာ သေမင်းနွံတောမှ ရွှေဝါရောင်ငှက် ဖြစ်ပြီး အခြားတစ်ကောင်မှာ အရှေ့ပင်လယ် လျိုပိုတောင်မှ ရှားပါးလှသော ခွေ့နျိုပင် ဖြစ်ချေသည်။

ရှေးဟောင်းသားရဲကြီးနှစ်ကောင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် သွေးအိုင်ထဲတွင် နစ်မြုပ်နေပြီး တစ်ချိန်တည်းမှာပင် သွေးအိုင်၏အထက်၌ အလင်းတန်းတစ်ခုက သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံထား၏။

​ထိုအလင်းတန်း ထွက်ပေါ်လာရာ အရပ်ကို ကြည့်လိုက်လျှင် ၎င်းသည် လေထဲတွင် ဆန်းကြယ်စွာ လွင့်မျောနေသော အစွမ်းထက်လှသည့် ဖူလုံအိုးကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သရဲဘုရင်နှင့် ယိုကျီတို့သည် ဖူလုံအိုးကြီး ရှိရာနေရာနှင့် အတော်လှမ်းလှမ်းတွင် ရပ်နေကြသော်လည်း ယိုကျီသည် အိုးကြီး၏အထက်တွင် မန္တန်များ ရွတ်ဖတ်နေသော အနက်ရောင်လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

သို့သော် နီရဲသောအလင်းတန်းများကြောင့် ရှင်းလင်းစွာ မမြင်ရချေ။ သို့သော်လည်း သူမသည် ထိုသူမှာ မည်သူဖြစ်သည်ကို သိရှိနေ၏။ သူသည် သရဲဘုရင်ဂိုဏ်း၏ အဆန်းကြယ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည့် သရဲဆရာပင်။

ယိုကျီသည် သရဲဘုရင်ဂိုဏ်း၏ သံတမန်လေးပါးအနက် တစ်ဦးဖြစ်သဖြင့် သရဲဘုရင်ဂိုဏ်း၏ အကြောင်းအရာအားလုံးကို အသေးစိတ် သိရှိထားသော်လည်း ဤသရဲဆရာ၏ အကြောင်းကိုမူ မသိရှိချေ။

အကြောင်းရင်းမှာ အလွန်ပင်ရိုးရှင်းလှ၏။ ဤသူသည် သရဲဘုရင်ဂိုဏ်းမှ ဆင်းသက်လာသူ မဟုတ်ချေ။ လက်ရှိ သရဲဘုရင် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပြီးနောက်တွင်မှ ဤဆန်းကြယ်သော လူရိပ်သည် သူ၏ဘေး၌ ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်၏။

သရဲဘုရင်သည် သူ့ကို အလွန်လေးစားပြီး ဤဆန်းကြယ်သော ပုဂ္ဂိုလ်သည် ရံဖန်ရံခါ တိုက်ခိုက်ရာတွင် ထုတ်ဖော်ပြသခဲ့သော ထူးဆန်းသည့် စွမ်းရည်များသည် ချင်းလုံနှင့် ယိုကျီကဲ့သို့သော သရဲဘုရင်ဂိုဏ်း၏ ထိပ်သီးပညာရှင်များကိုပင် တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ယိုကျီ၏ စိတ်ထဲတွင်မူ ထိုသူ့ကို အမြဲတမ်း အလွန်သတိထားခဲ့၏။ အဓိကအကြောင်းရင်းမှာ သရဲဆရာ၏ ပြင်းထန်သော တိုက်တွန်းမှုကြောင့် သရဲဘုရင်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က နတ်ဘုရားလေးပါး သွေးအစီအရင်ကို စတင်ခဲ့သောကြောင့်ပင်။

သရဲဘုရင်ဂိုဏ်း၏ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော အမွေအနှစ် မှော်ရတနာဖြစ်သည့် ဖူလုံအိုးကြီးသည် ဆန်းကြယ်သော မူလအစရှိပြီး အတိုင်းအဆမရှိသော နတ်ဘုရားစွမ်းအားများ ပါရှိကာ အလွန်ထူးခြားလှ၏။

ထိုအိုးကြီး၏ ကိုယ်ထည်ပေါ်တွင် ရိုးရှင်းလှသော အလှဆင်ပုံစံများအပြင် ဆန်းကြယ်လှသော စာသားများစွာကိုလည်း ထွင်းထုထားပြီး သရဲဘုရင်ဂိုဏ်း၏ ဘိုးဘေးအဆက်ဆက်သည် ၎င်းတို့ကို အပြည့်အဝ နားမလည်နိုင်ခဲ့ကြချေ။

လက်ရှိ သရဲဘုရင်သည် ထူးချွန်ထက်မြက်လှသော ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင် သူ၏ဘေးတွင် ထိုကဲ့သို့သော ဆန်းကြယ်သည့် စာသားများကို ကျွမ်းကျင်ပုံရသော သရဲဆရာ ရုတ်တရက် ပေါ်လာခဲ့၏။

ထိုကြောင့် သူတို့နှစ်ဦး ပူးပေါင်းကာ ထိုဆန်းကြယ်သော စာသားများကို အောင်မြင်စွာ အဓိပ္ပာယ်ဖော်နိုင်ခဲ့ကြသည်။

ထိုအိုးကြီးပေါ်တွင် ထွင်းထုထားသော စာသားများထဲ၌ နတ်ဘုရားလေးပါး သွေးအစီအရင် ဟုခေါ်သော ထူးဆန်းသည့် အစီအရင်တစ်ခုကို မှတ်တမ်းတင်ထား၏။

၎င်းသည် ရှေးဟောင်းခေတ်မှ ရှားပါးသားရဲကြီးလေးကောင်၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုကာ ဤအိုးကြီး၏ ဆန်းကြယ်သော စွမ်းအားကို နှိုးဆွရပြီး လောကတွင် အနှိုင်းမဲ့လှသော အစီအရင်တစ်ခု ဖြစ်လာစေသည်။

ရှေးဟောင်းအိုးကြီးပေါ်ရှိ စာသားများအရ ဤနတ်ဘုရားလေးပါး သွေးအစီအရင် ပြီးမြောက်သွားပါက ၎င်း၏စွမ်းအားသည် ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည်အထိ ပြင်းထန်သည်ဟု ဆိုထားလေသည်။

သရဲဘုရင်သည် ရည်မှန်းချက်ကြီးမားပြီး ရက်စက်တတ်ကာ ထူးချွန်သော ပါရမီနှင့် ရဲရင့်သော အမြော်အမြင်ရှိသူ ဖြစ်သဖြင့် ထိုကဲ့သို့သော စွမ်းအားကို လျစ်လျူရှုထားမည် မဟုတ်ချေ။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ချင်းယွင်ဂိုဏ်း တိုက်ပွဲတွင် ချင်းယွင်ဂိုဏ်း၏ ကျူးရှန်းဓား၏ စွမ်းအားသည် လောကကို တုန်လှုပ်စေခဲ့ပြီး အတားအဆီးအားလုံးကို ချေမှုန်းနိုင်ခဲ့ရာ ၎င်းသည် လူသားတို့၏ စွမ်းအားဖြင့် ခုခံနိုင်သောအရာ မဟုတ်ချေ။

သရဲဘုရင်သည် သေချာစွာ စဉ်းစားပြီးနောက် ဤနတ်ဘုရားလေးပါး သွေးအစီအရင်သာလျှင် ကျူးရှန်းဓားအစီအရင်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု ယူဆခဲ့၏။

ထိုအချိန်မှစ၍ သရဲဘုရင်ဂိုဏ်းသည် ဤနတ်ဘုရားလေးပါး သွေးအစီအရင်အတွက် ပြင်ဆင်မှုများကိုသာ အဓိကထား လုပ်ဆောင်ခဲ့လေသည်။

ယိုကျီသည် သရဲဘုရင်၏ ဝေဝါးလှသော ကိုယ်လုံးမှ အကြည့်လွှဲလိုက်ပြီး သွေးအိုင်ထဲရှိ နတ်ဘုရားသားရဲကြီးနှစ်ကောင်ကို ကြည့်လိုက်၏။

All Chapters