အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) - တိတ်တဆိတ် ခိုးဝင်ခြင်း (၃)
လမ်းမှန်ဂိုဏ်းများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဖန်ရှန်းတောင်ကြားကို မည်သူက ဤမျှ ရဲရဲတင်းတင်း လာရောက်စော်ကားရဲသနည်း။
မိစ္ဆာဂိုဏ်း၏ မျိုးဆက်သစ် ထိပ်သီးပညာရှင်များ ဖြစ်ကြသော ၎င်းတို့နှစ်ဦးပင်လျှင် ဖန်ရှန်းတောင်ကြား၏ လျှို့ဝှက်ပညာရှင်များနှင့် ရင်ဆိုင်ရပါက ခိုးဝင်နိုင်မည့်အရေးကို သေချာစွာ စဉ်းစားရပေမည်။
၎င်းတို့နှစ်ဦး ဤနေရာသို့ စတင်ရောက်ရှိချိန်တွင် ကျင်းဖျင်အာက တိုးညင်းစွာ မမေးဘဲမနေနိုင် ဖြစ်သွား၏။
“ဒါ ရှင့်ရဲ့ သရဲဘုရင်ဂိုဏ်းတော့ မဟုတ်လောက်ပါဘူးနော်...”
ကွေ့လိသည် သဘာဝကျစွာပင် ငြင်းဆိုလိုက်သော်လည်း သူသည် စဉ်းစားကြည့်ရာ မိစ္ဆာဂိုဏ်းမှလွဲ၍ ဤလောကတွင် မည်သည့်အင်အားစုက ဤမျှ မောက်မာရဲသနည်း ဟူသော အချက်ကို နားမလည်နိုင် ဖြစ်နေသည်။
ယနေ့ညတွင် ဖန်ရှန်းတောင်ကြားရှိ ဆူညံသံများသည် ခဏအကြာတွင်လည်း လူရိပ်များသည် တောင်ကြားဝင်ပေါက်ဆီသို့ ဆက်လက်ဦးတည်နေကြဆဲ ဖြစ်ရာ ထိုနေရာရှိ အခြေအနေမှာ လျော့ပါးသွားခြင်း မရှိသည့်အပြင် ပိုမိုဆိုးရွားလာပုံရပေသည်။
ကွေ့လိနှင့် ကျင်းဖျင်အာတို့သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသော်လည်း ၎င်းတို့ရှေ့ရှိ အခြေအနေမှာ အခွင့်ကောင်းတစ်ခု ဖြစ်သဖြင့် ကွေ့လိက ဘေးရှိ ကျင်းဖျင်အာကို တိုးညင်းစွာ ပြောလိုက်၏။
“ဝင်ကြစို့...”
ကျင်းဖျင်အာသည် ခေါင်းညိတ်လိုက်သော်လည်း ကွေ့လိကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ကျွန်မကတော့ တောင်ကြားဝင်ပေါက်က ဆူညံသံကို အရမ်းစိတ်ဝင်စားတယ်... ရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အဲဒီဘက်ကို အရင်သွားကြည့်ရင် ဘယ်လိုလဲ...”
ကွေ့လိသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလျက် ပြောလိုက်၏။
“မင်းပဲ သွားလိုက်ပါ... ကျုပ်ကတော့ ဖန်ရှန်းတောင်ကြားရဲ့ ပိုနက်ရှိုင်းတဲ့ နေရာကို သွားကြည့်မယ်...”
မှောင်မိုက်မှုထဲတွင် ကျင်းဖျင်အာသည် အံ့အားသင့်သွားပုံရပြီးနောက် ပြောလိုက်၏။
“ကောင်းပြီလေ... ဒါဆိုလည်း ဂရုစိုက်ပါ...”
ကွေ့လိသည် အနည်းငယ် အံ့အားသင့်သွားသည်။ ဂရုစိုက်ပါ ဆိုသည့် စကားလုံးနှစ်လုံးသည် ကျင်းဖျင်အာ၏ ပါးစပ်မှ ရုတ်တရက် ထွက်ပေါ်လာသဖြင့် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိသော်လည်း ကျင်းဖျင်အာသည် သူ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ ချိုသာစွာ ပြုံးပြပြီးနောက် သူမ၏ ပုံရိပ်သည် မှေးမှိန်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် တောင်ကုန်းပေါ်မှ တိတ်တဆိတ် လျှောဆင်းသွားကာ အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ကွေ့လိသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
ဖန်ရှန်းတောင်ကြား၏ သက်တမ်းသည် ချင်းယွင်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့နှင့် နှိုင်းယှဉ်၍မရသော်လည်း ဤနေရာတွင် အခြေစိုက်ခဲ့သည်မှာ နှစ်ပေါင်းရှစ်ရာကျော် ရှိခဲ့ပြီ ဖြစ်သည်။
ကွေ့လိ၏ ပုံရိပ်သည် ညဉ့်ရိပ်များထဲတွင် တိတ်တဆိတ် ရွေ့လျားနေပြီး သူ၏ရှေ့တွင် ဘုရားကျောင်းဆောင်များနှင့် အဆောက်အအုံများစွာသည် စနစ်တကျ တည်ရှိနေကြသည်။
ထိုဗိသုကာလက်ရာများကို ကြည့်ရသည်မှာ အလယ်ပိုင်းလွင်ပြင်၏ ဒီဇိုင်းများနှင့် ဆင်တူသော်လည်း ပြတင်းပေါက်ဘောင်များနှင့် အမိုးစွန်းများကဲ့သို့သော အသေးစိတ် အချက်အလက်များတွင်မူ တစ်ခါတစ်ရံ ကြမ်းတမ်းသော သားရဲတိရစ္ဆာန်ပုံများဖြင့် အလှဆင်ထားရာ ၎င်းမှာ အလယ်ပိုင်းလွင်ပြင်တွင် မတွေ့ရသောအရာ ဖြစ်သည်။
ဤနှစ်ပေါင်းရှစ်ရာအတွင်း ဖန်ရှန်းတောင်ကြားသည် တောင်ပိုင်းနယ်စပ်၏ ဒေသခံရိုးရာဓလေ့များ၏ လွှမ်းမိုးမှုကိုလည်း ခံခဲ့ရပုံရပေသည်။
တောင်ကြားဝင်ပေါက်ဘက်တွင်မူ ဆူညံသံများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ ကွေ့လိနှင့် ကျင်းဖျင်အာတို့ မတတ်နိုင်ခဲ့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ် သတိပေးခေါင်းလောင်းသံသည် ယခုအခါ အဆက်မပြတ် မြည်ဟီးနေ၏။
သူ ယခု ပုန်းအောင်းနေသော နေရာမှာ တောင်ခြေရှိ ကျောက်တုံးကြီးတစ်တုံး၏ အရိပ်အောက်တွင် ဖြစ်သည်။
လွန်ခဲ့သောအကြိမ်က ၎င်းတို့ ခိုးဝင်ရန် ကြိုးစားစဉ် ဤနေရာမှ ခြေလှမ်းအနည်းငယ် ပိုမိုလှမ်းလိုက်သည်နှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းလောင်းသံသည် စတင်မြည်လာခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ ခေါင်းလောင်းသံသည် ဝေးကွာသော နေရာတွင် ပဲ့တင်ထပ်နေပြီး ကျောက်တုံးကြီး၏ ရှေ့သုံးလံခန့်အကွာတွင် ကွင်းပြင်တစ်ခု ရှိကာ ၎င်း၏နောက်တွင် သာမန်အိမ်တစ်လုံး ရှိနေပြီး ၎င်းမှာ ဖန်ရှန်းတောင်ကြား တပည့်များ၏ နေအိမ်ဖြစ်ပုံရသည်။
ကွေ့လိသည် အသက်ပြင်းပြင်းရှူကာ အရိပ်ထဲတွင် မတ်တပ်ရပ်လျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝေးကွာသော နေရာမှ ဆူညံသံများနှင့် နှိုင်းယှဉ်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး လူသံတစ်စုံတစ်ရာ မရှိပေ။
ထိုအဆောက်အအုံအတွင်းရှိ ဖန်ရှန်းတောင်ကြား တပည့်များမှာမူ တောင်ကြားဝင်ပေါက်ဆီသို့ အားလုံး ထွက်ခွာသွားကြပြီ ဖြစ်ပုံရသည်။
ထိုထူးခြားသော တိတ်ဆိတ်မှုထဲတွင် ကွေ့လိသည် အလျင်မလိုဘဲ ရှေ့သို့ လျှောက်လှမ်းလိုက်၏။
ခြေတစ်လှမ်း၊ ခြေနှစ်လှမ်း...
သူသည် အလွန်နှေးကွေးစွာ လျှောက်လှမ်းခဲ့ရာ ငါးလှမ်းမြောက်အထိ ပတ်ဝန်းကျင်မှာ ထူးခြားမှု မရှိသေးပေ။
သို့သော် ကွေ့လိ၏ မျက်နှာတွင်မူ ပိုမိုတည်ကြည်လေးနက်နေ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အကြိမ်က သူ ဤနေရာသို့ ရောက်ရှိစဉ် ခြောက်လှမ်းမြောက် လှမ်းလိုက်သောအခါမှသာ ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းလောင်းသံကြောင့် ရှာဖွေတွေ့ရှိခြင်း ခံခဲ့ရသောကြောင့်ပင်။
သူ၏ မျက်ဝန်းထဲမှ အလင်းတန်းသည် ပိုမိုတောက်ပလာပြီး ပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ရှိရပေ။
နောက်တစ်ခဏတွင် သူသည် ခြောက်လှမ်းမြောက် ခြေလှမ်းကို ဖြည်းညင်းစွာ လှမ်းလိုက်လေသည်။
ဒေါင်...
သူ၏ခြေထောက် မြေပြင်ပေါ်သို့ ထိလိုက်သည်နှင့် တစ်ပြိုင်နက် သာယာကြည်လင်သော ခေါင်းလောင်းသံသည် သူ၏ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ကွေ့လိ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ၏ နှလုံးသားထဲတွင် အံ့အားသင့်မှုနှင့် ဒေါသတို့ ရောပြွမ်းသွားသည်။
ဤဖန်ရှန်းတောင်ကြား၏ ထူးဆန်းသော စွမ်းရည်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှပြီး သူ မည်သို့ပင် ကြိုးစားပါစေ ၎င်းကို ရှာမတွေ့နိုင်သဖြင့် အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်ရပေသည်။
သို့သော် ယနေ့ည၏ အခြေအနေမှာ ယခင်ရက်များနှင့် သဘာဝကျစွာပင် ကွဲပြားခြားနားလှပေသည်။
ကွေ့လိသည် မမြင်နိုင်သော ယန္တရားတစ်ခုကို ထိမိပြီး သတိပေးခေါင်းလောင်းသံကို မြည်စေခဲ့သော်လည်း ဝေးကွာသော နေရာမှ ဆူညံသံများနှင့် တိုက်ခိုက်သံများမှာ ပိုမိုကျယ်လောင်နေသဖြင့် ခေါင်းလောင်းသံကို ချက်ချင်းပင် ဖုံးလွှမ်းသွားလေသည်။
ကွေ့လိသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် မြေပြင်နှင့် ကပ်လျက် ပျံသန်းကာ အိမ်၏ နောက်ကွယ်သို့ လျှောတိုက်ဝင်ရောက်သွား၏။
ခေါင်းလောင်းသံမှာမူ ဆက်လက်မြည်နေဆဲ ဖြစ်သဖြင့် အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းလှပေသည်။
ဤအချိန်တွင် ကွေ့လိ၏ ပခုံးပေါ်၌ ငြိမ်သက်စွာ ဝပ်နေသော ရှောင်ဟွေးသည် ရုတ်တရက် တိုးညင်းစွာ အော်မြည်လိုက်သဖြင့် ကွေ့လိသည် လန့်သွားကာ ရှောင်ဟွေးကို လှည့်ကြည့်လိုက်၏။
မှေးမှိန်သော လရောင်အောက်တွင် အရိပ်ထဲ၌ ရှိနေသော ကွေ့လိ၏ ရှေ့ဝယ် ရှောင်ဟွေး၏ ခန္ဓာကိုယ်မှ ရုတ်တရက် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်း၏ နဖူးပေါ်ရှိ အမာရွတ်မှာ ရုတ်တရက် ပွင့်အာသွားလေသည်။
ကွေ့လိ ဘာမှမလုပ်နိုင်ခင်မှာပင် ပုံမှန်မဟုတ်ပုံရသော ရှောင်ဟွေးသည် ရုတ်တရက် ခေါင်းလှည့်လိုက်ရာ ၎င်း၏ မျောက်မျက်လုံးတစ်စုံသည် ထူးဆန်းပြီး စူးရှသော ရွှေရောင်အလင်းတန်းများဖြင့် တဖြည်းဖြည်း တောက်ပလာသည်။
သို့သော် ထိုရွှေရောင်အလင်း၏ နောက်ကွယ်တွင်မူ ထူးဆန်းသော နီရဲသည့် အလင်းတန်းတစ်ခုနှင့် ရောနှောနေသကဲ့သို့ ရှိပေသည်။
“ကွိကွိ... ကွိကွိ...”
ရှောင်ဟွေး၏ မျောက်လက်များသည် အဆောက်အအုံ၏ ထောင့်စွန်းတစ်ခုဆီသို့ ရုတ်တရက် ညွှန်ပြလိုက်လေသည်။
ကွေ့လိသည် ရှောင်ဟွေးကို ပွေ့ချီကာ သေချာစွာ စစ်ဆေးပြီးနောက် တိုးညင်းစွာ မေးလိုက်၏။
“ဘာဖြစ်လို့လဲ ရှောင်ဟွေး...”
“ကွိကွိ... ကွိကွိ...”
ရှောင်ဟွေးသည် တိုးညင်းစွာ အော်မြည်လျက် လက်ညှိုးကို ထိုဘက်သို့ ညွှန်ပြထားဆဲ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ မျက်ဝန်းထဲမှ ရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
ကွေ့လိသည် မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်ပြီး ၎င်းကို ပခုံးပေါ်သို့ တင်လျက် ထိုနေရာသို့ လျှောတိုက်သွားလိုက်၏။
အုတ်မြစ်၏ မှောင်မိုက်သော အောက်ခြေမှ ရေညှိနံ့ သင်းပျံ့ပျံ့ ထွက်ပေါ်နေသည်။ ကွေ့လိ၏ သေချာစွာ ရှာဖွေမှုအောက်တွင် မကြာမီမှာပင် ရှာဖွေတွေ့ရှိမှုတစ်ခု ရှိခဲ့ရာ ၎င်းမှာ အောက်လြေအတွင်း၌ ဖုံးကွယ်ထားသော တစ်တောင်ခန့် အရွယ်အစားရှိသည့် အပေါက်ငယ်လေးတစ်ခုပင် ဖြစ်ချေသည်။
သူ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး သူသည် လက်ကို ဆန့်ထုတ်ကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ထိုအပေါက်ထဲသို့ နှိုက်လိုက်သည်။
ခဏအကြာတွင် အပေါက်ထဲမှ တိုးညင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ချက်ချင်းပင် တိတ်ဆိတ်သွားကာ တစ်ချိန်တည်းမှာပင် အဆက်မပြတ် မြည်နေသော ခေါင်းလောင်းသံသည်လည်း ရုတ်တရက် ရပ်တန့်သွားလေသည်။
ကွေ့လိ၏ နှုတ်ခမ်းများတွင် ပြုံးရိပ်တစ်ခု ပေါ်ပေါက်လာပြီး သူသည် လက်ကို အလျင်မလိုဘဲ ပြန်လည်ဆွဲထုတ်လိုက်ရာ သူ၏လက်ထဲတွင် ထူးဆန်းသော တောရိုင်းတိရစ္ဆာန်တစ်ကောင် ပါလာပြီး ၎င်းမှာ အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် လှုပ်ရှားမှု မရှိတော့ပေ။
ဤထူးဆန်းသောတိရစ္ဆာန်သည် မီးခိုးရောင်အရေပြားဖြင့် ဖုံးအုပ်ထားပြီး သုံးတောင်ခန့် အရွယ်အစား ရှိသည်။
၎င်း၏ ခန္ဓာကိုယ်မှာ ထူးဆန်းသော လေးကိုင်းပုံသဏ္ဌာန် ရှိပြီး ကျောကုန်းမှာ ကိုင်းနေကာ ခေါင်းနှင့် အမြီးမှာ အောက်သို့ ငိုက်ကျနေသည်။
ခေါင်းပေါ်တွင် ပဲစေ့ငယ်လေးများကဲ့သို့ နက်မှောင်သော မျက်လုံးတစ်စုံ ရှိနေ၏။ သို့သော် အထူးဆန်းဆုံးအရာမှာ ထိုတိရစ္ဆာန်တွင် ထူးဆန်းပြီး ရှည်လျားသော နှာတံ ရှိနေပြီး တစ်ထောင်ခန့် ရှည်လျားကာ ခန္ဓာကိုယ်အလျား၏ သုံးပုံတစ်ပုံခန့် ရှိသည်။
နှာတံ၏ ထိပ်ဖျားတွင် ထူထဲသော နှာခေါင်းပေါက်နှစ်ခု ရှိနေပြီး လယ်သမားများ မွေးမြူထားသော ဝက်များနှင့် ဆင်တူပေသည်။
ကွေ့လိသည် ခဏမျှ စိုက်ကြည့်ပြီးနောက် နှာခေါင်းရှုံ့ကာ တိုးညင်းစွာ ပြောလိုက်၏။
“ဒါကြောင့်မို့လို့ ကျုပ် ဘယ်လိုမှ ပုန်းလို့မရတာကိုး... ဒီနေရာမှာ တကယ်ပဲ ဒီလို မီးခိုးရောင်ဝက်ရှိနေတာပဲ...”