အခန်း ၇၄
Vol. 8 Ch. 74
အခန်း ၇၄
“ဘာ... မင်းက ငါထင်ထားတာထက်တောင် ပိုပြီး နောက်ကလိုက်နိုင်ပါလား။ သိုင်းပညာ တစ်ခုခုတော့ သင်ထားရမယ်"
တောင်တက်နေရင်း အိုဆောဟွာက နောက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ နောက်တွင် ဂျင်ဆိုဟွန်းက တောင်တက်လာနေသည်။
“အဆင်ပြေရဲ့လား”
အိုဆောဟွာ၏ မေးခွန်းကို ဂျင်ဆိုဟွန်းက ခေါင်းညိတ်၍ ပြန်ဖြေသည်။
“တောင်ပေါ်မှာ နှစ်အနည်းငယ် နေခဲ့ဖူးတော့ ဒီလို တောင်တက်တာမျိုးက အကျွမ်းတဝင် ရှိပါတယ်ဗျာ"
“တောင်ပေါ်မှာ နှစ်အနည်းငယ် နေခဲ့ဖူးတယ်”
အိုဆောဟွာမှာ နားမလည်နိုင်သည့် မျက်နှာပေးဖြင့် မေးလိုက်သည်။
“ဟုတ်ကဲ့။ အဲဒီအချိန်တွေကိုတော့ နောက်တစ်ခါ ပြန်မရောက်ချင်တော့ပါဘူး"
တစ်ခုခုကို ပြန်အမှတ်ရသွားသည့်အလား ဂျင်ဆိုဟွန်းမှာ မျက်မှောင်ကြုတ်လျက် အနည်းငယ် တုန်ယင်သွားသည်။
သူက ဟန်ဆောင်နေတာ... ငါက အလယ်ပိုင်းဒေသရဲ့ တောင်ကြီးငါးလုံးထဲမှာ အကြမ်းတမ်းဆုံးလို့ နာမည်ကြီးတဲ့ ဟွာရှန်းတောင်မှာ တစ်သက်လုံး သိုင်းပညာကို ကြိုးစားလေ့ကျင့်လာခဲ့တာ သူကတော့ ရပ်ကွက်ထဲက ကုန်းလေးတွေပေါ်မှာပဲ ကစားလာခဲ့တာ ဖြစ်မှာပါ။
အိုဆောဟွာသည် သူ၏ အတွေးများကို ကျွမ်းကျင်စွာ ဖုံးကွယ်၍ ပြောလိုက်သည်။
“ဒါဆို ကျွန်မတို့ အရှိန်နည်းနည်း မြှင့်မလား”
“မြန်မြန် သွားရမှာမို့လို့လား”
ဂျင်ဆိုဟွန်းက မလိုလားဟန် ပြသသည်။
ဒီကောင်... တောင်ပေါ်မှာ နှစ်အနည်းငယ် နေခဲ့တယ်လို့ ပြောပြီးတော့ သူ့ရဲ့ ဟန်ဆောင်မှု ပေါ်သွားမှာကို ကြောက်နေတာပဲ။ အဲဒီလို ဖြစ်ခွင့်ပေးလို့ မဖြစ်ဘူး။
“ဟုတ်တယ်လေ တာအိုကျောင်းကို သုံးရက်အတွင်း ရောက်ဖို့ မြန်မြန်သွားရမှာ။ ရှင်လည်း အမှောင်ဂူထဲမှာ နံရံကိုကြည့်ပြီး တရားထိုင်တဲ့ လေ့ကျင့်ခန်း လုပ်ချင်မှာ မဟုတ်ဘူးမလား သခင်လေးဂျင်"
“ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး...”
“မြန်မြန် လိုက်ခဲ့”
အိုဆောဟွာသည် ခြေထောက်တွင် အားအပြည့်သွင်းကာ ပြေးလိုက်သည်။ သူမသည် ဟွာရှန်းတောင်ပေါ်တွင် ကျင့်ကြံလာခဲ့သည့် ရွေ့လျားမှုနည်းပညာကို အားရပါးရ ထုတ်သုံးလိုက်သည်။
ပျံလွှားလေးကဲ့သို့ တောင်တက်သွားသော အိုဆောဟွာကို ကြည့်ပြီး ဂျင်ဆိုဟွန်းမှာ ခဏတာ အံ့ဩသွားသည်။
“သူက လုံးဝ ပျံလွှားလေးပဲ"
ဂျင်ဆိုဟွန်းလည်း နောက်မကျန်ရစ်စေရန် အမြန်လိုက်သွားသည်။
“ဟီးဟီး... မျှော်လင့်ထားတဲ့အတိုင်းပဲ သူ ငါ့ကို မမီနိုင်ပါဘူး"
သူနောက်တွင် ရှိနေရမည့် ဂျင်ဆိုဟွန်းကို မမြင်ရတော့သဖြင့် အိုဆောဟွာမှာ ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အတူတူ ပြန်ရမှာပဲ... နည်းနည်းလောက် စောင့်ပေးလိုက်ဦးမလား”
သိုင်းလောက၏ ဂိုဏ်းကိုးဂိုဏ်းဝင် သိုင်းသမားပီပီ အိုဆောဟွာသည် ဂျင်ဆိုဟွန်းကို သနားကြင်နာပေးရန် စိတ်ကူးလိုက်သည်။ မကြာမီတွင်ပင် ချုံပုတ်ကြားမှ လူတစ်ယောက် ထွက်လာသည်။
“မင်း ငါ့နောက်ကို ငါထင်ထားတာထက် ပိုလိုက်နိုင်သားပဲ"
“အာ ကျွန်မကို စောင့်နေတာလား”
ချုံပုတ်ကြားမှ ထွက်လာသော ထိုလူမှာ သူမတစ်ခါမှ မမြင်ဖူးသော မျက်နှာဖြစ်သည်။
“မင်း... ဘယ်သူလဲ”
လှည့်စားသော အပြုံးဖြင့် ပေါ်လာသော ထိုလူမှာ မျက်နှာတွင် လက်ဝါးကပ်တိုင်ပုံ အမာရွတ်ရှိပြီး ဆံပင်မှာ အလွန်တိုသည်။ ရိုးရှင်းသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထားသည်။
“ငါက ကံမကောင်းတတ်တဲ့သူပါ... ဒါပေမဲ့ ဒီနေ့တော့ ကံကောင်းတယ်လို့ ပြောရမယ်"
ထူးဆန်းသော အခြေအနေကို ရိပ်မိလိုက်သည့် အိုဆောဟွာမှာ ခါးတွင်ရှိသော လက်ကို တင်လိုက်သည်။
“ကျွန်မက ဟွာရှန်းဂိုဏ်းတပည့် အိုဆောဟွာပါ။ မင်းဘယ်သူလဲဆိုတာ ထုတ်ပြော"
“အိုဟို ဟွာရှန်းဂိုဏ်း ဟီးဟီးဟီး ကြားလိုက်လား”
“ဟုတ်ကဲ့။ ကြားလိုက်ပါတယ်"
“ဟွာရှန်းဂိုဏ်းတဲ့ ဂိုဏ်းကိုးဂိုဏ်းက အမျိုးသမီးတပည့်တစ်ယောက်ကို ရှာတွေ့သွားပြီလား”
“ဟီးဟီးဟီး သူမကို မသတ်ခင် နည်းနည်းလောက် ပျော်ပါးကြည့်ရအောင်လား”
သူ့အပေါင်းအပါတွေ ရှိနေတာလား။
လူအုပ်စုမှာ တစ်ခဏချင်းမှာပင် ခြောက်ယောက်အထိ တိုးသွားသည်။
သူတို့၏ တည်ရှိမှုကို မရိပ်မိလိုက်သည့် အိုဆောဟွာသည် အတွင်းအားကို တိတ်ဆိတ်စွာ စုစည်းလိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား ငါ့ကို ထိတယ်ဆိုတာ ဟွာရှန်းဂိုဏ်းကို စိန်ခေါ်တာနဲ့ အတူတူပဲ"
“ဝူး”
ဂိုဏ်းခေါင်းဆောင်ဟု ထင်ရသော လူတစ်ယောက်က လျှောက်လာပြီး အိုဆောဟွာ၏ ရှေ့တွင် ရပ်လိုက်သည်။
“ရှန်ရှီးပြည်နယ်က ဟွာရှန်းဂိုဏ်း ဟုတ်လား”
“ဟုတ်တယ် အခုပဲ နောက်ဆုတ်သွားရင်...”
“မင်းက တုံးတဲ့ မိန်းကလေးပဲ။ ဒီနေရာမှာ ငါတို့ မင်းကို ဘာပဲလုပ်လုပ်... ဟွာရှန်းဂိုဏ်းက ဘယ်လိုလုပ် သိမှာလဲ”
သူပြောသည်မှာ မှန်သည်။ ဘယ်သူမှ မကြည့်နေသော ဤတောအုပ်ထဲတွင် အိုဆောဟွာကို ဘာဖြစ်သွားသည်ဆိုတာ ဟွာရှန်းဂိုဏ်းက သိနိုင်မည် မဟုတ်ပေ။
ကံကောင်း၍ သတင်းရောက်သွားသည့်တိုင်အောင် အချိန်နှောင်းသွားပြီ ဖြစ်သည်။
အိုဆောဟွာသည် သူမ မသိသော လူမိုက်များ၏ အမျိုးမျိုးသော စော်ကားမှုကို ခံရပြီးနောက် သေဆုံးသွားပေလိမ့်မည်။
ဂလု…
အိုဆောဟွာမှာ တံတွေးကို အနိုင်အနိုင် မြိုချလိုက်ရပြီး ကျောပြင်တွင် ချွေးစေးများ ပြန်လာသည်။
ဂျင်ဆိုဟွန်း ဘယ်ရောက်သွားတာလဲ။ သူ အဖမ်းခံလိုက်ရတာ မဟုတ်ပါဘူးနော်။
ဓားရိုးကို ဆုပ်ကိုင်ထားသော အိုဆောဟွာ၏ လက်များမှာ တုန်ယင်နေသည်။ ၎င်းကို သတိပြုမိသွားသော ထိုလူများမှာ ရယ်မောတော့သည်။
“ဟားဟားဟား ကြည့်စမ်း ဟွာရှန်းဂိုဏ်းရဲ့ တပည့်မကြီးက ကြောက်လန့်ပြီး တုန်နေတာပဲ"
“ဒီကောင်မလေး မင်းမျက်နှာက တော်တော် ဆိုးတာပဲ။ မဟုတ်ဘူးလား သခင်မလေး”
“ဖ….ဖယ်ကြ”
ဓားကို အနိုင်အနိုင် ထုတ်လိုက်ရသော အိုဆောဟွာသည် ဓားဖျားကို သူတို့ဆီသို့ ချိန်ရွယ်လိုက်သည်။
ငါက ဟွာရှန်းဂိုဏ်းရဲ့ ဂုဏ်သရေရှိ တပည့်ပဲ။ ဒီလူမိုက်တွေကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်။
အိုဆောဟွာသည် သူ၏ အရည်အချင်းကို ယုံကြည်သည်။ သို့သော် သူမ၏ ယုံကြည်မှုမှာ ကြာရှည်မခံပေ။
ချွမ်း..ဍဍ
ထိုလူ၏ ဓားနှင့် သူမ၏ဓား ထိခိုက်မိလိုက်သည့် တစ်ခဏမှာပင် အိုဆောဟွာ သိလိုက်ရသည်။
ဒီလူ... သန်မာတယ်။
လက်မှာ ထုံကျင်သွားပြီး ဓားအားကို မခံနိုင်သဖြင့် ခြေသုံးလှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။
“ပိုပြီး ရုန်းကန်ကြည့်စမ်းပါ။ အလွယ်တကူ လက်မြှောက်တာထက် ရုန်းကန်မှ ပိုပျော်ဖို့ကောင်းတယ်။ ဟီးဟီးဟီး"
ထိုလူ၏ ဓားမှာ ပြင်းထန်စွာ ရောက်လာသဖြင့် အိုဆောဟွာလည်း အခက်အခဲနှင့်ပင် ပြန်ခုခံလိုက်သည်။ သို့သော် ဝိုင်းဖွဲ့နေသည့် လူမိုက်တို့၏ ညစ်ညမ်းသော အကြည့်များနှင့် ဤအတိုင်းဆိုလျှင် ရှက်ရွံ့စွာ ရှုံးနိမ့်၍ သေဆုံးရတော့မည်ဟူသော ကြောက်စိတ်ကြောင့် သူမ၏ ဦးနှောက်မှာ ဝေဝါးသွားသည်။
စိတ်ဓာတ် ကျဆင်းသွားသည်နှင့်အမျှ ခန္ဓာကိုယ်မှာလည်း အားပျော့သွားသည်။
“ဒါက ဟွာရှန်းဂိုဏ်းရဲ့ တပည့်တဲ့လား တောက်... ဟွာရှန်းဆိုတဲ့ နာမည်ကိုတောင် နှမြောစရာပဲ"
ထိုလူ၏ ဓားပေါ်တွင် အတွင်းအားများ ပေါ်လာပြီး ဓား၏ အရှိန်အဟုန်မှာ ပြင်းထန်လာသည်။
“ဟူး”
လူ၏ဓားမှာ အိုဆောဟွာ၏ ဓားကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ခွပ်”
အိုဆောဟွာ၏ လက်မှ ဓားကျသွားပြီး မြေပြင်ပေါ်သို့ ပစ်လဲသွားသည်။
“ငါတို့ အလှည့်လား”
“ဒီကောင် မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား ငါက အရင်ဖြစ်ရမှာလေ"
“အစ်ကိုကြီးပြီးရင် ကျွန်တော့်အလှည့်”
“ငါ ဂရုမစိုက်ဘူး။ ဟီးဟီးဟီး...”
သူမကို အရင်ဆုံး စော်ကားရန် ရွေးချယ်နေသော လူမိုက်များကို ကြည့်ပြီး အိုဆောဟွာမှာ စိတ်ပျက်အားငယ်သွားသည်။
ဒီလူမိုက်တွေဆီမှာ အရှက်တကွဲ ဖြစ်ပြီး အသက်ရှင်နေရတာထက် သေတာက ပိုကောင်းတယ်။
“ဒါ ငရဲပဲ”
အိုဆောဟွာက အံကြိတ်လိုက်သည့်အခါ သတိပြုမိသွားသော လူတစ်ယောက်က သူမ၏ မေးကို ဆွဲကိုင်လိုက်သည်။
“ဘာလုပ်တာလဲ သူမကို ချုပ်ထားလိုက်”
“ဒီကောင်မလေး”
လူအချို့ အမြန်ပြေးလာပြီး အိုဆောဟွာ၏ အသက်ရှူပေါက်များကို ဖိနှိပ်လိုက်သည်။ သူကိုယ်ကို သတ်သေရန်ပင် မအောင်မြင်သော အိုဆောဟွာ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူမ ငိုချင်သော်လည်း အသံထွက်၍ပင် မငိုနိုင်တော့ပေ။
“ဘာပဲဖြစ်ဖြစ် ဂုဏ်သရေရှိ မိသားစုတွေက မိန်းကလေးတွေက ပြဿနာပဲ။ တစ်ခုခုဆို သတ်သေဖို့ပဲ ကြိုးစားတယ်"
“မြန်မြန်အဆုံးသတ်ပြီး တခြားနေရာ သွားရအောင်"
“ဒီမိန်းကလေးတစ်ယောက်တည်း ဖြစ်မှာ မဟုတ်ပါဘူး"
“ဖယ်စမ်း”
အိုဆောဟွာကို တွန်းလှဲခဲ့သူမှာ ဓားကို ခါးတွင် ပြန်ချိတ်ကာ လှည့်စားစွာ ပြုံးလိုက်သည်။
“ငါက အရင်ဆုံးပဲ"
သူသည် နီးကပ်လာပြီး အိုဆောဟွာ၏ ပါးပြင်သို့ လက်ကို ပို့လိုက်သည်။
“မင်း စိတ်ကြိုက် ပျော်ပါးပြီးမှ မင်းဆန္ဒအတိုင်း သတ်ပစ်လိုက်မယ်...”
ထိုလူနှင့် အိုဆောဟွာကြားရှိ လေဟာနယ်ကို အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ မကြာမီတွင်ပင် အိုဆောဟွာမှာ သူမ၏ မျက်နှာပေါ်သို့ စေးကပ်ပြီး နွေးထွေးသော အရည်များ စီးကျလာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ငါးညှီနံ့ကဲ့သို့ အနံ့မျိုး ပေါ်လာသည်။
“အစ်ကိုကြီး”
“ဘာ... ဘာဖြစ်တာလဲ...”
သူတို့စကားတောင် အဆုံးမသတ်နိုင်လိုက်ပေ။
သစ်ပင်များကြားမှ ရုတ်တရက် ပျံသန်းလာသော ဓားသွားများက သူတို့၏ ကိုယ်လက်အင်္ဂါများကို ဖောက်ထွက်သွားသောကြောင့်ပင်။
မကြာမီပင် အရှိန်အဟုန်ကြီးမားစွာဖြင့် ပေါ်လာသော ပုံရိပ်တစ်ခုက လက်နှစ်ဖက်ကို ယမ်းလိုက်ရာ ဓားပျံများ ပျံ့နှံ့သွားသည်။
လက်ထဲမှ လွတ်ထွက်သွားသော ဓားပျံများသည် အရှိန်ပြင်းစွာဖြင့် လူမိုက်တို့၏ နှလုံးသားနှင့် လည်ပင်းများကို တိကျစွာ ထိုးဖောက်၍ ဝင်ရောက်သွားသည်။
လက်တစ်ဖက် ဆုံးရှုံးသွားပြီး အပေါင်းအပါများပါ ချက်ချင်း သေဆုံးသွားသည်ကို မြင်လိုက်ရသော လူမိုက်မှာ နောက်သို့ ယိုင်နဲ့သွားသည်။
“ဘယ်သူ... မင်းက ဘယ်သူလဲ”
ရုတ်တရက် ပေါ်လာသော အနီရောင်ဝတ်ရုံနှင့် လူမှာ ထိုလူ၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ အိုဆောဟွာဆီသို့ လျှောက်သွားသည်။
သူသည် သူ၏ အကျီလက်ကို မတင်လိုက်ပြီး အိုဆောဟွာ၏ မျက်နှာပေါ်ရှိ သွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ထို့နောက် သူမ၏ ဖိနှိပ်ထားသော အသက်ရှူပေါက်များကို ပြန်ဖွင့်ပေးလိုက်ရာ အိုဆောဟွာမှာ သူမခန္ဓာကိုယ် ပြန်လည်လွတ်လပ်သွားသည်ကို ခံစားလိုက်ရသည်။
“တောင်းပန်ပါတယ်။ အဲဒီကောင် သခင်မလေးရဲ့ မျက်နှာကို ထိမလို့ လုပ်တာကို တားလိုက်တာပါ... ဒါပေမဲ့ ညစ်ပတ်တဲ့သွေးတွေ သခင်မလေးဆီ ရောက်သွားတယ်ဗျာ"
“အာ အာ...”
ထိုအခါမှသာ အိုဆောဟွာသည် သူရှေ့တွင် ရပ်နေသူမှာ သူမ သိကျွမ်းသောသူ ဖြစ်ကြောင်း သိလိုက်ရသည်။
“သ….သူရဲကောင်းဂျင်”
ဂျင်ဆိုဟွန်းက ညင်သာစွာ ပြုံးပြသည်။
“အဲဒီကောင်ရဲ့ အပေါင်းအပါတွေကို ရှင်းနေရလို့ နည်းနည်း နောက်ကျသွားတယ်။ တောင်းပန်ပါတယ်"
“မ….မဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး"
“ခဏစောင့်ပါ"
အံ့အားသင့်နေသော အိုဆောဟွာကို ထားခဲ့ပြီး ဂျင်ဆိုဟွန်းသည် ထိုလူမိုက်ရှေ့တွင် ရပ်လိုက်သည်။
“မင်းက...”
ထိုလူမိုက်မှာ ဂျင်ဆိုဟွန်း၏ အဝတ်အစားများမှာ အနီရောင် မဟုတ်ဘဲ အဖြူရောင်ဖြစ်ကြောင်း နောက်ကျမှ သတိပြုမိသည်။ သို့သော်လည်း ထိုအဝတ်အစားမှာ သွေးများဖြင့် နီရဲနေသည်။
“မင်းဘယ်သူလဲ ဘယ်ကလဲ မင်းအပြင် နောက်ထပ် ဘယ်နှစ်ယောက် ကျန်သေးလဲ”
“ပါးစပ်ပိတ်ထား”
လူမိုက်မှာ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
ဒါက ပုန်းကွယ်နေတဲ့ လက်နက် မဟုတ်ဘူး။ ဒါက ဘာလဲ
ဂျင်ဆိုဟွန်း၏ လက်ထဲတွင် ကိုင်ထားသော လက်နက်မှာ ဓားမြောင်လည်း မဟုတ်သလို သာမန်ဓားလည်း မဟုတ်ပေ။ လက်ကိုင်နှင့် ဓားသွားမှာ တစ်သားတည်း ဖြစ်နေပြီး လက်ကိုင် အကာမပါသော ဓားတစ်ချောင်း ဖြစ်သည်။
ထိုအခိုက်တွင် ထိုလူမိုက်၏ ခေါင်းထဲသို့ နာမည်တစ်ခု ပေါ်လာသည်။
“လက်ဆယ်ချောင်း သွေးသရဲ...”
မိစ္ဆာဂိုဏ်းဝင်များကို ဓားဆယ်ချောင်းဖြင့် အစွမ်းကုန် တိုက်ခိုက်ကာ သေဘေးသို့ ပို့ဆောင်ပေးခဲ့သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ထိုလူ၏ လက်နက်မှာ ဓားပျံများပင်။
“မင်း... လက်ဆယ်ချောင်း သွေးသရဲနဲ့ မင်းက ဘာတော်တာလဲ”
ထိုလူမိုက်၏ မေးခွန်းကို ဂျင်ဆိုဟွန်းမှာ နားမလည်ဟန်ဖြင့် ပြန်မေးသည်။
“အဲဒီလူက ဘယ်သူလဲ”
“မင်းလက်ထဲက လက်နက်... အဲဒါက လက်ဆယ်ချောင်း သွေးသရဲရဲ့ ဓားပျံပဲ"
“ဆရာကြီး ကန်ချွန်းအပြင် ဓားပျံပညာကို သုံးတတ်တဲ့သူ တခြားရှိသေးလို့လား”
“က….ကန်ချွန်း... မင်းက သူ့ရဲ့ တပည့်လို့ ပြောချင်တာလား”
“ဟုတ်တယ်။ မှန်တယ်"
“မ….မဖြစ်နိုင်ဘူး...”
ကန်ချွန်းကို သူရဲကောင်းတစ်ဦးအဖြစ် ရိုသေကြသော ဂုဏ်သရေရှိ သိုင်းသမားများနှင့် မတူဘဲ မိစ္ဆာဂိုဏ်းဝင်များအတွက်မူ ကန်ချွန်းဆိုသည်မှာ ဘေးဒုက္ခတစ်ခုပင်။
သူမှားယွင်းသော ပြိုင်ဘက်ကို ရန်စမိမှန်း သိလိုက်သော လူမိုက်မှာ ထိုနေရာတွင်ပင် ဒူးထောက်တောင်းပန်တော့သည်။
“ကျ….ကျွန်တော် အကြီးအကဲကန်ရဲ့ တပည့်မှန်း မသိခဲ့လို့ပါ။ တစ်ခါတည်းလောက် ခွင့်လွှတ်ပေးပါခင်ဗျာ"
ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ဂျင်ဆိုဟွန်းမှာ စိတ်မကြည်လင်ပေ။
“မင်းဘယ်သူလဲ”
“ကျွန်တော့်ကို ဂွမ်ရှီးက ပိုင်အွန်းလို့ ခေါ်ပါတယ်"
“ဂွမ်ရှီး မင်းတို့ အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ”
“အတိအကျတော့ မသိပါဘူး"
ဒူးထောက်နေသော ပိုင်အွန်း၏ ခေါင်းဘေးတွင် ဓားပျံတစ်ချောင်း စိုက်ဝင်သွားသည်။ ထိုအခါ ပိုင်အွန်းမှာ မျက်နှာပျက်လျက် မြေကြီးပေါ်သို့ ခေါင်းနှင့် အားကုန် ဆောင့်ချလိုက်သည်။
“ကျ….ကျွန်တော် ပြောတာ အမှန်ပါ ဂွေကျိုးကို ရောက်လာတဲ့ လူငယ်မျိုးဆက်သစ်တွေကို သတ်ဖို့ မိစ္ဆာမဟာမိတ်အဖွဲ့က အမိန့်ပေးထားတာပဲ သိပါတယ်”
ပိုင်အွန်း၏ ရှင်းပြချက်ကြောင့် နောက်ကျမှ သတိဝင်လာသော အိုဆောဟွာမှာ တုန်လှုပ်သွားသည်။
“မိစ္ဆာမဟာမိတ်အဖွဲ့ တောက် ဘယ်နှစ်ယောက်လောက် ရောက်နေတာလဲ မြန်မြန်ပြော”
“အတိအကျ မသိပေမဲ့ ငါးရာကျော်တော့ ရှိမယ်"
“ငါးရာ...”
တကယ်တမ်းတွင် ရှစ်ရာကျော် ရှိနေသော်လည်း အကြောင်းစုံ မသိသော အိုဆောဟွာမှာ အရေးပေါ် ပြောလိုက်သည်။
“သူရဲကောင်းဂျင် အချိန်မရှိတော့ဘူး ဒီအတိုင်းဆိုရင် အားလုံး အန္တရာယ်ရှိလိမ့်မယ်"
“ဟုတ်တယ်"
ဂျင်ဆိုဟွန်းသည် ပိုင်အွန်း၏ ကျန်နေသေးသော လက်တစ်ဖက်၏ အကြောကို ဓားပျံဖြင့် လှီးဖြတ်လိုက်သည်။
".အာ့”
“အကြောကို ဖြတ်လိုက်ပြီ။ မင်းအသက်ကိုတော့ မယူတော့ဘူး ထွက်သွားတော့"
“ကျ….ကျေးဇူးတင်ပါတယ်"
ဂျင်ဆိုဟွန်း စိတ်ပြောင်းသွားမည်ကို ကြောက်သဖြင့် ပိုင်အွန်းမှာ အလောတကြီး ပြေးထွက်သွားသည်။ ထိုသူ၏ နောက်ကျောကို ကြည့်ရင်း ဂျင်ဆိုဟွန်းက ပြောသည်။
“ဒီအတိုင်း ဆက်သွားရအောင်"
“ဘာလို့ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်တာလဲ”
ပြေးလွှားနေသော ပိုင်အွန်းကို သတ်ရန် ကြိုးစားနေသော အိုဆောဟွာကို ဂျင်ဆိုဟွန်းက တားလိုက်သည်။
“အဲဒီကောင် အသက်ရှင်မှ သူ့အပေါင်းအပါတွေကို ခေါ်ပြီး ငါတို့ဆီ ပြန်လာမှာလေ”
“ဘာ”
“ငါးရာကျော်တဲ့ ကောင်တွေကို တစ်ယောက်ချင်း လိုက်ရှာနေလို့ မဖြစ်ဘူး။ ကျန်တဲ့သူတွေ ဘေးကင်းစေဖို့ သူတို့ကို ငါ့ဆီ ရောက်လာအောင် ဆွဲဆောင်ရမှာ"
ထိုသို့ ပြောပြီးနောက် ဂျင်ဆိုဟွန်းသည် အတွင်းအား သက်သာစေရန် ဓားပျံများကို ကိုယ်တိုင် ပြန်ကောက်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေသော အိုဆောဟွာမှာ ဂျင်ဆိုဟွန်းသည် တခြားသိုင်းပညာရှင်များကို ကာကွယ်ရန် မိစ္ဆာဂိုဏ်းဝင်များကို တမင်တကာ ဆွဲဆောင်နေကြောင်း သိလိုက်ရသည်။
သူက အားနည်းတဲ့သူ မဟုတ်ဘူးလား။
ဂျင်ဆိုဟွန်းကို သာမန် သိုင်းသမားအောက် နိမ့်ကျသည်ဟု ယခင်က အကဲဖြတ်ထားခဲ့သော အိုဆောဟွာမှာ အံ့ဩမှင်တက်လျက် ဝေဝါးသွားသည်။
“ငါးရာဆိုတော့ များလွန်းတယ်"
စစ်ပွဲကြီး စတင်တော့မည် ဖြစ်ရာ ဂျင်ဆိုဟွန်းသည် ကျောက်ရေကန်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရလိုက်သည်။
အပေါင်းအပါများကို ကာကွယ်ရမည်ဆိုသည့် အခြေအနေမှာ အတူတူပင် ဖြစ်သော်လည်း အခြေအနေမှာ ကွာခြားသည်။ ကာကွယ်ရမည့်သူမှာ ခြောက်ဦးမှ တစ်ရာအထိ တိုးလာပြီး ရင်ဆိုင်ရမည့် ရန်သူမှာလည်း တစ်ဦးမှ ငါးရာအထိ တိုးပွားလာသည်။
“ဟူး... တကယ်ကို မလုပ်ချင်ပါဘူး"
မလုပ်ချင်ပါဘူးဟု ပြောသော်လည်း ဂျင်ဆိုဟွန်းသည် ခြေနှစ်ဖက်တွင် အားသွင်းလိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်သည်။
“ဘ….ဘယ်သွားမလို့လဲ”
“ခဏပါ"
သစ်ပင်ကို ကန်၍ အမြင့်သို့ ခုန်တက်သွားသော ဂျင်ဆိုဟွန်းသည် သူ၏ အာရုံခံစားမှုကို မြှင့်တင်လိုက်သည်။ သူ၏ မျက်လုံးများမှာ အပြာရောင် အရောင်အသွေးဖြင့် တောက်ပလာသည်။ ကောင်းကင်မျက်လုံးဖြင့် တောအုပ်တစ်ခုလုံးကို ကြည့်လိုက်ရာ ပတ်ပတ်လည်မှ တိုးဝင်လာနေသော ရန်သူများကို တွေ့လိုက်ရသည်။
သူတို့အားလုံးမှာ သူမ တစ်ခါမှ မမြင်ဖူးသော မျက်နှာများဖြစ်ပြီး သူတို့၏ မျက်လုံးများတွင် လူသတ်လိုသည့် စိတ်များ ပြည့်နှက်နေသည်။
ဒါဆို အဲဒီကောင်တွေပဲ။ ကံကောင်းတာက သူတို့က သန်မာပုံ မပေါက်ဘူး။
သူ တိုက်ခိုက်ဖူးသမျှ လူများမှာ သန်မာသည်ဟု တစ်ခါမျှ မတွေးဖူးခဲ့သော ဂျင်ဆိုဟွန်းသည် သိုင်းပညာရှင်များကို အသက်ကို ပစ်မှတ်ထားနေသော မိစ္ဆာဂိုဏ်းဝင်များအားလုံးကို အဆင့်နိမ့် သိုင်းသမားများဟုသာ သတ်မှတ်လိုက်သည်။
အဆင့်နိမ့်တွေ ဆိုရင်တော့ ငါ ဘယ်လိုမဆို ဖြေရှင်းနိုင်ပါတယ်။
မြေပြင်သို့ ပြန်ဆင်းလာသော ဂျင်ဆိုဟွန်းသည် အိုဆောဟွာကို အသက်ရှူချိန်ပင် မပေးဘဲ ခန္ဓာကိုယ်ကို ပစ်လိုက်သည်။
“ဘယ်ကို ထပ်သွားမလို့လဲ”
တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်သော အိုဆောဟွာသည် ဂျင်ဆိုဟွန်း၏ နောက်သို့ အမြန်ပြေးလိုက်ရသည်။
သူတို့၏ အနေအထားမှာ တစ်ဖန် ပြောင်းလဲသွားတော့သည်။