← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

“မ….မလာနဲ့”

ချန်းရုံဂိုဏ်းမှ တပည့် ဆန်းဆု၏ လက်ထဲရှိ ဓားမှာ လေတိုက်လျှင် လှုပ်ခတ်နေသော သစ်ပင်ရွက်ကဲ့သို့ တုန်ရီနေသည်။ သူတို့အား ပိတ်ဆို့ထားသည့် လူများက ဆန်းဆု၏ အစီအစဉ်မကျသော ဓားချက်များကို ကြည့်၍ ရယ်မောလိုက်သည်။

“ဒါကိုများ ဂုဏ်သရေရှိ ဂိုဏ်းအသီးသီးက မျိုးဆက်သစ် အရည်အချင်းရှိသူတွေလို့ ခေါ်တာလား”

“ဘယ်လို အရူးတွေလဲ"

“ဒီလောက်လည်း မရက်စက်ပါနဲ့။ နို့နံ့တောင် မစင်သေးတဲ့ ဂုဏ်သရေရှိ ဂိုဏ်းငယ်လေးတွေက သိုင်းကောင်းကောင်း ချဖူးပါ့မလား”

လူငါးယောက်သည် သူတို့၏ ဓားများကို ဆန်းဆုဘက်သို့ စောင်းငဲ့ကာ ချိန်ရွယ်လိုက်သည်။ ဆန်းဆုနှင့်အတူ အဖွဲ့ဖြစ်သော အခြားလူငယ် သိုင်းသမားမှာမူ ဓားကို ပစ်ချကာ ဒူးထောက်လိုက်ပြီဖြစ်သည်။

“ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”

အသက်အတွက် တောင်းပန်နေသော လူငယ်ကို မြင်သော် ဆန်းဆုမှာ ပို၍ စိုးရိမ်စိတ် များလာသည်။

“မ….ထ ထပြီး ငါ့လိုပဲ ပြန်တိုက် အဲဒီကောင်တွေက မင်းကို အသက်ချမ်းသာပေးမယ်လို့ ထင်နေတာလား”

ဆန်းဆုက သူ၏ သတ္တိကို မနည်းစုစည်းကာ အော်ဟစ်လိုက်သည်။

“အို သူ့ရဲ့ စိတ်ဓာတ်ကတော့ မဆိုးဘူးပဲ"

“မင်းက ဘယ်ဂိုဏ်းကလဲ”

“ချ….ချန်းရုံဂိုဏ်း”

“အဲဒီလို နာမည်မကြားဖူးတဲ့ ဂိုဏ်းငယ်လေးကိုတော့ ငါမသိဘူး ဒါပေမဲ့ မင်း ဘယ်လောက်ရဲရင့်လဲဆိုတာ သူတို့ကို ငါ ပြောပြပေးလိုက်မယ်။ ဟုတ်တယ်လေ... မင်းရဲ့ ပြတ်ကျနေတဲ့ ခေါင်းနဲ့အတူပေါ့”

လူငါးယောက်စလုံးသည် ဘယ်သူအရင်သွားမည်ကိုပင် မရွေးချယ်တော့ဘဲ ဆန်းဆုဆီသို့ ပြေးဝင်လာကြသည်။ သူသည် စကတည်းက နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဆန်းဆုမှာ ဓားကို ရူးသွပ်သူတစ်ယောက်ကဲ့သို့ ရမ်းကာ အော်ဟစ်နေသည်။

“အာ့”

သူသည် သူလေ့ကျင့်ခဲ့သော ဓားနည်းစနစ်များကို ကြာမြင့်စွာကပင် မေ့လျော့သွားခဲ့ပြီးကြောက်စိတ်ကြောင့် ဦးနှောက်မှာ ဗလာဖြစ်သွားသော ဆန်းဆုသည် လမ်းပေါ်တွင်တွေ့သည့် ခွေးခြေထောက်ကို ရိုက်မောင်းသကဲ့သို့ ဓားကို ရမ်းနေခြင်းသာ ဖြစ်သည်။

ထိုသို့ ရမ်းကားသော ဓားချက်မှာ မည်သို့မျှ အလုပ်ဖြစ်စရာ အကြောင်းမရှိပေ။

“ဒီကောင်”

သူတို့ထဲမှ တစ်ယောက်သည် ဆန်းဆု၏ ဓားကို ပေါ့ပါးစွာ ရိုက်ချလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်က ဆန်းဆုကို သတ်ရန် ဓားများဖြင့် ဆက်တိုက် ထိုးခုတ်လိုက်သည်။

ထိုအချိန်တွင်….

ဝူး

လေကို ခွဲထွက်သွားသကဲ့သို့ ထူးဆန်းသော အသံဖြင့် ပျံသန်းလာသည့် ဓားပျံသုံးချောင်းမှာ သူတို့၏ နှလုံးသားများကို ထိုးဖောက်သွားသည်။

ဇွက်…ဇွက်…ဇွက်…

ခဏလေးအလိုကပင် အသက်ရှင်လျက် လှုပ်ရှားနေသော အပေါင်းအပါများမှာ ချက်ချင်းပင် အသက်ပျောက်သွားသည်။ ဆန်းဆု၏ ဓားကို ရိုက်ချလိုက်သော လူမှာ အခြေအနေကို နားမလည်နိုင်ဘဲ မျက်တောင် ခတ်လိုက်သည်။

“ဘာ….ဘာ...”

သူ စကားပင် မပြောလိုက်ရသေးခင်မှာပင် ထက်မြက်သော ဓားတစ်ချောင်းမှာ သူ့လည်ပင်းကို ထိုးဖောက်သွားသည်။

ဇွက်…..

လူလေးယောက် သေဆုံးသွားသည်ကို မြင်ရသဖြင့် နောက်တွင် စောင့်ကြည့်နေသော လူမှာ မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။

ဒါက... ဓားပျံ

သူ့လက်အောက်ငယ်သားများကို သတ်လိုက်သည်မှာ ဓားပျံလေးချောင်း ဖြစ်သည်။

ကန်ချွန်း ပေါ်လာတာလား နှစ်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ အခုမှ ဘာလို့ ပေါ်လာတာလဲ။

ဓားပျံကို မှတ်မိလိုက်သော ထိုလူ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။

အကယ်၍ ကန်ချွန်းသာ တကယ် ပေါ်လာပါက သူ အသက်ရှင်လျက် ပြန်သွားရန် လမ်းမရှိတော့ပေ။ မကြာမီတွင် ချုံပုတ်ကြားမှ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။

သူမသည် ဆန်းဆုနှင့် လူငယ်သိုင်းသမားကြားတွင် ရပ်ကာ ပြောလိုက်သည်။

“ကျွန်မက ဟွာရှန်းဂိုဏ်းက အိုဆောဟွာပါ။ ရှင်တို့နှစ်ယောက် အဆင်ပြေရဲ့လား”

“အို….သူရဲကောင်းအို”

ဒူးထောက်နေသော လူငယ်မှာ အမြန် ထရပ်လိုက်သည်။ သူသည် မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် အိုဆောဟွာကို နှုတ်ဆက်သည်။

“ကျွန်တော်တို့... ကျွန်တော်တို့ အဆင်ပြေပါတယ်"

“ဒါဆိုလည်း ကောင်းတာပေါ့။ ဟိုဘက်က တောင်ထိပ်ကို မြင်လား”

အိုဆောဟွာ၏ လက်ညှိုးညွှန်ရာသို့ သူတို့ ကြည့်လိုက်ရာ တောင်ထိပ်တစ်ခုကို မြင်လိုက်ရသည်။

“ဟုတ်ကဲ့”

“ရှင်တို့နှစ်ယောက် အဲဒီကိုသွားပါ။ အဲဒီမှာ အပြာရောင်နဂါး တာအိုကျောင်းက သိုင်းပညာရှင်တွေ ရှိတယ်။ အခုလောလောဆယ် သူတို့နဲ့ ပူးပေါင်းလိုက်ပါ"

“ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ သူရဲကောင်းအိုကကော ဘာလုပ်မှာလဲ”

“ကျွန်မ အခြားသိုင်းပညာရှင်တွေကို ကယ်ရဦးမယ်။ မြန်မြန်သွားကြ အချိန်မရှိတော့ဘူး”

“ဟုတ်ကဲ့”

သိုင်းသမားနှစ်ယောက်မှာ လက်သီးနှင့် လက်ဖဝါးကို ဆုပ်ကိုင် နှုတ်ဆက်ကာ တောင်ထိပ်သို့ ပြေးသွားကြသည်။ ကျန်ရှိနေသော အိုဆောဟွာနှင့် ထိုလူမှာ တစ်ယောက်ကို တစ်ယောက် ပြင်းထန်စွာ စိုက်ကြည့်နေကြသည်။

“ဟွာရှန်းက တပည့်ပဲ"

“မင်းက ဘယ်သူလဲ”

“မင်းကကော ဘယ်သူမို့လို့လဲ ဟွာရှန်းဂိုဏ်းက တပည့်တစ်ယောက်က ကန်ချွန်းရဲ့ ဓားပျံကို ဘယ်လိုလုပ် သုံးတတ်တာလဲ”

ထိုလူက သူမကို ဓားပျံကို ပစ်လိုက်သူဟု မှားယွင်းထင်မှတ်နေမှန်း အိုဆောဟွာ ရိပ်မိလိုက်သည်။

“ဘာလို့ မင်းကို ပြောပြရမှာလဲ”

“မင်းက ရိုင်းစိုင်းတဲ့ မိန်းကလေးပဲ။ ငါ့ကို သတ်ချင်ရင်... ကိုယ့်ကိုယ်ကိုယ် မပြဘဲ ချောင်းမြောင်းသတ်ဖြတ်ခဲ့ရမှာ"

ထိုလူသည် သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါးဆန်သော စွမ်းအားများက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“အခုတော့ မင်း အသက်ရှင်လျက် ပြန်သွားဖို့ လမ်းမရှိတော့ဘူး"

“ဟုတ်လား”

အိုဆောဟွာက ဓားကို ဆွဲထုတ်လိုက်သောအခါ ထိုလူမှာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

စဉ်းစားကြည့်တော့... ဓားပျံကို ပစ်တဲ့သူဆိုရင်...

ဓားပျံများကို သိမ်းဆည်းရန် ဓားအိမ် မရှိပေ။ ၎င်းကို နောက်ကျမှ သတိပြုမိသော ထိုလူမှာ တံတွေးကို အခက်သား မြိုချလိုက်ရသည်။

နောက်ထပ် တစ်ယောက် ရှိသေးတယ်။

ထိုလူသည် သူ၏ စွမ်းအားကို ပတ်ပတ်လည် ဖြန့်ကျက်ကာ အိုဆောဟွာ၏ အပေါင်းအပါကို ရှာဖွေသည်။ သို့သော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။ သူ့လည်ပင်းအောက်တွင် အေးစက်သော ဓားသွားတစ်ခုကို ခံစားလိုက်ရသည်။

“မင်း ဘယ်တုန်းက...”

၎င်းမှာ သူ၏ လက်အောက်ငယ်သားများကို သတ်လိုက်သော ဓားပျံနှင့် ပုံစံတူ ဓားပျံပင်။

“ငါတစ်ခါပဲ မေးမယ်။ မင်းတို့ အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ။ ပြီးတော့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ဟီးဟီး မိစ္ဆာဂိုဏ်းဝင် သိုင်းသမား ရှစ်ရာလောက် စုဝေးနေကြပြီ။ ရည်ရွယ်ချက်လား ဂုဏ်သရေရှိ ဂိုဏ်းတွေက မောက်မာတဲ့ မျိုးဆက်သစ်တွေကို သတ်ပစ်ဖို့ပေါ့"

“ဘယ်သူက ဒါကို စီစဉ်တာလဲ”

“ဒီလောက် အင်အားကြီးတဲ့ မိစ္ဆာဂိုဏ်းကို ဘယ်သူက လှုပ်ရှားခိုင်းနိုင်မှာလဲ ကောင်လေး"

“မိစ္ဆာမဟာမိတ်အဖွဲ့"

“ဟုတ်တယ်။ မိစ္ဆာမဟာမိတ်အဖွဲ့ပဲ"

ဂျင်ဆိုဟွန်းက ထိုလူ၏ လည်ပင်းကို ဓားဖျားဖြင့် ချိန်ရွယ်လျက် ရှေ့တွင် ရပ်နေသည်။

“ဘာလို့ ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ ပြောပြနေတာလဲ”

ဂျင်ဆိုဟွန်း၏ မေးခွန်းကို ထိုလူက ကြောက်စရာကောင်းစွာ ပြုံးပြသည်။

“မင်း ဒါကို သိသွားရုံနဲ့ ဘာပြောင်းလဲသွားမယ်လို့ ထင်နေတာလား။ ငါတို့နောက်ကွယ်မှာ မိစ္ဆာမဟာမိတ်အဖွဲ့ ရှိတယ် ပြီးတော့ မိစ္ဆာဂိုဏ်းဝင် ရှစ်ရာတောင် စုဝေးထားတာ"

ထိုလူက ပျော်ရွှင်နေသကဲ့သို့ ရယ်မောသည်။

“မကြာခင် ဖြစ်လာမယ့် လူသတ်ပွဲကြီးကို မင်း တားနိုင်မှာလား”

"”

“မတားနိုင်ဘူး။ မင်း အခါတစ်ရာလောက် သေပြီး ပြန်မွေးဖွားလာရင်တောင် ဒီလူသတ်ပွဲကို မတားနိုင်ဘူး...”

ဂျင်ဆိုဟွန်းသည် သူကိုင်ထားသော ဓားပျံဖြင့် ထိုလူ၏ လက်ကောက်ဝတ်နှစ်ဖက်ကို လှီးဖြတ်လိုက်သည်။

“အာ့”

ထို့နောက် ဂျင်ဆိုဟွန်း၏ ဘယ်ခြေထောက်မှာ ထိုလူ၏ ဒူးနှစ်ဖက်ကို အားကုန် ကန်ချလိုက်သည်။

“ဘုန်း…”

ဒူးနှစ်ဖက် ကျိုးကျကာ မြေပြင်ပေါ်သို့ ထိုင်လျက်သား ဖြစ်သွားသော ထိုလူကို ငုံ့ကြည့်လျက် ဂျင်ဆိုဟွန်းက လက်ကို ဆန့်ထုတ်လိုက်သည်။

သေဆုံးသွားသော လူများ၏ ဓားများက သူ၏ လက်ထဲသို့ အလိုအလျောက် ရောက်လာသည်။ ၎င်းကို ကြည့်နေသော အိုဆောဟွာနှင့် ထိုလူတို့၏ မျက်လုံးများမှာ မယုံနိုင်စရာအထိ ပြူးကျယ်သွားသည်။

လေဟာနယ်ထဲက ဓားဆွဲထုတ်တဲ့ပညာ….

ဓားကို ရွှေ့နိုင်တဲ့ လေဟာနယ်ပညာ…..

ဂျင်ဆိုဟွန်းကို ယခုအချိန်အထိ အဆင့်နိမ့် သိုင်းသမားဟုသာ ထင်မှတ်ခဲ့သော အိုဆောဟွာမှာ သူ ဘယ်လောက်တောင် သန်မာကြောင်း နောက်ကျမှ သိလိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးများ ထလာသည်။

သူ ဒီလောက်တောင် စွမ်းအားကြီးတာကို ငါ မသိခဲ့ဘူး။ သူက အစကတည်းက သူ့ရဲ့ စွမ်းအားကို တမင် ဖုံးကွယ်ထားတာလား။

အိုဆောဟွာတစ်ယောက် ဂျင်ဆိုဟွန်း၏ ကျောပြင်ကို ကြည့်ကာ ဝေဝါးနေစဉ် ဂျင်ဆိုဟွန်းမှာ သေဆုံးသွားသူများ၏ ဓားများကို ထိုလူ၏ ပေါင်နှစ်ဖက်ထဲသို့ သံချောင်းကဲ့သို့ စိုက်ဝင်သွားစေသည်။

“အာ့”

“သွားကြစို့ သူရဲကောင်းအို။ အချိန်မရှိတော့ဘူး"

“အ….ဟုတ် ဒါပေမဲ့ ဒီလူက... ဒီအတိုင်း ထားခဲ့မှာလား”

“သူ့ခြေထောက်နှစ်ဖက်လုံး ကျိုးနေပြီဆိုတော့ မပြေးနိုင်တော့ဘူး။ ပြီးတော့ သူ့လက်ကောက်ဝတ်အကြောတွေကိုလည်း ဖြတ်ထားတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

“အာ... ဟုတ်ကဲ့ သွားကြရအောင်”

ဂျင်ဆိုဟွန်းနှင့် အိုဆောဟွာတို့ ထွက်ခွာသွားသောအခါ ထိုလူမှာ ပေါင်ထဲသို့ စိုက်ဝင်နေသော ဓားများကို လက်သည်းကဲ့သို့ ဆွဲထုတ်ရန် ကြိုးစားသည်။

သို့သော်လည်း အကြောများ ပြတ်တောက်နေသဖြင့် ဓားများကို မည်သို့မျှ ဆွဲထုတ်နိုင်တော့မည် မဟုတ်ပေ။

“ငရဲ... ငရဲပဲ”

ထိုလူသည် သူ၏ဘဝ ပြီးဆုံးသွားပြီဟု ခံစားလိုက်ရသည်။

ပြီးဆုံးသွားပြီ။

မိစ္ဆာဂိုဏ်းလောကတွင် သိုင်းပညာဆုံးရှုံးသွားသော သိုင်းသမားတစ်ယောက်ကို အမှိုက်ထက်ပင် ပို၍ အထင်အမြင်သေးကြသည်။

ကံကောင်း၍ အသက်ရှင်ခွင့်ရခဲ့ပါကလည်း သူသည် တစ်သက်လုံး မထီမဲ့မြင်ပြုခြင်းနှင့် လှောင်ပြောင်ခြင်းများကိုသာ ခံယူရတော့မည်ပင်။

လျှာကိုကိုက်ကာ အဆုံးစီရင်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။ သို့သော် သူ မသေခဲ့ပေ။

“မသေသေးဘူး... မသေသေးဘူး...”

သူသည် မုန်းတီးသော မျက်လုံးများဖြင့် အမှောင်ထဲသို့ စိုက်ကြည့်နေသည်။ သွေးနံ့ကို ရသော အမဲလိုက်ခွေးများက သူ့ကို မကြာမီ ရှာတွေ့တော့မည်။ ထိုလူ၏ အတွေးက မှားယွင်းခြင်း မရှိပေ။

“ဘာလဲ သွေးနံ့ရလို့ လာကြည့်တာ ငါတို့လူပဲ ဖြစ်နေပါလား"

အနက်ရောင် ဝတ်စုံနှင့် လူဆယ်ယောက် ပေါ်လာပြီး လဲကျနေသည့် ထိုလူကို ကျော်ဖြတ်သွားကြသည်။

“သနားစရာကောင်းလိုက်တဲ့ မြင်ကွင်း။ အဆင့်ဆင့် မျိုးဆက်သစ် အရည်အချင်းရှိသူတစ်ယောက်ရဲ့ လက်ချက်နဲ့ ဒီလောက်တောင် ဖြစ်သွားတာလား”

“ဟီးဟီး... ပေါ့ပေါ့ဆဆ မနေနဲ့။ အဲဒီ မျိုးဆက်သစ်တွေထဲမှာ လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့် ပါနေတယ်"

“လက်ဆယ်ချောင်း သွေးသရဲ ဟုတ်လား”

“ဒီကောင်... ရှုံးသွားလို့ အရှက်ကွဲပြီး လိမ်ပြောနေတာများလား”

“အလောင်းတွေကို ကြည့်စမ်း။ သာမန်လက်နက်တွေနဲ့ သတ်ထားတာ မဟုတ်ဘူး"

ထိုလူ ပြောသည့်အတိုင်းပင် သူ၏ အပေါင်းအပါများမှာ ကြီးမားသော လက်နက်တစ်ခုခုဖြင့် ထိုးဖောက်ခံထားရသကဲ့သို့ ရင်ဘတ်တွင် အပေါက်ကြီးများဖြင့် သေဆုံးနေကြသည်။

“ဓားပျံမျိုးမှသာ ဒီလို ဒဏ်ရာမျိုးကို ဖန်တီးနိုင်မှာ...”

“အခုတော့ နားလည်ပြီလား”

“လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့်က မင်းကို ဒီလိုလုပ်ခဲ့တာလား”

“ဟုတ်တယ်။ အဲဒီကောင်က သန်မာတယ်။ သူက လေဟာနယ်ထဲက ဓားဆွဲထုတ်တဲ့ပညာနဲ့ ဓားကို ရွှေ့နိုင်တဲ့အထိ အတွင်းအားက သန်မာတယ်"

“မဖြစ်နိုင်တာ”

“ကိုယ်တိုင်သာ မြင်ကြည့်ကြည့်ပါ။ အဲဒီကောင်က ဟွာရှန်းဂိုဏ်းက တပည့်မလေးတစ်ယောက်နဲ့ ဒီလမ်းအတိုင်း အခုလေးတင် တက်သွားတာ"

အနက်ရောင် ဝတ်စုံနှင့် လူများက ထိုလူညွှန်ပြရာသို့ ခေါင်းမော့ကြည့်လိုက်ကြသည်။

“လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့်... စိတ်ဝင်စားဖို့ ကောင်းသားပဲ"

…..

ချုံပုတ်များကြားမှ အခြား အနက်ရောင်ဝတ်စုံနှင့် လူများ ထပ်မံ ထွက်ပေါ်လာကြသည်။

“မင်းတို့က ဘယ်သူတွေလဲ”

“ငါတို့က ဆာဒေါ့ဂ်ဂိုဏ်း။ မင်းတို့ကော”

“ငါတို့က ဂွမ်ဂျွန်းဂိုဏ်း"

“မင်းတို့လည်း လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့်ကို ရှာနေတာလား”

“အဲဒီလိုပဲ ဖြစ်မယ်"

ပစ်မှတ်တူကြောင်း သိလိုက်ရသည့်အခါ အဖွဲ့နှစ်ဖွဲ့စလုံး၏ မျက်လုံးများတွင် လူသတ်လိုသော အငြိုးအတေးများ ပေါ်လာသည်။

“အဲဒီကောင်ကို ငါတို့ပိုင်တယ်"

“မဟုတ်ဘူး အဲဒီကောင်က ငါတို့ ဆာဒေါ့ဂ်ဂိုဏ်းရဲ့ အစာပဲ။ ငါတို့ဂိုဏ်းက သူ့လက်ချက်နဲ့ ရှုံးနိမ့်ခဲ့တဲ့ တပည့်တွေ အများကြီးပဲ"

“ဒါဆိုရင်တော့ အရင်တွေ့တဲ့သူကပဲ ယူလိုက်ကြတာပေါ့"

မိစ္ဆာဂိုဏ်းအတွက် ဘေးဒုက္ခတစ်ခုနှင့် တူသော လက်ဆယ်ချောင်း သွေးသရဲ၏ တပည့်ကို သတ်နိုင်ပါက မိစ္ဆာလောက၏ အသိအမှတ်ပြုမှုကိုသာမက မိစ္ဆာမဟာမိတ်အဖွဲ့၏ အားပေးမှုကိုပါ ရရှိမည်ပင်။

လောဘဇောတိုက်နေသော အဖွဲ့နှစ်ဖွဲ့သည် ဘယ်သူအရင်သွားမည်ကိုပင် မဆုံးဖြတ်တော့ဘဲ မြောက်ဘက်သို့ ပြေးသွားကြသည်။

“ဟီးဟီးဟီး... မင်းရဲ့ ခန္ဓာကိုယ် အကောင်းပကတိနဲ့ ဒီနေရာကနေ ပြန်ထွက်သွားဖို့တော့ မစဉ်းစားနဲ့"

ဆာဒေါ့ဂ်ဂိုဏ်းနှင့် ဂွမ်ဂျွန်းဂိုဏ်း နှစ်ဖွဲ့စလုံးသည် တောင်ပိုင်းရှိ မိစ္ဆာဂိုဏ်းများထဲတွင် ဂုဏ်သရေရှိသော ဂိုဏ်းများပင်။ လက်ဆယ်ချောင်း သွေးသရဲ၏ တပည့် မည်မျှပင် သန်မာစေကာမူ ဂိုဏ်းနှစ်ခု၏ လိုက်လံတိုက်ခိုက်မှုကို ခံရပါက အသက်ရှင်ရန် ခက်ခဲလိမ့်မည်။

ဒါက ငါ့အတွက် အဆုံးသတ်ပဲလား။

မိစ္ဆာဂိုဏ်းသားများသည် သေလုမျောပါး ဖြစ်နေသော ထိုလူကို ဂရုမစိုက်ကြပေ။ မိစ္ဆာလောက၏ စည်းမျဉ်းအရ ကိုယ့်အသက်ကို ကိုယ်သာ ကယ်တင်ရမည်ပင်။

စည်းမျဉ်းက စည်းမျဉ်းပဲ...

ထိုလူသည် မျက်လုံးများကို ဖွင့်လျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် တွေးတောစရာ တစ်ခုက လျှပ်တစ်ပြက် ပေါ်လာသည်။

ဘာလို့ အဲဒီကောင်က ငါ့ကို အသက်ရှင်ခွင့် ပေးခဲ့တာလဲ။

ဂျင်ဆိုဟွန်းက သူ့ကို အသက်ရှင်ခွင့် ပေးခဲ့သည်။

သတ်ပစ်လိုက်ဖို့ တန်ဖိုးမရှိလို့လား မဟုတ်ရင်...

ကြောက်စရာကောင်းသော အတွေးတစ်ခုက သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်။

သူ... သူက ငါ့ကို လမ်းပြအနေနဲ့ အသုံးချလိုက်တာလား။

သေခါနီးအချိန်တွင်ပင် တည်ငြိမ်နေခဲ့သော သူ့မျက်လုံးများမှာ တုန်ရီသွားသည်။

“ဘုရားရေ...”

သူ နောက်ကျမှ သိလိုက်ရသည်။

ဂျင်ဆိုဟွန်း သူ့ကို အသက်ရှင်ခွင့် ပေးခဲ့ခြင်းမှာ သနားစိတ်ကြောင့် မဟုတ်ပေ။

သူ့ကို လွှတ်ပေးလိုက်ပါက သွေးနံ့ရ၍ ရောက်လာမည့် မိစ္ဆာဂိုဏ်းသားများကို သူက ဂျင်ဆိုဟွန်းဆီသို့ ခေါ်ဆောင်လာလိမ့်မည်ဟု ဂျင်ဆိုဟွန်း ကြိုသိနေခဲ့သည်။

“သူ... ငါ့ကို... အသုံးချလိုက်တာ...”

ထိုလူသည် ပြေးသွားကြသော ဂိုဏ်းနှစ်ခုကို လှည့်ကြည့်လိုက်သည်။ အော်ဟစ်ရန် ကြိုးစားသော်လည်း အသံ မထွက်လာတော့ပေ။

သွေးအလွန်အကျွံ ဆုံးရှုံးမှုကြောင့် အမြင်အာရုံများ ဝေဝါးလာပြီး သတိလစ်မေ့မြောလုနီးပါး ဖြစ်လာသည်။

မ... မသွားကြနဲ့...

သူ၏ တိတ်ဆိတ်သော အော်ဟစ်သံကို လောဘဇောတိုက်နေသည့် ဂိုဏ်းသားများ မကြားနိုင်တော့ပေ။

သစ်ပင်မြင့်တစ်ခုပေါ်တွင် ထိုင်နေသော ဂျင်ဆိုဟွန်းက အချိန်ကို စောင့်နေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ လွှတ်ပေးလိုက်သော ထိုလူသည် အကောင်းဆုံး လမ်းပြ ဖြစ်လာခဲ့သည်။

သူ့ကို ရှာဖွေနေကြသော ဆာဒေါ့ဂ်ဂိုဏ်းနှင့် ဂွမ်ဂျွန်းဂိုဏ်းသားများသည် ဂျင်ဆိုဟွန်းနောက်သို့ လိုက်လာကြသည်။

တိတ်တဆိတ် စောင့်ကြည့်နေသော ဂျင်ဆိုဟွန်းသည် ရင်ဘတ်ထဲမှ ဓားပျံများကို ထုတ်လိုက်သည်။ ဓားပျံလေးချောင်းမှာ သူ၏ လက်ထဲတွင် အေးစက်သော အလင်းတန်းဖြင့် တောက်ပနေသည်။

“ဂွမ်ဂျွန်းဂိုဏ်းကို အရင်သွားခိုင်းလိုက်တာ အဆင်ပြေပါ့မလား”

ဆာဒေါ့ဂ်ဂိုဏ်းသားတစ်ယောက်က စိုးရိမ်စွာ မေးလိုက်သောအခါ ခေါင်းဆောင်က ဖြေသည်။

“ဟုတ်တယ်။ အဲဒီကောင် ပြောသလိုပဲ သူက တကယ်ပဲ လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့်ဆိုရင် လွယ်လွယ်နဲ့ နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဂွမ်ဂျွန်းဂိုဏ်းက ကောင်တွေကို အရင် အားကုန်အောင် တိုက်ခိုင်းလိုက်တာ အကောင်းဆုံးပဲ"

“အော်... အဲဒီအခါကျရင် သူတို့ အားကုန်သွားတဲ့အချိန်မှာ ငါတို့က အပြီးသတ်လိုက်တာပေါ့”

“ဟားဟားဟား မှန်တယ်။ ငါတို့က အရင်ဆုံး ဝင်ပြီး အားကုန်စရာ မလိုဘူး"

“ဂွမ်ဂျွန်းဂိုဏ်းက အဲဒီကောင်ကို သတ်လိုက်ရင်ကော”

“အဲဒီအခါကျရင်... ဂွမ်ဂျွန်းဂိုဏ်းက ကောင်တွေကိုလည်း ငါတို့ပဲ သတ်လိုက်ရုံပဲ။ အရေးကြီးတာက ဘယ်သူ အသက်ရှင်ကျန်ခဲ့မလဲ ဆိုတာပဲ"

“အော် နားလည်ပါပြီ"

ထိုနောက်တွင် ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ခေါင်းဆောင်၏ အမူအရာမှာ ထူးဆန်းသွားသည်။

“အဲဒီအသံကို တစ်ခါမှ မကြားဖူးဘူး"

လမ်းခုလတ်တွင် ရပ်လိုက်သော ခေါင်းဆောင်က လှည့်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိပေ။ တစ်စုံတစ်ခု မှားယွင်းနေမှန်း နောက်ကျမှ သိလိုက်သော ခေါင်းဆောင်မှာ ဓားကို ဆွဲထုတ်လိုက်သည်။

“ဘယ်သူလဲ”

သူ့အော်သံနှင့်အတူ အမှောင်ထဲမှ ဓားသွားနှစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ဓားဖျားတွင် သွေးစက်များ စီးကျနေသည်။

“မ….မင်းက...”

“အားးး”

ခေါင်းဆောင်သည် သူ၏ ရင်ဘတ်အပေါ်ပိုင်းနှင့် ဝမ်းဗိုက်ကို ဖောက်ထွက်သွားသော ဓားနှစ်ချောင်းကို တွေ့လိုက်ရကာ ၎င်းမှာ ဓားပျံများပင်။

မကြာမီပင် သူ၏ ရှေ့မှ နှေးကွေးသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် သွေးစွန်းနေသော အဖြူရောင် ဝတ်ရုံနှင့် ရုပ်ရည်သန့်ပြန့်သော လူတစ်ယောက် ပေါ်လာသည်။

“မင်း... လက်ဆယ်ချောင်း သွေးသရဲရဲ့... တပည့်...”

ဆာဒေါ့ဂ်ဂိုဏ်း၏ ခေါင်းဆောင် သိလိုက်ရသည်မှာ သူတို့က လိုက်လံတိုက်ခိုက်နေသူများ မဟုတ်ဘဲ လိုက်လံတိုက်ခိုက်ခံနေရသူများ ဖြစ်နေကြောင်းကိုပင်။

All Chapters