← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

ဂွမ်ဂျွန်းဂိုဏ်းတို့သည် အစာစားချိန် တစ်နပ်စာမျှ ခရီးနှင်ပြီးနောက် အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရသည်။

သူတို့ကဲ့သို့ပင် လက်ဆယ်ချောင်း သွေးသရဲ၏ တပည့်ကို အမဲလိုက်နေသည့် ဆာဒေါ့ဂ်ဂိုဏ်း၏ တည်ရှိမှုမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဂွမ်ဂျွန်းဂိုဏ်း၏ အကြီးအကဲ ယုံအူဂီးလ်က ခဏ ရပ်လိုက်သည်။

"စောင့်ကြဦး"

ယုံအူဂီးလ်၏ အမိန့်ကြောင့် ဂွမ်ဂျွန်းဂိုဏ်းသားအားလုံး ချက်ချင်း ရပ်တန့်သွားသည်။

"ဆာဒေါ့ဂ်ဂိုဏ်း ဘာဖြစ်သွားတာလဲ"

"သူတို့က ခုနလေးတင်ပဲ ငါတို့နောက်ကပ်ပါလာတာ... ဒါပေမဲ့ ရုတ်တရက် ပျောက်သွားတယ်ခင်ဗျ"

ရုတ်တရက် ပျောက်သွားတယ်

ယုံအူဂီးလ်မှာ အသက် ၄၈ နှစ်ရှိပြီ ဖြစ်သည်။

မိစ္ဆာဂိုဏ်းလောက၏ ကြမ်းတမ်းရက်စက်မှုများကြားတွင် နှစ် ၄၀ ကျော် အသက်ရှင်သန်လာသူ ဖြစ်သည့်အတွက် သိုင်းပညာသာမက အခြေအနေအရပ်ရပ်ကို ချက်ချင်း ဆုံးဖြတ်နိုင်စွမ်းလည်း ရှိသည်။

သူသည် အခြေအနေကို သတိကြီးစွာဖြင့် စတင် အကဲခတ်သည်။

တစ်ခုခုတော့ ထူးဆန်းနေတယ်။

ယုံအူဂီးလ်သည် ဓားကိုင်ဆောင်ထားရာတွင် ဓားအိမ်ပေါ်သို့ လက်တင်လိုက်သည်နှင့် နောက်မှ လိုက်ပါလာသော ဂွမ်ဂျွန်းဂိုဏ်းသားများမှာလည်း အသက်ကို အောင့်ထားကာ ဓားကို တစ်ဝက်မျှ ဆွဲထုတ်လိုက်ကြသည်။

"ဂျွာဘူး သွားကြည့်စမ်း။ ဆာဒေါ့ဂ်ဂိုဏ်း ဘယ်ရောက်သွားလဲဆိုတာ"

"ဟုတ်ကဲ့"

ဂျွာဘူးနှင့် သူ၏ အပေါင်းအပါတစ်ယောက်မှာ လာရာလမ်းအတိုင်း ပြန်သွားကြသည်။ ထို့နောက် အချိန်အတော်ကြာ ကုန်လွန်သွားသော်လည်း ဂျွာဘူး ပြန်မရောက်လာပေ။

မျှော်လင့်ထားတဲ့အတိုင်းပဲ တစ်ခုခုတော့ မှားနေပြီ။

ယုံအူဂီးလ်သည် ဓားကို အပြည့်အဝ ဆွဲထုတ်လိုက်သည်။ ကျန်ရှိသော ဂွမ်ဂျွန်းဂိုဏ်းသားများမှာလည်း ဓားများကို ဆွဲထုတ်ကာ အသင့်အနေအထား ဖြစ်သွားကြသည်။

"အားလုံး နားထောင် သတိမလျှော့နဲ့..."

ယုံအူဂီးလ် စကားမဆုံးခင်မှာပင် သူ၏ ဓားကို အလျင်အမြန် လှုပ်ရှားလိုက်ရသည်။

ချွင်….

တောအုပ်ထဲမှ လျှပ်တစ်ပြက် အရှိန်ဖြင့် ပျံသန်းလာသော ဓားကို ရိုက်ချလိုက်ရခြင်းပင်။ သူ၏ လက်ဝါးမှာ ကျင်တက်သွားသည်။ ထို့ထက်ပို၍ ထိတ်လန့်စရာမှာ ထိုဓားမှာ ယုံအူဂီးလ် ကောင်းကောင်း သိကျွမ်းသည့် ဓားဖြစ်နေခြင်းပင်။

အဲဒါ ဂျွာဘူးရဲ့ ဓားပဲ။

ဆာဒေါ့ဂ်ဂိုဏ်းကို စစ်ဆေးခိုင်းလိုက်သည့် ဂျွာဘူး ပြန်မလာဘဲ သူ၏ဓားသာ ပြန်ရောက်လာသည်။

"မင်းက လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့်ပဲပေါ့ ဂျွာဘူးကို မင်း ဘာလုပ်လိုက်တာလဲ"

သူ အော်ဟစ်လိုက်သောအခါ တောအုပ်ကြားမှ လူတစ်ယောက် ထွက်ပေါ်လာသည်။

သွေးစွန်းနေသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ရည်သန့်ပြန့်သော ထိုလူမှာ လက်ဆယ်ချောင်း သွေးသရဲ၏ တပည့် ဖြစ်ကြောင်း ယုံအူဂီးလ် အလိုလို သိလိုက်သည်။

"ဒါပေါ့ ငါပဲနေမှာပေါ့"

ဂျင်ဆိုဟွန်း၏ အဖြေကြောင့် ယုံအူဂီးလ် မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။

"မင်း သူ့ကို သတ်လိုက်တာလား"

အားလုံး နေရာယူကြ။ ဒီလူက ဓားပျံပညာ သုံးတတ်သူပဲ။ အနီးကပ် တိုက်နိုင်ရင် နိုင်လိမ့်မယ်။

ယုံအူဂီးလ်မှာ ဂျင်ဆိုဟွန်းနှင့် စကားပြောနေရင်းပင် တပည့်များကို စိတ်ဖြင့် ဆက်သွယ်ကာ ပေးလိုက်သည်။

ဂွမ်ဂျွန်းဂိုဏ်းသားများမှာ လျှို့ဝှက်စွာဖြင့် ပတ်ပတ်လည်သို့ ဖြန့်ကျက်သွားကြသည်။

"လက်ဆယ်ချောင်း သွေးသရဲရဲ့ တပည့် ဒီနေရာမှာ ရှိနေမယ်လို့ မထင်ထားခဲ့မိဘူး"

"ဘာလို့ အဲဒီနာမည်ကိုပဲ ထပ်ခါတလဲလဲ ခေါ်နေကြတာလဲ"

"မင်းဆရာရဲ့ နာမည်ကို မင်းတောင် မသိဘူးလား။ လက်ဆယ်ချောင်း သွေးသရဲဆိုတာ ကန်ချွန်းရဲ့ နာမည်ဟောင်းပဲ။ သူနဲ့ အကိုက်ညီဆုံး နာမည်လည်း ဟုတ်မှာပေါ့"

ဂျင်ဆိုဟွန်းသည် သူ၏ ဝတ်ရုံကို ငုံ့ကြည့်လိုက်သည်။ အဖြူရောင် ဝတ်ရုံမှာ သွေးစွန်း၍ နီရဲနေပြီဖြစ်သည်။ သူ့နှာခေါင်းဝတွင် စွဲထင်နေသော သွေးညှီနံ့ကိုပင် သူ မခံစားရတော့ပေ။

ငါ ဒီအနံ့နဲ့ ရင်းနှီးသွားတာလား...

သွေးနံ့တင်မကဘဲ လူသတ်ခြင်းကိုပင် တုံ့ဆိုင်းမနေတော့သည့် ကိုယ့်ကိုကိုယ် ဂျင်ဆိုဟွန်း အံ့ဩမိသည်။ ထိုသို့ တွေဝေနေသော ဂျင်ဆိုဟွန်းကို မြင်လိုက်ရသဖြင့် ယုံအူဂီးလ်၏ မျက်လုံးများ တောက်ပသွားသည်။

စွမ်းရည်ကတော့ ရှိတယ်။ ဒါပေမဲ့ သိုင်းလောက အတွေ့အကြုံတော့ နည်းသေးတာပဲ။

ယုံအူဂီးလ်က အခွင့်အရေးကို လက်လွတ်မခံဘဲ ပြောလိုက်သည်။

"ဂျွာဘူးမှာ ကလေးသုံးယောက် ရှိတယ်။ မိန်းမကလည်း စောစောစီးစီး ဆုံးသွားတော့ ကလေးတွေမှာ သူပဲ ရှိတော့တာ"

""

ဂျင်ဆိုဟွန်း၏ မျက်ဝန်းများ တုန်ရီသွားသည်။

"ငါ ငြင်းမနေပါဘူး။ မင်းထင်တဲ့အတိုင်းပဲ ငါတို့က မိစ္ဆာဂိုဏ်းသားတွေပါ။ ဒါပေမဲ့ အဲဒီမတိုင်ခင် ငါတို့က လူသားချင်းတူတူပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သတ်နေစရာ လိုလို့လား"

"ဒါဆို ဘာလို့ လာတာလဲ"

"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ မိစ္ဆာမဟာမိတ်အဖွဲ့က အမိန့်ပေးရင် လိုက်နာရမယ် မဟုတ်ရင် အသတ်ခံရမယ်။ နောက်ဆုံးတော့ ငါတို့အားလုံး သေမှာပဲ"

"ဒါဆို မျိုးဆက်သစ်တွေကို သတ်ဖို့ လာတာပေါ့"

"ငါ ငြင်းမှာမဟုတ်ဘူး။ ဒါပေမဲ့ အခွင့်အရေး တစ်ခါလောက် ပေးလို့ မရဘူးလား။ ငါတို့အားလုံးမှာလည်း မိသားစု ရှိကြပါတယ်။ မင်းလည်း တစ်စုံတစ်ယောက်ရဲ့ သားသမီးပဲ မဟုတ်ဘူးလား"

ယုံအူဂီးလ်သည် ကိုင်ထားသော ဓားကို မြေကြီးထဲ စိုက်လိုက်သည်။ လက်ဗလာဖြင့် စေတနာကို ပြသလိုဟန်ပင်။

"နောက်ထပ် သွေးတွေ ထပ်မြေကျစရာ မလိုပါဘူး။ ဟုတ်တယ်မဟုတ်လား"

"မှန်ပါတယ်"

ဂျင်ဆိုဟွန်း ခေါင်းညိတ်လိုက်သောအခါ ယုံအူဂီးလ် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"တစ်လမ်းစီ သွားကြရအောင်။ ငါတို့ လာရာလမ်းအတိုင်း ပြန်မယ်... မင်းလည်း..."

ယုံအူဂီးလ်က ကြင်နာယောင်ဆောင်သည့် အပြုံးဖြင့် ဆက်ပြောသည်။

"မင်းလာရာလမ်းအတိုင်း ပြန်သွားလိုက်ပါ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်စွာ ချဉ်းကပ်နေသော ဂွမ်ဂျွန်းဂိုဏ်းသားများက ဂျင်ဆိုဟွန်းထံသို့ အရှိန်ဖြင့် ပြေးဝင်လာကြသည်။

"အဲဒီလမ်းက ငရဲပြည်ဆိုရင်တော့ ငါ မလိုက်နိုင်ဘူး"

ဂျင်ဆိုဟွန်း၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးစက်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ယုံအူဂီးလ် တစ်ခုခု မှားနေပြီဟု သိလိုက်သည်။ သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

"လက်တစ်ထောင် အပ်ချွန်ဓား"

ဂျင်ဆိုဟွန်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ ချုံပုတ်များကြားမှ ဓားများ ပြေးထွက်လာပြီး ဂွမ်ဂျွန်းဂိုဏ်းသားများဆီသို့ ပျံသန်းသွားသည်။

ချွမ်း…ချွမ်း….ချွမ်း……

ဂွမ်ဂျွန်းဂိုဏ်းသား ရှစ်ယောက်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားများ စိုက်ဝင်လျက် လဲကျသွားသည်။

ထောင်ချောက်လား။

ဂွမ်ဂျွန်းဂိုဏ်းသား အချို့ကို ချက်ချင်း ရှင်းပစ်လိုက်ပြီးနောက် ဂျင်ဆိုဟွန်းသည် ဝတ်ရုံအတွင်း၌ ဝှက်ထားသော ဓားအိမ်မှ ဓားပျံနှစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ဝူး……

လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသော ဓားပျံနှစ်ချောင်းမှာ ယုံအူဂီးလ်ကို ပစ်မှတ်ထားသည်။

"ဒီကောင်"

ယုံအူဂီးလ်သည် ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ဓားပျံနှစ်ချောင်းကို ရိုက်ချရန် ကြိုးစားသည်။ သို့သော် ဂျင်ဆိုဟွန်း၏ အားအင်အားလုံး စုစည်းထားသော ဓားပျံ၏ အရှိန်အဟုန်ကို သူ မသိခဲ့ပေ။

ဓားနှစ်လက် ထိတွေ့လိုက်ချိန်တွင် သူ့ဓား ပြန်လည် နောက်ဆုတ်သွားသည်ကို ယုံအူဂီးလ် ခံစားလိုက်ရသည်။

မဟုတ်ဘူး။

လျှပ်စီးနှစ်ခုမှာ ယုံအူဂီးလ်၏ ကိုယ်ကို ဖောက်ထွက်သွားသည်။

"ဒီ... မိစ္ဆာကောင်..."

ပါးစပ်မှ သွေးရဲများ အန်ထုတ်လိုက်ပြီးနောက် ယုံအူဂီးလ် စကားမဆုံးနိုင်ဘဲ လဲကျသွားသည်။ ခေါင်းဆောင်ဖြစ်သူ ချက်ချင်း သေဆုံးသွားသည်ကို မြင်လိုက်ရသော ဂွမ်ဂျွန်းဂိုဏ်းသားများမှာ ထိတ်လန့်သွားကြသည်။

"အာ... အာ့"

"ဒါ မိစ္ဆာကောင်ပဲ"

"ပြ….ပြေးကြ"

မိစ္ဆာဂိုဏ်းသားများကြားတွင် သစ္စာရှိမှုဟူသည် မရှိပေ။ အသက်ဘေးမှ လွတ်မြောက်ရန် အရပ်မျက်နှာအသီးသီးသို့ ပြေးလွှားနေကြသော ဂွမ်ဂျွန်းဂိုဏ်းသားများကို ကြည့်ရင်း ဂျင်ဆိုဟွန်းမှာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ အဆင်ပြေပါ့မလား"

"ရပါတယ်။ အခုချိန်မှာ သူတို့ကို လိုက်သတ်နေတာထက် တခြားသိုင်းပညာရှင်တွေကို ကူညီဖို့က ပိုအရေးကြီးတယ်"

ဂျင်ဆိုဟွန်း၏ အသက်ရှူသံများ ကြမ်းတမ်းလာသည်ကို သတိပြုမိသော အိုဆောဟွာက စိုးရိမ်တကြီး ကြည့်လိုက်သည်။

သူရဲကောင်းဂျင် ကိုယ်တိုင်ကော အဆင်ပြေရဲ့လား။

ဤနေရာသို့ ရောက်လာသည်အထိ ဂျင်ဆိုဟွန်း ရင်ဆိုင်ခဲ့ရသော မိစ္ဆာဂိုဏ်းသားမှာ တစ်ရာကျော်နေပြီ ဖြစ်သည်။ အတွင်းအားကို တတ်နိုင်သမျှ ချွေတာသုံးစွဲခဲ့သော်လည်း ရန်သူဦးရေမှာ များပြားလွန်းလှသည်။

ထို့အပြင် ဂျင်ဆိုဟွန်းမှာ ဂွမ်ဂျွန်းဂိုဏ်းကို ရင်ဆိုင်ရန်အတွက် သူ၏ ဓားထိန်းချုပ်မှုပညာကိုပါ ထုတ်သုံးထားခဲ့သည်။ ဤသို့ဆိုလျှင် သူ၏ အတွင်းအားမှာ မည်သို့မျှ ကျန်ရှိတော့မည် မဟုတ်ပေ။

"သခင်လေးဂျင်"

သွားရန်ပြင်နေသော ဂျင်ဆိုဟွန်းကို အိုဆောဟွာက ပိတ်ရပ်လိုက်သည်။

"ခဏလောက် နားလိုက်ပါ။ ကျွန်မ ရှင်အတွက် ကင်းစောင့်ပေးပါ့မယ်"

"မလိုပါဘူး။ ကျွန်တော် အဆင်ပြေပါတယ်"

ဂျင်ဆိုဟွန်းအနေဖြင့် အထူးတလည် အတွင်းအား ပြန်လည်လေ့ကျင့်နေစရာ မလိုဘဲ အသက်ရှူရုံမျှဖြင့် အတွင်းအားကို တဖြည်းဖြည်း ပြန်လည်ဖြည့်တင်းနိုင်သော်လည်း ဤအကြောင်းကို မသိရှိသော အိုဆောဟွာမှာ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိဘဲ လက်နှစ်ဖက်ကို ဖြန့်ကာ တားဆီးထားသည်။

"မလွှတ်ပေးနိုင်ဘူး။ တခြားသိုင်းပညာရှင်တွေရဲ့ အသက်တွေက အရေးကြီးပေမဲ့..."

အိုဆောဟွာက စကားကို ထစ်ငေါ့လျက် ပြောသည်။

"သ….သခင်လေးဂျင်ရဲ့ အသက်ကလည်း အဲဒီလောက် အရေးကြီးပါတယ်"

အိုဆောဟွာ၏ ပါးပြင်များ နီမြန်းနေသော်လည်း ဂျင်ဆိုဟွန်းမှာ ထိုအရာကို ဂရုစိုက်ရန် အချိန်မရှိပေ။

"ကျွန်တော် တကယ် အဆင်ပြေပါတယ်ဗျာ"

"ဘယ်လိုလုပ် အဆင်ပြေရမှာလဲ သခင်လေး ရင်ဆိုင်ခဲ့တဲ့ မိစ္ဆာဂိုဏ်းသားတွေထဲမှာ လွယ်တဲ့လူ တစ်ယောက်မှ မရှိခဲ့ဘူးလေ။ သခင်လေးလည်း သူတို့ကို ရင်ဆိုင်ဖို့ အလွန်အမင်း အားကုန်ခံထားရတာပဲ"

ဂျင်ဆိုဟွန်းသည် သိုင်းပညာရှင်တစ်ယောက်မျှ အသက်မဆုံးရှုံးစေရန်အတွက် အလွန်အမင်း အားစိုက်ထုတ်ထားရသည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုထက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများမှာ ပို၍ စုပုံလာသည်။ သူ မည်မျှပင် လျစ်လျူရှုရန် ကြိုးစားပါစေ ထိုသူများ၏ သေဆုံးမှုမှာ ဂျင်ဆိုဟွန်း၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။

"တစ်ယောက်တည်း ဒီလောက်ထိ အားကုန်ခံစရာ မလိုပါဘူး"

အိုဆောဟွာ၏ လက်က ဂျင်ဆိုဟွန်း၏ ပခုံးပေါ်သို့ ရောက်လာသည်။ သူမ၏ နှလုံးသားကို ဖော်ပြနေသကဲ့သို့ နွေးထွေးသော အထိအတွေ့ ဖြစ်သည်။ ဂျင်ဆိုဟွန်းသည် အိုဆောဟွာ၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ကာ အောက်သို့ ချပေးလိုက်သည်။

"ကျွန်တော် သူမကို မတွေ့သေးဘူး"

"မတွေ့သေးဘူး ဘယ်သူ့ကိုလဲ"

"စီးယု"

"စီးယု... အော်... သခင်လေးရဲ့ အစေခံမလေး..."

"ဟုတ်တယ်။ စီးယုက သိုင်းမတတ်ဘူး။ ဒီလူတွေဆီကနေ သူမ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ဂျင်ဆိုဟွန်းက စိတ်မပူရန် ပြောနေသကဲ့သို့ အနည်းငယ် ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့။ စီးယုကို မတွေ့မချင်း ကျွန်တော် မလဲကျပါဘူး"

"ဟူး... ဟူး... ဟူး..."

ဂျုံရိုအာ၏ အသက်ရှူသံများ ပြင်းထန်နေသည်။ သူ၏ ကျောပြင်မှာ ချွေးများဖြင့် ရွှဲစိုနေပြီး ခြေလှမ်းများမှာလည်း လေးလံနေသည်။

"သောက်ကျိုးနည်း"

"ကျွန်မ အဆင်ပြေပါတယ်။ ဒါကြောင့် ကျွန်မကို ချပေးလိုက်ပါ။ ကျွန်မ ဘာသာ နေနိုင်ပါတယ်"

"ပါးစပ်ပိတ်ထား လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘဲ ဘာလုပ်မလို့လဲ"

"ကျွန်မက သိုင်းသမားမှ မဟုတ်တာ သူတို့ ကျွန်မကို သတ်မှာ မဟုတ်ပါဘူး။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ နှစ်ယောက်လုံး သေကြလိမ့်မယ်"

စီးယုမှာ ဂျုံရိုအာ၏ ကျောပေါ်မှ ဆင်းရန် ရုန်းကန်နေသည်။ မည်သို့မျှ သည်းမခံနိုင်တော့သော ဂျုံရိုအာသည် တစ်ခုခုကို တွေ့လိုက်ရသဖြင့် ထိုနေရာသို့ ခန္ဓာကိုယ်ကို ပစ်လွှတ်လိုက်သည်။

"ဆင်းတော့"

ဂူတစ်ခုသို့ ရောက်ရှိလာသော ဂျုံရိုအာသည် ကျောပိုးထားသော စီးယုကို ချပေးလိုက်ပြီး ဂူအတွင်းသို့ တွန်းပို့လိုက်သည်။

"ဒီမှာပဲ နေ ဘယ်မှ မသွားနဲ့"

"ဟုတ်ကဲ့ ကျွန်မ ဒီမှာပဲ နေပါ့မယ်။ ဒါကြောင့် သခင်လေး အတတ်နိုင်ဆုံး ဝေးဝေးကို ပြေးပါတော့"

စီးယုမှာ ဂူအတွင်းပိုင်းသို့ ပြေးဝင်သွားကာ ထောင့်တစ်နေရာတွင် တွန့်ဆုတ်လျက် ထိုင်နေသည်။ ၎င်းကို ကြည့်နေသော ဂျုံရိုအာသည် ခန္ဓာကိုယ်ကို လှည့်ကာ ဂူအပြင်ဘက်ကို စိုက်ကြည့်လိုက်သည်။

သူ၏ ချီစွမ်းအားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ရန် မလိုတော့ပေ။ ရန်သူများမှာ အခုအခါ ပေါ်ပေါ်တင်တင်ပင် လှုပ်ရှားနေကြပြီ။

ဘာလို့ ဒီလိုဖြစ်ရတာလဲ သိုင်းလောက မဟာမိတ်အဖွဲ့က ဘာလုပ်နေတာလဲ။

ဂျုံရိုအာသည် သူ၏ ဘယ်ဘက်လက်မောင်းကို ငုံ့ကြည့်လိုက်သည်။ သွေးထွက်တာကို ခက်ခက်ခဲခဲ ရပ်တန့်ထားရသည့် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရှိသည်။

မိစ္ဆာဂိုဏ်းသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူတို့မှာ အပြာရောင်နဂါး တာအိုကျောင်းမှ စေလွှတ်လိုက်သော သင်တန်းဆရာများဟု ဂျုံရိုအာ ထင်မှတ်ခဲ့သည်။

ဒီတစ်ခါကော သူတို့ ဘယ်လို အနှောင့်အယှက်ပေးဦးမလဲ။ နောက်ထပ် အညစ်အကြေးအိတ်တွေနဲ့ ပစ်ပေါက်ဦးမှာလား။

အနက်ရောင်ဝတ်စုံနှင့် လူများ ပေါ်လာသည်ကို အထင်မကြီးခဲ့သော ဂျုံရိုအာသည် စီးယုကို ကျောနောက်တွင် ဝှက်ကာ သူတို့ လူသတ်လိုသော အငြိုးအတေးကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် ဓားကို ဆွဲထုတ်လိုက်သည်။

တုံ့ပြန်မှု နောက်ကျသွားသဖြင့် သူ၏ ဘယ်ဘက်လက်မောင်းမှာ အဖြတ်ခံလိုက်ရသည်။

ဒါက တကယ့်ကိုပဲ။

သူတို့ ထုတ်လွှတ်နေသော လူသတ်လိုသည့် အငြိုးအတေးမှာ အစစ်အမှန် ဖြစ်သည်။

ထို့ပြင် ထိုလူများမှာ တာအိုကျောင်းမှ စေလွှတ်သောသူများ မဟုတ်ပေ။

"ဟီးဟီး တကယ့်ကို ကံကောင်းတာပဲ။ မိန်းမပျိုလေး တစ်ယောက်လည်း ပါသေးတယ်ပေါ့"

"ဒီကောင်ကလည်း မဆိုးဘူးပဲ"

"အချိန်မဖြုန်းနဲ့ အားလုံး ဝိုင်းတိုက်ပြီး သတ်လိုက်"

မိစ္ဆာဂိုဏ်းသားများ ဖြစ်ကြောင်း သဘောပေါက်သွားသော ဂျုံရိုအာသည် ချက်ချင်းပင် သူ၏ အတွင်းအားကို မြှင့်တင်ကာ ဓားစွမ်းအားကို ဖြန့်ကျက်လိုက်သည်။

"အာ့"

"ဒါ ဓားစွမ်းအားပဲ ရှောင်ကြ"

သူတို့ ဆုတ်ခွာနေစဉ်တွင် ဂျုံရိုအာသည် စီးယုကို ကျောပိုးကာ ပြေးထွက်သွားသည်။ သို့သော် သူ၏ လှုပ်ရှားမှုပညာ မည်မျှပင် ထူးချွန်ပါစေ စီးယုကို ပိုးထားလျက်ဖြင့် ဆက်လက်ပြေးလွှားရန်မှာ မဖြစ်နိုင်ပေ။

ဒီအတိုင်းပဲ သွားရတော့မလား။

သူတစ်ယောက်တည်း ပြေးမည်ဆိုပါက အသက်ရှင်ရန် အခွင့်အရေး များသည်။ သို့သော် စီးယုမှာတော့ သေဆုံးရလိမ့်မည်ပင်။

သူမက ငါနဲ့ ဘာမှမဆိုင်တဲ့ ကလေးမလေးပဲ။ ပြီးတော့...

ထောင့်တွင် တွန့်ဆုတ်ထိုင်နေသော စီးယုက တောက်ပစွာ ပြုံးပြသည်။

"ကျွန်မ အဆင်ပြေပါတယ်။ ဒါကြောင့် အမြန်သွားပါတော့"

သိုင်းမတတ်သဖြင့် အကြောက်ဆုံး ဖြစ်ရမည့် စီးယုမှာ အပြုံးအတုကို စိုပြေစွာ ပြုံးလျက် သူ့ကို ထွက်သွားရန် တိုက်တွန်းနေသည်။

ထွက်သွားခြင်းက အကောင်းဆုံးပင်။

သူ့ဂိုဏ်းမှ သိုင်းသမားများကို ခေါ်ဆောင်လာပြီး စီးယုအတွက် လက်စားချေပေးခြင်းက ပို၍ ဉာဏ်ပညာရှိသော လုပ်ရပ် ဖြစ်သည်။

ဂျုံရိုအာသည် သူ၏ ဆံပင်များကို ဆွဲဆုပ်လိုက်သည်။

"ဒါက... ငရဲပဲ"

သူ စီးယု၏ ရှေ့သို့ လျှောက်သွားကာ ဓားကို မြှောက်လိုက်သည်။

သူကိုင်ထားသော ဓားကို ကျယ်ပြန့်စွာ ဝှေ့ယမ်းလိုက်ရာ ဂူ၏ အပြင်ဘက်နံရံ ပြိုကျသွားသည်။

"အာ"

အံ့ဩသွားသော စီးယုမှာ ငုံ့ရှောင်နေစဉ် ဂူ၏ အပြင်ဘက်နံရံ ပြိုကျသွားသဖြင့် စီးယုနှင့် ဂျုံရိုအာကြားတွင် နေရာလွတ် အနည်းငယ် ကျန်ရစ်ခဲ့သည်။

"အဲဒီနေရာကနေ မရွှေ့နဲ့"

"သ….သခင်လေးဂျုံ"

ဂျုံရိုအာသည် ဓားကို ကိုင်လျက် နောက်လှည့်လိုက်သည်။

ဂူဝင်ပေါက်တွင် သူတို့ကို လိုက်လံတိုက်ခိုက်နေသော မိစ္ဆာဂိုဏ်းသားများမှာ ရက်စက်သော အငြိုးအတေးများဖြင့် ရပ်နေကြသည်။

"မင်းတို့ သိပ်မဝေးဘူးပဲ"

"ကိုယ့်အတွက် သင်္ချိုင်းကို ကိုယ်တိုင် လာရှာနေတာပဲ"

"ဉာဏ်ကောင်းတဲ့အတွက် ချီးကျူးရမှာပဲ ဟားဟားဟား"

သူ့ကို လှောင်ရယ်နေသော မိစ္ဆာဂိုဏ်းသား ခုနစ်ယောက်ကို ဂျုံရိုအာက စိုက်ကြည့်လျက် သွားများကို ဖြီးပြလိုက်သည်။

"ငါက ဂျုံနမ်ဂိုဏ်းရဲ့ ၂၃ မြောက် တပည့် ဂျုံရိုအာပဲ"

ဂျုံရိုအာသည် ရက်စက်သော လူသတ်လိုသည့် အငြိုးအတေးကို ထုတ်ဖော်လျက် ရယ်မောသည်။

"မင်းတို့ကို တစ်ယောက်ချင်း ရှင်းနေရတာ အလုပ်ရှုပ်တယ်။ ဒါကြောင့် အားလုံး တစ်ပြိုင်တည်းသာ လာကြစမ်း အမှိုက်တို့"

"ဘာ…."

"ဒီရူးနေတဲ့ကောင်"

သူတို့၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ ဂျုံရိုအာသည် သူ၏ အတွင်းအားကို မြှင့်တင်လိုက်သည်။

သူ၏ ဓားကို အလယ်အဆင့်သို့ မြှောက်လျက်…

"ငါ မင်းတို့ကို ဂျုံနမ်ရဲ့ ဓားပညာကို ပြသပေးမယ်"

All Chapters