← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

"နားတွေကို အုပ်ထား မျက်လုံးတွေကို မှိတ်ထား။ အခုကစပြီး... ဘာပဲဖြစ်ဖြစ် ဘာမှဂရုမစိုက်နဲ့"

ဂျုံရိုအာသည် ဤစကားကိုသာ မှာထားခဲ့ပြီး တိုက်ပွဲကို စတင်လိုက်သည်။

စီးယုသည် သူပြောသည့်အတိုင်း မျက်လုံးနှင့် နားများကို အုပ်ကာ အသက်ကို အောင့်ထားလိုက်သည်။

သို့သော် အပြည့်အဝ ပိတ်မထားနိုင်သည့် နားများမှတစ်ဆင့် ဓားချင်းထိခိုက်သံများနှင့် နာကျင်စွာ အော်ဟစ်သံများကို ကြားနေရသည်။

စီးယုသည် ခေါင်းကို ပို၍ ငုံ့ချလိုက်သည်။

"ဂိုဏ်းကြီးဂိုဏ်းငယ်ဆိုတာ တကယ်ကို မဟုတ်ပါလား"

ယခုဆိုလျှင် ဂျုံရိုအာ၏ ဓားလက်ချက်ကြောင့် သူ၏ ရန်သူငါးယောက်မှာ အသက်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူတို့၏ သေဆုံးမှုမှာ အချည်းနှီးတော့ မဟုတ်ပေ။

"ဟူး... ဟူး..."

သွေးများဖြင့် ရွှဲစိုနေသော ဂျုံရိုအာသည် ဒဏ်ရာရထားသည့် သားရဲတစ်ကောင်ကဲ့သို့ ကျန်ရှိနေသေးသော မိစ္ဆာဂိုဏ်းသား နှစ်ယောက်ကို စိုက်ကြည့်နေသည်။

သူတို့မှာ မဆင်မခြင် မလှုပ်ရှားရဲလောက်အောင်ပင် ထက်မြက်နေကြသည်။

"စောင့်နေကြ သူကိုယ်တိုင်ပဲ လဲကျသွားလိမ့်မယ်။ အချိန်က ငါတို့ဘက်မှာ ရှိတယ်"

အနက်ရောင်ဝတ်စုံနှင့် လူ ပြောသည့်အတိုင်းပင် ဂျုံရိုအာသည် ဓားကိုပင် ကိုင်ထားနိုင်စွမ်း မရှိတော့သယောင် ဖြစ်နေသည်။

"မတိုက်ကြတော့ဘူးလား"

ဂျုံရိုအာက သွေးစွန်းနေသော နှုတ်ခမ်းများဖြင့် ပြောလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် လူမှာ မလှောင်ရယ်သည်။

"ဘာလို့ တိုက်ရမှာလဲ။ သူက သေလူတစ်ယောက်ပဲ။ ငါ့အားအင်တွေကို မဖြုန်းချင်ဘူး။ ပြီးတော့ အရင်က ကလေးမလေးကို မင်း ကျောနောက်မှာ ဝှက်ထားတာလား"

""

"ဂျုံနမ်ဂိုဏ်းဆိုတာ မဟုတ်ပါလား။ တကယ့် သူရဲကောင်းပဲ။ ကိုယ်ချစ်ရတဲ့သူကို ကာကွယ်ဖို့ ကိုယ့်အသက်ကိုတောင် မငဲ့ဘူး"

"ချစ်ရတဲ့သူ... တောက်... အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ လာသာလာခဲ့"

"စိတ်မပူပါနဲ့။ မင်းချစ်တဲ့ ကလေးမလေးကို မင်းကိုယ်စား ငါ အကောင်းဆုံး ပြုစုပေးပါ့မယ်"

အနက်ရောင်ဝတ်စုံနှင့် လူသည် သူ၏ ရွံရှာဖွယ် လျှာဖြင့် လျက်လိုက်ရာ ဂျုံရိုအာ၏ ဒေါသမှာ ထိန်းမနိုင်တော့ပေ။

"မင်းရဲ့ အဲဒီညစ်ပတ်တဲ့ လျှာကို ငါ အသေအချာ ဖြတ်ပစ်မှာမို့ ခဏလောက် စောင့်နေ"

"နိုင်ရင် လုပ်ကြည့်လေ။ အော် အချိန်တန်ပြီထင်တယ်"

မကြာမီပင် ဂူအပြင်ဘက်မှ လူတစ်ဒါဇင်ခန့်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

လူပိုလာတာလား ဘယ်လောက်တောင် ရှိတာလဲ။

မကြာမီပင် အနက်ရောင်ဝတ်စုံနှင့် မိစ္ဆာဂိုဏ်းသားများ တန်းစီ၍ ပေါ်လာကြသည်။

သူတို့ အချင်းချင်း စကားပြောကာ အခြေအနေကို အကဲခတ်နေကြသည်။

"ဂျုံနမ်ဂိုဏ်း... တကယ့် ခေါင်းကိုက်စရာကောင်းတဲ့ ကောင်နဲ့ တွေ့ရပြီပဲ"

"မင်းတို့ ဘာဖြစ်ခဲ့ကြတာလဲ"

"ငါတို့အတွက်တော့ မခက်ခဲပါဘူး။ တချို့ အသုံးမကျတဲ့ကောင်တွေနဲ့ တွေ့လို့ သူတို့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်နေကြတာလေ"

"ဒါဆို ဘာလုပ်လိုက်လဲ"

"သေချာတာပေါ့... ငါတို့ သတ်ပစ်လိုက်တယ်။ လည်ပင်းကို ဓားနဲ့ အလှီးခံရတဲ့အချိန်မှာ အသက်ရှင်ဖို့ တောင်းပန်နေတာ ပိုးကောင်လေးလိုပဲ"

"ဟားဟားဟား"

ဘယ်နေရာမှာ လွဲချော်သွားတာလဲ။ ဘာလို့ ဒီလိုဖြစ်လာရတာလဲ။

သူတို့ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ကြောင်း ဂျုံရိုအာ သိလိုက်ရသည်။ တစ်စုံတစ်ယောက်က အပြာရောင်နဂါး တာအိုကျောင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းပင်။

မိစ္ဆာမဟာမိတ်အဖွဲ့။

ဒီလောက်များပြားတဲ့ မိစ္ဆာဂိုဏ်းသားတွေကို လှုပ်ရှားစေနိုင်တာ မိစ္ဆာမဟာမိတ်အဖွဲ့ပဲ ရှိတယ်။

သိုင်းလောက မဟာမိတ်အဖွဲ့နဲ့ အပြာရောင်နဂါး တာအိုကျောင်းက ဒါကို မသိဘဲ မနေနိုင်ဘူး။ ဒါပေမဲ့... ဘာလို့ ဘယ်သူမှ မရောက်လာတာလဲ။

သိုင်းလောက မဟာမိတ်အဖွဲ့မှာ မိုက်မဲသူများ မဟုတ်ပေ။

အန္တရာယ်ရှိမှန်း သိလျက်နှင့် မျိုးဆက်သစ် အရည်အချင်းရှိသူများကို အပြင်သို့ စေလွှတ်လိုက်ခြင်းက အန္တရာယ်များမှန်း မသိဘဲ မနေနိုင်ပေ။ သို့သော် မည်သူ့ထံမှ အကူအညီမှ မရရှိခဲ့ပေ။

ဟူး….တကယ့်ကို ကံဆိုးတာပဲ။

အခြေအနေ အတိအကျကို သူ မသိနိုင်ပေ။ သိခဲ့လျှင်လည်း ဘာမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

ထိုအခြေအနေတွင် ဂျုံရိုအာ လုပ်နိုင်သည့် တစ်ခုတည်းသော အကောင်းဆုံးအချက်မှာ

မင်းလုပ်စရာရှိတာ လုပ်လိုက် ဂျုံရိုအာ။

သူ့ကိုယ်သူ ဆေးပေးနေသကဲ့သို့ တီးတိုးရေရွတ်ရင်း ဂျုံရိုအာ ရုတ်တရက် လှည့်လိုက်

သည်။

နားနှင့် မျက်လုံးများကို အုပ်ထားရန် ပြောထားခဲ့သော စီးယုက သူ့ကို ကြည့်နေသည်။

"ဒီကလေးမလေးကတော့။ မကြည့်နဲ့ မနားထောင်နဲ့လို့ ငါ ပြောထားတယ်လေ"

"သခင်လေး..."

စီးယု၏ ကြောက်ရွံ့နေသော မျက်နှာကို ကြည့်ကာ ဂျုံရိုအာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါက သခင်လေးမဟုတ်ဘူး ဂျုံရိုအာပဲ"

စီးယု ဘာမှ မပြောခင်မှာပင် ဂျုံရိုအာသည် ဓားကို ဝှေ့ယမ်းကာ ဂူနံရံကို ပြိုကျစေလိုက်သည်။ တိကျသော ဓားချက်ကြောင့် ဂူမှာ အပြည့်အဝ ပြိုမကျဘဲ စီးယုနှင့် ဂျုံရိုအာကြားတွင် နံရံတစ်ခုသာ ဖြစ်ပေါ်သွားသည်။

"တကယ့်ကို မျက်ရည်ကျစရာ အချစ်ဇာတ်လမ်းပဲ"

"ပါးစပ်ပိတ်ထား..."

ဂျုံရိုအာသည် ဓားကို ပြန်ကိုင်လိုက်ပြီး အနည်းငယ် ပြုံးပြသည်။

"ဒီလို လူကြောက်ကောင်တွေ။ လူဦးရေ တိုးလာတာတောင် မတိုက်ရဲကြဘူးလား။ ဒါမှမဟုတ် အဲဒီကောင်တွေက မင်းတို့အစား တိုက်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာလား"

"အဲဒီကောင် ပြောတာတွေကို ဂရုမစိုက်နဲ့။ သူက သေလူတစ်ယောက်ပဲ"

"အင်း ဟုတ်ပုံပဲ။ ဒါပေမဲ့ အချိန်မရွေး သေနိုင်တဲ့သူကို ဒီအတိုင်း ကြည့်နေဖို့တော့ ငါ့သဘာဝမှာ မရှိဘူး"

"ဒါဆို အားလုံး အတူတူ လုပ်ကြမလား"

"ကောင်းပြီ။ ဒါပေမဲ့ မင်း အရင်သွား"

"ငါလား"

"ဟုတ်တယ်။ မင်း ငါတို့ကို ဒီတစ်ခါမှာလည်း အသုံးချဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"

အနက်ရောင်ဝတ်စုံနှင့် လူ၏ စကားသံကြောင့် မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ တွေးတောမိသွားသည်။

ဂျုံနမ်ဂိုဏ်းသားနှင့် သူ ကာကွယ်ပေးနေသော မိန်းကလေးမှာ ဆွဲဆောင်မှု ရှိလွန်းနေသည်။ သို့သော် သေခါနီး သားရဲတစ်ကောင်သည် အန္တရာယ်အရှိဆုံး ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိသည်။

နှမြောစရာကောင်းပေမဲ့... အခုအချိန် မဟုတ်ဘူး။

မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ ခြေလှမ်း နောက်ဆုတ်လိုက်သည်။

"ငါတို့ ဒီနေရာကို မင်းတို့ဆီပဲ ထားခဲ့မယ်"

"မရဘူး။ မင်းတို့ အရင်သွား"

"ငါတို့ အဆင်ပြေပါတယ်"

"ငါ့စကားက နောက်ပြောင်သလို ဖြစ်နေလား"

လေထုမှာ ပူပြင်းလာသည်။ လေထုမှာ အေးစက်ခြင်းမဟုတ်ဘဲ ပူလောင်လာသည်ကို ခံစားမိသော မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ အခြေအနေ ထူးဆန်းလာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

သေစမ်း သူ ငါတို့ကို အသုံးချဖို့ ကြံနေတာ။

ဂျုံရိုအာ၏ စွမ်းရည်ကို လျှော့တွက်၍ မရပေ။ ယခင် တိုက်ပွဲများကြောင့် အင်အားကုန်ခမ်းနေသည်မှာ မှန်သော်လည်း ပေါ့ပေါ့ဆဆ နေပါက ဒဏ်ရာရထားသော သားရဲ၏ အကိုက်ခံရနိုင်သည်။

သို့သော် သူတို့သာ နောက်ဆုတ်သွားပါက နောက်တွင် ပိတ်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူများက ငြိမ်နေမည် မဟုတ်ပေ။

သူ ဒါကို ရည်ရွယ်ခဲ့တာလား... ဒီလို လိမ္မာပါးနပ်တဲ့ကောင်။

မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ ဂျုံရိုအာ၏ လှုံ့ဆော်မှုကြောင့် ချောက်ကမ်းပါးစွန်းသို့ ရောက်နေကြောင်း သိလိုက်ရသည်။

"ကောင်းပြီ။ ငါတို့ အရင်သွားမယ်"

တွက်ချက်မှု အမြန်ဆုံး ပြီးသွားသော မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ ဓားကို ဆွဲထုတ်ကာ ရှေ့သို့ တိုးလာကြပြီး အနက်ရောင်ဝတ်စုံနှင့် လူများလည်း နောက်မှ လိုက်ပါလာသည်။

သူတို့ ချဉ်းကပ်လာသည်ကို ကြည့်နေသော ဂျုံရိုအာက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

အနည်းဆုံးတော့ ဒါက စိတ်သက်သာရာရစေတာလား။

အချိန်အနည်းငယ် ရလိုက်သည့်အတွက် သူ၏ အတွင်းအားနှင့် ခန္ဓာကိုယ် အင်အားကို အနည်းငယ် ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ ဂျုံရိုအာသည် စိတ်ကို တည်ငြိမ်အောင် ထားကာ တိုက်ပွဲ၏ တည်ဆောက်ပုံကို တွက်ချက်လိုက်သည်။

အနည်းဆုံးတော့ သူတို့ထဲက နှစ်ယောက် သုံးယောက်ကို ငါနဲ့အတူ ဆွဲခေါ်သွားမယ်။

သူ၏ စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည့်အခါ နှလုံးသားမှာ ပို၍ ပေါ့ပါးလာသည်။ နောက်တစ်ခဏတွင် သူ၏ ဆရာဖြစ်သူ၏ အသံကို စိတ်ထဲ၌ ကြားလိုက်ရသည်။

ကြောက်စိတ်က နှလုံးသားကို လေးလံစေတယ်။ နှလုံးသား လေးလံလာရင် ခန္ဓာကိုယ်ကလည်း လေးလံလာလိမ့်မယ်။

ကြောက်စိတ်ကို ကျော်လွှားနည်းကို သင်ပေးပါ ဆရာ။

ကျော်လွှားရမယ့် နည်းလမ်း မရှိဘူး။

ဒါဆို...

ဆရာဖြစ်သူက ကြင်နာသော မျက်နှာဖြင့် ပြောသည်။

ကြောက်စိတ်ဆိုတာ လူသားတွေ မွေးရာပါ ရရှိလာတဲ့ ဗီဇတစ်ခုပဲ။ သေခြင်းတရားကနေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ စွမ်းအားပဲ။

ကြောက်စိတ်က စွမ်းအားတစ်ခုလို့ ပြောချင်တာလား ဆရာ။

မှန်တယ်။ ကြောက်စိတ် မရှိတဲ့သူတွေက သေခြင်းတရားကို ပေါ့ပေါ့ဆဆ သဘောထားကြတယ်။ ကြောက်စိတ်ကို သိမှသာ သေခြင်းတရားကနေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လိမ့်မယ်။ ဒါကြောင့် သေချာ နားထောင်ပါ။ ကြောက်စိတ်ဆိုတာ လျစ်လျူရှုရမယ့်အရာ ဒါမှမဟုတ် ကျော်လွှားရမယ့်အရာ မဟုတ်ဘူး။ ကြောက်စိတ်ကို လက်ခံပါ ဒါပေမဲ့ သူတို့ဆီမှာ မမြုပ်သွားပါနဲ့။ သူ့အလျောက် စီးဆင်းသွားပါစေ။

ဆရာဖြစ်သူ နောက်ဆုံးပြောလိုက်သည်။

ကြောက်စိတ်ကို နားလည်ပြီး လက်ခံပါ။ ပြီးရင် မင်းရဲ့ စွမ်းအားအဖြစ် ပြောင်းလဲလိုက်ပါ။

ထိုစဉ်က သူ ဆရာ့စကားကို နားမလည်ခဲ့ပေ။

အပြာရောင်နဂါး တာအိုကျောင်းသို့ ရောက်ရှိပြီး မှောင်မိုက်သော ဂူထဲရှိ စိတ်ကူးယဉ် အလွတ်နယ်မြေမှ သူ၏ ကြောက်စိတ်ကို ရင်ဆိုင်ရချိန်၌ပင် ဆရာ့သင်ခန်းစာကို မလိုက်နာနိုင်ခဲ့ပေ။ သို့သော် ယခု သူ နားလည်သွားပြီ ဖြစ်သည်။

ကြောက်စိတ်ဆိုတာ ကျော်လွှားရမယ့်အရာ မဟုတ်ဘူး လက်ခံပြီး ကိုယ့်စွမ်းအားအဖြစ် ပြောင်းလဲရမယ့်အရာ။

ဂျုံရိုအာ၏ ဓားကိုင်ဟန်မှာ တည်ငြိမ်သွားသည်။

"ဟမ်"

သူ့ဆီသို့ ချဉ်းကပ်လာသော မိစ္ဆာဂိုဏ်းသား နှစ်ယောက်၏ ခြေလှမ်းများမှာ နှေးကွေးသွားသည်။

လေထုက ပြောင်းသွားပြီ။

မည်သည့်အချိန်တွင်မဆို ကျိုးပဲ့သွားနိုင်လောက်အောင် စိုးရိမ်ပူပန်နေခဲ့သော ဂျုံရိုအာ၏ အငွေ့အသက်မှာ အခုအခါ အက်ကွဲကြောင်း မရှိတော့ဘဲ ခိုင်မာသွားပြီ ဖြစ်သည်။

မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ ထပ်မံ ချဉ်းကပ်မလာကြသဖြင့် ဂျုံရိုအာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဘာဖြစ်လို့လဲ မနက်ဖြန်မှ တိုက်ဖို့ စီစဉ်နေတာလား"

"တောက်"

သူ့ကန့်သတ်ချက်ကို ရောက်နေတယ်ဆိုတာ သူသိပေမဲ့ လုံးဝမပြောင်းလဲသွားဘူး။

မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အချက်ပေးပြီးနောက် လျင်မြန်စွာ ရွေ့လျားလိုက်ကြသည်။

ဘေးနှစ်ဖက်မှ အကွာအဝေးကို ချဲ့ပြီး ချဉ်းကပ်လာသော မိစ္ဆာဂိုဏ်းသား နှစ်ယောက်ကို ကြည့်ရင်း ဂျုံရိုအာ အသက်ရှည်ရှည် ရှူလိုက်သည်။

သူ့ရဲ့ မမြင်ရတဲ့နေရာကို ပစ်မှတ်ထား။

လူ့မျက်စိ၏ မြင်ကွင်းမှာ ကန့်သတ်ချက် ရှိသည်။ ဘယ်နှင့်ညာကို တစ်ပြိုင်တည်း မမြင်နိုင်သောကြောင့် မိစ္ဆာဂိုဏ်းသား နှစ်ယောက်မှာ ဂျုံရိုအာ၏ အမြင်ကွယ်ရာမှ တစ်ပြိုင်တည်း ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် အရေပြားပေါ်သို့ ဓားသွားကဲ့သို့ ထက်မြက်သော လူသတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

သို့တိုင်အောင် ဂျုံရိုအာသည် ဘယ်ဘက်သို့လည်း မကြည့်သလို ညာဘက်သို့လည်း မကြည့်ဘဲ အချိန်ကျရောက်သည်အထိ စောင့်ဆိုင်းနေသည်။

သူ၏ အရေပြားကို ထိတွေ့နေသော လူသတ်လိုသည့် အငွေ့အသက်များ ပို၍ ထူထပ်လာသည်အထိပင်။

သူတို့ ရောက်လာပြီ။

မိစ္ဆာဂိုဏ်းသား နှစ်ယောက်၏ ဓားများ အနီးသို့ ရောက်လာသည်နှင့် ဂျုံရိုအာ၏ ဓားမှာ လျှပ်တစ်ပြက် တောက်ပသွားသည်။ ဂျုံနမ်ဂိုဏ်း၏ ထူးခြားသော ဓားပညာဖြစ်သည့် ထယ်အူး ဓားရောင်ခြည်ဖြာပညာရပ်ကို ဂျုံရိုအာ၏ လက်ထဲတွင် ဖော်ပြလိုက်သည်။

ဂျုံနမ်၏ ဓားသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နိုင်ပြီး လောကတွင် အမြန်ဆုံး ဓား ဖြစ်သည်။

ဂျုံရိုအာ၏ ဓားသည် တစ်ပြိုင်တည်း ထိုးစိုက်လာသော မိစ္ဆာဂိုဏ်းသား နှစ်ယောက်၏ ဓားများကို အားလုံး ရိုက်ချလိုက်သည်။

ထိုမျှသာမက ဂျုံရိုအာ၏ ဓားမှာ ဘယ်ဘက်မှ ထိုးစိုက်လာသော မိစ္ဆာဂိုဏ်းသား၏ ကိုယ်လုံးကိုပါ ဖြတ်တောက်သွားသည်။

ဝှီး….

အရေပြား ပြတ်ထွက်သွားသည်နှင့် အနီရောင် သွေးများ ပန်းထွက်လာသည်။ သူ၏ အဖော်ကို အဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသော ကျန်မိစ္ဆာဂိုဏ်းသားမှာ အံကြိတ်လိုက်ကြသည်။

ဒီအတိုင်းဆိုရင် ငါတို့ နှစ်ယောက်လုံး ရှုံးလိမ့်မယ်။

သူ ဤသို့ မသေနိုင်ပေ။

သူသည် သူ၏ အတွင်းအားအကုန်ကို စုစည်းကာ ဂျုံရိုအာအား ခုတ်ပိုင်းလိုက်သည်။ သို့သော် သူ၏ ဓားစွမ်းအားမှာ ဂျုံရိုအာထံသို့ မရောက်နိုင်ပေ။

လှုပ်ရှားမှုပညာကို သုံးကာ ဓားစွမ်းအားကို ရှောင်တိမ်းလိုက်သည့် ဂျုံရိုအာ၏ ဓားမှာ တစ်ဖန် ပြန်လည် ကခုန်လာသည်။

ထယ်အူး ဓားပညာ၏ ပဉ္စမမြောက် ပုံစံဖြစ်သည့် လျှပ်တစ်ပြက်နှင့် ခက်ခဲခြင်းကို ဖော်ပြလိုက်သည်။ မျက်စိရှေ့တွင် မူးဝေလောက်အောင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသဖြင့် မိစ္ဆာဂိုဏ်းသားမှာ အလွန်တုန်လှုပ်သွားသည်။

ဘယ်ဘက်ကို ကာရမှာလဲ။

လမ်းကြောင်းပျောက်သွားသော ဓားမှာ လေဟာနယ်ကို ဖြတ်တောက်သွားသည့်အခိုက် မိစ္ဆာဂိုဏ်းသား သိလိုက်ရသည်။

"သောက်ကျိုးနည်း..."

ဂျုံရိုအာ၏ ဓားသည် သူ့ထက် သာလွန်သွားခဲ့ပြီ ဖြစ်သည်။ အလင်းရောင်ဖြင့် ပေါင်းစပ်ထားသော ထိုအမြန်ဓားမှာ မိစ္ဆာဂိုဏ်းသား၏ လည်ပင်းကို ဖြတ်တောက်လိုက်သည်။

ဖြတ်တောက်ခံလိုက်ရသည့် မိစ္ဆာဂိုဏ်းသား၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်နှင့် ဂျုံရိုအာသည် အောင့်ထားသော အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။

သူ၏ လက်ချောင်းထိပ်များမှာ ပြင်းထန်စွာ တုန်ရီနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားတော့မည့်အလား နာကျင်မှုများက ထိုးနှက်လာသည်။

သို့သော် နာကျင်မှုနှင့်အတူ သူ၏ စိတ်မှာ ကြည်လင်နေသည်။ ၎င်းမှာ ခံစားချက်သစ်တစ်ခု ဖြစ်သည်။ ပိတ်ဆို့နေသော အကြောမှတ်များ ပွင့်သွားသကဲ့သို့ပင်။

လက်တစ်ချောင်းမျှ မလှုပ်ရှားနိုင်တော့သော်လည်း သူ၏ စိတ်မှာမူ သန့်ရှင်းကြည်လင်နေသည်။

ဖြောင်း…ဖြောင်း….ဖြောင်း…

ထိုအချိန်တွင် ဂူအပြင်ဘက်မှ လက်ခုပ်တီးသံများကို ကြားလိုက်ရသည်။

"ဂုဏ်ယူပါတယ်။ မင်း နံရံကို ကျော်ဖြတ်နိုင်ခဲ့ပြီ"

"နံရံ... ကိုလား..."

"ဟုတ်တယ်။ တစ်ခါတစ်ရံမှာ သိုင်းသမားတွေက သေခြင်းတရားနဲ့ ရင်ဆိုင်မှသာ နံရံကို ကျော်ဖြတ်နိုင်ကြတယ်။ မင်းလိုမျိုးပေါ့"

"အဲဒါကြောင့်လား"

"အဲဒီကောင်လေး နှစ်ယောက်ကို အရင်လွှတ်လိုက်တာ ကောင်းသွားတယ်။ မဟုတ်ရင် အခုအချိန်မှာ သေနေမှာက ငါ ဖြစ်လိမ့်မယ်။ မင်းအတွက်တော့ နှမြောစရာပဲ။ ဒီနေ့မှပဲ နံရံကို ကပ်ပြီး ကျော်ဖြတ်နိုင်ခဲ့တာကိုး"

အနက်ရောင်ဝတ်စုံနှင့် လူရှစ်ယောက်မှာ ဂျုံရိုအာထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

"ဉာဏ်အလင်းပွင့်ပြီးတာနဲ့ ချက်ချင်း သေရမယ့် ကောင်လေး... သနားစရာပဲ... ငါတို့ကို အငြိုးမထားပါနဲ့။ ဒါက မင်းရဲ့ ကံကြမ္မာပဲ"

"ကံကြမ္မာ... ဖြစ်နိုင်တာပေါ့"

ဂျုံရိုအာသည် နောက်ဆုံးကျန်ရှိသော အင်အားကို စုစည်းကာ အနက်ရောင်ဝတ်စုံနှင့် လူများဆီသို့ ဓားကို ရွယ်လိုက်သည်။ စိတ်နှင့် ခန္ဓာ၏ အင်အားများ ကုန်ခန်းသွားပြီ ဖြစ်သဖြင့် သူ့တွင် ကျန်ရှိနေသည်မှာ တစ်ခုတည်းသော အင်အားသာ ရှိတော့သည်။

ဝိညာဉ်ကို မီးရှို့မယ်။

သူ၏ မွေးရာပါ အတွင်းအားကို သုံးလိုက်ပါက အနည်းဆုံးတော့ အချိန်အတန်ကြာ တိုက်ခိုက်နိုင်မည်ပင်။ သို့သော် မွေးရာပါ အတွင်းအားကို သုံးခြင်းမှာ သေခြင်းနှင့် တူညီသည်။

ဘယ်လိုပဲဖြစ်ဖြစ် သေရမယ့် ကိုယ်ခန္ဓာပဲ။ ငါ နောင်တ မရှိဘူး။

ဂျုံရိုအာ၏ ခန္ဓာကိုယ်မှ ထူးခြားသော အတွင်းအားများ စီးဆင်းလာသည်ကို ခံစားမိလိုက်သော အနက်ရောင်ဝတ်စုံနှင့် လူတို့၏ ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"အဲဒီကောင် မွေးရာပါ အတွင်းအားကို သုံးတော့မယ် အဲဒီမတိုင်ခင် သူ့ကို သတ်လိုက်"

အနက်ရောင်ဝတ်စုံနှင့် လူများ ပြေးဝင်လာသော ခဏမှာပင်

"ဒီကောင်တွေ"

ဂူအပြင်ဘက်မှ သိုင်းသမားအုပ်စုတစ်စု ပေါ်လာသည်။ သူတို့ကို တွေ့လိုက်ရသော အနက်ရောင်ဝတ်စုံနှင့် လူတို့မှာ အလွန်တုန်လှုပ်သွားကြသည်။

"သိုင်းလောက မဟာမိတ်အဖွဲ့"

သိုင်းသမားများ ဝတ်ဆင်ထားသော အဝတ်အစားများတွင် သိုင်းလောက မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုသည့် နဂါးသုံးကောင်ပုံစံ ရှိသည်။

မဟာမိတ်အဖွဲ့မှ စစ်သည်များ ဖြစ်ကြောင်း ရိပ်မိလိုက်သော အနက်ရောင်ဝတ်စုံနှင့် လူတို့မှာ တုံ့ဆိုင်းကာ နောက်ဆုတ်သွားကြသည်။

"ဆုတ်ခွါကြ ချက်ချင်း"

အနက်ရောင်ဝတ်စုံနှင့် လူများ လှုပ်ရှားမှုပညာကို သုံးကာ ထွက်ပြေးသွားကြသည်နှင့် မဟာမိတ်အဖွဲ့မှ သိုင်းသမားများက အော်ဟစ်လိုက်သည်။

"တချို့လူတွေ သူတို့ကို လိုက်ဖမ်း"

မဟာမိတ်အဖွဲ့၏ စစ်သည်များကို ဦးဆောင်နေပုံရသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဂူထဲသို့ ဝင်လာသည်။ သူသည် ဂျုံရိုအာထံသို့ ချဉ်းကပ်ကာ အခြေအနေကို စစ်ဆေးလိုက်သည်။

"အဆင်ပြေရဲ့လား"

"ကျွန်တော်... အဆင်ပြေပါတယ်။ ဒါပေမဲ့ အတွင်းမှာ..."

ဂျုံရိုအာ ညွှန်ပြနေသည့် ကျောက်တုံးပုံများရှိရာကို တွေ့လိုက်ရသော အသက်လတ်ပိုင်းအရွယ် လူမှာ အားကုန်သုံး၍ အော်ဟစ်လိုက်သည်။

"ကျောက်တုံးတွေကို ဖယ်ကြ အခုချက်ချင်း"

မဟာမိတ်အဖွဲ့မှ စစ်သည်များ ပြိုကျနေသော ကျောက်တုံးများကို ဖယ်ရှားနေစဉ် အသက်လတ်ပိုင်းအရွယ် လူမှာ ဂျုံရိုအာ၏ ရှေ့တွင် ရပ်နေသည်။

"ငါ့နာမည်က ဝီအို သိုင်းလောက မဟာမိတ်အဖွဲ့ ဝင်ရောက်လာပြီမို့ အခုတော့ အဆင်ပြေသွားပါပြီ"

""

အဖြေစကား မကြားရပေ။ ဂျုံရိုအာမှာ ရပ်လျက်နှင့်ပင် သတိလစ်သွားကြောင်း သဘောပေါက်သွားသော ဝီအိုသည် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။

"ဟုတ်ပြီ။ မင်း တကယ်ကို ကြိုးစားခဲ့ပါတယ်"

"အတွင်းမှာ မိန်းကလေးတစ်ယောက် ရှိသေးတယ်"

ဝီအိုသည် ဂျုံရိုအာကို ဂရုတစိုက် ထိန်းကိုင်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ လဲကျသွားသည်။

"သခင်လေးဂျုံ"

မဟာမိတ်အဖွဲ့မှ စစ်သည်များက ဂူအတွင်းမှ ကယ်တင်ပေးလိုက်သော စီးယုမှာ အပြင်သို့ ပြေးထွက်လာသည်။ ဝီအို၏ လက်ထဲတွင် ရှိနေသော ဂျုံရိုအာကို ကြည့်ကာ သူမ မျက်ရည်များ ကျလာသည်။

"သူ သေသွားတာလား"

"စိတ်မပူပါနဲ့။ သူ ပင်ပန်းလွန်းလို့ သတိလစ်သွားတာပါ မသေပါဘူး"

"ဝါး…ဝါး…."

စီးယုမှာ ဂျုံရိုအာကို ပွေ့ဖက်ကာ ငိုကြွေးနေစဉ် ဝီအိုမှာ ထရပ်လိုက်သည်။

"နောက်ကျနေလို့ မဖြစ်ဘူး နောက်ထပ် ကလေးငယ် အနည်းငယ်ကိုပဲဖြစ်ဖြစ် ကယ်တင်နိုင်ဖို့ လိုသေးတယ်"

"ဟုတ်ကဲ့"

ဝီအို ဦးဆောင်သော မဟာမိတ်အဖွဲ့၏ သိုင်းသမားများမှာ အလုပ်ရှုပ်သွားကြသည်။

"အချိန် မရှိတော့ဘူး"

ဝီအိုသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နေဝင်သွားပြီဖြစ်ပြီး အမှောင်ထုမှာ ကျရောက်နေပြီ ဖြစ်သည်။

ညအချိန်သည် အမဲလိုက်သူတို့၏ အချိန်ပင်။

ဝီအို၏ နှလုံးသားမှာ ပို၍ပင် စိုးရိမ်ပူပန်လာတော့သည်။

All Chapters