ပြန်လည်မွေးဖွားလာသော သိုင်းထိပ်သီး
Vol. 1-9 Ch. 53
အခန်း (၅၃) ပြန်လည်မွေးဖွားလာသော သိုင်းထိပ်သီး
"မီးပြင်းဖိုက တက်လာတဲ့ မီးခိုးတွေတောင် ပုံရိပ်ပေါ်တာလား" ဝမ်အဘိုးအိုက မြေပေါ်ရှိ ဆေးမီးပြင်းဖိုငယ်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။ "ဒါဆေးဝါးဖော်စပ်တဲ့ ပညာမှာ ပြီးပြည့်စုံတဲ့ အဆင့်ရောက်မှ ပေါ်လာတဲ့ ဖြစ်ရပ်မျိုးမလား"
ဆေးဝါးဖော်စပ်ခြင်းပညာတွင် သူ့ကျွမ်းကျင်မှုက အရှေ့တန်နိုင်ငံ၏ထိပ်ဆုံးသုံးဦးတွင် ပါဝင်နေ၏။ သို့တိုင်အောင် သူ ဆေးဖော်နေစဉ် ဤသို့ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာလျှင်တောင်မှ တိုက်ဆိုင်မှုသက်သက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကျောက်ဟိုကဲ့သို့ ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။
အချိန်တချို့ကြာမှ ဝမ်အဘိုးအိုသည် ခေါင်းမော့ကာ ကျောက်ဟိုကို ကြည့်လိုက်သည်။ "အစောပိုင်းက ဆေးလုံးစံအိမ်ထဲမှာ ပြသခဲ့တာ မင်းရဲ့စွမ်းရည်အကုန် မဟုတ်ဘူးလား"
ကျောက်ဟိုက မောက်မာစွာ ရယ်မောလိုက်သည်။ "အဲ့လို မဟုတ်ပါဘူး"
ဝမ်အဘိုးအို ချောင်းဆိုးနေရင်း သီးသွားပြီး ကျောက်ဟိုကို ဆက်မေးလိုက်သည်။ "အရင်တုန်းက မင်းသားဆယ့်ခြောက်ရဲ့ဆရာအကြောင်းကို မေးတော့ မပြောပြချင်ခဲ့ဘူး၊ အခု ဒီလူအိုကြီးကို ပြောပြလို့ ရလား"
"ဒီလူအိုကြီးမှာ တခြားရည်ရွယ်ချက်မရှိပါဘူး၊ ဒီလိုထူးချွန်တဲ့ ပုဂ္ဂိုလ်နဲ့ တစ်ခါလောက် ဆုံချင်ရုံလောက်ပါ"
ကျောက်ဟိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျွန်တော် အရင်တုန်းက ပြောပြီးပါကောလား၊ ဘယ်သူမှ ကျွန်တော့ကို ဆေးဖော်တဲ့ပညာ မသင်ပေးဘူး၊ ကျွန်တော် ကိုယ်တိုင် လက်တွေ့စမ်းသပ်ရင်းနဲ့ တတ်လာတာ၊ ခင်ဗျားဘာ ခင်ဗျား ယုံချင်ယုံ မယုံချင်နေ"
ထိုသို့ ရိုင်းပြသောစကားများကို ကြားသော်လည်း ဝမ်အဘိုးအိုက စိတ်မဆိုးပေ။
သူ့ခေါင်းကိုယမ်းလျက် သက်ပြင်းချသည်။ "မင်းသားဆယ့်ခြောက်က မပြောပြချင်လည်း ဒီလူအိုကြီးက ခက်ခဲအောင် မလုပ်တော့ပါဘူး"
ဝမ်အဘိုးအိုသည် ခေါင်းလှည့်ကာ ကျောက်ယွမ်၊ ကျောက်ရှန်းတို့ကို ကြည့်လျက် သက်ပြင်းချသည်။ "ပထမမင်းသားနဲ့ တတိယမင်းသားတို့ကို ကိုယ်တိုင်သင်ကြားခဲ့တော့ ဆေးဝါးပညာမှာ သူတို့ရဲ့ ကျွမ်းကျင်မှုကို ဒီလူအိုကြီး ကောင်းကောင်းသိတယ်"
"သက်တူရွယ်တူတွေထဲမှာဆို ရှားပါးတယ်လို့ ပြောလို့ရတယ်၊ ဒါပေမယ့်….”
ဝမ်အဘိုးအိုက စကားဆုံးအောင် မပြောခဲ့သော်လည်း သူပြောချင်သော အဓိပ္ပာယ်ကို လူတိုင်းသိကြသည်။
သူက ရန်ကျောက်ကဲကို တမင်သက်သက်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ကြည့်လိုက်သည်။
ဝမ်အဘိုးအို၏အမြင်အရ ထိုမျှအထိ ပြောပြီးပြီဖြစ်သဖြင့် ရန်ကျောက်ကဲအပေါ် အလွန် ထင်ရှားသော အရိပ်အမြွက်ပေးပြီးဖြစ်သည်။
ဆေးဝါးတာအိုတွင် ကျောက်ယွမ်က ကျောက်ဟိုကို နိုင်စရာအကြောင်းမရှိပေ။ ဒါတောင်မှ ရန်ကျောက်ကဲက ဆက်လောင်းချင်နေလျှင် မဟာနေမင်းဘီးကို ကျောက်ရှီလီအား အလကားပေးလိုက်သည်နှင့် မခြားပေ။
ဝမ်အဘိုးအို၏အမြင်အရ ကျောက်ယွမ် မပြောနှင့်၊ ရန်ကျောက်ကဲကိုယ်တိုင် ယှဉ်ပြိုင်လျှင်ပင် ကျောက်ဟိုကို အနိုင်ရလိမ့်မည်မဟုတ်ပေ။
တကယ်တော့ ဆေးဝါးပညာ၌ ရန်ကျောက်ကဲ၏စွမ်းရည်ကို သူတစ်ခါမှ မကြားဖူးပေ။
လက်ရှိကမ္ဘာ၏ ထိပ်သီးနယ်မြေတစ်ခုဖြစ်သည်နှင့်အညီ ဝါဒတောင်က ဆေးဝါးပညာရှင် မရှားပါးပေ။
ဝါဒတောင်၏ ပညာအမွေအနှစ်အရ ရန်ကျောက်ကဲတွင် အကွက်အနည်းငယ် ရှိပေလိမ့်မည်။ သို့သော် ကျောက်ဟိုကို အနိုင်ရဖို့ဆိုသည်ကား ဖြစ်နိုင်ချေမရှိသောအရာဖြစ်သည်။
ဝမ်အဘိုးအို၏ခန့်မှန်းမှုအရ လက်ရှိတွင် ကျင့်ကြံမှုအဆင့် နိမ့်ပါးလွန်းသောကြောင့် နည်းစနစ်အချို့ကို အသုံးမပြုနိုင်သည်က လွဲလျှင် ကျောက်ဟို၏ ဆေးပညာအရာ၌ ကျွမ်းကျင်မှုသည် လက်ရှိကမ္ဘာ၏ အထွတ်အထိပ် ဆေးဝါးပညာရှင်များနှင့် နှိုင်းယှဉ်နိုင်လေပြီ။
ရန်ကျောက်ကဲ တခဏမျှ တိတ်ဆိတ်သွားသည်။ အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ကျောက်ရှီလီကို ကြည့်လိုက်သည်။ "ကျင်ဦးရီးတော်ရော ဘယ်လိုသဘောရလဲ"
ကျောက်ရှီလီက သူ့မျက်လုံးကို မှေးလိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည်။ "ဒီလိုအခါသမယလေးမှာ အပျော်ကြေးလေးပါမှ ပြိုင်ပွဲက ပိုစိတ်ဝင်စားစရာကောင်းလိမ့်မယ်၊ ကျောက်ကဲက လောင်းချင်နေတော့လဲ ဒီမင်းသားက အဖော်ပြုပေးကမှာပေါ့"
သူ့ကို စိုက်ကြည့်ရင်း ရန်ကျောက်ကဲက ရုတ်တရက် ပြုံးလိုက်သည်။ "ကောင်းပြီလေ၊ အဲ့တာဆိုလည်း လောင်းကြတာပေါ့"
ရန်ကျောက်ကဲ၏အပြုံးကို ကြည့်ရင်း ကျော်ရှီလီ၏ရင်ထဲတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသည်။
တခဏမျှ စဉ်းစားပြီးနောက် ကျောက်ရှီလီ ပြောလိုက်သည်။ "ဆေးဖော်တဲ့နေရာမှာ ကျွမ်းကျင်မှုကိုပဲ ယှဉ်ပြိုင်ရမယ်၊ ဘယ်လူက တန်ဖိုးကြီး ဆေးလုံးတွေ ဆေးဖော်နည်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာနဲ့ မဟုတ်ဘူး"
"သာမာန်ဆေးလုံးတစ်လုံးကိုပဲ ဆက်တိုက်ဖော်စပ်ရုံပဲ"
"ဖော်စပ်ထားတဲ့ ဆေးလုံးရဲ့ အရည်အသွေး၊ ဖော်စပ်တဲ့ အမြန်နှုန်း၊ အညစ်အကြေးဘယ်လောက်ကျန်လဲ ဆိုတာကို ကြည့်ပြီး အကဲဖြတ်မယ်"
ရန်ကျောက်ကဲ နှာခေါင်းရှုံ့လိုက်သည်။ ကျောက်ယွမ်ကို နောက်ကွယ်မှ ရန်ကျောက်ကဲက ဝါဒတောင်ဂိုဏ်း၏လျှို့ဝှက်ဆေးလုံးများ လက်သိပ်ထိုး ထည့်ပေးမည်ကို ကျောက်ရှီလီ စိုးရိမ်၍ ပြောခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်သည်။
သူ့စိုးရိမ်မှုက အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ သို့ရာတွင် ရန်ကျောက်ကဲက ဝါဒတောင်၏လျှို့ဝှက်ဆေးလုံးများကို အသုံးပြုရန်ပင် မလိုအပ်ပေ။
ကောင်းကင်နန်းတော်ကြီးထဲတွင် ရန်ကျောက်ကဲ လေ့လာခဲ့သော ဆေးဖော်နည်းများမှာ များပြားလှပြီး သူတို့ထဲမှ အများစုမှာ အထိရောက်ဆုံး ဆေးဝါးဖော်စပ်နည်းများ၊ အံ့ဖွယ် ဆေးဖော်စပ်နည်းများဖြစ်သည်။
သို့သော် အစကတည်းက ရန်ကျောက်ကဲက ဤသို့သော နည်းလမ်းကို အသုံးပြုရန် မရည်ရွယ်ထားပေ။
အခြားတစ်ဖက်တွင် ကျောက်ဟိုမှာမူ ထီမထင်သော မျက်နှာကို ဆက်လက် ထိန်းသိမ်းထားသည်။ "ဘယ်လိုပဲလာလာ ငါက ပြိုင်ဖို့ အသင့်ပဲ"
ထိုစကားများကို ကြားလျှင် ကျောက်ရှီလီက ကျောက်ဟိုကို တစ်ချက်ကြည့်သည်။
ထိုကလေးက သူ့အား ခြိမ်းခြောက်လာသလို ခံစားရသည်။ သို့သော် ထိုကလေးသည် အမွှေးရိတ်ခံရန် အသင့်ဖြစ်နေသော ဆူဖြိုးသည့် သိုးတစ်ကောင်နှင့် ပိုတူနေသည်။
ရန်ကျောက်ကဲက ကျောက်ဟိုကို ဘေးတိုက် တစ်ချက် ကြည့်လိုက်ပြီး တွေးတောနေသည်။ "ငါတွေးထားသလို၊ မင်းက တိမ်မီးခိုးအမှုန့်ကို ဖြန့်တဲ့ကောင်ပဲ"
ထိုအဖြစ်မှာ အတော် ထူးဆန်းပြီး သေချာပေါက် အတည်မပြုနိုင်သော်လည်း ရန်ကျောက်ကဲ ပိုတွေးလေ ကျောက်ဟိုမှာ သမိုင်းထဲက ဒဏ္ဏာရီလာပုဂ္ဂိုလ်တစ်ဦးနှင့် ဆင်တူလေဖြစ်သည်။
မောက်မာသည်။ အခြားသူအောက်တွင် မနေသလို မည်သည်ကိုမျှ မကြောက်ရွံ့ဘဲ ကမူးရှုးထိုး လုပ်ဆောင်လေ့ရှိကာ အမြဲတမ်း အစွယ်ကို ဖော်ထားသူဖြစ်သည်။
ဆေးဝါးပညာနှင့် ဓားပညာနှစ်မျိုးစလုံးတွင် ထူးချွန်သူ၊ ဝေးကွာလှသော အတိတ်နေ့ရက်များမှ သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ဆေးဓားနတ်ဘုရားကော်ဇီ ဖြစ်ချေသည်။
သံသယဖြစ်စရာပင်မလိုဘဲ အရှေ့တန်၏ ဈေးကွက်ထဲ၌ ရုတ်တရက် ပေါ်လာသော တိမ်မီးခိုးအမှုန့်များ၏ ဇစ်မြစ်သည် အဆိုပါ ကျောက်ဟို ဖြစ်လေသည်။
သူနှင့် ဆေးလုံးစံအိမ်ကြား အရောင်းအဝယ်များကြောင့် ကျောက်ရှီလီသည် ဝမ်အဘိုးအိုမှ တဆင့် ကျောက်ဟို၏ဆေးဝါးပညာ၌ သူမတူအောင် ထူးချွန်မှုကို တွေ့ရှိသွားခဲ့သည်။
တွေးကြည့်လျှင် အရှေ့တန်ဘုရင်လည်း ဤအကြောင်းကို သေချာပေါက် သိလောက်သည်။
သို့သော် အရှေ့တန်ဘုရင်၏အမြင်အရ သူ့၏သားတွေထဲမှ နောက်တစ်ယောက်က ပါရမီရှိသည်မှာ ကောင်းသော အရာဖြစ်ပြီး ပျော်ရွင်ရမည့် ကိစ္စဖြစ်သည်။
ကျောက်ဟိုသည် ကံကောင်းမှုနှင့် ကြုံတွေ့ခဲ့ခြင်းကြောင့် သို့မဟုတ် သူ့စွမ်းရည်ကို တစ်ချိန်လုံး ကွယ်ဝှက်ထားခြင်းကြောင့်ဟု သူတို့ ထင်နေလောက်သည်။
သို့သော် လုံးဝ သာမာန်မျှသာဖြစ်သော မင်းသားဆယ့်ခြောက်၏ ခန္ဓာကိုယ်အခွံတွင် အခြားဝိဉာဉ်တစ်ခုက ဝင်ရောက်နေထိုင်နေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ တွေးမိကြလိမ့်မည်မဟုတ်ပေ။
ပြန်လည်မွေးဖွားလာသော သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူ။
"ဒါပေမယ့် သူက မိုက်မဲလွန်းတယ်လို့ ဘာလို့ ငါ့စိတ်ထဲ ခံစားမိနေတာလဲ" ရန်ကျောက်ကဲက အနည်းငယ် ပြောစရာစကားမဲ့နေကာ ဤကိစ္စကို အလွန် သိချင်နေသည်။
သူ့နောက်ပိုင်းနှစ်တွေမှာ အခြားသူတွေရဲ့ အထက်မှာပဲ နေလေ့ရှိခဲ့တာကြောင့် သူ့လက်ရှိဘဝကို အသားမကျနိုင်သေးဘဲ အရင်အတိုင်း ပြုမူနေတာလား။
ဒါမှမဟုတ် လက်ရှိဘဝမှာ လိုက်လျောညီထွေ နေချင်စိတ် မရှိတာလား။
ဒါပေမယ့် အဲ့လိုသာဆို သူက တကယ်ကို မိုက်မဲတာပဲ…..။
မှန်၏၊ ဆေးဓားနတ်ဘုရားသည် ငယ်စဉ်က ကြမ်းတမ်းကာ အထိန်းအကွပ်မဲ့ခဲ့သည်။ သို့သော် ထိုသို့ မြင့်မားသည့် နေရာအထိ ရောက်လာပြီးနောက် သူသည် မိုက်ရူးရဲဆန်သည့် လူတစ်ယောက်အဖြစ်ကနေ ပြောင်းလဲသင့်ပြီမဟုတ်ပါလော။
သို့သော် ရန်ကျောက်ကဲအတွက်တော့ ဆေးဓားနတ်ဘုရားက မိုက်မဲလေ ပိုကောင်းလေဖြစ်သည်။
တကယ်တော့ ကော်ဇီ ပြန်လည်မွေးဖွားလာသည်ဖြစ်စေ မမွေးဖွားသည်ဖြစ်စေ ရန်ကျောက်ကဲ ဂရုမစိုက်ပေ။
ကောလာဟလများအရ သူနှင့် ဝါဒတောင်၏ ဆက်ဆံရေးသည် မကောင်းကြပေ။
အစောပိုင်းက ကျောက်ဟို ပြောသည့်စကားနှင့် သူ့လုပ်ရပ်ကို ကြည့်လျှင် ဝါဒတောင်အား ကျောက်ဟို မနှစ့်မြို့သည်ကို ရန်ကျောက်ကဲ မသိမသာ ခံစားမိသည်။
လက်ရှိတွင် ကျောက်ဟိုသည် ကျောက်ရှီလီနှင့် တစ်ဖက်တည်းတွင် ရပ်၍ ဒုက္ခကို မီးမွှေးနေခြင်းမှာ ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။
သူ အဘယ့်ကြောင့် ထိုသို့ စိန်ခေါ်ချင်မှန်း ရန်ကျောက်ကဲ နားမလည်နိုင်သော်လည်း တစ်ဖက်လူက သူ့ကို ဒုက္ခလာပေးရဲသည့်အတွက် ရန်ကျောက်ကဲကလည်း ပြန်လည်တိုက်ခိုက်ရန် ဝန်မလေးပေ။
"အစောပိုင်းက ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း ဆေးလုံးဖော်စပ်တဲ့စွမ်းရည်ကို ပြိုင်မှာ၊ အဆင့်မြင့်တဲ့ ဆေးလုံးတွေ ဆေးဖော်နည်းတွေနဲ့ မဆိုင်ဘူး" ရန်ကျောက်ကဲ ညင်သာစွာ ပြုံးလိုက်သည်။ "ကဲ ဒါဆို စကြတာပေါ့"
ကျောက်ဟိုက ယဉ်ကျေးမနေတော့ဘဲ အခြားနှစ်ယောက် ပြင်ဆင်၍ မပြီးသေးခင်မှာတင် ဆေးမီးပြင်းဖိုကို ဖွင့်ကာ ဆေးဖော်စပ်တော့သည်။
တောင်တွေ မြစ်တွေနှင့် ဆင်တူသော မီးခိုးငွေ့များ ပေါင်းဆုံသွားရာ ဆေးပင်များနှင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုသဖွယ် ပြောင်းလဲသွားပြီး မီးပြင်းဖိုထဲသို့ ဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာသည်။ ထိုအရာများအားလုံးသည် အငွေ့မျှသာ ဖြစ်ပြီး အိမ်မက်တစ်ခုသဖွယ် ခံစားရသည်။
ကျောက်ဟို ဆေးဖော်နေစဉ် သူ့ဆေးမီးပြင်းဖိုထဲမှ မီးခိုးငွေ့များ အဆက်မပြတ် တက်လာပြီး တောင်တန်းနှင့် မြစ်များသဏ္ဌာန် တဖန် ပြန်လည်ဖွဲ့တည်လာသည်။
တောင်တန်းနှင့် မြစ်ပြင်များက ပြောင်းလဲနေသလို ကျယ်ပြောသော ပင်လယ်ကြီးက အဆုံးအစမဲ့သော လွင်ပြင်တစ်ခုသဖွယ် ရုတ်ချည်း ပြောင်းလဲသွားသည်ကိုလည်း လူတိုင်း မြင်လိုက်ရသည်။
ထိုမြင်ကွင်းထဲတွင် အခြားသူများ စီးမျောနေကြစဉ် ကျောက်ဟိုက လေကို ရိုက်လိုက်ရာ မီးခိုးငွေ့များက မီးပြင်းဖိုထဲသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်သွားသည်။
နောက်ခဏအတွင်း မီးပြင်းဖိုထဲမှ မီးတောက်များ ငြိမ်းသတ်သွားသည်။
သူတို့ ကြောင်အသွားကြသည်။"ပြီးသွားပြီလား"
ကျောက်ဟိုက ရန်ကျောက်ကဲ၊ ကျောက်ရှီလီနှင့် ဝမ်အဘိုးအိုတို့ကို ဝေ့ကြည့်လိုက်ပြီး သာမာန်မျှ ပြောလိုက်သည်။ "ခင်ဗျားတို့ စစ်ဆေးကြည့်လိုက်၊ ထုတ်ကုန်ကို ကိုယ်တိုင်အကဲဖြတ်တာ ပိုကောင်းလိမ့်မယ်"
သူ့အကြည့်က ရန်ကျောက်ကဲအပေါ်တွင် အချိန်အနည်းငယ်မျှ ဆက်ရှိနေကာ သူ့မျက်လုံးများထဲမှ လှောင်ပြောင်မှုက ပိုမို ကြီးမားလာသည်။
ကျောက်ဟို ဖော်စပ်ထားသော ဆေးလုံးသည် ဈေးကွက်ထဲတွင် ရရှိနိုင်သော သာမာန် ဒဏ်ရာကျက်ဆေးလုံးတစ်လုံးသာဖြစ်သည်။ တိမ်မီးခိုးအမှုန့်ပေါ်လာပြီးနောက် ထိုဆေးလုံး၏ ဈေးကွက်လိုအပ်ချက်မှာ အောက်ဆုံး ထိုးဆင်းသွားခဲ့သည်။
သို့တိုင်အောင် ထိုဆေးလုံးကို စစ်ဆေးပြီးနောက် ကျောက်ရှီလီနှင့် ဝမ်အဘိုးအို နှစ်ဦးစလုံး လန့်ဖြန့်သွားကြသည်။ ကျောက်ဟို ဖော်စပ်သော ဒဏ်ရာကျက်ဆေးလုံး၏ ထိရောက်မှုက တိမ်မီးခိုးအမှုန့်ကို လိုက်မှီလုနီးပါးဖြစ်နေသည်။
ဝမ်အဘိုးအို သက်ပြင်းချလိုက်သည်။ ဆေးလုံးစံအိမ်က ရောင်းချသော တိမ်မီးခိုးအမှုန့်များကို အရည်အသွေး အဆင့်ဆင့် ခွဲခြားထားသည်။
ကျောက်ဟို ပုံမှန် လာရောက် ဖော်စပ်သော ဆေးမှုန့်များသည် အရည်အသွေးအကောင်းဆုံးဆေးမှုန့်များ ဖြစ်သည်။
ယခု ကျောက်ဟို ဖော်စပ်လိုက်သော ဒဏ်ရာကျက်ဆေးလုံးသည် အခြားသူများ ဖော်စပ်သော တိမ်မီးခိုးအမှုန့်၏ထိရောက်မှုနှင့် အတူတူ နီးပါး ဖြစ်နေသည်။ ထို့ကြောင့် ဝမ်အဘိုးအိုသည် အံ့အားသင့်မိသလို သဘောကျစွာ သက်ပြင်းချလိုက်သည်။
အခြားတစ်ဖက်တွင် ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့၏မျက်နှာများ သုန်မှုန်နေကြသည်။
မယှဉ်ပြိုင်ဘဲ အရှုံးပေးလျှင်လည်း သူတို့ ဂုဏ်သိက္ခာကျနိုင်သည်။ သို့သော် သူတို့ယှဉ်ပြိုင်ပါက နောက်ဆုံးရလဒ်မှာ ပိုရှက်စရာကောင်းပေလိမ့်မည်။
ကျောက်ယွမ်က ရန်ကျောက်ကဲကို အမှတ်မထင် ကြည့်လိုက်မိသည်။ သို့သော် စိတ်ပျက်အားငယ်မှုကို ခံစားနေရဆဲဖြစ်သည်။
ဆေးဝါးဖော်စပ်ခြင်းပညာ၌ ရန်ကျောက်ကဲပင် ကျောက်ဟိုကို နိုင်၊ မနိုင် မသေချာပေ။ ရန်ကျောက်ကဲ နိုင်လျှင်တောင် သူ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ပေးရန် မဖြစ်နိုင်ပေ။
ဆေးဝါးဖော်စပ်ခြင်းပညာဟူသည် စကားလုံးအနည်းငယ်မျှ လမ်းညွှန်လိုက်ရုံမျှပင် လူတစ်ယောက်၏စွမ်းရည်ကို အဆင့်ပေါင်းများစွာ ချက်ချင်းလက်ငင်း ခုန်တက်လာနိုင်သည်မျိုး မဟုတ်ပေ။
သူ မည်သို့ပင် ကြည့်သည်ဖြစ်စေ ဤပြိုင်ပွဲတွင် သူနိုင်နိုင်ချေ လုံးဝ မရှိချေ။
ရန်ကျောက်ကဲက အနည်းငယ် ပြုံးလိုက်ကာ သူ့ချီကို အသုံးပြု၍ အသံပေးပို့လိုက်သည်။ ၎င်းကို နားထောင်နေရင်း ကျောက်ယွမ်၏ မျက်လုံးများ စတင်တောက်ပလာသည်။