← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

"အဆင်ပြေရဲ့လား"

သူ့စကားနှင့်မလိုက်ဖက်စွာ သူ၏ အသံနှင့် အမူအရာမှာ ခပ်ခြောက်ခြောက်ပင်။

သို့သော် လရောင်အောက်တွင် ငြိမ်းချမ်းစွာ တည်ရှိနေသော သူ့မျက်နှာကို ဖော်ပြရန်မှာ ဆွဲဆောင်မှုရှိခြင်းဆိုသည့် စကားလုံးထက် ပိုမိုကောင်းမွန်သည့် စကားလုံး မရှိတော့ပေ။ မည်သူမဆို စိုက်ကြည့်မိလောက်အောင် လှပသော သူမ ပေါ်လာသော်လည်း ဂျင်ဆိုဟွန်းမှာမူ ပုံမှန်အတိုင်းပင်။

"မပြေဘူး။ ပင်ပန်းလွန်းလို့ လဲကျတော့မယ်"

ဂျင်ဆိုဟွန်း၏ ကိုယ်တွင် ချွေးများ စိုရွှဲနေပြီး အသက်ရှူသံများ မမှန်ကြောင်း ချွန်ယဲ့ရန်း ခံစားမိသည်။

သူက အလွယ်တကူ ပင်ပန်းတတ်တဲ့သူ မဟုတ်ဘူး။

လေးရက်တိုင်တိုင် အတူရှိခဲ့သော်လည်း ဂျင်ဆိုဟွန်း ပင်ပန်းသည်ကို ချွန်ယဲ့ရန်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"အဆုံးအစမရှိတဲ့ အတွင်းအားနဲ့ အမိန့်မရှိဘဲ မပြိုလဲနိုင်တဲ့ ခွန်အားတွေကို ပိုင်ဆိုင်ထားတဲ့... ဂျင်ဆိုဟွန်းကိုမှ... ဘယ်လိုမိစ္ဆာက... ဒီလိုအခြေအနေမျိုး ရောက်အောင်အထိ လုပ်နိုင်ခဲ့တာလဲ..."

ချွန်ယဲ့ရန်းသည် ရေဗူးကို ထုတ်ယူကာ ဂျင်ဆိုဟွန်းထံ ကမ်းပေးလိုက်သည်။

"အာ ကျေးဇူးပဲ"

ရေဗူးကို လက်ခံရယူလိုက်ပြီးနောက် ဂျင်ဆိုဟွန်းသည် ရေကိုအားရပါးရသောက်လိုက်သည်။

"ဟူး အခုမှပဲ လူဖြစ်သွားတော့တယ်"

"ဘယ်နားမှာများ ဒဏ်ရာရထားသေးလား"

"မရှိပါဘူး။ ကံကောင်းလို့ ဒဏ်ရာ ဘာမှမရခဲ့ဘူး။ သခင်မလေးကော"

"ကျွန်မလည်း အဆင်ပြေပါတယ်"

ဂျင်ဆိုဟွန်းသည် သပ်ရပ်နေသော ချွန်ယဲ့ရန်းထံမှ သွေးနံ့ကို ရလိုက်သည်။ သွေးစွန်းအရာ မရှိသော်လည်း သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည့် နေရာကို ဖြတ်သန်းလာခဲ့သည်မှာ သေချာသည်။

ဒီဘက်မှာလည်း အေးဆေးမနေခဲ့ရဘူးပေါ့။

နောက်မှ ရောက်လာသော ချွန်ဂါဆောင်းမှာမူ ပို၍ပင် ပြင်းထန်သော သွေးနံ့ကို ထုတ်လွှတ်နေသည်။

"အသက်ရှင်နေတာပဲ"

"ကျွန်တော့်ရဲ့ အနာဂတ် အိပ်မက်က ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေသွားဖို့ပါ"

"မင်းရဲ့ အခြေအနေအတွက်တော့ ခက်ခဲတဲ့ အိပ်မက်ပဲ"

သိုင်းလောကသားများအဖို့ ကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည် နေထိုင်ခြင်းမှာ လူတိုင်း၏ အိပ်မက်နှင့် မျှော်လင့်ချက် ဖြစ်သည်။

ကြမ်းတမ်းသော သိုင်းလောကတွင် အသက်ရှင်နေထိုင်ခြင်းမှာ သိုင်းပညာရှင်တစ်ဦး ဖြစ်လာပြီး နာမည်ကျော်ကြားရန်နှင့် တူညီသည်။ သို့သော် ပျင်းရိတတ်သော ဂျင်ဆိုဟွန်းအတွက်မူ သိုင်းပညာရှင် ဖြစ်လာရန် သို့မဟုတ် နာမည်ကျော်ကြားရန် မဟုတ်ဘဲ စိတ်ကြိုက် အေးဆေးနေထိုင်နိုင်မည့် ငြိမ်းချမ်းသော ဘဝကိုသာ လိုချင်ခြင်းပင်။

ဂျင်ဆိုဟွန်းနှင့် ချွန်ဂါဆောင်းတို့ စကားပြောနေစဉ် ယူအူဆွန်းနှင့် လူငယ်သိုင်းသမားတစ်ယောက် ပေါ်လာသည်။ ကံကောင်းစွာဖြင့် သူတို့မှာ ချွန်ဂါဆောင်းနှင့် ချွန်ယဲ့ရန်းတို့၏ ဘေးတွင် ဘေးကင်းစွာ ရှိနေခဲ့ကြသည်။

"သခင်လေးဂျင်"

ငါးယောက်ကြားတွင် ထူးဆန်းသော လေထုများ လွှမ်းမိုးနေစဉ် ပတ်ဝန်းကျင်ကို ကြည့်ရှုရန် ထွက်သွားသည့် အိုဆောဟွာ ပြန်ရောက်လာသည်။ ချွန်ဂါဆောင်းနှင့် ချွန်ယဲ့ရန်းကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားသည်။

"သခင်လေးချွန်နဲ့ သခင်မလေးချွန်... အားလုံး အဆင်ပြေကြတာပဲ တော်သေးတာပေါ့။ အာ ကျွန်မမှာ သတင်းကောင်း ရှိတယ် မဟာမိတ်အဖွဲ့က သိုင်းသမားတွေနဲ့ တွေ့ခဲ့တယ်"

အိုဆောဟွာ ပြောပြီးသည်နှင့် သူမနောက်တွင် လူအုပ်စုတစ်စု ပေါ်လာသည်။ မဟာမိတ်အဖွဲ့၏ ဝတ်ရုံများကို ဝတ်ဆင်ထားသည့် သူတို့မှာ ထိုသုံးယောက်ကို တွေ့လိုက်ရသဖြင့် အလွန် ဝမ်းသာသွားကြသည်။

"ဟားဟားဟား အားလုံး အဆင်ပြေကြတာ တော်သေးတာပေါ့။ အခုကစပြီး ကျွန်တော်တို့ ကာကွယ်ပေးမှာမို့ စိတ်မပူကြပါနဲ့"

"ပြီးတော့ သခင်မလေးစီးလည်း ဘေးကင်းပါတယ်"

"တကယ်လား"

ဂျင်ဆိုဟွန်း ဝမ်းသာစွာ မေးမြန်းလိုက်ရာ မဟာမိတ်အဖွဲ့မှ သိုင်းသမားမှာ ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။

"သူမ ဒဏ်ရာ တစ်ချက်တောင် မရဘဲ ဘေးကင်းပါတယ် စိတ်မပူပါနဲ့။ အခုတော့ ကျွန်တော်တို့နဲ့ အတူတူ လိုက်သွားတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်နောက်ကို လိုက်ခဲ့ကြပါ"

ချွန်ဂါဆောင်းနှင့် ချွန်ယဲ့ရန်းမှာ မည်သည့်စကားမှ မဆိုဘဲ မဟာမိတ်အဖွဲ့မှ စစ်သည်များနောက်သို့ လိုက်သွားကြသည်။ သူတို့နောက်တွင် ဂျင်ဆိုဟွန်းနှင့် ကျန်အဖွဲ့သားများလည်း ပါသွားကြသည်။

သူတို့ ရောက်ရှိသွားသည့်နေရာမှာ တောင်ထိပ်တစ်ခုပေါ်တွင် ဖြစ်သည်။ ဂျင်ဆိုဟွန်းနှင့် အိုဆောဟွာတို့၏ ကြိုးပမ်းမှုကြောင့် အသက်ရှင်ခဲ့သော အပြာရောင်နဂါး တာအိုကျောင်းမှ သိုင်းပညာရှင်များ စုဝေးနေသည့်နေရာဖြစ်ပြီး မဟာမိတ်အဖွဲ့မှ စစ်သည်များမှာ ထိုနေရာတွင် စခန်းချကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်။

တောင်ထိပ်ဘေးတွင် ဆောက်လုပ်ထားသော ယာယီစခန်းမှာ အမှန်ပင် ရှုပ်ထွေးနေသည်။

"ဟူး"

"နာလိုက်တာ... ဘာလို့ ဒီလောက်တောင် နာရတာလဲ"

"ငါ့ခြေထောက် ငါ့ခြေထောက်..."

"ငါ့ညီကို မတွေ့ဘူး။ ငါ့ညီ ဘယ်ရောက်သွားလဲ"

ကံကောင်းစွာ အသက်ရှင်ခဲ့သော သိုင်းပညာရှင်များမှာ ပြစ်မှုကျူးလွန်သူများကဲ့သို့ စုဝေးနေကြပြီး မိသားစုနှင့် အဖော်များကို ဆုံးရှုံးလိုက်ရသည့် သိုင်းပညာရှင်များမှာ ငိုယိုနေကြသည်။

သေခြင်းတရားမှ ကပ်သီလေး အသက်ရှင်ခဲ့သော သိုင်းပညာရှင်များမှာ သူတို့၏ ပြတ်တောက်နေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကြည့်ကာ စိတ်ပျက်နေကြသည်။

လမ်းကောင်းကောင်း မလျှောက်နိုင်တော့သူများ၊ ဓားကို ကိုင်မနိုင်တော့သူများ။ သိုင်းသမားဘဝဖြင့် တစ်သက်လုံး ရှင်သန်ခဲ့သူများမှာ သိုင်းသမားဘဝကို မရှင်သန်နိုင်တော့သည့်အတွက် စိတ်ပျက်အားငယ်မှုများက သူတို့ကို ဝါးမြိုသွားသည်။

"အဖြူရောင် လနန်းတော်ပဲ"

"မျှော်လင့်ထားတဲ့အတိုင်းပဲ... သူတို့က ဘာမှမဖြစ်ကြဘူး"

သူတို့သည် ဒဏ်ရာ တစ်စက်မျှမရရှိဘဲ တည်ငြိမ်နေသည့် ချွန်ဂါဆောင်းနှင့် ချွန်ယဲ့ရန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သို့သော် ဂျင်ဆိုဟွန်းကို ကြည့်သည့် အကြည့်များမှာမူ ကြင်နာမှု မရှိပေ။

"ဘာလို့ အဲဒီ မိုက်မဲတဲ့ကောင်က အသက်ရှင်နေတာလဲ"

"သူ ဘယ်နေရာမှ ဒဏ်ရာ မရဘူး"

"ကံကောင်းတာပေါ့"

"ဒါမှမဟုတ် ပုန်းနေတာ ဖြစ်မယ်"

"သခင်လေးချွန်နဲ့ အတူတူ လာတာဆိုတော့ အဖြူရောင် လနန်းတော်ရဲ့ အကူအညီ ရထားမှာပေါ့"

လွန်စွာ ဝမ်းနည်းစရာကောင်းသည်မှာ ချစ်ရသူများကို ဆုံးရှုံးသွားသူများ သို့မဟုတ် ကိုယ်အင်္ဂါ ဆုံးရှုံးသွားသူများက ဒဏ်ရာမရဘဲ အသက်ရှင်နေသူများကို မုန်းတီးနေကြခြင်းပင်။ အထူးသဖြင့် ပုံမှန်အချိန်တုန်းကပင် အမြင်မကြည်ခဲ့သည့် ဂျင်ဆိုဟွန်းအပေါ်တွင် ထိုမုန်းတီးမှုမှာ ပို၍ ပြင်းထန်သည်။

"ဒီလူတွေ"

အိုဆောဟွာ မနေနိုင်တော့ပေ။ ဒဏ်ရာမရဘဲ အသက်ရှင်ခဲ့သူ အများစုမှာ ဂျင်ဆိုဟွန်း၏ အကူအညီကြောင့် အသက်ရှင်ခဲ့ကြခြင်းပင်။

သူတို့ကို ကာကွယ်ရန်အတွက် ဂျင်ဆိုဟွန်းမှာ အနားယူချိန်မရှိဘဲ တိုက်ပွဲဝင်ခဲ့ရသည်။ သို့သော် သူတို့မှာ ထိုအချက်ကို မသိကြပေ။

ငါ ပြောပြမှဖြစ်မယ်။ သခင်လေးဂျင် ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ။ သိုင်းပညာရှင်တွေကို ကယ်တင်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့လဲဆိုတာ

အမှန်တရားကို သိရှိသော အိုဆောဟွာသည် နားလည်မှုလွဲမှားခြင်းကို ပြင်ဆင်ရန် လုပ်ဆောင်လိုက်သည်။ သို့သော် ဂျင်ဆိုဟွန်းက သူမကို တားဆီးလိုက်သည်။

"သခင်မလေးအို။ ငြိမ်ငြိမ်နေပါ"

"ဘာလဲ"

"ကျွန်တော် အဆင်ပြေပါတယ်"

"တခြားသူတွေ မသိရင်တောင် သခင်လေးဂျင်ကို ဒီလို ဆက်ဆံတာ မဖြစ်သင့်ဘူး။ တခြားသူတွေထက်..."

အိုဆောဟွာ စကားမဆက်နိုင်တော့ပေ။ သေဆုံးသွားသော သိုင်းပညာရှင်များ၊ ဒဏ်ရာရရှိပြီး စိတ်ပျက်နေသော သိုင်းပညာရှင်များ။ သူတို့ကို ကြည့်နေသည့် ဂျင်ဆိုဟွန်း၏ မျက်နှာမှာ အလွန်ပင် ဝမ်းနည်းနေပုံပင်။

ဘာလို့...

အိုဆောဟွာမှာ စိတ်ပျက်နေသည်။ သိုင်းပညာရှင်များ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းမှာ ဂျင်ဆိုဟွန်း၏ အမှား မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ဂျင်ဆိုဟွန်းသာ မရှိပါက လူများ ပို၍ သေဆုံးပြီး ဒဏ်ရာရနိုင်သေးသည်။ သူမအနေဖြင့် ဤအချက်ကို ပြောပြချင်သော်လည်း ဂျင်ဆိုဟွန်း၏ မျက်နှာကို ကြည့်လိုက်သည့်အခါ စကားများမှာ ထွက်မလာတော့ပေ။

ငါသာ ပိုမြန်ခဲ့ရင် ငါသာ ပိုသန်မာခဲ့ရင်...

ဂျင်ဆိုဟွန်း၏ နှလုံးသားမှာ လေးလံပြီး အသက်ရှူရ ကြပ်နေသည်။

"သခင်မလေးအို။ ကျွန်တော် လုပ်ခဲ့တာတွေကို တခြားသူတွေကို မပြောပြပါနဲ့"

"ဘာလဲ လျှို့ဝှက်ထားရမှာလား"

အိုဆောဟွာ မေးခွန်းထုတ်ရန် ပြင်လိုက်သော်လည်း သူမကို တွေ့ရှိသွားသော သိုင်းပညာရှင်များက အတန်းလိုက် ရောက်လာကြသည်။

"သခင်မလေးအို ကျွန်တော်တို့ သခင်မလေးကြောင့် အသက်ရှင်ခဲ့ရတာပါ"

"သခင်မလေးသာ မရှိရင်... အများကြီး ကျေးဇူးတင်ပါတယ်"

"မ….မဟုတ်ပါဘူး။ ကျွန်မ... ကျွန်မ..."

မျက်နှာနီရဲနေသော အိုဆောဟွာမှာ ဂျင်ဆိုဟွန်းကို ရှာလိုက်သော်လည်း သူ ဘယ်ရောက်သွားမှန်း မသိရတော့ပေ။ ထို့နောက် အိုဆောဟွာဆီသို့ ရင်းနှီးသော မျက်နှာများ ရောက်လာကြသည်။

"အို အငယ်မလေး"

"အစ်ကို အဆင်ပြေနေကြတာပဲ"

"အကြောင်းစုံ ကြားလိုက်တယ်။ မိစ္ဆာဂိုဏ်းအဖွဲ့ဆီကနေ သိုင်းပညာရှင်တွေကို ကယ်တင်ပြီး ဒီကို ခေါ်လာပေးခဲ့တာ မဟုတ်လား"

"အစ်ကို... ကျွန်မ ပြောစရာ ရှိတယ်..."

အခုတော့ ဟုတ်တယ်လို့ပဲ ပြောလိုက်ပါ။

ဟျော့အူဂွန်း၏ စိတ်ချင်းဆက်သွယ်သည့်စကားကြောင့် အိုဆောဟွာမှာ ခေါင်းညိတ်ရန်သာ တတ်နိုင်တော့သည်။

"ဟုတ်ပါတယ်"

"ဟွာရှန်ဂိုဏ်းရဲ့ တပည့်အချင်းချင်း အနေနဲ့ မင်းကို ဂုဏ်ယူမိတယ်"

"ကျေးဇူးပါ"

"ကျွန်တော် မဟာမိတ်အဖွဲ့က သိုင်းသမားတွေနဲ့ ပူးပေါင်းပြီး မကယ်ရသေးတဲ့ သိုင်းပညာရှင်တွေကို လိုက်ရှာဖို့ စီစဉ်ထားတယ်။ မင်း လိုက်မလား"

"ကျွန်မလည်း ကူညီပေးပါမယ်"

သိုင်းပညာရှင်များ ဝိုင်းရံကာ ကျေးဇူးတင်စကား ပြောနေသည့် အိုဆောဟွာကို ဟျော့အူဂွန်းက ဆွဲခေါ်သွားပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

လူအုပ်ကြီးနှင့် ဝေးကွာသွားသောအခါ အိုဆောဟွာ ပါးစပ်ဟလိုက်သည်။ သို့သော် ဟျော့အူဂွန်းက အရင် စကားပြောလိုက်သည်။

"မင်း ဘာပြောချင်လဲဆိုတာ ငါသိပါတယ်။ မင်းက မိစ္ဆာဂိုဏ်းသား သိုင်းသမား အများကြီးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ အင်အား မရှိသေးပါဘူး"

"ဟုတ်ကဲ့ အဲဒါ အမှန်ပါပဲ"

ဟျော့အူဂွန်းသည် အိုဆောဟွာ၏ အရည်အချင်းကို တည်ငြိမ်စွာ အကဲဖြတ်ပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် အမှန်တရား၏ အနီးစပ်ဆုံးကို ခန့်မှန်းနိုင်ခဲ့ခြင်းပင်။

"မင်း အဖြူရောင် လနန်းတော်ရဲ့ အကူအညီကို ရခဲ့တာ မဟုတ်လား"

ဟျော့အူဂွန်းသည် သူမ ချွန်ဂါဆောင်း၊ ချွန်ယဲ့ရန်းတို့နှင့်အတူ ပြန်လာသည်ကို မြင်ခဲ့ရသဖြင့် သူတို့၏ အကူအညီကို ရခဲ့သည်ဟု ထင်မြင်နေခြင်းပင်။ အိုဆောဟွာ တွေးတောမိသည်။ အမှန်တရားအရဆိုလျှင် ဂျင်ဆိုဟွန်းအကြောင်းကို ပြောပြသင့်သည်။

သို့သော် လျှို့ဝှက်ထားပေးရန် ဂျင်ဆိုဟွန်း၏ တောင်းဆိုချက်ကို သူမ လျစ်လျူမရှုနိုင်ပေ။

"ဟုတ်ပါတယ်။ ကျွန်မ အသက်ရှင်ဖို့ အကူအညီရခဲ့တဲ့ သိုင်းသမားတွေကို တောင်ထိပ်မှာ စုဝေးဖို့ပဲ ပြောလိုက်တာပါ"

"မင်း ကောင်းကောင်း လုပ်ခဲ့တာပါ။ မင်းကြောင့် လူအများကြီး အသက်ရှင်နိုင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့"

ဟျော့အူဂွန်းက သက်ပြင်းချရင်း ပြောသည်။

"ပြီးတော့ အမှန်တရားကို ဖော်ထုတ်ဖို့လည်း မကြိုးစားပါနဲ့။ ဒီဖြစ်ရပ်ကြောင့် အဖြူရောင် လနန်းတော်ရဲ့ ဂုဏ်သတင်းက မြင့်တက်လာပြီ။ ဒီအတိုင်းသာဆိုရင် နန်းတော်တစ်ခုက ဂိုဏ်းကိုးဂိုဏ်းရဲ့ အထက်ကို ရောက်လာဖို့ အချိန်ပိုင်းပဲ လိုတော့တယ်"

မဟုတ်ဘူး။ ဖြစ်နိုင်တာကတော့...

အိုဆောဟွာသည် ပေ ၁၀၀ အကွာမှ မိစ္ဆာဂိုဏ်းသားများကို သတ်ဖြတ်ခဲ့သည့် ဂျင်ဆိုဟွန်း၏ ဓားပျံကို ပြန်ပြောင်းတွေးမိသည်။

နန်းတော်တစ်ခု၊ ဂိုဏ်းကိုးဂိုဏ်းထက်... မိသားစုတစ်ခုက ပိုမြင့်မားလာနိုင်တယ်။

အမှန်တရားကို တစ်ယောက်တည်း သိထားရသည့် အိုဆောဟွာ၏ စိတ်မှာ အလွန် ရှုပ်ထွေးနေသည်။

ငါ ဘာဖြစ်သွားတာလဲ။

ဂျုံရိုအာက မျက်လုံး ဖွင့်လိုက်သည်။

ထူးဆန်းတဲ့ မျက်နှာကြက်ပါလား။

သူ ဘယ်တုန်းကမှ မမြင်ဖူးသည့် ထူးဆန်းသော မျက်နှာကြက်တစ်ခုကို မြင်လိုက်ရသည်။ တဲတစ်လုံးနှင့် တူသည်။

ရေဆာလိုက်တာ။

သူ ထရန် ကြိုးစားသော်လည်း မဖြစ်နိုင်ပေ။ ကိုယ်ခန္ဓာရှိ အရိုးများအားလုံး ကျိုးပဲ့နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကြောင့် လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ပေ။

"ဟူး"

ဂျုံရိုအာ ညည်းတွားလိုက်သံ ကြားသည်နှင့် ဘေးတွင် ထိုင်နေသည့် စီးယုမှာ လန့်သွားသည်။

"သခင်လေး... အဲ… သခင်လေး ဂျုံ"

"ရေ... ရေ..."

"ဟီး... သူ မသေဘူး"

သူ မသေသည့်အတွက် ပျော်နေတာလား၊ သေစေချင်နေတာလား မသဲကွဲသော စကားများဖြင့် စီးယုမှာ ဂျုံရိုအာ၏ ရင်ဘတ်ပေါ်သို့ မျက်နှာအပ်ကာ ငိုကြွေးလိုက်သည်။

"ဘာပြောလိုက်တာလဲ"

"ဘာ... ဘာမှ မဟုတ်ဘူး"

မျက်ရည်နှင့် နှပ်ချေးများ သုတ်မရတော့ဘဲ စီးကျလာသည်ကို ဂျုံရိုအာ မျက်ခုံးတွန့်လိုက်သည်။ မျက်နှာပေါ်သို့ စီးကျလာသည်ကို သူ ဘာမှ မလုပ်နိုင်ပေ။

"ဘာဖြစ်တာလဲ"

"ရေ... ရေ ပေးပါ"

"အာ ရေလား ခဏလေးနော်"

စီးယုမှာ အလောတကြီး ရေပုံးကို ယူကာ ခွက်ထဲသို့ ထည့်ပြီး ဂျုံရိုအာ၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။

ဂလု…ဂလု…

ရေသောက်ပြီးနောက် ဂျုံရိုအာ၏ အမူအရာမှာ ပို၍ သက်သာရာရသွားသည်။

"အဆင်ပြေရဲ့လား"

လည်ချောင်း စိုစွတ်သွားသော ဂျုံရိုအာက မေးလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်။ ဒဏ်ရာလည်း ဘာမှ မရဘူး"

စီးယု ပြောသည့်အတိုင်း ခေါင်းညိတ်လိုက်သောအခါ ဂျုံရိုအာက အနည်းငယ် ပြုံးကာ ပြောသည်။

"ဒါဆို အခု ထွက်သွားတော့"

""

"ငါ့ကို အနှောင့်အယှက် မပေးနဲ့"

"ဟွန့် ကျွန်မက သခင်လေး အိပ်ပျော်နေတုန်းက ဘယ်လောက်တောင် ဂရုစိုက်ပေးခဲ့တာလဲဆိုတာ သိလား"

"မလိုတော့ဘူး"

"လက်ချောင်းလေးတစ်ချောင်းတောင် မလှုပ်နိုင်ဘဲ ရေတောင် ကိုယ့်ဘာသာ မသောက်နိုင်ဘဲနဲ့"

စီးယု၏ လှောင်ပြောင်သံကြောင့် ဂျုံရိုအာ လက်ကို ဆန့်ထုတ်လိုက်သော်လည်း ရေခွက်သို့ မရောက်နိုင်ပေ။

"မြင်လား ကိုယ့်ဘာသာတောင် ရေမသောက်နိုင်ဘူးလေ"

"ငါ့ဘာသာ ငါ ဖြေရှင်းလိုက်မယ်... ဒါကြောင့် ရပ်ပြီး ထွက်သွားတော့"

"မထွက်ဘူး"

"ဘာ"

"ကျွန်မက ကုန်သည်မိသားစုရဲ့ အစေခံလေ ကုန်သည် မဟုတ်ပေမယ့် ကြွေးတင်ပြီး မနေချင်ဘူး။ အသက်ကယ်ပေးခဲ့တယ်၊ ကာကွယ်ပေးခဲ့တယ်ဆိုပြီး နောက်မှ မကြွားနဲ့ အခု ကျွန်မရဲ့ ဂရုစိုက်မှုကို ခံယူလိုက်။ ဒီလိုကိစ္စမျိုးမှာ ကျွန်မက ကျွမ်းကျင်တယ်"

"မလိုဘူးလို့ ပြောနေတယ်လေ"

"တိတ်တိတ်နေပြီး လှဲနေလိုက်"

"ဒီကောင်မလေးကတော့"

"လက်ချောင်းလေးတစ်ချောင်းတောင် မလှုပ်နိုင်ဘဲနဲ့"

စီးယုက သူ့ဘေးကို တို့ထိလိုက်ရာ ဂျုံရိုအာ၏ ခန္ဓာကိုယ်မှာ တုန်သွားသည်။

"ဒီကောင်မ ငါ နင့်ကို သတ်ပစ်မယ်"

"သခင်လေးက ဘာလုပ်နိုင်လို့လဲ အဲဒီ ခန္ဓာကိုယ်နဲ့ ဘာလုပ်နိုင်မှာလဲ"

"ငါ နင့်ကို မကယ်ခဲ့သင့်ဘူး..."

နောင်တရခြင်းမှာ နောက်ကျနေပြီ ဖြစ်သည်။

သူတို့နှစ်ယောက် စကားများနေစဉ် ပိတ်ထားသော တဲစတံခါး ပွင့်လာပြီး ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။

"သခင်လေး"

"စီးယု အဆင်ပြေရဲ့လား"

"ကျွန်မ အဆင်ပြေပါတယ်။ ဒါနဲ့... ကျွန်မတို့ သခင်လေးက ဘာလို့ ဒီလောက်တောင် ဖြူဖျော့နေတာလဲ"

"ဘာမှ မဟုတ်ပါဘူး စိတ်မပူပါနဲ့"

ဂျင်ဆိုဟွန်းက စီးယုကို နှစ်သိမ့်လိုက်ပြီး ဂျုံရိုအာ လှဲလျောင်းနေသော အိပ်ရာဘေးသို့ ချဉ်းကပ်လိုက်သည်။

"မင်း စီးယုကို ကာကွယ်ပေးခဲ့တာပဲ"

"အထုပ်အပိုးတစ်ခုလို ကောင်မလေးကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဘေးဖယ်ပေးလိုက်တာပါ"

"တကယ်လား ဒါဆိုရင် ကျေးဇူးတင်စရာ မလိုတော့ဘူးပေါ့"

"ဒီ….ဒီစုံတွဲကတော့ ရူးနေကြပြီ"

သည်းမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲနေသော ဂျုံရိုအာကို ဂျင်ဆိုဟွန်းက ရယ်မောရင်း ရင်ဘတ်ကို ပုတ်ပေးလိုက်သည်။

"စတာပါ စတာပါ"

"အို"

ဂျင်ဆိုဟွန်း၏ အပုတ်ခံလိုက်ရသော ဂျုံရိုအာမှာ နာကျင်လွန်းသဖြင့် အရိုးများ ကျိုးတော့မည့်အလား ခံစားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ်။ ဒါက စိတ်ရင်းနဲ့ပါ။ မင်းကြောင့် စီးယု ဘေးကင်းခဲ့ရတာ"

"သိရင်... ကျေးဇူးပြုပြီး... နှစ်ယောက်လုံး ထွက်သွားပေးကြပါ..."

"စီးယု ဒီကောင်လေးကို ဂရုစိုက်ပေးလိုက်ဦး"

"ဟုတ်ကဲ့"

ဂျုံရိုအာ၏ အော်ဟစ်သံကို လျစ်လျူရှုကာ တဲထဲမှ ထွက်လာသော ဂျင်ဆိုဟွန်းသည် တောအုပ်ကြီးကို ငေးကြည့်လိုက်သည်။

ဤနေရာမှ မြင်ရသော တောအုပ်မှာ ငြိမ်းချမ်းနေသည်။

လူအများ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းများ ရောထွေးနေသော်လည်း ဝေးကွာမှ ကြည့်လျှင်မူ တောအုပ်မှာ ငြိမ်းချမ်းလှသည်။

ထိုအရာက ဗဟိုမြေပြင်၏ သဘောသဘာဝပင်။ ဂျင်မိသားစုဘက်မှ ကြည့်လျှင် လောကမှာ ငြိမ်းချမ်းသော်လည်း သိုင်းလောကတွင်မူ သွေးနှင့် အသားတို့ ပြည့်နှက်နေသည်။

ငြင်းဆန်ပြီးရင်း ငြင်းဆန်နေသော်လည်း ဂျင်ဆိုဟွန်းမှာမူ ခံစားနေရသည်။

သိုင်းလောက၏ ကြမ်းတမ်းသော လှိုင်းလုံးကြီးများထဲသို့ သူ ခြေစုံပစ် ဝင်ရောက်မိပြီ ဖြစ်ကြောင်းကိုပင်။

"ဟူးး... ငါ ဒါကို မလုပ်ချင်ဘူး"

သူ့ပျင်းရိမှုကို အတင်းအကျပ် ဖိနှိပ်လိုက်ရင်း ဂျင်ဆိုဟွန်း၏ ပုံရိပ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

All Chapters