အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) သံဓားကို အဆင့်မြှင့်တင်ခြင်း၊ အဆိပ်သင့်စေသော အထူးစွမ်းရည်
စကားပြောချန်နယ်ကို ပိတ်လိုက်ပြီးနောက် ကျိုးဟန်သည် သူ၏ ပင်ကိုစွမ်းရည်က အမှန်တကယ် မည်သို့ အာနိသင် ရှိမည်ကို စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ယခု သူ၏ ကိုယ်ပေါ်တွင် ဘာမျှမရှိဘဲ အဆင့်မြှင့်တင်ရန် အသုံးချစရာ ပစ္စည်းဟူ၍ ကျောင်းဝတ်စုံ တစ်စုံသာ ရှိနေသည်။
ထိုကဲ့သို့ သာမန်အဝတ်အစားပေါ်တွင် အဆင့်မြှင့်တင်ခွင့်ကို သူ အလဟဿ အဆုံးရှုံးခံမည် မဟုတ်ပေ။
"ဒင်... စနစ် သတိပေးချက်... အစပြုသူတစ်ယောက်အနေဖြင့် ချန်းလဲ့မြို့ရှိ ပန်းပဲဖိုတွင် သင့်အတွက် အစပြုသူလက်နက်ကို သွားရောက် ထုတ်ယူပါ"
"အထောက်အကူပြုစနစ် ရှိနေတာ တကယ်ကောင်းတာပဲ"
ကျိုးဟန်က ရေရွတ်လိုက်သည်။
သို့မဟုတ်ပါက သူ့ဘာသာ စမ်းတဝါးဝါး လိုက်ရှာနေရလျှင် အချိန်ကုန် အလွန်နှောင့်နှေးသွားပေမည်။
"စနစ်... ပန်းပဲဖိုက ဘယ်မှာလဲ... မြေပုံ ရှိလား"
"မြေပုံစနစ်ကို ဖွင့်လှစ်နေပါသည်"
"စနစ် သတိပေးချက်... ဖွင့်လှစ်မှု ပြီးစီးသွားပြီဖြစ်ပြီး ပန်းပဲဖို၏ တည်နေရာကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကာ အကောင်းဆုံး လမ်းကြောင်းကို ဆွဲသားပေးထားပါသဖြင့် ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ"
ကျိုးဟန် ကြည့်လိုက်ရာ ချန်းလဲ့မြို့ တစ်မြို့လုံး၏ နေရာအားလုံးက မြေပုံပေါ်တွင် ပေါ်လွင်နေသည်။
သူသည် ဆွဲသားပေးထားသော လမ်းကြောင်းအတိုင်း မိနစ်အနည်းငယ်မျှ လမ်းလျှောက်သွားပြီးနောက် မြို့မြောက်ဘက်ရှိ ပန်းပဲဖိုသို့ ရောက်ရှိသွားသည်။
ပန်းပဲဖို အပေါက်ဝတွင် အင်္ကျီဗလာဖြင့် သံထုနေသော လူသန်ကြီးတစ်ဦး ရှိနေပြီး သူက ဤကမ္ဘာ၏ ဒေသခံပင် ဖြစ်သည်။
"လက်နက် လာထုတ်တာလား... မင်းရဲ့ အထောက်အထား လက်မှတ်ကို ထုတ်ပြပါ"
ကျိုးဟန် လျှောက်လာသည်ကို သတိထားမိသွားပုံရသော ထိုလူသန်ကြီးက အလုပ်ကို ခေတ္တရပ်နားလိုက်ပြီး ချွေးသုတ်ရင်း ပြောလိုက်သည်။
ကျိုးဟန်က အိတ်ထဲမှ အစပြုသူ အထောက်အထား လက်မှတ်ကို အမြန်ထုတ်ပေးလိုက်သည်။
ဤသည်မှာ ကူးပြောင်းလာသည့် ကစားသမားတိုင်းတွင် ပါလာသော အရာဖြစ်သည်။
"ဒီ သံချေးတက်နေတဲ့ သံဓားကို အရင်ယူသုံးထားလိုက်"
ပန်းပဲဆရာက လက်မှတ်ကို ယူကာ လက်နက်ကို ကမ်းပေးရင်း တာဝန်အရ လုပ်ဆောင်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဒီထက် ပိုကောင်းတဲ့ လက်နက် မရှိတော့ဘူးလား"
ကျိုးဟန်က စကားပင် ဆက်မပြောနိုင်တော့ပေ။
ဤအရာက တကယ်ရော သတ်ဖြတ်နိုင်စွမ်း ရှိပါ့မလား။
"လူလေး... မင်းရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းနေတယ်... တခြားလက်နက်တွေကို မင်း မကိုင်တွယ်နိုင်ဘူး"
"အော် ဒါနဲ့... ဒီမှာ စွမ်းရည်စာအုပ် တစ်အုပ် ရှိသေးတယ်... တောရိုင်းထဲမှာ စွန့်စားတဲ့အခါ မင်းအတွက် အထောက်အကူ ဖြစ်လိမ့်မယ်"
"ဒင်... စနစ် သတိပေးချက်... သင်သည် သံချေးတက်နေသော သံဓား တစ်လက်ကို ရရှိပါသည်"
"စနစ် သတိပေးချက်... သင်သည် စွမ်းရည်စာအုပ် တစ်အုပ် ရရှိပါသည်... သင်ယူမည်လား"
"သင်ယူမယ်"
ကျိုးဟန် ခေါင်းညိတ်လိုက်သည်။
ဤသည်မှာလည်း အစပြုသူများအတွက် ခံစားခွင့် တစ်ခု ဖြစ်ပေမည်။
"ဒင်... စနစ် သတိပေးချက်... ဂုဏ်ယူပါသည်... အကဲဖြတ်ခြင်း စွမ်းရည်ကို အောင်မြင်စွာ သင်ယူတတ်မြောက်သွားပါပြီ"
အကဲဖြတ်ခြင်း
အဆင့် - သာမန်အဆင့်
ဖော်ပြချက် - အခြေခံအကျဆုံး အကဲဖြတ်စွမ်းရည် ဖြစ်ပြီး သေးငယ်သော အရာဝတ္ထုများ၏ အခြေခံအချက်အလက်များကို အကဲဖြတ်နိုင်သည်
အာနိသင် - ပစ်မှတ်၏ အခြေခံအချက်အလက်များ၊ အရည်အသွေး၊ အဆင့်၊ ပစ္စည်း စသည်တို့ကို စစ်ဆေးနိုင်ပြီး သင့်လျော်သော ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ပေးနိုင်သည် (ကစားသမားများအပေါ်တွင် အသုံးပြု၍ မရပါ)
ကျိုးဟန် ဖတ်ကြည့်ပြီးနောက် ယေဘုယျအားဖြင့် နားလည်သွားပြီး လက်ထဲရှိ သံဓားအပေါ်သို့ အကဲဖြတ်ခြင်း စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။
"စနစ် သတိပေးချက်... သင်သည် အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ပါသည်... အခြေခံ အချက်အလက်များကို ထုတ်ပြန်ပေးလိုက်ပြီဖြစ်ရာ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ"
မကြာမီ သံဓားနှင့် ပတ်သက်သည့် အချက်အလက်များက ကျိုးဟန်၏ ခေါင်းထဲရှိ စနစ်ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
သံချေးတက်နေသော သံဓား
အဆင့် - သာမန်အဆင့်
အခြေခံစွမ်းဆောင်ရည် - တိုက်ခိုက်မှု +၅
ဖော်ပြချက် - သာမန်ထက် မပိုသော သံဓားတစ်ခု ဖြစ်ပြီး အပေါ်တွင် သံချေးများစွာ ရှိနေသောကြောင့် မိတ်ဆက်ပေးစရာ ဘာမှမရှိပါ
စနစ်၏ မိတ်ဆက်မှုမှတစ်ဆင့် ဤကမ္ဘာရှိ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ၏ အဆင့်သတ်မှတ်ချက်များကို ကျိုးဟန် သိရှိသွားသည်။
သာမန်အဆင့်၊ ကြေးအဆင့်၊ ငွေအဆင့်၊ ရွှေအဆင့်၊ ပလက်တီနမ်အဆင့်၊ စိန်အဆင့်၊ ကြယ်တာရာအဆင့်၊ ဘုရင်အဆင့်၊ ဧကရာဇ်အဆင့် စသည်ဖြင့် ခွဲခြားထားသည်။
ထို့ကြောင့် ဤ သံချေးတက်နေသော သံဓား သည် အညံ့ဆုံး အရည်အသွေးဟု သတ်မှတ်နိုင်သည်။
"စနစ်က အခမဲ့ အဆင့်မြှင့်တင်ခွင့် တစ်ကြိမ် လက်ဆောင်ပေးထားတာနဲ့ အတော်ပဲ... ဒီ သံဓားကိုပဲ အဆင့်မြှင့်လိုက်တော့မယ်"
ကျိုးဟန်က သူ့ဘာသာ ရေရွတ်လိုက်သည်။
လက်ရှိတွင် သူ၏ လက်ထဲ၌ အဆင့်မြှင့်တင်နိုင်သော အရာဟူ၍ သံချေးတက်နေသော သံဓား နှင့် အကဲဖြတ်ခြင်း စွမ်းရည် နှစ်ခုသာ ရှိသည်။
ထို့ကြောင့် အတန်ကြာ စဉ်းစားပြီးနောက် သံဓားကိုသာ အဆင့်မြှင့်ရန် ကျိုးဟန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းက လက်နက်ဖြစ်ရာ အဆင့်မြှင့်ပြီးပါက တိုက်ခိုက်စွမ်းရည် တိုးလာနိုင်ပြီး ယင်းမှာလည်း လက်ရှိအချိန်တွင် ကျိုးဟန် အလိုအပ်ဆုံး အရာပင် ဖြစ်သည်။
"သံဓားကို အဆင့်မြှင့်ပြီးသွားရင် ဘယ်လို အာနိသင်တွေ ရလာမလဲ မသိဘူး"
ကျိုးဟန်၏ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်နေမိသည်။
သူသည် လူသူကင်းမဲ့သော ထောင့်တစ်နေရာကို ရှာလိုက်ပြီးနောက် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။
"သံဓားကို အဆင့်မြှင့်ပါ။"
လက်ဆောင်ရထားသော အခမဲ့ အဆင့်မြှင့်ခွင့် တစ်ကြိမ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ဒင်... စနစ် သတိပေးချက်... သင်သည် ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပါသည်... သံချေးတက်နေသော သံဓားကို တစ်ကြိမ် အဆင့်မြှင့်တင်မှု အောင်မြင်သွားပြီး အခြေခံစွမ်းဆောင်ရည် အသစ်များကို ထုတ်ပြန်ပေးလိုက်ပြီဖြစ်ရာ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ"
အချက်ပြသံကို ကြားသည်နှင့် ကျိုးဟန်က အချက်အလက်များကို အမြန်နှိပ်၍ ကြည့်လိုက်သည်။
တစ်ကြိမ် အဆင့်မြှင့်ထားသော သံချေးတက်နေသော သံဓား
အဆင့် - သာမန်အဆင့်
အမျိုးအစား - ဓားရှည် လက်နက်
အခြေခံစွမ်းဆောင်ရည် - တိုက်ခိုက်မှု +၃၀
အထူးစွမ်းရည် - ပစ်မှတ်ကို တိုက်ခိုက်ပါက သွေးဆိပ်တက်ခြင်း ဖြစ်ပေါ်စေရန် ၅၀ ရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှိပါသည်၊ သွေးဆိပ်တက်ခြင်း ခံစားနေရချိန်တွင် ပစ်မှတ်သည် ၁၀ စက္ကန့်အတွင်း စက္ကန့်တိုင်းတွင် သွေး ၁၀၀ မှတ် လျော့ကျသွားမည် ဖြစ်ပါသည်
ဖော်ပြချက် - သာမန်ဟု ထင်ရသော်လည်း အနည်းငယ် ထူးခြားမှု ရှိနေပါသည်
အဆင့်က ပြောင်းလဲမသွားဘဲ သာမန်အဆင့်သာ ရှိနေသေးသော်လည်း တိုက်ခိုက်မှုက ၂၅ မှတ် ရုတ်တရက် တိုးလာပြီး ၃၀ မှတ်အထိ ရောက်ရှိသွားသည်။
"ဟား... မိုက်လှချည်လား... အထူးစွမ်းရည် တစ်ခုတောင် အပို ပါလာသေးတယ်"
ကျိုးဟန် ဝမ်းသာသွားသည်။
အဆင့်မြှင့်တင်ပြီးနောက် ဤမျှ စွမ်းအားပြည့်ဝသည့် အာနိသင် ရလာမည်ဟု သူ လုံးဝ မထင်ထားခဲ့သဖြင့် အံ့အားသင့်သွားရသည်။
ဤ သွေးဆိပ်တက်ခြင်း အာနိသင်က သံချေးတက်နေသော သံဓားနှင့် အလွန် လိုက်ဖက်နေသည်။
ထို့အပြင် အာနိသင်က အလွန် ကောင်းမွန်ပြီး တစ်စက္ကန့်လျှင် သွေး ၁၀၀ မှတ် လျော့ကျစေရာ ပစ်မှတ်၏ သွေးပမာဏက ၁၀၀၀ အောက်သာ ရှိမည်ဆိုလျှင် သူ အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
လက်ထဲရှိ တစ်ကြိမ် အဆင့်မြှင့်ထားသော သံဓားကို ကြည့်ရင်း ကျိုးဟန် အလွန် ကျေနပ်သွားသည်။
SSS အဆင့် ပင်ကိုစွမ်းရည်ဆိုသည့်အတိုင်းပင်။
၎င်းထက် တစ်ဆင့်မြင့်သော ကြေးအဆင့် လက်နက်ပင်လျှင် ဤမျှ ကောင်းမွန်သော အာနိသင်မျိုး ရနိုင်မည် မဟုတ်ပေ။
ကြေးလက်နက်၏ အခြေခံအချက်အလက်များကို မည်သို့ သိသနည်းဟု မမေးပါနှင့်။ အကြောင်းမှာ သားရဲမှတ်တမ်း ရှိသောကြောင့် ဝင်ကြည့်၍ ရနိုင်သည် ဟုသာ ဆိုရမည်။
တစ်ကြိမ် အဆင့်မြှင့်ရုံနှင့် ဤကဲ့သို့ အာနိသင် ရှိနေလျှင် နှစ်ကြိမ် အဆင့်မြှင့်ပါကရော ဘယ်လိုနေမလဲ။
ကျိုးဟန် အနည်းငယ် မျှော်လင့်လာမိသည်။ သို့သော် ယခု သူ၏ လက်ထဲတွင် အဆင့်မြှင့်ပွိုင့် မရှိတော့ပေ။
အဆင့်မြှင့်ပွိုင့် ရရန် အမြန်ဆုံး နည်းလမ်းမှာ သားရဲများကို သတ်ဖြတ်ခြင်းပင် ဖြစ်သည်။
"မြို့ပြင်ထွက်ပြီး သားရဲတွေကို သွားသတ်ရတော့မယ် ထင်တယ်။"
သို့သော် ကျိုးဟန်က အလောတကြီး ထွက်မသွားပေ။
သားရဲများ အားလုံးက မြို့ပြင်တွင် ရှိနေသည်။ ယခု မြို့ပြင်တွင် မည်သို့ အခြေအနေမျိုး ဖြစ်နေသည်ကို ကျိုးဟန် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမှန်ပင် ယခု သံချေးတက်နေသော သံဓားကို အဆင့်မြှင့်ပြီးနောက် တိုက်ခိုက်မှု အာနိသင်က အလွန် ကောင်းမွန်လာသော်လည်း ကျိုးဟန်၏ သွေးပမာဏမှာ ၁၀၀ မှတ်သာ ရှိသေးရာ သားရဲ အများအပြား ဝိုင်းရံတိုက်ခိုက်လာပါက သူ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
"တခြား ကစားသမားတွေရဲ့ အခြေအနေကို အရင် ကြည့်လိုက်ဦးမှပါ"
ကျိုးဟန်သည် စကားပြောချန်နယ်ထဲသို့ ဝင်လိုက်ပြီး သူတို့ထံမှ အသုံးဝင်မည့် အချက်အလက်အချို့ ရနိုင်ရန် မျှော်လင့်နေသည်။
ဝင်လိုက်သည်နှင့် သေဆုံးကြောင်း အချက်ပြစာ ရာချီ ရှိနေသည်ကို တွေ့လိုက်ရရာ သူ နှိပ်၍ ကြည့်လိုက်သည်။
"စနစ် သတိပေးချက်... ကစားသမား ရဲ့ချန် သည် အဆင့် ၁ ဆူးမွှေးပိုးကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါသည်"
"စနစ် သတိပေးချက်... ကစားသမား ရဲ့ဖန် သည် အဆင့် ၁ ခွေးနက်ကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါသည်"
"စနစ် သတိပေးချက်... ကစားသမား လုံအောက်ထျန်း သည် အဆင့် ၁ ရေမြှားဖား၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါသည်"
"ဘာအခြေအနေကြီးလဲ... အခုမှ စတာလေ ဘယ်လိုလုပ် ဒီလောက် အများကြီး သေကုန်တာလဲ"
ရဲ့ချန် ဟူသော သူကို ကျိုးဟန် အတော်လေး မှတ်မိနေသည်။
အကြောင်းမှာ သူက စကားပြောချန်နယ်ထဲတွင် အမြဲလိုလို ကြုံးဝါးနေပြီး အလွန် အထာကျနေသောကြောင့် ဖြစ်သည်။
ထို့အပြင် သူ နိုးထလာခဲ့သည်က B အဆင့် ပင်ကိုစွမ်းရည် သွေးစွမ်းအင် လောင်ကျွမ်းခြင်း ပင် ဖြစ်သည်။
ကျိုးဟန်က သူ့ကို အနာဂတ် ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားပြီး အလွန် စောင့်ကြည့်နေခဲ့သည်။
သို့သော် မြို့ပြင်ထွက်သည်နှင့် အဆင့် ၁ သားရဲ၏ လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီကမ္ဘာကြီးက ငါ ထင်ထားတာထက် အများကြီး ပိုပြီး အန္တရာယ်များနေတာပဲ"
စကားပြောချန်နယ်ထဲတွင် လူတိုင်း အကြောက်လွန်နေကြပြီး သားရဲများ၏ အစွမ်းထက်မှုက သူတို့၏ စိတ်ကူးထက် ပို၍ ကျော်လွန်နေသည်။
"အရမ်း ကြောက်စရာကောင်းတာပဲ... B အဆင့် ပင်ကိုစွမ်းရည်ရှင်တောင် သားရဲလက်ချက်နဲ့ ချက်ချင်း သေသွားတယ်ဆိုတော့ ငါ တကယ် မြို့ပြင်မထွက်ရဲတော့ဘူး"
"လူတွေကို အသက်မရှင်စေချင်တော့ဘူးလား... မြို့ပြင်ထွက်ပြီး ရွှေဒင်္ဂါး မရှာရင်လည်း သုံးရက်နေရင် သေလမ်းပဲ ရှိတာလေ"
"ဝူးဝူး... ဘာလို့ ငါ့ကို ဒီငရဲကျမယ့်နေရာကို ရောက်လာစေတာလဲ... အခု ပြန်တွေးကြည့်တော့ ၉၉၆ အလုပ်သမားဘဝက တကယ် ကောင်းတာပဲ... နှမြောစရာကောင်းတာက အဲ့ဒီကို ပြန်သွားလို့ မရတော့ဘူး"
"အားလုံးပဲ အဲ့ဒီလောက် အဆိုးမြင်မနေကြပါနဲ့... လူတစ်ယောက်တည်းရဲ့ အင်အားနဲ့ သားရဲကို မနိုင်နိုင်ရင်တောင် ကျွန်တော်တို့ အဖွဲ့ဖွဲ့ပြီး အတူတူ သွားတိုက်လို့ ရတာပဲ"
"အပေါ်က ဘရားသား ပြောတာ မှန်တယ်... ကျွန်တော် ချန်ပေ့ရွှမ် က B အဆင့် ပင်ကိုစွမ်းရည်ရှင်ပါ... အခု C အဆင့်နဲ့ အထက် ပင်ကိုစွမ်းရည်ရှင် အသင်းဖော်တွေကို ခေါ်ယူနေပါတယ်... ထိပ်တန်း တိုက်ခိုက်ရေးအဖွဲ့ ဖွဲ့မှာပါ"
"ဘော့စ်... ကျွန်တော်က D အဆင့် ပင်ကိုစွမ်းရည်ရှင်ပါ... ကျွန်တော့်ကိုပါ ခေါ်သွားပါဗျာ... ကျွန်တော့်အတွက် နေရာ တစ်နေရာ ချန်ထားပေးပါဦး"
မကြာမီ စကားပြောချန်နယ်က ပြန်လည် အသက်ဝင်လာပြန်သည်။
လူတိုင်းက အသင်းဖော်များ ရှာဖွေနေကြပြီး အားကိုးရမည့်သူကို လိုက်ရှာနေကြသည်။
မည်သို့ပင်ဆိုစေ ဤအရာက သူတို့၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေပြီး ကလေးကစားစရာ မဟုတ်သောကြောင့် သဘာဝကျစွာပင် အလွန် သတိထားနေကြရသည်။
"ဟင်... ဒါက သားရဲတွေရဲ့ အခြေခံအချက်အလက် ပုံတွေလား... သွေးပမာဏက ၃၀၀ ကနေ ၅၀၀ လောက်ပဲ ရှိတာလား"
မကြာမီ စကားပြောချန်နယ်ထဲတွင် ကစားသမားအချို့က အဆင့် ၁ သားရဲများ၏ အခြေခံအချက်အလက် ပုံအချို့ကို တင်လိုက်ရာ ကျိုးဟန် နှိပ်ကြည့်ပြီးနောက် ချက်ချင်း စိတ်အေးသွားသည်။
ဤသို့ဆိုလျှင် ကျိုးဟန်သည် လက်ထဲရှိ တစ်ကြိမ် အဆင့်မြှင့်ထားသော သံချေးတက်နေသော သံဓား ကို အားကိုး၍ လုံးဝ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
"စနစ်... ငါ ဘယ်နယ်မြေထဲကို ဝင်သင့်လဲ"
ကျိုးဟန် အမြန် မေးလိုက်သည်။
"စနစ် သတိပေးချက်... သင်၏ လက်ရှိ အစွမ်းအစအရ ယခုအချိန်တွင် မြူခိုးတောအုပ် နယ်မြေကိုသာ ရွေးချယ်နိုင်ပါသည်... သင့်အတွက် လမ်းကြောင်း ဆွဲသားပေးထားပါသည်"
မကြာမီ ကျိုးဟန်သည် မြူခိုးတောအုပ် အပေါက်ဝသို့ ရောက်ရှိသွားရာ ဤနေရာတွင် ပို၍ပင် စည်ကားနေသည်။
"E အဆင့် ပင်ကိုစွမ်းရည်ရှင် ဘရားသား တစ်ယောက်လောက် လာခဲ့ပါ... သုံးယောက်ရှိပြီ တစ်ယောက်လိုသေးတယ်"
"D အဆင့် ခွန်အားတိုးမြင့်ခြင်း ပင်ကိုစွမ်းရည်ရှင် အသင်းဖော်တွေကိုပဲ လက်ခံပါတယ်... ခွန်အားစစ်သည်တော်အဖွဲ့ ဖွဲ့မှာပါ"
"အမြန်နှုန်း ပင်ကိုစွမ်းရည် နိုးထလာတဲ့ အသင်းဖော်တွေ ရှိလား... ကျွန်တော်တို့က ပြောက်ကျားစနစ်ကို အဓိကထား တိုက်မှာပါ"
"နယ်မြေထဲ ဦးဆောင်ခေါ်သွားပေးမယ့် ထိပ်တန်းကစားသမား ရှိလား... ကျွန်တော်က သူဌေးသားပါ... ကျွန်တော့်အိမ်မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်... ကျွန်တော့်ကို တစ်ကြိမ် ခေါ်သွားရင် ယွမ်တစ်သန်း ပေးပါမယ်"
ဤစကားကို ကြားသောအခါ လူအများအပြား ရယ်မောသွားကြသည်။
ဤလူက အရူးတစ်ယောက် ဖြစ်နေမည်ကိုပင် စိုးရိမ်ရသည်။
"မင်းရဲ့ ယွမ်တစ်သန်းကို ငါက ဘာလုပ်ရမှာလဲကွ"
"ဒီနေရာက နတ်ဘုရားနဲ့မိစ္ဆာကမ္ဘာ ကွ... မင်းက ကမ္ဘာမြေကြီးလို့ ထင်နေတုန်းပဲလား... အရူးကောင်ရဲ့"
"တကယ်ပဲ ဉာဏ်နည်းလွန်းတယ်... ဦးနှောက်မရှိတဲ့ သူဌေးသားလေးက တစ်ရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ယခုအချိန်တွင် အပေါက်ဝ၌ လူများဖြင့် ပြည့်ကျပ်နေပြီး အလွန် စည်ကားနေသည်။
အွန်လိုင်းဂိမ်းများတွင် ပေါ်တယ် ဝင်ရန် ပြင်ဆင်နေသည့် ရင်းနှီးသော ခံစားချက်မျိုး ရနေပြီး လူတိုင်းက သင့်လျော်သော အသင်းဖော်များကို ရှာဖွေနေကြသည်။
"အစ်ကိုချောချောလေး အသင်းဖွဲ့မလား... ကျွန်မတို့ အသင်းထဲ လာခဲ့ပါလား"
ရုတ်တရက် နူးညံ့ပြီး ပညာတတ်ဆန်သော အသံတစ်ခုက ကျိုးဟန်၏ အနောက်မှ ထွက်ပေါ်လာရာ နားထောင်ရ အလွန်ကောင်းမွန်လှသည်။
ကျိုးဟန် လှည့်ကြည့်လိုက်သောအခါ အတော်လေး အံ့အားသင့်သွားသည်။
ရုံးဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားပြီး အနက်ရောင် ခြေအိတ်ရှည်ကိုလည်း ဝတ်ဆင်ထားရာ အလုပ်ဆင်းနေချိန်တွင် ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်ပုံရသည်။
အရပ်ရှည်ရှည်၊ အချိုးအစားကျကျ ခန္ဓာကိုယ်၊ သွယ်လျသော ခါးလေးနှင့် အလွန်လှပသော မျက်နှာလေးတို့က ရင်ခုန်စရာကောင်းလောက်အောင် လှပနေပြီး မြို့ပြဝတ္ထုများထဲမှ အမျိုးသမီး ဥက္ကဋ္ဌတစ်ဦးနှင့် အလွန်တူနေသည်။
"ဆောရီး... ကျွန်တော် အသင်းမဖွဲ့ချင်ဘူး"
ကျိုးဟန်က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
သူက မိန်းမချောများကို မကြိုက်၍ မဟုတ်ပေ။ သူ့ရှေ့ရှိ မိန်းမချောလေးကို အပိုင်သိမ်းချင်စိတ်လည်း ရှိသည်။
သို့သော် ဤအခြားကမ္ဘာတွင် မသိနိုင်သော အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်တွင် မည်သို့ အသက်ရှင်ရမည်၊ မည်သို့ အစွမ်းထက်လာမည်ဆိုသည်ကို စဉ်းစားရန်ကသာ အဓိက အကျဆုံးဖြစ်သည်။
အခြားအရာများကိုတော့ နောက်မှသာ စဉ်းစားတော့မည်။
အသင်းဖွဲ့လိုက်ပါက အတွေ့အကြုံမှတ်များကို အသင်းဖော်များက ခွဲယူသွားမည်ဖြစ်ရာ ကျိုးဟန်က ဤသို့ လုံးဝ ရွေးချယ်မည် မဟုတ်ပေ။
"ဘာ... ငါ့ကို ငြင်းလိုက်တာလား"
ဟန်ချင်ရွှဲ့က ကျိုးဟန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။
ကျိုးဟန်က ရုပ်ချောနေ၍သာ မဟုတ်လျှင် သူမကိုယ်တိုင် သွားရောက်၍ အသင်းဖွဲ့ရန် ဖိတ်ခေါ်မည် မဟုတ်ပေ။
"ဟီးဟီး... အစ်မရဲ့ ဆွဲဆောင်မှုတွေ ကျဆင်းသွားပြီ ထင်တယ်"
ဟန်ရှန်နင်က ရယ်မော၍ စနောက်လိုက်သည်။
"တော်တော့ အခုက ဒါတွေ ဆွေးနွေးနေရမယ့်အချိန် မဟုတ်ဘူး... မြန်မြန် အသင်းဖွဲ့ပြီး ရွှေဒင်္ဂါးတွေကို အမြန်ဆုံး ရှာနိုင်ဖို့က အရေးတကြီး လိုအပ်နေတာ"
ဟန်ချင်ရွှဲ့က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။