အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) သွေးပြန်တက်ခြင်း အထူးစွမ်းရည်၊ စွမ်းအားပြည့်ဝသော ကာကွယ်မှု
"စနစ် သတိပေးချက်... သင်၏ လက်ရှိ အဆင့်မြှင့်ပွိုင့်မှာ ၁ မှတ် ရှိနေသည်ကို ထောက်လှမ်းသိရှိရသဖြင့် ချည်ထည်ဝတ်ရုံကို အဆင့်မြှင့်တင်မည်လား"
ဝတ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်က အဆင့်မြှင့်တင်ရန် သတိပေးလာသည်။
"အို... အဆင့်မြှင့်ပွိုင့် ၁ မှတ်ပဲ လိုတာလား"
ကျိုးဟန်မှာ အံ့သြဝမ်းသာဖြစ်သွားပြီး... တကယ်သာ ဒီလိုဆိုရင်တော့ အရမ်းမိုက်သွားပြီဟု တွေးလိုက်မိသည်။
"စနစ် သတိပေးချက်... ပစ္စည်းများကို အဆင့်မြှင့်တင်ရာတွင် လိုအပ်သော အဆင့်မြှင့်ပွိုင့် ပမာဏသည် ပစ္စည်း၏ အရည်အသွေးနှင့် ရှားပါးမှု အဆင့်ပေါ် မူတည်၍ ဆုံးဖြတ်ခြင်း ဖြစ်ပါသည်"
သွယ်ဝိုက်သော အဓိပ္ပာယ်အရ ဤဝတ်ရုံက အရမ်း အညံ့စားဖြစ်နေသည်ဟု ဆိုလိုခြင်းပင်။ သို့သော် ကျိုးဟန်က မရွံရှာပေ။ ယခုအချိန်တွင် ဝတ်စရာ ကာကွယ်ရေးဝတ်စုံ ရှိနေခြင်းကပင် မဆိုးလှတော့ပေ။
"တိုက်ရိုက်ပဲ အဆင့်မြှင့်လိုက်တော့မယ်"
"ဒင်... စနစ် သတိပေးချက်... သင်သည် ပင်ကိုစွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်းကို အသုံးပြုလိုက်ပြီး အဆင့်မြှင့်ပွိုင့် ၁ မှတ် ကုန်ကျကာ သာမန်အဆင့် ချည်ထည်ဝတ်ရုံကို တစ်ကြိမ် အဆင့်မြှင့်တင်မှု အောင်မြင်သွားပြီး အချက်အလက် အသစ်များကို ထုတ်ပြန်ပေးလိုက်ပြီဖြစ်ရာ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ"
အဖြူရောင် အလင်းတန်းတစ်ခု လက်သွားပြီးနောက် အချက်အလက် အသစ်များက စနစ်ဖန်သားပြင်ပေါ်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
တစ်ကြိမ် အဆင့်မြှင့်ထားသော ချည်ထည်ဝတ်ရုံ
အဆင့် - သာမန်အဆင့်
အမျိုးအစား - ကာကွယ်ရေးဝတ်စုံ
အခြေခံစွမ်းဆောင်ရည် - ကာကွယ်မှု +၂၆
အထူးစွမ်းရည် - အခြေခံ သွေးပြန်တက်ခြင်း အာနိသင်ရှိပြီး ဤကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ပြီးနောက် သင်သည် တစ်စက္ကန့်လျှင် သွေး ၂၀ မှတ် ပြန်လည် ပြည့်ဝလာမည်ဖြစ်ပါသည် (သွေးပမာဏ အကန့်အသတ်ကိုတော့ ကျော်လွန်နိုင်မည် မဟုတ်ပါ)
ဖော်ပြချက် - အလိုအလျောက် သွေးပြန်တက်သည့် အာနိသင် ရှိသောကြောင့် အမေတောင် ငါ့သွေးလျော့မှာကို စိတ်ပူပေးစရာ မလိုတော့ဘူး
"ဝူးဟူး... ဒီအထူးစွမ်းရည်က လန်းတယ်ဟ"
ဖတ်ကြည့်ပြီးနောက် ကျိုးဟန် အလွန် ဝမ်းသာသွားသည်။
ကာကွယ်မှုက တိုက်ရိုက် ၂၆ မှတ် တိုးလာပြီးနောက် အခြေခံ သွေးပြန်တက်ခြင်း အထူးစွမ်းရည်တစ်ခုပါ အပို ထွက်လာသည်။ ဒါက ပွဲကြမ်းတော့မယ်ဆိုတဲ့ အစပျိုးမှုပဲ ဖြစ်သည်။
စကားများများ ပြောမနေတော့ဘဲ ကျိုးဟန်က ချက်ချင်း ဝတ်ဆင်လိုက်သည်။
"စနစ် သတိပေးချက်... သင်၏ လက်ရှိအခြေအနေမှာ သွေးပြည့်နေသော အခြေအနေ မဟုတ်သည်ကို ထောက်လှမ်းသိရှိရသဖြင့် အခြေခံ သွေးပြန်တက်ခြင်း အာနိသင်ကို စတင် အသက်သွင်းလိုက်ပါသည်"
“+၂၀”
“+၂၀”
မကြာမီ ခုလေးတင် သံမဏိ ကျောက်သားကြက်နှင့် တိုက်ခိုက်ပြီးနောက် ဆုံးရှုံးသွားသော သွေးပမာဏများက ချက်ချင်း ပြန်ပြည့်သွားသည်။
"မိုက်လိုက်တာ... SSS အဆင့် ပင်ကိုစွမ်းရည်က တကယ်ကို လန်းတာပဲ။"
ကျိုးဟန်က စိတ်ထဲမှ လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
တစ်ကြိမ် အဆင့်မြှင့်ထားသော ချည်ထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီးနောက် ကျိုးဟန်သည် ယခု သံမဏိ ကျောက်သားကြက်နှင့် တွေ့လျှင် တိုက်ရိုက် အကြမ်းပတမ်း ဝင်တိုက်နိုင်သည်။ သွေးဆိပ်တက်ခြင်း အာနိသင် မထွက်လာလျှင်တောင်မှ ၎င်းကို သတ်ပစ်နိုင်ပြီ ဖြစ်သည်။
စွမ်းအားပြည့်ဝသော ကာကွယ်မှုနှင့် သွေးပြန်တက်ခြင်း အထူးစွမ်းရည်တို့ ပေါင်းစပ်လိုက်သောအခါ ယခု အဆင့် ၁ သားရဲများကို လွယ်လွယ်ကူကူပင် သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။
ကျိုးဟန်၏ စိတ်ထဲတွင် အတော်လေး နေသာထိုင်သာ ရှိသွားပြီး အချိန်ဆွဲမနေတော့ဘဲ အဆင့် ၁ သားရဲများ၏ ခြေရာကို စတင် ရှာဖွေလိုက်သည်။
မြူခိုးတောအုပ် သည် အစပြုသူ နယ်မြေဖြစ်သောကြောင့် သဘာဝကျစွာပင် အဆင့် ၁ သားရဲများ နည်းပါးမည် မဟုတ်ပေ။
သို့သော် အများစုမှာ အုပ်စုလိုက် ထွက်ပေါ်လာတတ်ပြီး အရေအတွက်အားဖြင့် ဆယ်ကောင်နှင့်အထက် ရှိကြကာ သတ်ဖြတ်နိုင်စွမ်း အလွန် အားကောင်းသောကြောင့် ကျိုးဟန်က ယခု ၎င်းတို့ကို သွားရောက် ရန်စမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သားရဲများနှင့် တိုက်ခိုက်ရုံသာမက အခြားကစားသမားများ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကိုပါ သတိထားနေရမည် ဖြစ်ရာ ထိုကဲ့သို့ အချိန်ဆွဲရမည့် တိုက်ပွဲမျိုးကို ရှောင်ရှားနိုင်လျှင် တတ်နိုင်သမျှ ရှောင်ရှားရမည် ဖြစ်သည်။
ကျိုးဟန်သည် တောအုပ်ထဲတွင် ဆက်လက် ရှာဖွေနေစဉ်...
"ရွှီး..."
လေကို ခွင်းသွားသော အသံတစ်ခု ထွက်ပေါ်လာသည်။
သစ်ပင်ကြီးတစ်ပင်ကို ဖြတ်ကျော်သွားချိန်တွင် အနက်ရောင် အရိပ်တစ်ခုက ဝင်ရောက် တိုက်ခိုက်လာပြီး ကျိုးဟန်၏ ကျောပြင်ပေါ်သို့ ချွန်ထက်သော လက်သည်းများ ကုတ်ခြစ်သွားသည်ကို ခံစားလိုက်ရကာ ပူစပ်ပူလောင် နာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။
ကျိုးဟန် အမြန် လှည့်ကြည့်လိုက်သည်။
"သေချင်နေတာလား"
အနက်ရောင် အရိပ်က ဆက်လက် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ သံဓားကို အမြန်ဆွဲထုတ်၍ တိုက်ရိုက် ခုတ်ချလိုက်သည်။
"ဘုန်း..."
အနက်ရောင် အရိပ်မှာ တိုက်ရိုက် အထိခံလိုက်ရပြီး ကျိုးဟန်ကို အနည်းငယ် စိုးရိမ်တကြီး ကြည့်လာသည်။
ထက်မြက်သော လက်သည်းများက မျက်မှောက်ရှိ လူအပေါ် ဤမျှ အနည်းငယ်သာ ထိခိုက်မှု ပေးနိုင်လိမ့်မည်ဟု ၎င်း မထင်ထားခဲ့ဘဲ ယုတ္တိမတန်သလို ခံစားနေရသည်။
တစ်ချိန်တည်းမှာပင် ကျိုးဟန်က အကဲဖြတ်ခြင်းကို အသုံးပြုလိုက်ပြီး ထိုအနက်ရောင် အရိပ်၏ အချက်အလက်များကို မြင်တွေ့လိုက်ရသည်။
အရိပ် ရှဉ့်
အဆင့် - သာမန်အဆင့်
အဆင့် - ၁
သွေး - ၂၉၀
တိုက်ခိုက်မှု - ၃၅
ကာကွယ်မှု - ၆
စွမ်းရည် - အရိပ် လက်သည်း (အချိန်တိုအတွင်း တိုက်ခိုက်မှုကို မြှင့်တင်ပေးပြီး ရန်သူကို သေစေနိုင်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်သည်)
ဖော်ပြချက် - ပုန်းကွယ်ရာတွင် ကျွမ်းကျင်ပြီး အရိပ်ထဲမှနေ၍ ရုတ်တရက် တိုက်ခိုက်တတ်ကာ အစပြုသူ ကစားသမားများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သည်
တိုက်ခိုက်မှု ၃၅ မှတ်တောင် ရှိနေသည်။ အကယ်၍ ကျိုးဟန်သာ ချည်ထည်ဝတ်ရုံ ကို မရရှိထားပါက ယခုအချိန်တွင် သူ သေချာပေါက် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
"တိရစ္ဆာန်ကောင်... လူတွေကို ဒီလောက်တောင် အများကြီး သတ်ထားတာလား"
မြေပြင်ပေါ်တွင် ကစားသမားများ၏ အလောင်းအချို့ ရှိနေသည်ကို တွေ့လိုက်ရရာ အရိပ် ရှဉ့် ၏ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်ရမည်။
"ရွှီး..."
ကျိုးဟန် ကြည့်ရှုနေစဉ်မှာပင် အရိပ် ရှဉ့်က ထပ်မံ ခုန်ဝင်လာပြန်သည်။
"လာတာ အတော်ပဲ... သေလိုက်တော့"
ကျိုးဟန်ကလည်း မျက်နှာချင်းဆိုင် တိုးဝင်သွားပြီး တိုက်ရိုက် ဆက်တိုက် ခုတ်ချလိုက်သည်။
အဓိကအားဖြင့် ယခု သူ၏ လက်ထဲတွင် မည်သည့် စွမ်းရည်မှ မရှိသေးသဖြင့် ဤကဲ့သို့ သာမန်တိုက်ခိုက်မှုဖြင့်သာ တိုက်ခိုက်နိုင်သည်။
လေးချက် တိုက်ခိုက်ပြီးနောက် သွေးဆိပ်တက်ခြင်း အာနိသင်ကလည်း အောင်မြင်စွာ ထွက်ပေါ်လာသည်။
"ဟက်... ထွက်ပြေးချင်တာလား"
အရိပ် ရှဉ့်က အဝေးသို့ ထွက်ပြေးသွားသည်ကို မြင်သောအခါ ကျိုးဟန်က အေးစက်စွာ ရယ်မောလိုက်သည်။
ဤသားရဲများ၏ ဉာဏ်ရည်က အတော်လေး မြင့်မားနေပြီး မနိုင်မှန်းသိသည်နှင့် အတင်းအဓမ္မ ဆက်မတိုက်တော့ပေ။
ကံကောင်း၍ သွေးဆိပ်တက်ခြင်း သင့်သွားသောကြောင့်သာတည်း။ သို့မဟုတ်ပါက တစ်ဖက်လူ အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားမည် ဖြစ်သည်။
နှစ်စက္ကန့်ကြာပြီးနောက် အရိပ် ရှဉ့်မှာ သစ်ပင်ပေါ်မှ ပြုတ်ကျလာသည်။
"စနစ် သတိပေးချက်... သင်သည် အဆင့် ၁ သားရဲ အရိပ် ရှဉ့်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး အဆင့်မြှင့်ပွိုင့် ၁ ခု... အတွေ့အကြုံ ၁ မှတ်နှင့် ကြေးဒင်္ဂါး ၅ ပြား ရရှိပါသည်"
သို့သော် ဤတစ်ကြိမ်တွင်မူ ပစ္စည်း ကျမလာပေ။ ကျိုးဟန်ကလည်း ဂရုမစိုက်ပေ။ အကြိမ်တိုင်း ဤမျှ ကံကောင်းနေနိုင်မည် မဟုတ်ပေ။
"စနစ်... ငါ ဒုတိယအကြိမ် အဆင့်မြှင့်လို့ ရပြီလား"
ကျိုးဟန်က အဆင့်မြှင့်ပွိုင့် ရပြီးနောက် မေးလိုက်သည်။
"စနစ် သတိပေးချက်... ဆောရီးပါ... ဒုတိယအကြိမ် အဆင့်မြှင့်တင်ရန်အတွက် အဆင့်မြှင့်ပွိုင့် ၁၀ မှတ် လိုအပ်ပါသည်။ သင်၏ အဆင့်မြှင့်ပွိုင့် မလုံလောက်သည်ကို ထောက်လှမ်းသိရှိရပါသဖြင့် အဆင့်မြှင့်ပွိုင့်များကို ကြိုးစားရှာဖွေပြီးမှ ထပ်မံ အဆင့်မြှင့်တင်ပါ"
"၁၀ မှတ်တောင် လိုတာလား... ကောင်းပြီလေ... အဆင့် ၁ သားရဲ ကိုးကောင် ထပ်သတ်ရုံနဲ့ ပြည့်သွားမှာပဲ"
ကျိုးဟန်၏ စိတ်ထဲတွင် စွမ်းအင်များ ပြည့်ဝနေသည်။
အကြောင်းမှာ နှစ်ကြိမ် အဆင့်မြှင့်တင်ပြီးပါက မည်သို့ဖြစ်လာမည်ကို စိတ်ထဲတွင် မျှော်လင့်နေဆဲ ဖြစ်သောကြောင့်ပင်။
ကြေးဒင်္ဂါးများကို သိမ်းဆည်းပြီးနောက် ကျိုးဟန်သည် ထပ်မံ၍ အမဲစတင်လိုက်ပြန်သည်။
"စနစ် သတိပေးချက်... သင်သည် အဆင့် ၁ သားရဲ သံမဏိ ကျောက်သားကြက် ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး..."
"စနစ် သတိပေးချက်... သင်သည် အဆင့် ၁ သားရဲ ခွေးနက်ကြီး ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး..."
"စနစ် သတိပေးချက်... သင်သည် အဆင့် ၁ သားရဲ အဆိပ်ဆူးပိုးကောင် ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး..."
"စနစ် သတိပေးချက်... သင်သည် အဆင့် ၁ သားရဲ ရေမြှားဖား ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး..."
အခြေခံ သွေးပြန်တက်ခြင်း အာနိသင်ကို အားကိုး၍ ကျိုးဟန်တွင် အမှားခံနိုင်သည့် အခွင့်အရေးများစွာ ရှိနေသည်။
သူ၏ ခြေလှမ်းများနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများကလည်း အတော်လေး တိုးတက်လာခဲ့ရာ တိုက်ခိုက်ရသည့် အကျိုးသက်ရောက်မှုက ယခင်ကထက် ပိုမို ကောင်းမွန်လာခဲ့သည်။
သားရဲများကို သတ်ဖြတ်နိုင်ကြောင်း သတိပေးချက်များက ဆက်တိုက် ထွက်ပေါ်လာသည်။
"အခု ငါ့ဆီမှာ အဆင့်မြှင့်ပွိုင့် ၉ မှတ် ရှိနေပြီ... တစ်မှတ်ပဲ လိုတော့တယ်... ဒုတိယအကြိမ် အဆင့်မြှင့်လို့ ရတော့မယ်"
ကျိုးဟန်က စနစ်ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။
တောအုပ်ထဲတွင် သေချာစွာ ဆက်လက် ရှာဖွေနေစဉ် ကျိုးဟန်သည် မနီးမဝေးမှ လှုပ်ရှားသံများနှင့် စူးရှသော အော်သံများကို ကြားလိုက်ရသည်။
ချုံပုတ်ကို ဖယ်ကြည့်လိုက်သောအခါ ကျိုးဟန် ချက်ချင်း သဘောကျသွားသည်။
"ဟက်... မိတ်လိုက်ဖို့ အော်နေတဲ့ ကြောင်နှစ်ကောင်ကိုး... အဆင့်မြှင့်ပွိုင့် လိုနေတာနဲ့ အတော်ပဲ... မင်းတို့ပဲ"
ကျိုးဟန်က တိတ်တဆိတ် ချဉ်းကပ်သွားရန် ပြင်လိုက်သော်လည်း မကြာမီ ၎င်းတို့၏ ရိပ်မိခြင်းကို ခံလိုက်ရသည်။
"မြောင်..."
"ရှဲ... ရှဲ..."
ဇိမ်တွေ့နေချိန် အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် ကြောင်နက်နှစ်ကောင်မှာ အလွန် ဒေါသထွက်သွားကြသည်။
သွားဖြဲကာ ဟိန်းဟောက်နေကြပြီး မျက်လုံးများထဲတွင် ပြင်းထန်သော ရက်စက်မှုများ ပေါ်လွင်နေကာ ကျိုးဟန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေပုံရသည်။
၎င်းတို့၏ ခန္ဓာကိုယ်မှာ ကြီးမားလှပြီး သာမန် ဝံပုလွေတစ်ကောင်နှင့် အတော်လေး ဆင်တူသည်။
ယခု တစ်ကိုယ်လုံး အမွေးများ ထောင်နေပြီး ကျိုးဟန်ကို စူးစိုက်ကြည့်နေကြသည်။
သတိကြီးသော သဘာဝကြောင့် ၎င်းတို့က အရင်စတင် မတိုက်ခိုက်သေးဘဲ ဆက်တိုက် အကဲစမ်းနေကြသည်။